ဝံသာမနုနိုင်ကြတော့သည့် အကြောင်း မေတ္တာစာ
မိုးမခက သွေးထိုးစာတပုဒ်
စက်တင်ဘာ ၂၊ ၂၀၀၈
မကြာခင်က မျက်စိကြီး နားကြီး မြန်မာအမျိုးသမီးကြီးတဦးနှင့် စကားစပ်မိရာမှ စင်္ကာပူက ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က ၂၁ ရာစုအတွင်း မြန်မာလူမျိုး ပျောက်သွားနိုင်သည် ဆိုကြောင်း သိရလေသည်။ အနည်းငယ်ချဲ့ကားလွန်းသည်ဟု ဆိုနိုင်သော်လည်း မှန်သင့်သလောက် မှန်ပေ၏။
တဘောင်လိုလို စနည်းလိုလိုနှင့် “တရုတ်ကဖိ၊ ရှမ်းက အိ၊ ရှိသည့် ဗမာ တောင်ရိုးမှာ” ဆိုသော ရှေးစကားသည် ယခုခေတ်တွင် များစွာ မှန်လာပေပြီ။
အခြားသော ယိုးဒယား၊ ခမာ စသည့် အရှေ့တောင်အာရှသားများထက် မြန်မာလူမျိုးများသည် ပြည်ပလွှမ်းမိုးမှုဒဏ်ကို ပိုခံရသည် ထင်ပါ၏။ ဗီယက်နမ်တို့ကဲ့သို့ နှစ်ပေါင်း ထောင်ချီ၍ မြောက်အရပ်က အိမ်နီးချင်းကို တွန်းလှန်ခဲ့ရပါသည်။ မလေးတို့ကဲ့သို့လည်း အရင်းရှင်ကုန်ထုတ်စီးပွားရေးနှင့်အတူ ပါလာသည့် ဈေးပေါသည့် လုပ်အား အိန္ဒိယသားတို့ လွှမ်းမိုးမှုကိုလည်း ကြုံခဲ့ရပါ၏။ ဂျပန့်ကျေးဇူးကြောင့်သာ ကုလားများ ပြန်ပြေးကြသည်။ ဗိုလ်ချုပ်နေ၀င်း အမြင်ကျဉ်းမှုကြောင့် ဗမာ့စီးပွားရေးကို ကုလားတို့ လက်ဆုပ်ဖြေရသည်။
သို့သော်လည်း ၁၉၄၁ ဂျပန်စစ်ရောက်မှ စ၍ ယနေ့တိုင်အောင် ၆၇ နှစ် လုံးလုံး ဗမာပြည်ကြီးသည် အင်္ဂါဂြိုဟ်မင်း၏ စက်ရိပ်အောက်မှ မလွတ်နိုင်ပေ။ မြို့တော် (၀ါ) အဓိကစီးပွားရေး မြို့ကြီး၏ အလယ် ဘရင်းကယ်ရီယာများ လှည့်နေရသည်ဆိုသော တိုင်းပြည်တွင် အဘယ်ကဲ့သို့သော ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးကို ဆောင်ရွက်ကြမည်နည်း။
စစ်ပြီးခေတ် ဦးနုလက်ထက် ပျူစောထီး ဒီမိုကရေစီ (၀ါ) ၆ လောင်းပြိုင် ရွေးကောက်ပွဲခေတ် ရန်ကုန်၊ မန္တလေးတကြော ပြည်တော်သာခဲ့ဖူးလေသည်။ ရာနှင့်ချီသော မြန်မာလူငယ်တို့ကို အမေရိကန်၊ အင်္ဂလန်သို့ အစိုးရစရိတ်နှင့် ပညာတော်သင် စေလွှတ်ခဲ့ဖူးသည်။
သို့သော် အင်းလျားစောင်းတွင် အမေရိကန်အကြံပေး ပါရဂူနှင့် တက္ကသိုလ်ကျုတာ မမတို့ မွန်းလိုက်ပစ်ကနစ် ထွက်ကြချိန်ဝယ် မိုင် ၁၀၀ မျှမဝေးသော မြောက်ဘက် ပဲခူးရိုးမစောင်းမှာ ဖြတ် ၄ ဖြတ် စနစ်နှင့် မိတ်အင်ဘားမား ဗီယက်နမ်စစ် ခင်းနေကြသည်။
ဘယ်အခါမှ အစေးမကပ်ခဲ့ကြဖူးသော မြန်မာနှင့် တိုင်းရင်းသားများကြားတွင်ကား ပင်လုံစာချုပ်ကြီး ဖုတ်ပူမီးတိုက် ထိုးပြီးနောက်ပိုင်း စစ်မှန်သော ရင်ကြားစေ့မှုဟူ၍ မရှိဘဲ မြန်မာနိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသား လူရည်တတ်များအကြား နိုင်ငံရေး ကစားပွဲကြီးပမာ ဖြစ်နေပါတော့သည်။
ကစားပွဲ အရှိန်ကောင်းနေချိန်မှာ တရုတ်နီနှင့် အမေရိကန်တို့ “ခိုးငွေ့ချင်းဆိုင် တန်ခိုးပြိုင်” ကြချိန်နှင့် သွား၍ တိုက်ဆိုင်နေပေသည်။ နိုင်ငံရေးသမား လူစွာ အချင်းချင်း ကွန်မြူနစ် ဆိုရှယ်လစ်ဟူ၍ ဆိုင်းဘုတ်ချင်းပြိုင်ပြီး လူသတ်ပွဲကြီး ဆင်ကြချိန်တွင် ပြည်ပအုပ်စုအသီးသီးကလည်း မီးလောင်ရာ အနုမြူဗုံး ကြဲပေးကြသည်။
စင်စစ် ဗမာပြည်တွင် တွေ့ဆုံဆွေးနွေးရေး ဟူ၍ ခေတ်အဆက်ဆက် လုပ်ခဲ့သမျှ ဘာကြောင့် မအောင်မြင်ရသနည်း ဆိုသည့် အမေးကို ဖြေရာ၌ ပြည်ပ ပယောဂကို ထည့်သွင်းဆန်းစစ်ကြည့်ဖို့ လိုပါ၏။
ကိုရီးယားကဲ့သို့ ၂ ခြမ်းကွဲ၍ တောင်နှင့် မြောက် ရှင်းရှင်းလင်းလင်း ဖြစ်မသွားနိုင်။ ဗီယက်နမ်ကဲ့သို့ တဖက်သတ်လည်း အနိုင်မယူနိုင်သော ဗမာပြည်တွင် ခမာနီကဲ့သို့ မျိုးဖြုတ်ပွဲ ဆင်မည့်သူ၊ ပြည်ပမှ မသာပွဲစား၊ ခေါင်းပွဲစားအဖြစ် လက်နက်ရောင်းမည့်သူများသာ ရှိသဖြင့် ဗမာပြည်ဆိုင်ရာ ဂျီနီဗာ ကွန်ဖရင့်ဆိုသည်မှာ ယောင်လို့ပင် အိပ်မက်မိနိုင်မည် မဟုတ်ပါတည်း။
ဤကဲ့သို့ ဦးလူပေါများ အချင်းချင်း ပဋိပက္ခဖြစ်နေကြသဖြင့် ယန်းကီးနှင့် ပေါက်ဖော်တို့ စစ်မတိုက်တော့ဘဲ စီးပွားရေး ကူးသန်းနေကြသည်ကိုပင် သတိမထားမိတော့နိုင်။ သူတို့ချင်း အပေါ်ယံ ၀ါယောစစ်ခင်း၍ ဈေးကစားသည်ကိုပင် အဟုတ်မှတ်၍ ရွှေမြန်မာတို့ ယောင်လို့ ကောင်းနေကြတုန်း ဖြစ်သည်။
အကျိုးဆက်ကား မြောက်အရပ်မှ ဈေးပေါသော ကုန်စည်လှိုင်းလုံးကြီးအောက်တွင် မြန်မာကုန်ထုတ်လုပ်ငန်းဆိုသည်မှာ လျှောမွေးဖြစ်ရတော့သည်။ အာဆီယံ ဖရီးထရိတ် မပေါ်ခင်ကတည်းက မြန်မာပြည်က ထွက်သမျှ ဖရီးရိုက်မည့်သူများက အဆင်သင့်။ လူတိုင်း ထမင်းနပ်မှန်အောင် “ရုန်း”ရသော တိုင်းပြည်၌ တန်းတူညီမျှရေး၊ လွတ်လပ်ငြိမ်းချမ်းရေး ဆိုသော စကားလုံးကြီးများမှာ ၀ါးမရသော ကျောက်ခဲများသာ ဖြစ်နေသည်။
“ ငွေကို ယူသည်၊ မြေကို ယူသည်၊ ပြီးတော့ လူကိုပါ ယူသည်” ဆိုသည့် ရှေးသီချင်းကဲ့သို့ ဗမာပြည်က ထွက်သမျှ ဇီးစေ့နှင့် ဖွတ်လိပ် ကစ ရသမျှ ယူသည့် လူဝါမျိုးကြီးများသည် မြန်မာတပြည်လုံးကို လွန်ခဲ့သည့် နှစ် ၁၀၀ က အောက်ဗမာပြည်ကို ကုလား အပိုင်စီးသကဲ့သို့ ယခုလည်း တပြည်လုံးကို ဂန္ဓာလရာဇ် ဇာတ်သွင်းဖို့ ကြံတော့သည်။
၁၃ ရာစု၊ ၁၇ နှင့် ၁၈ ရာစုများက မွန်ဂို မန်ချူး ကျုးကျော်စစ်၊ ၁၉၅၀ ကျော်က တရုတ်ဖြူစစ်များထက် ပိုကြောက်စရာ ကောင်းသည်က စီးပွားရေး၊ လူမှုရေးအရ ကိုလိုနီလုပ်ခြင်းပင်တည်း။
အရာရာ ချွတ်ခြုံကျနေသော သာကီဝင်များကား ရုပ်မြင်သံကြားမှ ကိုရီးယားဇာတ်သွင်းခြင်းကအစ အရှေ့အာရှ၏ သြဇာကို လွန်ဆန်နိုင်ကြသည် မဟုတ်။
အညာကျေးလက်နှင့် တောင်ပေါ်ဒေသသားများက အစ ရန်ကုန်လူ့မလိုင်များအဆုံး “ရွာပြောင်း” ဖို့သာ ကြံနေကြခြင်းကို မျိုးချစ်စိတ် ရှုဒေါင့်က အပြစ်ဖို့ နေ၍မပြီးပေ။ သီပေါလက်ထက် မန္တလေးပျက်ခါနီးကလည်း အညာသားတွေ အောက်ပြည် ရွှေ့ခဲ့ကြဖူးသည် မဟုတ်ပါလား။ သူ သူ ကိုယ် ကိုယ် မည်သူမဆို “ အကောင်း” တော့ ကြိုက်တတ်ကြပါသည်။
ထိုသို့ မပျော်သူကို ပျော်အောင် မထားနိုင်၍ ပြည်ပမြန်မာ အသိုင်းအ၀ိုင်းမှာ လူဦးရေ သန်းနှင့်ချီပြီး ဖြစ်လာရသည်။ ထိုအထဲတွင် တိုင်းပြည်ကို ရှေ့ဆောင် ရှေ့ရွက်ပြုမည် လူရည်တတ်တွေ ဆုံးရှုံးရသည်မှာ အဆိုးဆုံးဖြစ်သည်။
ပြည်ပရောက် မြန်မာများ အမျိုးသားလက္ခဏာကို မပျောက်အောင် ထိန်း၍ မြန်မာစိတ် (မြန်မာပြည်ထောင်စုသားစိတ်) ကို အမြဲ နှလုံးသွင်းနိုင်မှသာ တိုင်းပြည်ထူထောင်ရေးအတွက် စိတ်ညွတ်နိုင်ကြပါလိမ့်မည်။ သို့မဟုတ်မူက ရှေ့က ပညာကျော်များ အဟောဖတ်ကြသလို ၂၁ ရာစုတွင် မြန်မာတို့ တိုင်းပြည်မပျောက်ခင် လူမျိုးပျောက်နှင့် ကြလိမ့်မည်။
Filed under: nationalism, recycled | 2 Comments
ဟိုတနေ့ ကစလုံးပြတိုက်တခုမှာ လက်လူပ်ရေဘုံဘိုင်ကို ပြထားတာတွေခဲ့တယ်။
မြန်မာတွေကိုလည်း အမျိူးပျောက်အောင် အခုကတည်းက နောဧသင်းဘောထဲ ထည့်သလို တစုံလောက် ၀ယ်စုထားရရင်ကောင်းမယ်။ ဒါမှနောင်ပြစားလို့ရအောင်
ဖတ်ရတာ ရင်နာလိုက် တာ ဒါပေမယ့် အားလုံး မှန်နေတုန်းပဲ