ရာဇဝင်ကို ဖြတ်သန်းခြင်း ၃
မင်္ဂလာပါခင်ဗျာ။ အရင်ပတ်က ပြောခဲ့တဲ့အတိုင်း ကနေ့ကျနော်ပြောမှာကတော့ သမိုင်းနယ်ပယ်ကို ကျနော်ဘာကြောင့် စိတ်ဝင်စားလာတယ်။ သမိုင်းကို ရှာဖွေတွေ့ရှိလာခြင်းပေါ့။ ပြောရရင်တော့ သမိုင်းနားနီးသမိုင်းလို့ပဲ ပြောပရစေ။ ကျနော့အမေဘက်က အဖွားအိမ်မှာ စာအုပ်စာတမ်းပေါတာ၊ သူကိုယ်တိုင်ကလဲ ရေးသားနေတာ၊ ပီးတော့ ဝင်ထွက်နေတဲ့မိတ်ဆွေများကလဲ သမိုင်းဝါသနာထုံတာ၊ သူတို့ကိုယ်တိုင် သမိုင်းထဲကဇာတ်လိုက်တွေ ဖြစ်နေတာကြောင့်ပါပဲ။
မြင်နေပါတယ်။ ကျနော့အဖွား လူထုဒေါ်အမာဆီကို ရွှေဘိုမိမိကြီးစတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတွေလာပီး ပေထုပ်တွေဖွင့် ဖတ်ပြုနေကြတာမျိုး၊ ဇာတ်မင်းသားဟောင်း၊ နိုင်ငံရေးသမားကြီးစသူတွေဆီက သိလိုတာများ မေးမြန်းရေးသားနေတဲ့ အဖွားကို သူ့စာရေးစားပွဲမှာ တွေ့နေရတာ ဒါတွေက ကလေးထဲက ယဉ်ပါးနေတဲ့ မြင်ကွင်းတွေပါ။ နေ့ခင်း ကော်ဖီသောက်ချိန်များမှာ ဧည့်သည်များနဲ့ ပြောလေ့ရှိတဲ့စကားများကလဲ လွတ်လပ်ရေးကြိုးပမ်းတဲ့ခေတ် ကျနော့အဘေးအဘီများလက်ထက်နေ မျက်မှောက်ခေတ် ၈ လေးလုံးလွန်အချိန်အထိ နိုင်ငံရေး စီးပွားရေး စာပေ ယဉ်ကျေးမှုဆိုတာတွေကို မရိုးရအောင် ကြားနေခဲ့ရတာပါ။ နေ့လယ်က မနက်က ဖတ်ထားတဲ့ စာအုပ်ထဲက မရှင်းတာရှိရင်လဲ အဖွားနဲ့ မိတ်ဆွေတွေ၊ အိမ်က အယ်ဒီတာ စာရေးဆရာကြီးတွေကို မေးလို့မြန်းလို့က သိပ်အဆင်ပြေတာပါလား။ သုတေသနမှာ ပြောနေတဲ့ အမေးခံပုဂ္ဂိုလ် ပင်ရင်းအထောက်အထားဆိုတာတွေကို ကျနော်တို့ မျက်စိအောက်မှာ အမှတ်တမဲ့ တွေ့ကြုံလာခဲ့ရတာပါ။
ဘိုဘိုရေလာအုံး အန်တီစန်းစန်းနုရောက်နေတယ်၊ … အမေနဲ့တွေ့ချင်လို့ပါ ရန်ကုန်က နဂါးနီဦးထွန်းအေးသားပါ၊ စတဲ့စကားသံတွေ ကြားနေခဲ့ရသလို အိမ်မှာလဲ ညအိပ်ညနေ ဧည့်သည်ကပြတ်လှတာ မဟုတ်ပါဘူး။ အဖွားမွေးနေ့နီးရင် ရောက်လာနေကျ ကျောက်ဆည်ဒေါ်မြရီ၊ ဂျာနယ်ကျော်မမလေးနဲ့ ခင်နှင်းယုအကြောင်း တသသပြောတတ်တဲ့ မီးရထားက မင်းကြီးကတော်ဒေါ်ထားမြင့်စတဲ့ အဖွားတွေဆီက ရှေးစကားမျိုးစုံ ကြားခဲ့ရတဲ့ရက်တွေပါ။ ပခုက္ကူမှာ အမေတာဝန်ကျတော့ လိုက်နေတုန်းကလဲ ဆေးခန်းလာပြနေကျ ဘုန်းကြီးကြီးနဲ့ သီလရင်ကြီး ၂ပါးကို သတိထားမိနေပါတယ်။ ၂ ယောက်စလုံး ပြုံးပြုံးအေးအေးနဲ့ ခင်စရာကောင်းပုံပါ။ နောက်မှ စာတွေထဲဖတ်မိတာက သူတို့ဟာ ကွန်မြူနစ်ပါတီမှာ နာမည်ကြီးဆေးမှူး ဒေါ်မိုးစွေခေါ် ဒေါ်ကံရှိနဲ့ ခင်ပွန်းဟောင်းတို့ ဖြစ်နေတယ် ဆိုတာပါပဲ။ ကျနော်တွေ့တဲ့အချိန်မှာ ၂ ဦးစလုံး သာသနာ့အရိပ်မှာ အေးချမ်းမှု ရှာနေကြပါပီ။
ပြောချင်တာကတော့ ကျနော်တို့ လူကြီးတွေရှိတုန်း မှတ်မှတ်သားသား မေးမြန်းမထားလိုက်နိုင်ဘူးဆိုတာပါ။ အရင် ၁၉၇၀ ကမှ ကျနော့အဖိုး ကျနော်လှေသူကြီး သတင်းထောက်စတဲ့ စာအုပ်တွေ ပြုစုစဉ်က တိတ်ရကော်ဒါနဲ့ အသံသွင်းမှတ်တမ်းတင်တာတွေ လုပ်နိုင်ခဲ့ပါသေးတယ်။ ကျနော်တို့ခေတ်ကျမှ တိုက်စိုး ဒဂုန်တာရာ သခင်အုန်းမြင့်စတဲ့ အမှတ်သတိကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတွေကို စနစ်တကျ မေးမြန်း မှတ်တမ်းတင်နိုင်တာ၊ တင်ပီးသားကို လူအများသိအောင် ဖြန့်ချိနိုင်တာ ရှားလှပါတယ်။ ဆရာတိုက်စိုးဆီ သိချင်တာများ ဖုန်းဆက်မေး လူတွေ့မေးခဲ့နိုင်ပေမယ့် သူပြောသမျှ အသံမသွင်းခဲ့နိုင်တာ ကွယ်လွန်ပီး ဆယ်နှစ်ခန့်ရှိချိန်ထိ နှမြောမိနေတုန်းပါပဲ။
စစ်အစိုးရလက်ထက်မှာ ပိုကျပ်လာတဲ့ စိစစ်ရေးကြောင့် မှတ်တမ်းမှတ်ရာမရေးခဲ့ မထုတ်ခဲ့ရပဲ သေဆုံးကုန်ကြတဲ့ လွတ်လပ်ရေးမျိုးဆက်နိုင်ငံရေးသမားတွေရဲ့ စာတွေသမိုင်းတွေကလဲ နှမြောစရာပါ။ မန်းဝင်းမောင်ရဲ့ လေထီးသမတလို စာတွေ အပြင်မှာ ထွက်လာပေမယ့် အများစုကတော့ ကာယကံရှင်များရဲ့ အကြောက်တရားဖိစီးလွှမ်းမိုးနေတဲ့ ကာလဒေသအခြေခံကြောင့် ထွက်မလာဖြစ်သေးပါ။ ကျနော့ဘိုးဘွားများရေးသားခဲ့တာတွေထဲကပဲ စိစစ်ရေးခွင့်မပြုလို့ ထုတ်မဖြစ်သေးတဲ့ စာအုပ်တွေ ကျန်နေပါတယ်။ သမိုင်းကို လိုသလိုပြင်ရေးချင်သူတွေ ပိုပေါလာ အခြေအမြစ်မဲ့ ရေးရဲပြောရဲလာတဲ့ခေတ်မှာ သမိုင်းမှန်ကို ဖော်ထုတ်ထိန်းသိမ်းဖို့ဆိုတာ တာဝန်ကြီးတရပ်ပါ။
ဒါကြောင့် သူများနိုင်ငံတွေမှာ သမိုင်းမျိုးစုံကို ဖော်ထုတ်မြှင့်တင်နေချိန်မှာ ကျနော်တို့တိုင်းပြည်မှာက လူငယ်တွေ လူလတ်တွေပါ အတိတ်ကိုတော့ မေ့ပါပီလို့ ပြောနေရတာ၊ ဗိုလ်ချုပ်အောင်ဆန်းလို ပြိုင်ဘက်ကင်း အမျိုးသားခေါင်းဆောင်ကိုတောင် လျစ်လျူရှုထားတာတွေ တွေ့ရတော့ ရှေ့တလံမျှော်ကြည့် နောက်တခေါ်မျှော်မကြည့်နိုင်ကြရင် ဘယ်လိုမှ နိုင်ငံရေးလမ်းကြောင်းက မှန်လာမှာမဟုတ်ဘူးလို့ပဲ စိတ်ပျက်မိလှပါတယ်။ နောက်အပတ်မှာတော့ မြန်မာသမိုင်းပညာရပ်ကို ကမ္ဘာနဲ့တန်းတူမြှင့်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ မြေတောင်မြှောက် အားပေးမှု ခံခဲ့ရပုံ၊ ဝတ္ထုဇာတ်လမ်းလို သမိုင်းဖတ်တဲ့အဆင့်ကနေ စိစစ်သုံးသပ်တဲ့ ပညာရပ်ချဉ်းကပ်မှုဘက် ခေါင်းပြူကြည့်မိပုံ၊ လန်ဒန်မှာ စာသင်ဘို့ အကြောင်းဖန်လာပုံတွေ ဆက်ပြောပါ့မယ်။ ကျေးဇူးအထူးတင်ပါတယ်။
Filed under: family, history, radio talk | 6 Comments

သမိုင်းကိစ္စတွေကို တိတိပပ သိပြီး ဖော်ထုတ်ရေးသားမဲ့ ကိုဘိုဘိုလို ပညာတတ်အသိုင်းအ၀ိုင်းက ဆင်းသက်လာသူ တဦး ရှိတဲ့အတွက် များစွာ အားရှိလှပါတယ်။ ကျနော်တို့လို လူငယ်တွေ အနေနဲ့လည်း သမိုင်းမှန်များကို ရှာဖွေဖော်ထုတ်ဖတ်ရှု သုံးသပ်ပြီး ရှေ့ကို အသိသတိများနဲ့၊ အမှားများများကို ရှောင်ရှားပြီး သွားရင်ဖြင့် ပိုကောင်းမဲ့ မနက်ဖန်များ တွေ့လာနိုင်ပါတယ်။ မန်းဝင်းမောင် အကြောင်းတောင် သူ့သမီးရေးတာလာမသိဘူး နော်.. ပါပါး ပါပါး နဲ့ဖတ်ရတာ။ အဲ့လိုမျိုးပေါ့ လွတ်လပ်ရေးအတွက် သမိုင်းတင်ခံရသူများနဲ့၊ လွတ်လပ်ပြီးနောက်ပိုင်း သမိုင်းတင်ရမဲ့သူတွေရဲ့ အကြောင်းကို ကျန်ရှိတဲ့ မျိုးဆက်များက သမိုင်းအမြင်နဲ့ ဆက်လက်ပြန်လည်ရေးသားထုတ်ဝေမယ်ဆိုရင် အတိုင်းအထက်အလွန် ကောင်းမွန်မှာ အမှန်ပါပဲ.။
ခင်မင်လျက်
ဖိုးသူတော်
သား ဌေးဝင်းမောင် ရေးတာ ထင်တယ်ခင်ဗျ
ဩော်.. မန်းဝင်းမောင်အကြောင်းစာအုပ်က မိသားစုက ပေးပို့တဲ့ မှတ်တမ်းကို ပြန်ထုတ်တာဆိုတော့ ရေးသူနာမည် ပါမလာဘူး။ ဒါပေမဲ့ စာထဲမှာတော့ ဌေးဝင်မောင်က ဟံသာဝတီအရေးပိုင်ရုံးစာရေးကြီး ဦးထွန်းရှိန် နှမ ဒေါ်မြမေက မွေးတဲ့ တယောက်လို့ ပါတော့ အတ္ထုပတ္တိရေးတဲ့သူ မဟုတ်ဘူးထင်တယ်။
နောက်လာမဲ့ အပိုင်းဆက်တွေကို ဆက်လက်ဖတ်ရှု့ပါမယ်.။
ခင်မင်လျက်
ဖိုးသူတော်
သူရေးပီး သူ့သားကို ထုတ်ဖို့မှာခဲ့တယ် (လူထုချစ်သမျှ လူထုဦးလှ ဒုတွဲ)
စာဖတ်ခြင်းနဲ့ ဝေးသတဲ့ ဝေးလာတဲ့ အခုခေတ်လူငယ်တွေအတွက် သမိုင်းစာဆိုတာ အတိုင်းထက်အလွန် တံခွန်သာ ဖြစ်လို့နေတော့တယ်။
သည့်အပြင်မှာကို ကိုဘိုပြောသလို လေဖမ်းဒန်းစီးသမိုင်းတွေနဲ့ ပါးစပ်ရာဇဝင်တွေကသာ လက်တစ်ကမ်းရောက်ရောက်လာနေတော့.. ။ သမိုင်းနဲ့ သမိုင်းတန်ဖိုးကို လူငယ်တွေဟာ နာလည်မှု ခေါင်းပါးလာသထက် လာနေတယ်လို့ ကျွန်တော် ထင်မိတယ်။
ကျွန်တော်တွေ့ဖူးခဲ့တဲ့ ကလေး(၁၇နှစ်)တစ်ယောက်ဆို ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး မယူပေးခဲ့ရင်တောင် တိုင်းပြည် သည့်ထက်ပိုကောင်းမယ့် လေသံမျိုးနဲ့ ပြောသဗျာ။
သမိုင်းတန်ဖိုးအပေါ် သူတို့အလေးထားတဲ့ပုံတွေ တိမ်တိမ်လာတယ်။ ကျွန်တော်တို့တန်း(၂၁နှစ်)တွေလည်း အနည်းနဲ့အများ အပါအဝင်ပေါ့။
ဆရာကြီးဒေါက်တာ သန်းထွန်းစကားကို တည်ပြောရရင် ကျွန်တော်တို့တွေဟာ ပိုပို’အ’လာကြတယ်။ဒါမယ့်လို့ ‘အ’ ‘အ’အချင်းချင်းကြားမယ်တော့ ကိစ္စမရှိသယောင်ကို ဖြစ်လို့။
ပို အ လာတာတော့ ပြောစရာမရှိတော့ဘူး
ကိုယ့်ဘေးနားမှာရှိနေတဲ့ လူတယောက်ရဲ့သမိုင်းကိုတောင် မှန်အောင်ဖတ်ဖို့ မကြိုးစားကြတာကို