တစ္ဆေ
(ဓာတ်ပုံ-ခင်ညွန့်မေခေါ် ညွန့်ညွန့် (မအမာ)၏အယ်လ်ဘမ်မှ)
ကနေ့ အလဲဗင်းဂျာနယ်မှာ ၂၀၁၁ အတွက် အမှတ်တရ သမိုင်းမှတ်တိုင်တွေအကြောင်း ပါလာတယ်။ နှစ် ၁၀၀၊ နှစ် ၉၀၊ ၇၅ နှစ်၊ နှစ် ၅၀ ပြည့် အတိတ်၏ သမိုင်းဝင် နေ့စွဲများနှင့် ၂၀၁၁ ပြုစုသူ အကြီးတန်းအယ်ဒီတာဟာ သမိုင်းနဲ့ဆိုင်ရာ မှတ်စုဆောင်းပါးတွေ ကြိုးစား မှီငြမ်းပြုရေးနေတာ တွေ့ရတယ်။ ပထစအစိုးရ နိုင်ငံတော်ဘာသာပြဋ္ဌာန်းတာ အနှစ် ၅၀ ပြည့်ဆိုတာတော့ (ဒီမိုကရေစီ) စိစစ်ရေးက ခွင့်မပြုဘူးလို့ သူ့ဖေ့စ်ဘွတ်မှာ တွေ့ရတယ်။ ဒီလောက် ခွင့်ပြုတာပင် တော်လှပီလို့ အောက်မေ့ရမှာပဲ။ ကျနော် ၂၀၀၁-၂လောက်က ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူများဆိုတဲ့ ဆောင်းပါးစဉ် Kj Knowledge Journal မှာ ရေးစဉ်က ဒေါက်တာဘဦးနဲ့ ဒေါက်တာဧမောင်အကြောင်း အရောက်မှာ စိစစ်ရေးက ခွင့်မပြုလို့ မထဲ့ရရုံမက ဂျာနယ်ပါ ၂ ပတ် ရပ်ခဲ့ရတယ်။ ကြားရတဲ့စကားက ဒါတွေ ဘာလို့ရေးနေရတာလဲဆိုပီး စိစစ်ရေးမှူးက ဂျာနယ်ကြမ်းကို လွှင့်ပစ်တယ်လို့ ဆိုပါတယ်။ စတိုင်သစ်မဂ္ဂဇင်း အာဇာနည်အထူးထုတ်မှာ ပိတ်ခံရတာ ခုထိပြန်မရလို့ မူလပိုင်ရှင်က လက်ပြောင်းယူရတာလဲ သိကြမှာပါပဲ။ ဒီတော့ လာမယ့် ဒီမိုကရေစီကြိုးဝိုင်းက ပေါက္ခရဝဿကြိုးဝိုင်းဖြစ်နေအုံးမှာ ထင်လျားလာသလို ရှိတယ်။
ဆောင်းပါးမှာ ၁၉၂၁၊ ၃၆၊ ၆၁ က ဖြစ်ရပ်ကြီးတွေကို လူသိနဲများ စုံလင်အောင် ထဲ့ထားနိုင်တာတွေ့ရတယ်။ လက်ရှိ မြန်မာပြည်ကို ပုံဖော်ပေးခဲ့တဲ့ ပညာရေး-နိုင်ငံရေးပေါက်ကွဲမှုများ(ပထမသပိတ်နောက်ဆက်တွဲ အမျိုးသားပညာရေးလှုပ်ရှားမှုများ၊ ဒုတိယတက္ကသိုလ်သပိတ်)နဲ့ ဦးသန့် ကုလအတွင်းဝန်ချုပ်ဖြစ်ခြင်းလို လူများ မှတ်မိနေဆဲ ကိစ္စများအပြင် မြင်ကွန်းမင်းနဲ့ စံပယ်ပင်ဦးလတ်၊ စတုတ္ထသမီးတော်များ အနိစ္စရောက်တာမျိုး၊ ဝေလာမင်းသားလာလို့ ဂျီစီဘီအေခေါင်းဆောင်များ နယ်ဝေးပို့ခံရတာမျိုး၊ စည်သူဦးတင်ရဲ့ မြို့တော်ခန်းမကြီးဖွင့်တာ၊ ဗမာ့စက်မှုတက္ကသိုလ်ဖွင့်တာစသဖြင့် စုံပါပေရဲ့။ ၁၉၃၁ ဆရာစံသူပုန်အပီး ဖြစ်ရပ်တွေ၊ ၁၉၄၁ ဒုတိယစစ်မီး မြန်မာပြေကူးတာ ဒါတွေပါရင် ပိုမြိုင်ပေသပေါ့။ လူထုဒေါ်အမာရဲ့ ရွှေရိုးဘကလေး၊ သမိုင်းကော်မရှင်ဦးကျော်ငြိမ်းရဲ့ မြန်မာပြည်ဒိုင်ယာရီတွေနဲ့ တိုက်ဆိုင်ကိုးကားနိုင်ပါတယ်။ နောက်တခု သတိပြုစရာက အသုံးအနှုန်းများကို မူလသုံးကို လိုက်နာသင့်တာပါပဲ။ ဥပမာ မြင်ကွန်းမင်းခေါင်းချတဲ့ ဆေးငုံ (ဆိုင်ဂုံ)မြို့ရှိရာ တိုင်းပြေကို ဒီတုန်းက ဗီယက်နမ်လို့ လူမသိပါ။ ပြင်သစ်အင်ဒိုချိုင်းနားထဲက ကိုချင်ချိုင်းနားပြည်သာ ဖြစ်ပါတယ်။ နောက် အနွယ်တော်များနဲ့ စပ်ဆိုင်ရာမှာ သူတို့အသုံးကို လိုက်ပါသုံးတာဟာ ကာယကံရှင်များကို လေးစား၊ သမိုင်းအရတိကျရုံသာမက ဗမာစကားရဲ့ ကြွယ်ဝမှုကိုပါ ထိန်းကွပ်ရာ ကျပါတယ်။
ဒုတိယတက္ကသိုလ်သပိတ်မှာ ဘာဆာဦးတင်ကို ကျောင်းသားများ ဖိနှိပ်သူအဖြစ်စွပ်စွဲတာဟာ အစဉ်အလာ မြန်မာနိုင်ငံရေးသမိုင်း စာအုပ်တွေရဲ့ အာဘော်သာ ဖြစ်တယ်။ ကျနော့အဖွား လူထုဒေါ်အမာပြောဘူးတာက ဦးတင်တို့လင်မယားကို သူတို့ကျောင်းသူတွေက ဒက်ဒီနဲ့ မာမီလို့ခေါ်ရတယ်၊ ဒီသပိတ်ဖြစ်တာဟာ ဟိုကောင်မလေး (အဆိုတော်နာမည်ကြီးတယောက်) လော်မာလို့၊ ကမြင်းလို့ဖြစ်တာလို့ ကျောင်းသူတယောက်နာမည်ကို ပြောပါတယ်။ ဦးတင်က ပထမမြန်မာပိသုကာ ပန်းချီဆရာ ဘိလပ်ပြန် ဦးသာထွန်းရဲ့ ညီလို့ မှတ်မိပါတယ်။ အဖွားနဲ့ အင်းယားဟောမှာ တစားပွဲထဲစားဘော် စာရေးဆရာနဲ့ တောင်ကြီးမြို့ ကမ္ဗောဇကောလိပ်ကျောင်းအုပ်ဟောင်း ဒေါ်မီမီခိုင် (၁၉၁၆-၁၉၉၀) ရဲ့ မထုတ်ရသေးတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိတခန်းEXHILARATIONS OF RELEASE မှာလဲ The article had been more sensational than serious in its charges of immorality on the part of the staff member. ‘Hell-Hound at Large’ had been its title, and its main accusation was the lack of decorum towards girl students in lecture references and too great a measure of intimacy in inviting the same two girls to his house where he lived with his wife, I had gone home when the University closed temporarily during negotiations. လို့ဆိုထားပါရဲ့။ အနောက်ဆန်တဲ့ လူ့မလိုင်အလွှာက အလေ့ကို မကြိုက်တဲ့ မျိုးချစ်ကျောင်းသားများရဲ့ သရော်မှုနဲ့ အာဏာပိုင်များရဲ့ ဖိနှိပ်ကျောင်းထုတ်မှုတွေအကြား ဦးတင်တယောက် ဆားညပ်ဖြစ်ပုံရပါတယ်။ ၁၉၇၀ လောက်က ဦးတင်ကို ငရဲခွေးကြီးဆောင်းပါးရှင် ဦးညိုမြ ပြန်တောင်းပန်ကန်တော့တဲ့အကြောင်း ဓာတ်ပုံတွေနဲ့ ဦးညိုမြကိုယ်တိုင်ရေးတာ ဖတ်ဖူးပါတယ်။ ကျောင်းအုပ်ကြီးမစ္စတာဆလော့ကို နိုင်ငံရေးအကျိုးအတွက် မရိုးမသားစွပ်စွဲခဲ့ဘူးတာကို ဦးနု ဝန်ကြီးချုပ်ဘဝမှာ ပြန်ကန်တော့တာမျိုးပါပဲ။ ဘာပြောပြော ဆလော့တို့ကလဲ “အာဏာပြင်းလှတဲ့တို့ဆရာ.. ညှာတာထောက်ထား အသနားမပိုပါ”ဆိုတဲ့ အဖွားနဲ့ မားဂရက်ဘိုးတေစပ်တဲ့ သပိတ်သီချင်းထဲကလိုပဲ လွန်ခဲ့ကျွံခဲ့ပေသကိုး။ အကျိုးဆက်ကတော့ လွတ်လပ်ရေးကို ဦးတည်တဲ့ နိုင်ငံရေးကျောင်းသားမျိုးဆက် ခိုင်ခိုင်မာမာပေါ်ထွက်လာပီး ၁၉၆၂ ထိ မြန်မာနိုင်ငံရေးမှာ တွင်ကျယ်ခဲ့ကြတာပဲ။
အရင်နှစ်တွေတုန်းက ကျနော် ဒီလိုနှစ်လည်မှတ်စုလေးတွေ ကောင်းကင်မှာ ရေးခဲ့ဘူးပါတယ်။ ၂၀၀၉ ထဲမှာ လာဦးမယ့် အမှတ်တရ ရက်စွဲလေးများ ရာပြည့် ဆယ်ပြည့် မြန်မာ့မျက်နှာဖုံးများ ဖြစ်ရပ်များ ၂၀၁ဝ ။ ဗမာပြေမှာတုန်းကတော့ ဒီလိုအထိမ်းအမှတ်တွေနီးလာရင် မဂ္ဂဇင်းအယ်ဒီတာများကို သင့်တော်ရာ ဆောင်းပါးဝတ္ထုများကူးယူပို့ပေးလေ့ရှိတော့ ဒေါက်တာလွဏ်းဆွေက ဘိုဘိုရေ၊ ဒါမျိုးတွေနီးလာရင် ပြောပါအုံးလို့ မှာလို့ ပြည်တွင်းပြည်ပက အားလုံးသိရအောင် တတ်စွမ်းသရွေ့ ဖော်ပြပေးပါတယ်။ အထိမ်းအမှတ်ပွဲတွေလဲ မှတ်မှတ်ရရလုပ်လာကြတာ တွေ့ရပါတယ်။ ဒီနှစ် ဒီနှစ်တွေတွင်းမွေးသမျှ စာရေးဆရာ နိုင်ငံရေးခေါင်းဆောင်အားလုံးထဲ့ ဆိုတာမျိုးမဟုတ်ဘဲ မြန်မာပြည်မှာ သြဇာအစွမ်းသတ္တိတခုခု ထက်ထက်မြက်မြက်ပြုနိုင်ခဲ့သူများသာ ဖော်ပြခဲ့ပါတယ်။ ယခု နေထွန်းနိုင်ပြုစုမှုကတော့ အဖြစ်အပျက်တွေ ပိုအသေးစိတ်ပီး လူပုဂ္ဂိုလ်များရဲ့ မွေးနေ့များ ပါမလာပါ။ ဥပမာ ဒီနှစ်တွင်း ဆရာဇဝနရာပြေ့၊ ဆရာပါရဂူနဲ့ ဆရာဝန်စာရေးဆရာမင်းသားမောင်သင် ၉၀ ပြေ့၊ ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ ၈၀ ပြေ့ စတာမျိုးတွေပေါ့။ ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြဋ္ဌာန်းမှုရဲ့ နောက်ဆက်တွဲ မြောက်ဥက္ကလာဗလီဖျက်မှုကြီး၊ ကချင်သူပုန်ထမှုတွေကတော့ ရန်ကုန်မီဒီယာမှာ ဖော်ပြလို့ ဘယ်ရမလဲလေ။ ဒိနောက် အာဏာသိမ်းမှုကနေ စစ်ခေါင်းဆောင်များအပေါ် လက်ဝဲသြဇာလွှမ်းလာပီး ရဟန်းတော်များနဲ့ အဓိကရုဏ်းဖြစ်တာ၊ နောက် ၁၅ နှစ်လောက် အချိန်ယူပီး သံဃာကို ထိန်းချုပ်နိုင်အောင် လုပ်ရတာ (စာပေလုပ်သားဖွဲ့ရတာလဲ အဲ့သလောက်ကြာပါတယ်) ဒါတွေကို ဆက်တွေးရင်တော့ ၈၉၊ ၂၀၀၇ တွေ ရောက်ကုန်ပါ့မယ်။ ဒါကြောင့် ဒဂုန်တာရာ ပြောနေကျ သမိုင်းသည်မဆုံးဆိုတာ မောင်စူးစမ်းအလိုနဲ့ ဆန့်ကျင်စွာ ဆက်မှန်နေပါအုံးမယ်။
နေ့ကြီးရက်ကြီးတွေနီးလာရင် လန့်နေရတဲ့ ပိတ်ဟယ်ဆို့ဟယ်လုပ်နေရတဲ့ သမိုင်းကြွေးတွေဆပ်ရမှာကြောက်တဲ့ အတိတ်မုန်းစိတ္တဇကို ကုချင်ရင်တော့ တိုင်းပြည်မှာ ရှော့တွေပျောက်အောင် ကျေအေးနိုင်ဘို့ အာဏာရအသိုင်းအဝိုင်းက ကြိုးစားရမှာပဲ။ အာဏာရှိတာဟာ ရွေးကောက်ပွဲနဲ့ အစိုးရလုပ်နိုင်တာဟာ တိုင်းပြည်မှာ ဘာလုပ်လုပ်တင့်တယ်ဆိုတဲ့ အနက်ကို မဆောင်ပါဘူး။ ဒါကြောင့် ငွေရှိ အာဏာရှိရုံနဲ့ပီးတဲ့ ကြွက်တွင်းထဲကမားဖီးယားအုပ်ချုပ်ရေးကို အမြန်ဆုံးသတ်ဖို့ အာဏာလက်ဆုပ်ကို တတ်နိုင်သမျှလျှော့ပေးသင့်ပါတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံများဟာလဲ အင်မတန်မှ ပျော့ပျောင်းတဲ့နည်းနဲ့ လှုပ်ရှားနေကြတာပါ။ ဒါကြောင့် မြွေမသေ တုတ်မကျိုး ဝင်း-ဝင်းအစစ်လိုချင်ရင် ကိုယ်မရှိတဲ့နောက် ကိုယ့်မျိုးဆက်များ သူများစော်ကားမခံရစေချင်ရင် (နေဝင်းကျိန်စာမမိချင်ရင်) သတ္တိနဲ့ စေတနာပဲ အားစိုက်ပါလို့ ရေမြေ့ရှင်များကို ပန်ကြားလိုပါတယ်။
Filed under: anniversaries, history | 1 Comment

အကိုလည်း ဘလောက်တယ်ကို