ကျနော်တို့ တွေးခေါ်ရမည်
ဗမာပြည်ပညာရေးလောကတွင် အရေးပါသည့်ဆရာတစ်ဆူကြွေလွင့်လေပြီ။ ၂၀၁၁ ခု ဇန်နဝါရီလ ၉ ရက် နံနက်တွင် ဒဿနိကဗေဒ ပါမောက္ခဆရာကြီး ဒေါက်တာခင်မောင်ဝင်း ကွယ်လွန်ရှာလေပြီ။
ဆရာကြီးသည် ကျနော့်ဆရာရင်းတစ်ယောက်ဖြစ်သည်။ ကျနော်နှင့် ဆရာကြီးစတင်သိကျွမ်းသည်မှာ ၂၀၀၉ ခုနှစ်ကဖြစ်သည်။ ထိုစဉ်ကတည်းက ဆရာကြီးခမျာ ဇရာ၏ထုနှက်ခြင်းကို ခံစားနေရရှာလေပြီ။ သို့ပင်တကား ကျနော်တို့သူငယ်ချင်းများနှင့် ပြောဆိုဆွေးနွေးဖို့ရာကား အမြဲလိုလိုအသင့်ဖြစ်နေတတ်ပေ၏။
ကျနော်တို့သူငယ်ချင်းတစ်စုသည် အလျဉ်းသင့်လျှင်သင့်သလို ဆရာကြီးနှင့် စကားဆွေးနွေးကြသည်။ ဆရာကြီးနှင့် ကျနော်တို့ သဘောတူညီသည်ရှိသလို မတူသည်လည်းရှိတတ်သည်။ ကျနော်တို့ထဲမှ တချို့ ဆရာကြီးနှင့် သဘောတူသည်ရှိသလို တချို့က အမျိုးမျိုးလှည့်တွေးပြီး အနည်းငယ် ဂျစ်တိုက်သည်လည်း ရှိတတ်သည်။ မည်သို့ပင်ဆိုစေ ဆရာကြီးကား ကျနော်တို့အပေါ်သည်းခံကာ နားထောင်ပြီး ဆက်လက် သင်ကြားရှင်းလင်းတတ်ပေသည်။
ဆရာကြီးနှင့်ပြောဆိုဆွေးနွေးသည်မှာ ပညာရေးလည်းပါသည်။ လူမှုရေးလည်းပါသည်။ သမိုင်းလည်းပါသည်။ အနုပညာလည်းပါသည်။ ဘာသာတရားလည်းပါသည်။ ထို့ထက်မကလည်းပါချေသည်။ ထိုသို့ထိုသို့ သင်ကြားမှုတို့ကြောင့်ပင် ကျနော်တို့တတွေ ပိုမိုဆင်ခြင်တတ်လာသည်။ ပိုမိုထုတ်ဖော်တတ်လာသည်။ ပိုမိုရေးသားတတ်လာသည်။ ပိုမိုဖတ်ရှုတတ်လာသည်။ ဆရာကြီးကား ဒဿနိကဗေဒပါမောက္ခဖြစ်၏။ ယနေ့ပညာရပ်အားလုံးတို့သည် အတွေးအခေါ်ပညာကို အခြေခံပေရာ အမျိုးမျိုးသော စိတ်ဝင်စားမှုတို့ရှိလင့်ကစား ဆရာကြီး၏သင်ကြားချက်တို့သည် ကျနော်တို့အဖို့ အတန်ပင်အံကျလေသည်။
ဆရာကြီး၏သင်ကြားနည်းမှာ အဖြေကိုတိုက်ရိုက်မပေးဘဲ ကွက်လပ်ထားသောနည်းဖြစ်၏။ ထို့ကြောင့် ကျနော်တို့သူငယ်ချင်းများတွင် တူညီသောကောက်ချက်တစ်ခုတည်းမရှိဘဲ မိမိတို့အတွေ့အကြုံအာရုံအရ အမျိုးမျိုးကွဲပြားလျက် ရှိကြသည်။ ဆရာပင်တူလင့်ကစား လောကအမြင်၌ကွာခြားကြသည်။ အနာဂတ်အမြင်၌ ကွာခြားကြသည်။ လုပ်ထုံးနည်းနာကွာခြားကြသည်။ ခံယူပုံချင်း ကွာခြားကြသည်။ ဆရာကြီးပြောလေ့ရှိသည်မှာ ဆွေးနွေးခြင်းဟူသည် အဖြေတစ်ခုတည်းရရန်မဟုတ်ဟူလို။
ထိုသို့ထိုသို့ ဆရာကြီးဒေါက်တာခင်မောင်ဝင်းနှင့်ပတ်သက်၍ကား ပြောဖွယ်အများရှိပေသည်။
ဆိုရလျှင်ကား ဆရာကြီးသည် ပညာကို လက်ဆင့်ကမ်းခဲ့ပြီ။ ကျနော်တို့မျိုးဆက်များအဖို့ကား ရှေးရှေးမျိုးဆက်တို့ထက် ပြန့်ပွားတိုးတက်အောင် လုပ်ဖို့ရန်တည်း။ လူဟူသည် အူမ မတောင့်လျှင် သီလမစောင့်နိုင်သလို ပညာလည်းမဆည်းပူးနိုင်သော သတ္တဝါဖြစ်ပေ၏။ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် ပြေးရင်းလိုက်ရင်း မိမိတို့အတွက်ရော အများသူငါအတွက်ပါ တိုးတက်အောင်မြင်စေနိုင်သည့် ပညာလမ်းကို လျစ်လျူရှုထားရသည်မှာ ကြာလှပြီ။ သို့ဖြစ်လျှင်ကား ကြာလေလေ ဆုတ်ယုတ်လေဖြစ်ချိမ့်မည်။ မျိုးဆက်တစ်ဆက်လွန်လေတိုင်း နလပိန်းတုံးဘဝမှ လွတ်မြောက်ဖို့ ဝေးလေလေဖြစ်လိမ့်မည်။ ကျနော်တို့တတွေ တွေးခေါ်ရမည်။ ဆွေးနွေးရမည်။ ကျနော်တို့အနာဂတ်အတွက် နောက်နောင်မျိုးဆက်များအတွက် လုပ်ကြရမည်ကို အဟုတ်ပင်လုပ်ကြရပေလိမ့်မည် မဟုတ်ပါလော။
မောင်အောင်ကောင်း
ဆရာကြီး ဝင်း ကွယ်လွန်သည့်အတွက် အမေရိကတွင် ကျောင်းတက်နေသော မြေးတပည့်တဦးက ရေးလာသောစာ။
Filed under: education, guest column, obituary | Leave a Comment

No Responses Yet to “ကျနော်တို့ တွေးခေါ်ရမည်”