ဦး ဗိုလ် သခင် ရာဇဝင်၂၉
လွတ်လပ်တဲ့အာရှအသံ
သောတရှင်များခင်ဗျာ လွတ်လပ်ရေးနောက်ပိုင်း အစိုးရအသိအမှတ်ပြု မြန်မာ့လွတ်လပ်ရေးသမိုင်းမှတ်တမ်းတွေမှာ အာဏာရပါတီလူတန်းစားကို အဓိကမီးမောင်းထိုးပြလေ့ရှိတာကို အရင်အပတ်က တင်ဆက်ခဲ့ပါတယ်။ အာဏာရမြန်မာအမျိုးသားစစ်ဗိုလ်များ လက်ဝဲဆိုရှယ်လစ်အနွယ်နိုင်ငံရေးသမားများ နောက်ပိုင်း မဆလပါတီဝင်လူကြီးများက သမိုင်းဇာတ်လိုက်တွေဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်သမိုင်းကိုရေးမယ်ဆိုရင်လည်း ဗမာ့တပ်မတော်နဲ့ တော်လှန်ရေးပြောက်ကျားတွေ ပြည်သူနဲ့ ပူးပေါင်းဆင်နွှဲတဲ့ ဖက်ဆစ်တော်လှန်ရေးကြီးအဖြစ် အသားပေးရေးကြပါတယ်။
တကယ်တမ်း တပ်မတော်သားတွေ တော်လှန်ရေးမစခင် ၂ နှစ် ၃ နှစ်လောက်ကထဲက ဂျပန်ကို ပြောက်ကျားစစ်ဆင်နေတဲ့ ကရင် ကချင် ချင်းစတဲ့ မဟာမိတ်ထောက်ပံ့မှုရတဲ့ တောင်ပေါ်သားတွေ နောက် ဖြူးနဲ့ မြစ်ဝကျွန်းပေါ်က ကွန်မြူနစ်ပြောက်ကျားတွေရဲ့ လှုပ်ရှားမှုတွေကတော့ မြန်မာစာအုပ်တွေမှာ တွေ့ရနည်းပါတယ်။ ဒီတော့ ဂျပန်ကို အင်အားကြီးနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ လိပ်ကန် မဟာမိတ်တွေရဲ့ အင်ဖာတိုက်ပွဲ မန္တလေးတိုက်ပွဲလို စစ်ဆင်ရေးကြီးတွေအကြောင်းက မြန်မာသမိုင်းတွေမှာ ထင်ရှားမလာပါဘူး။ ယုတ္တိအရတွေးရင်တော့ ဗမာ့တပ်မတော်က ဂျပန်ကို ကိုယ့်ခြေကိုယ့်လက်နဲ့ တိုက်ထုတ်နိုင်ရင် မဟာမိတ်ကိုလိုနီသခင်ဟောင်းတွေက ဘာလို့ပြန်ခြေကုပ်ယူနိုင်ရမှာလဲ။ မြန်မာနိုင်ငံရေးသမားတွေ အစောထဲက တက်ဘုန်းကြီးသိန်းဖေကို အိန္ဒိယလွှတ်ပီး အကူအညီတောင်းခဲ့လို့သာ မဟာမိတ်နဲ့ ဗမာတပ်တွေ ဗီယက်နမ်ကွန်မြူနစ်တွေနဲ့ ပြင်သစ်တွေ စစ်ဖြစ်သလို ပြန်မတိုက်ကြတာပါ။ ဒါပေမဲ့ မြန်မာသမိုင်းဆိုတာတွေမှာတော့ ဗိုလ်မှူးကြီးနေဝင်းက ရန်ကုန်ကို မဟာမိတ်တွေထက်စောသိမ်းနိုင်ခဲ့တယ်လို့ တခုတ်တရရေးကြပါတယ်။
အမှန်ကတော့ စစ်ရှုံးတော့မယ့် ဂျပန်ဖက်ဆစ်နဲ့ ဘယ်လိုမှ ဆက်လက်တွဲလို့မရတော့တဲ့အဆုံး တပ်မတော်နဲ့ ဗမာနိုင်ငံရေးသမားတွေ ရှင်သန်ရေး လွတ်လပ်ရေးကိစ္စစခန်းဆက်နိုင်ရေးအတွက် အချိန်မီဘက်ပြောင်းကြရတာပဲဖြစ်ပါတယ်။ ဦးတို့ကတော့ အင်္ဂလိပ်ပြန်လာဒါကြိုက်မှာပေါ့ ကျွန်တော်တို့တတွေသာ ဒုက္ခရောက်မှာပါလို့ စစ်အတွင်း ကာကွယ်ရေးကောင်စီအစည်းအဝေးမှာ စစ်ဝန်ကြီးနဲ့ သေနာပတိ ဗိုလ်အောင်ဆန်းက အာဏာရ ဗမာဝန်ကြီးတွေကိုပြောတယ်လို့ အဲဒိတုန်းက ဝါဒဖြန့်ချိရေးဝန်ကြီးဟောင်း ဗန္ဓုလဦးစိန် စစ်ပီးစမှာရေးတဲ့ ကျွန်ုပ်တို့အတွင်းရေးစာအုပ်မှာပါပါတယ်။ အင်ဒိုနီးရှား ထိုင်း ဖိလစ်ပိုင်စတဲ့ စစ်တွင်းမှာ ဂျပန်နဲ့ပူးပေါင်းခဲ့ရတဲ့ နိုင်ငံများက ခေါင်းဆောင်များ စစ်ပီးမှာ တိုင်းပြည်ကို ဆက်ဦးဆောင်နိုင် လွတ်လပ်ရေးအရယူနိုင်တာတွေကို မြန်မာ့လှုပ်ရှားမှုတွေနဲ့ ယှဉ်ပီး သုံးသပ်သင့်ပါတယ်။ တရုတ် အင်ဒိုချိုင်းနားတို့က ဂျပန်ရုပ်သေးအစိုးရခေါင်းဆောင်များကတော့ စစ်ပီးမှာ သစ္စာဖောက်စာရင်းဝင်ကုန်ကြပါတယ်။
ပြန်ကောက်ရရင် မြန်မာလက်ဝဲစစ်တပ်လက်ကိုင်ရှိသူများရဲ့ အခန်းကဏ္ဍမှာ နိုင်ငံရေးမှာ အရေးပါလာတာနဲ့အမျှ စစ်မဖြစ်ခင်က လက်ယာနိုင်ငံရေးသမားဟောင်းတွေ ဗြိတိသျှနဲ့နီးစပ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပဒေသရာဇ်တွေရဲ့ သမိုင်းလှုပ်ရှားမှုတွေဟာ မြန်မာစာနယ်ဇင်းတွေမှာ နောက်တန်းရောက်သွားပါတယ်။ စစ်ပီးနောက် ၁၉၆၀ ကျော် ဗိုလ်ချုပ်ကြီးအစိုးရခေတ် လူဖြစ်ကြတဲ့ မျိုးဆက်များလက်ထက်ရောက်ရင်ပဲ ဖဆပလခေတ်ကချခဲ့တဲ့ သမိုင်းအမြင်က အတော်အခြေခိုင်နေပီး လွတ်လပ်ရေးကျေးဇူးရှင်များစာရင်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော်၊ တို့ဗမာသခင်များအပြင် ဦးဥတ္တမ၊ ဦးထွန်းရှိန်၊ ဆရာစံစသူတို့လောက်သာ လူသိများပါတော့တယ်။ ဦးနုခေတ်မှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်ချခံရတဲ့ သူရိယသတင်းစာပိုင်ရှင်ဟောင်း ဦးဘဘေ၊ ဂျပန်ခေတ် အဓိပတိဒေါက်တာဘမော်၊ အမျိုးသားပညာရေးစနစ်ကို မတည်ပေးခဲ့တဲ့ ပညာရေးဝန်ကြီးဟောင်း ဆာမောင်ကြီး၊ ပီးတော့ ဆာစံစီပိုး၊ ဆာပေါ်ထွန်း၊ စဝ်ရွှေသိုက်စတဲ့ ကရင် ရခိုင် ရှမ်း လူမျိုးစုခေါင်းဆောင်ကြီးများအကြောင်းကိုတော့ လက်ဝဲသမားများမဟုတ်တာရယ်၊ ဟိုခေတ်က နယ်ချဲ့နဲ့ပူးပေါင်းပီး လက်ရှိအာဏာရတွေနဲ့ အတိုက်အခံဖြစ်ခဲ့ ပီးတော့ ဖက်ဒရယ်လှုပ်ရှားမှုကို အားပေးခဲ့တဲ့ နိုင်ငံရေးသမိုင်းတွေ ရှိခဲ့တာရယ်ကြောင့် တဆောင်တယောင်မထားတော့ပါဘူး။ အောင်ဗလရဲ့ ဘီလူးတို့ရွာစာအုပ်ထဲမှာ မဆလခေါင်းဆောင် ဦးနေဝင်းက ခေတ်ဟောင်းနိုင်ငံရေးသမားတွေရဲ့ နာရေးတွေကို အစိုးရသတင်းစာမှာ အကျယ်တဝင့်ဖော်ပြတာမကြိုက်ဘူးလို့ပါရှိပါတယ်။
အာဏာမဲ့နိုင်ငံရေးအသိုင်းအဝိုင်းကလည်း အမှတ်တရဆောင်းပါးစာတွေနဲ့ နိုင်ငံရေးသရုပ်ကို လူကြားထဲမှာ မှိန်မသွားအောင် အားထုတ်ကြပါတယ်။ ၁၉၇၀ ဝန်းကျင်ကပေါ်ထွက်ခဲ့တဲ့ ဦးညိုမြရဲ့ အိုးဝေဂျာနယ်၊ ရဲဘော်သုံးကျိပ်ဝင် ပထစဗိုလ်မင်းဂေါင်ရဲ့ ရွှေတူဂျာနယ်၊ ဆိုရှယ်နီသခင်လွင်ရဲ့ ရှုဒေါင့်ဂျာနယ်တွေကနေ နဝတခေတ်မှာ ထင်ရှားခဲ့တဲ့ သခင်အောင်ဖေရဲ့ မိုးဂျာနယ်၊ အခုခေတ်ထွက်နေတဲ့ နိုင်ငံရေးအဆက်အနွယ်များရဲ့ စာစောင် စာအုပ်ထုတ်ဝေရေးတွေဟာ နိုင်ငံရေးလှုပ်ရှားမှုကို စာပေသမိုင်းနဲ့ အံတုလှုပ်ရှားကြသူများဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။ တကယ်လက်တွေ့နိုင်ငံရေးလုပ်ကြသူများကလည်း အာဏာရအစိုးရတွေနဲ့ အတိုက်အခံဖြစ်သွား နိုင်ငံရေးဖိနှိပ်ခံရတဲ့ နိုင်ငံရေးပုဂ္ဂိုလ်ဟောင်းကြီးများရဲ့ ကိုယ်တွေ့မှတ်တမ်း သုံးသပ်ချက်တွေကိုလေ့လာပီး လက်ရှိအစိုးရရဲ့ နိုင်ငံရေးကစားကွက်တွေကို ခုခံကျော်လွှားရတာဖြစ်ပါတယ်။ အစိုးရဘက်ကလည်း ဒီလိုစာပေတွေကို အထူးတလည်စိစစ်ပါတယ်။ စိစစ်ရေးကြောင့် ထွက်မလာရတဲ့ စာအုပ်တွေ နိုင်ငံပြင်ပမှာ ရိုက်နှိပ်ရတဲ့စာအုပ်တွေလည်း အများအပြားရှိပါတယ်။ မကြာခင်က စိစစ်ရေးက လျှော့ပေါ့ပေးမှုကြောင့်ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်တွေ ဒါဇင်နဲ့ချီထွက်လာ ဝယ်ယူဖတ်ရှုသူများတာကို ကြည့်ရင် သမိုင်း စာပေနဲ့ နိုင်ငံရေး လူထုခံစားချက်တွေအကြားက ဆက်နွယ်မှုတွေကို သိကြမှာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Filed under: history, literature, media, politics, radio talk | 2 Comments

လေ့လာသင့်တဲ့ စာအုပ်စာတမ်းလေးများရှိရင် ကျေးဇူးပြုပြီး ညွန်းစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
အကို စာအုပ်တွေက ညွှန်းရင်တော့အများကြီးပဲ အခုလောလောဆယ် ထွက်နေတဲ့ တောင်ခိုးပြန်တဲ့ အင်္ဂလိပ်ဘက်ကစစ်သမိုင်းတွေ နောက် ဦးလှရေးတဲ့စစ်အတွင်းဗမာပြည်တွေ တော်လှန်ရေးမှတ်တမ်းပြန့်ကျဲနေတာတွေ အစုံရှိတယ်။ ဘယ်မူကစုံပီး ယုံရတယ်ဆိုတာ တခုပဲ မှန်းရခက်တယ်။