ရာဇဝင်ကိုဇာတ်ထိုးခြင်း ၁၄
လွတ်လပ်တဲ့အာရှအသံ
မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာတော့ ခေတ်တခေတ်ကိုပြောင်းလဲစေချင်ရင် စာပေယဉ်ကျေးမှုတွေကနေ သိမ်းသွင်း စည်းရုံးရတဲ့အကြောင်းပြောလိုပါတယ်။ ရာဇဝင်ဝတ္ထုဆောင်းပါးတွေရဲ့သြဇာက မြန်မာစာဖတ်ပရိသတ်ပေါ် လွှမ်းမိုးပုံကို ဆွေးနွေးမှာပါ။
အင်္ဂလိပ်လက်အောက်ရောက်ပီးနောက် မြန်မာစာပေမှာ ပဒေသရာဇ်ခေတ်ကဗျာလင်္ကာစာပေကျမ်းဂန်တွေနဲ့ ခေတ်ပေါ်ပြဇာတ်တွေ၊ ခေတ်ဦးပိုင်း ကုန်စည်ကြော်ငြာသတင်းစာမျိုးတွေပဲ ဖတ်စရာရှိရာက ၂၀ ရာစုဦးမှာ ဝတ္ထုခေါ်တဲ့ အနောက်တိုင်းပုံစံစာပေအရေးအသားလွှမ်းမိုးလာပါတယ်။ ဝတ္ထုခေတ်နဲ့အတူ မကြာခင် ဆယ်နှစ်အတွင်းမှာ မဂ္ဂဇင်းဆိုတဲ့ စာစောင်တမျိုးခေတ်စားလာပါတယ်။ အစပိုင်းက မဂ္ဂဇိန်လို့ ပါဠိဆန်ဆန်ခေါ်တဲ့ စာစောင်မျိုးဟာ ၁၉၁၂ မြန်မာ့အလင်းမဂ္ဂဇင်းကစပီး ခေတ်သစ်အရေးအသား အတွေးအမြင် သိပံ္ပနဲ့ ရှိတ်စပီးယားဝတ္ထုဘာသာပြန်စတဲ့ တိုးတက်ပြောင်းလဲရေးစာတွေပါလာပါတယ်။ ၁၉၂၀ ဒဂုန်မဂ္ဂဇင်းကြီးထွက်လာတဲ့အခါမှာတော့ ရိုမန့်စ်လို့ခေါ်တဲ့ အလွမ်းအချစ်စာပေဟာ မြန်မာပြည်မှာ ခေတ်စားလာတဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့တွဲပီး မျိုးချစ်ရာဇဝင်ဝတ္ထုတွေအနေနဲ့ တခေတ်ထလာပါတယ်။
ဇေယျ၊ ဒဂုန်ခင်ခင်လေး၊ လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ဟာ ဒဂုန်ရာဇဝင်စာပေရဲ့ ကြယ်ပွင့်ကြီးများဖြစ်ကြပါတယ်။ ဇေယျရဲ့ မြတ်လေးရွှေဓားဗိုလ်၊ ခင်ခင်လေးရဲ့ စာဆိုတော်၊ ဦးမောင်ကြီးရဲ့
နတ်သျှင်နောင်၊ တပင်ရွှေထီးစတဲ့ ရာဇဝင်ဝတ္ထုကြီးတွေက တထီးတနန်းနေခဲ့ရတဲ့ဘုရင်ခေတ်ကို ပြန်ပီးတသရေးဖွဲ့တာတွေပါ။ ဒဂုန်ပိုင်ရှင်က မြန်မာအဆွေကုန်တိုက်၊ အေဝမ်းဖလင်းစတာတွေကိုပိုင်တဲ့ မျိုးချစ်တွေပါ။ ဒါကြောင့် သူတို့ခေတ်ကဖြစ်နိုင်တဲ့ နိုင်ငံရေးနှိုးကြားမှုနဲ့ မြန်မာစာပေ၊ ရာဇဝင်၊ ယဉ်ကျေးမှုတွေကို အားပေးပါတယ်။ ရုပ်ရှင်ကြော်ငြာလည်းဖြစ် တချိန်ထဲမှာ လူထုကြားမှာ ဇာတိသွေးတွေနိုးကြားလာစေတာပါ။ ‘ လတပေါင်း ခအောင်းငယ်တို့ပွင့်ချိန်တန် ‘ နဲ့ အစချီတဲ့ ဆရာဇေယျရဲ့ မြတ်လေးရွှေဓားဗိုလ်ဟာ ပြင်သစ်တော်လှန်ရေးနောက်ခံအချစ်ဝတ္ထုကိုမှီးတာပေမယ့်
မြန်မာပရိသတ်မျိုးဆက်တွေကို ကနေ့ထိဖမ်းစားထားနိုင်ပါတယ်။ အချစ်ဝတ္ထုဘက်ပိုသန်တဲ့ စာဆိုတော်ကြောင့် စုဘုရားလတ်မိဘုရားကြီးဟာ မိန်းမဆိုးကြီး၊ ဒိုင်းခင်ခင်နဲ့ မောင်ဖေငယ်ဟာ မဆုံလိုက်ရတဲ့ချစ်သူတွေစတဲ့ ယုံကြည်မှုမျိုးတွေ ခုထိကျန်နေခဲ့ပါတယ်။ တကယ်ကတော့ တောင်သမန်လယ်စားဟာ မင်းတုန်းမင်းမိဘုရားဟောင်း ဟင်္ဂမော်မိဘုရားနဲ့ အိမ်ထောင်ကျပီး သားသမီးတွေရှိတဲ့အပြင် ဒိုင်းခင်ခင်ကြီးနဲ့လဲအသက်ချင်းကွာပါတယ်။ တခါ ဆရာဦးမောင်ကြီးရေးတဲ့ဝတ္ထုချင်းပေမယ့်လည်း ၁၉၁၀ ကျော်က ရေးခဲ့တဲ့ ခင်မြင့်ကြီး၊ သန်းသန်း၊ တင်တင်မြစတဲ့ မိန်းမလှည့်ပိုးဝတ္ထုကြီးတွေနဲ့မတူ၊ ဒဂုန်ရာဇဝင်ဝတ္ထုတွေဟာ အချစ်ဝတ္ထုချင်းတူပေမယ့် ဦးတည်ချက်ချင်းကွာတာကို သတိပြုမိမှာပါ။
ဒီလိုရာဇဝင်နောက်ခံ အမျိုးသားစိတ်လှုံ့ဆော်ဝတ္ထုတွေ ခေတ်စားလာတာနဲ့အမျှ နောက်ပိုင်း ပြင်းထန်တဲ့ မျိုးချစ်စာရေးဆရာတွေလက်ထက်မှာ နိုင်ငံရေးအန်တုမှုလှုံ့ဆော်ရေးလက်နက်အဖြစ်ပါ သုံးလာတာ တွေ့ရပါတယ်။ အထင်ရှားဆုံးက ၁၉၃၀ ကျော်က မဟာဆွေရဲ့ သူပုန်ကြီး၊ နဝဒေးနဲ့ ရွှေစကြာရဲ့ နားခံတော်ဝတ္ထုတွေပါ။ ပုဂံဝန်ထောက်ဦးတင်ရဲ့မှတ်တမ်းမှတ်စုတွေနဲ့ရေးတယ်ဆိုတဲ့ နားခံတော်ဝတ္ထုဟာ ရာဇဝင်ဖြစ်ရပ်တွေနဲ့ တိုက်ဆိုင်ညီညွတ်တယ်၊ မြန်မာဝတ္ထုအဆင့်ကို မြှင့်ပေးတယ်ဆိုပီး ရန်ကုန်တက္ကသိုလ်က အရှေ့တိုင်းဌာနပါမောက္ခ ဦးဖေမောင်တင်က ကျောင်းသုံးပြဋ္ဌာန်းပေးလိုက်တဲ့အတွက် ပိုထင်ရှားသွားတာပါ။ ပြင်သစ် အင်္ဂလိပ်စာပေတွေမှာ ၁၉ ရာစုက လူကြိုက်များတဲ့ ဝေါ်လတာစကော့ အလက်ဇန္ဒားဒူးမားတို့ရဲ့ ရာဇဝင်အချစ်ဝတ္ထုတွေရဲ့ ဇာတ်ကွက်ဆင်ပုံဆန်းပြားပုံမှာ ရွှေစကြာက မျိုးချစ်ရနံ့သင်းအောင် ခတ်ပေးလိုက်တာပါ။ သန်လျင်မှာ မင်းမူခဲ့တဲ့ ပေါ်တူဂီငဇင်ကာတခေတ်ကို နောက်ခံထားတာမို့ အဲဒိဝတ္ထုကို ၁၉၈၈ အာဏာသိမ်းစစ်အစိုးရက သတင်းစာမှာ အခန်းဆက်ပြန်ထဲ့ပီး နယ်ချဲ့ဆန့်ကျင်ရေးဝါဒဖြန့်လုပ်ခဲ့သေးတာကို မှတ်မိကြမှာပါ။
ဒုတိယကမ္ဘာစစ်မဖြစ်ခင်ပေါ်တဲ့ မြန်မာရာဇဝင်ဝတ္ထုတွေထဲမှာ ထူးခြားတာတခုက ဒဂုန်ခင်ခင်လေးရဲ့ ရွှေစွန်ညို သားရွှေစွန်ညိုဝတ္ထုတွေပါ။ စောရန်နိုင် စောရန်ပိုင်မင်းသားညီနောင်ရဲ့ ပါတော်မူခါစ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဇာတ်ကျောရိုးယူပီး တရုတ်ပြည်ထဲ ခိုဝင်သွားတဲ့ ရွှေစွန်ညိုရဲ့ သားမြေးတွေလက်ထက်ထိ ဆက်လက်ချဲ့ထွင်ရေးတာပါ။ မြေးလက်ထက်မှာ ကွန်မြူနစ်တွေနဲ့ပေါင်းပီး ဂျပန်ကိုခုခံတာနဲ့ အဆုံးသတ်ထားတာပါ။ မြန်မာစာပေမှာ လက်ဝဲသမားကို ဇာတ်ကောင်ဖွဲ့ရေးတဲ့အထဲမှာ အစောဆုံးထဲက နေပါလိမ့်မယ်။ ပီးတော့ ရွှေစွန်ညိုကို အေဝမ်းကရိုက်တဲ့ ရီးစားဓမြရုပ်ရှင်က စစ်ပီးခေတ်မှာ မင်းသားဝင်းဦးနဲ့ ပြန်ရိုက်တဲ့အထိ (မောင်မောင်စိုးနဲ့ခင်နှင်းရီတို့ရဲ့)သီချင်းကအစ အောင်မြင်ခဲ့တာပါ။ “မင်းရဲကျော်စွာ” “ဘုရင့်နောင်” “အလောင်းဘုရား” “မဟာဗန္ဓုလ” မြန်မာသူရဲကောင်းတွေအကြောင်း ဝတ္ထုလိုရေးတဲ့ သူရိယဦးသိန်းမောင်ရဲ့ ရဲမြန်မာ အတ္ထုပ္ပတ္တိဟာလည်း လွတ်လပ်ပီးခေတ် မြန်မာကျောင်းတွေမှာ အသင်း ၄ သင်းဖွဲ့ ကျောင်းသန့်ရှင်းရေးလုပ်အားပေးစေခြင်းရဲ့ အစပင်မဖြစ်ပါလိမ့်မယ်။
ရာဇဝင်ဝတ္ထုကြီးတွေဟာ မျိုးချစ်စိတ်ကိုပွားများစေသလို ပဒေသရာဇ်ခေတ်ကိုတမ်းတစေတာ၊ လက်နက်အားကိုးလူစွမ်းကောင်းလုပ်တဲ့အလေ့ကို အားပေးတာတွေလည်းမကင်းပါဘူး။ စစ်မဖြစ်ခင်ကရိုက်တဲ့ ဗိုလ်ဝ ဗိုလ်အောင်ဒင်စတဲ့ လူစွမ်းကောင်း ဗိုလ်ရုပ်ရှင်တွေကြောင့် စစ်တွင်း ဗမာ့တပ်မတော်ထူထောင်ချိန်မှာ ဗိုလ်တွေ ဘယ်လိုလက်စောင်းထက်ခဲ့ကြတယ်ဆိုတာ ကြားဘူးကြမှာပါ။ ဗိုလ်နေဝင်းဆိုတဲ့နာမည်ကလည်း ရာဇဝင်ထိုးဇာတ်ရုပ်ရှင်တကားက ဇာတ်လိုက်နာမည်လို့ ဦးပြည့်စုံရဲ့ စာတပုဒ်မှာဖတ်ဖူးပါတယ်။ ရှေ့တပတ်မှာတော့ ရာဇဝင်ဆောင်းပါးတွေရဲ့ကဏ္ဍကိုပြောမှာပါ။ စောင့်မျှော်နားဆင်ကြပါ။ ကျေးဇူးတင်ပါတယ်။
Filed under: arts and culture, history, literature, media, nationalism, radio talk | 11 Comments

စောင့်မျှော်နားဆင်ရမှာ ပျင်းတယ် နောက်မှပဲ လာဖတ်တော့မယ်…
ဆရာဘိုဘိုလန်းစင်ခင်ဗျာ
ဆရာအစီအစဉ်ကို စောင့်နားထောင်နေပါတယ်။ တပတ်ခြားသွားလို့ စိုးရိမ်မိပါသေး တယ်။ အစီအစဉ်ကြေညာတာ သမိုင်းပြောလိုက်။ ရာဇ၀င်ပြောလိုက်နဲ့ အစီအစဉ်ခေါင်းစဉ်ကို မှန်မှန် ကန်ကန်ကြေညာပေးဖို့ တားမြစ်ပေးပါ။ တန်းဘိုးထားသူများအတွက် စိတ်မသက်မသာဖြစ်မိပါတယ်။
ဒီတပတ် ဟောပြောတဲ့ အထဲမှာ သင်္ဂမော်မိဘုရားဟာ သာယာဝတီမင်းရဲ့ မိဘုရားပါ မင်းတုန်းမင်ျးမှာ သင်္ဂမော်ထိပ်ခေါင်တင်ဆိုတဲ့ သမီးတော်တပါးရှိပါတယ်။ ဒီမင်းသမီးဟာ စာဆိုတတ်ပါတယ်။ အနွယ်တော်တွေကိုယ်တိုင် နန်းတွင်းဓလေ့တွေကို မလိုက်နာဘဲ၊ နာမည်တွေ မှည့်ချင်သလိုမှည်တာ မကြိုက်လို့ -စုချင်စု ။ ခေါင်ချင်ခေါင်- ဆိုပြီးစာစပ်တယ်ဆိုတာ ကြားဘူးပါ တယ်။ သူအနွယ်တော်တွေ မန်းတလေးမှာရှိပါသေးတယ်။ ကျွန်တော်အမှတ်မမှားရင် ၉၀ရွေးကောက်ပွဲ ဒေါတ်တာအမတ်တယောက်ရဲ့ ဇနီးလို့ထင်ပါတယ်။
ဆရာဘိုဘိုလန်းစင်ခင်ဗျာ
ဆရာအစီအစဉ် တပတ်ခြားသွားလို့ စိုးရိမ်စိတ် ဖြစ်မိလိုက်ပါသေးတယ်။ ဆရာ ဘလောက့်ကိုတော့ အသေယူထားပါတယ်။ တခြားသတင်းဌါနတွေမှာ ဟောပြောတာရှိရင်လည်း သိချင်ပါတယ်။ ခုအစီအစဉ်ကိုကြေညာရာတွင်လည်း ရာဇ၀င်ပြောလိုက်၊ သမိုင်းပြောလိုက်နဲ့ ခေါင်းစဉ်ကို မှန်မှန်ကန်ကန် ကြေညာပေးဖို့တာမြစ်ပေးစေလိုပါတယ်။ တန်းဖိုးထားသူများအတွက် စိတ်မသက်မသာဖြစ်ရပါသည်။
ခုတပတ်အစီအစဉ်ထဲမှာပါတဲ့ သင်္ဂမော်မိဘုရားဟာ သာယာဝတီမင်းရဲ့ မိဘုရားပါ။ မင်းတုန်းမင်းမှာ သင်္ဂမော်ထိပ်ခေါင်တင်ဆိုတဲ့ သမီးတော်တပါးရှိပါတယ်။ ဒီသမီးတော်ဟာ စာဆိုတတ်ပါတယ်။ အနွယ်တော်တွေကိုယ်တိုင် နန်းဓလေ့တွေကို မလိုက်နာဘဲ နာမည်တွေမှည်ချင်သလို့မှည်နေတာကို မကြိုက်လို့–စုချင်စု၊ ခေါင်ချင်ခေါင်– ဆိုပြီး စာဆိုတယ်လိုကြားဘူးပါတယ်။ သူ့အနွယ်တော်တွေ ယနေ့တိုင် မန်းတလေးမှာရှိပါတယ်။ ကျွန်တော်အမှတ်မမှားရင် ၉၀ရွေးကောက်ပွဲ ဒေါတ်တာအမတ်တယောက်ရဲ့ ဇနီးဟာ ဒီမင်းသမီး အဆက်ပါ။
Oh yes, sorry.. thanks for correction! You means Dr Soe Lin (now Wunthanu NLD). i’ll remind station. Best wishes
Only in RFA at present, an English teaching programme from BBC Burmese soon. Thanks, I’ll try to air weekly.
အစ်ကိုရေ တစ်ခုလောက်အကူအညီတောင်းပါရစေ
ဥပမာ 1786 ခုနှစ်မှာ မြန်မာ့ သမိုင်းမှာ ဘယ်ခေတ်ဘယ် မင်းလက်ထက် ဖြစ်ခဲ့တယ်
1500 ခုနစ်မှာ မြန်မာ့ သမိုင်းမှာ ဘယ်ခေတ် ဘယ်အချိန်မျိုးဖြစ်ခဲ့တယ် ဆိုတဲ့ အကြမ်းဖျင်း သမိုင်း မှတ်စုလေးများ ရှိရင် ၊ ဖတ်လို့ရနိင်မယ့် စာအုပ်လေးများ ရှိရင် သိပါရစေ။
http://www.scribd.com/doc/25256254/Chronology-of-Burma-History-1404-1996
https://www.myanmarisp.com/history-sf/History-eBooks/oldebooks/Myanmar-Historical-Dateline-1886-1942/view
ကျေးဇူး တင်ပါတယ် ရှင့်
ကလေးေ၇—
မင်းဘလောက ၇ှာ၇တာ မလွယ်ဘူးနော်။
၇ာဇ၀င်ကို ဖြတ်သန်းခြင်းကို အစဉ်အလိုက်wewer post -older post ဆိုတာမျိုး ကလစ်ထောက်ဖတ်လို.မ၇ဘူး။
Aunty,
Please click radio talk in category list. Thank so much for comment. Best,