သူကောင်း စစ်ဗိုလ်ချုပ်

14Jan11

(၁)

စလင်းသူကောင်းနှင့် ပတ်သက်၍ သမိုင်းပါမောက္ခ ယခုမြန်မာသမိုင်းအဖွဲ့ဝင် ဒေါ်အုန်းကြည်လေး (အိုဂျီဦးစိုးမြင့်ကတော် သခင်ဗသိန်းတင် ခယ်မမှာ ပါမောက္ခအုန်းကြည်ကြီးဖြစ်ပါသည်) ရေးသားပီး ယခုထိ ပြင်ပတွင် မရိုက်နှိပ်ရသေးသော ဒေါက်တာသန်းထွန်း ပင်စင်ယူစဉ်က ထုတ်သည့် “သမိုင်းဟင်းလေး” ကျောက်ပုံနှိပ်စာအုပ်တွင် ပါရှိဘူးသည်။

အပြင်စာဖတ်ပရိသတ်အတွက်ကား ရွှေအမြုတေတွင် “မြန်မာပြည်တွင် အမျိုးအနွယ်ကို စောင့်ထိန်းကြသော မျိုးနွယ်စုများထဲ၌ မြန်မာ စစ်စစ်ဖြစ်ပြီး ရှေးကတည်းက ယနေ့တိုင်ရှိကြသေးသော မျိုးနွယ်စုကြီး ၂ စုမှာ ချောက်၊ ရေနံချောင်းဘက်မှ “တွင်းရိုး၊ တွင်းစား” မျိုးများနှင့် မင်းဘူး၊ စလင်းဘက်မှ “သူကောင်း”မျိုးများ ဖြစ်ပါသည်။” ဟု သူကောင်းဦးကြာစိုးနှင့် နန်းစဉ်မိဖုရား တွင် မောင်သန်းဆွေ (ထားဝယ်)က ရေးသည်။ “စလင်း မြို့သူကြီးရိုး တို့သည် ရိုးရာ အကြီးအကဲ ဖြစ်သကဲ့သို့ ဘုရင်က သူကောင်း ပြုခံရသူများလည်း ဖြစ်ပါသည်။ စလင်း ဒေသသည် ပုဂံခေတ် ကတည်းက လူနေစည်ကားနေပြီ။ နရပတိစည်သူမင်း လက်ထက်တွင် စလင်း ဒေသ၌ မြို့ တည်ထောင်ကာ ကန်၊ ချောင်း၊ ဆည်၊ မြောင်းများ ဖော်ထုတ်၍ ရှေးကထက် ကြီးပွား စည်ပင်အောင် စီမံ ဆောင်ရွက်ခဲ့သည်။” (ဦးကြာစိုးနှင့် သူ၏ သူကောင်းမျိုး အနွယ်အဆက်) စလင်းဦးစန္ဒိမာ (တင့်လွင်ကျော်ဖြိုး)ကလည်း စလင်းဘုန်းကြီးကျောင်းများအကြောင်း စာတအုပ်ရေးရာ သူကောင်းတို့ ကုသိုလ်များစွာ ပါသည်။ ကျေးလက်ပဒေသရာဇ် လယ်ပိုင်ရှင်ကြီးများပါပေ။

သူကောင်း တွင်းရိုးတို့လောက် ဇာတ်မကြီးသော်လည်း ထပ်ဖြည့်လိုသည့်တမျိုးက နွားသေလျှင် ဝေပုံကျအစားရသည့် “နရင်းသင်းဒူး” စသော ပုဂံမြို့သူကြီး လေးရိုးမှ ဆင်းသည့် ကျောက်ပန်းတောင်းမြို့သူကြီးရိုးဖြစ်ပါသည်။ “သူတို့မြို့သူကြီးမျိုးရိုးကလည်း ပုဂံပြည် နော်ရထာမင်း လက်ထက် မတိုင်မီက စခဲ့သော မျိုးရိုးဖြစ်သည်။ နော်ရထာမင်းသည် ပုဂံပြည်ကိုသိမ်းဘို့ကျောက်ပန်းတောင်းမြို့ရှိ
ကျောက်တောင်များနှင့် ပုပ္ပားတောင်ခြေတွင် ခိုအောင်းရင်း မြို့သူကြီးတွေနှင့် စီးဝါးရိုက်၍လူစုခဲ့စဉ်က မျိုးရိုးအတိုင်း ယခုထက်ထိ
အနွယ် မပျက်ခဲ့သေးပေ။”
(ဒဂုန်ခင်ခင်လေး-နှစ်ပေါင်း ၆၀) စလေဦးပုညမှာ ပုဂံတောင်ဘက် စလေမြို့သူကြီးရိုး။

(၂)

သံအမတ်ဟောင်း ဗိုလ်မှူးချုပ် သူကောင်း ကြာညိုချစ်ဖေ (၆၇) နှစ် (၉.၁.၁၁)ဆုံး

တမူးမြို့ပိုင်ဟောင်း သူကောင်းဦးကြာစိုး (ကြာစိုဟု ဗိုလ်ကြာညိုနာရေးဘိတ်စာတွင်ပါသည်)နှင့် သူကောင်းမ ဒေါ်ဂိုင်သမီး သူကောင်းမ ဒေါ်ခင်စိန်ဒိုင်နှင့် ဘီစီအက် (၁) ဦးချစ်ဖေတို့ ယူသည်။ ဦးချစ်ဖေ၊ ပမညတ ဦးဘငြိမ်၊ ကွေဖောင်ဟိုး စသူတို့မှာ အိန္ဒိယမှ မြန်မာပြည် ခွဲထုတ်ပီးနောက် စစ်အခြေအနေကြောင့် သြစတြေးလျပို့ လေ့ကျင့်ပေးသည့် မြန်မာပဋိညာဉ်ခံဝန်ထမ်းများ ဖြစ်သည်။ အတွင်းဝန်ဟောင်း သီရိပျံချီဦးချစ်ဖေမှာ အိုင်စီအက်ဦးချမ်းသာ (လက်ဝဲမင်းညို) ကဲ့သို့ပင် ပင်စင်ယူပီး ဦးနု၏ ပထစပါတီမှ ၁၉၆၀ ရွေးကောက်ပွဲတွင် ဝင် အရွေးခံကာ ဦးဗိုလ်အုပ်စုဝင် ပါလီမန်အတွင်းဝန် (ဒုဝန်ကြီး) ဖြစ်လာသည်။ အာဏာသိမ်းပီးနောက် ဦးချစ်ဖေ အဖမ်းခံရသည်ဟုတော့ မကြားဘူးပေ။

ပါစီချစ်ဖေ ခေါ် အငြိမ်းစား သံအမတ် ဦးကြာညိုချစ်ဖေသည် စစ်တက္ကသိုလ် အပတ်စဉ် ၇ ထွက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အမှတ်စဉ် (၁) သင်တန်းဆင်း ဗိုလ်မှူးချုပ်ဟောင်းတဦးဖြစ်သည်။ မောင်ဘို ၊သူရမြင့်မောင် (သာသနာရေး)၊ ပြည့်စုံ(ကုန်သွယ်ရေးနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီးဟောင်း)၊ ရန်သိန်း (မန္တလေး မြို့တော်ဝန် ဟောင်း?)၊ သီဟသူရ တင်အောင်မြင့်ဦး၊ သီဟသူရ သူရစစ်မောင်၊
အုန်းမြင့် (မြစ်ကြီးနားကြံ့ဖွံ့အမတ် ဝန်ကြီး)၊ အေးမြင့်ကြူ (ဟိုတယ်ခရီး ဝန်ကြီး)၊ သူရရွှေမန်းတို့နှင့် ဗိုလ်မှူးကြီးဘဝက တပတ်ထဲ တက်ခဲ့ကြသည်။

သူ့ကို ဘရာဇီးသံခန့်စဉ်က နာမည်လေးလုံးတွေကို တပ်တွင်း ရာထူးတိုးမပေးဟု ကောလာဟလထွက်လိုက်သေးသည်။ ၈ လုံးကြီး ရာထူး တက်သွားမှ ထိုအသံတိတ်သွားသည်။ အိုဂျီ ဒေါက်တာခင်အုန်းချစ်-ပါမောက္ခသန်းအေး (ရန်ကုန်ဆေးရုံသစ်ကြီး ဆီးကျောက်ကပ် ခွဲစိတ် ဌာနမှူး (ငြိမ်း)၏ မောင်၊ ပါမောက္ခ ဒေါက်တာ ကြော့မှူးအောင် (ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနမှူး)၏ အကိုဝမ်းကွဲဖြစ်ပီး စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာကံဇော်နှင့်လည်း အမျိုးဖြစ်သည်။

ချစ်ဖေ-ကြာညိုချစ်ဖေသားအဖမှာ မြန်မာအရာရှိအရာခံအသိုင်းအဝိုင်းနှင့် စစ်အရာရှိလောကတည်ဆောက်ပုံဆက်နွယ်မှုကို ကောင်းကောင်း ရှင်းပြနိုင်သည့် နမူနာတရပ်ဖြစ်သည်။ ဖဆပလနှင့် မဆလခေတ်တလျှောက် အစဉ်အလာအရာရှိလူချမ်းသာ လူတန်းစားမှ သားများ ဗိုလ်မှူး ဗိုလ်ချုပ်ဖြစ်ခဲ့သည်မှာ ဒါဇင်နှင့်ချီပေလိမ့်မည်။ ထိုလူရည်တတ်အိမ်ထောင်စုများကပင် ဖိနှိပ်ချုပ်ချယ်သည့် စစ်နိုင်ငံတော်ကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် (ဖုံးကွယ်ထားသော ကိုယ်ကျိုးလိုဘဖြင့်) ကိုလိုနီယန္တရားကို အကျိုးပြုသကဲ့သို့ အမှုတော်ထမ်းခဲ့ကြသည်။ ယခုလည်း နိုင်ငံရေးသမားနှင့် နိုင်ငံရေးကို ကြောက်ပီးအထင်မကြီးသော ထိုမလိုင်ဘတ်များမှာ အန်ဂျီအိုများ၊ လုပ်ငန်းရှင်များအဖြစ်နှင့် ဆက်၍ တတိယ လမ်းကြောင်းဟု ထွင်လုံးတမျိုးနှင့် စစ်နိုင်ငံတော်နှင့် အကျိုးတူစီးပွားဘက်လုပ်နေဆဲဖြစ်သည်။ Politics, Personality and Nation Building: Burma’s Search for Identity. By Lucian W. Pye. (New Haven and London: Yale University Press, 1962) ကဲ့သို့ မြန်မာမျက်နှာကြီး နိုင်ငံရေးသရုပ်ကို ဆက်လေ့လာသင့်ပီ ထင်ပါသည်။

(၃)

“သူကောင်းတစ်ဦးကွယ်လွန်လျှင် ပင့်သံဃာ အပါးရာချီ၍ပင့်သည်လည်းရှိ၏။ ငွေပဒေသာပင်များအပြင် ပစ္စည်းပဒေသာ ဆန်တစ်အိတ်၊ ကော်ဇော၊ သင်္ကန်း၊ သပိတ်၊ ဖိနပ်၊ မျက်နှာသုတ်ပ၀ါ၊ သင်ဖြူးနှင့် သားရေသေတ္တာများကို ဘုန်းတော်ကြီးတစ်ပါးစီ လှူဒါန်းသည်အထိ ကြီးကျယ်ခမ်းနားလာသည်။

“စာရေးသူမြင်ဖူးသော စလင်းမှ သူကောင်းတစ်ဦး၏ အသုဘအခမ်းအနားတွင် ဆင်နှစ်ကောင်ပေါ်တွင် ပိဋကတ် သုံးပုံတင်၍ အသုဘရှေ့မှ သွားပြီး ရှေ့ဆိုင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပခြုပ်၊ ငွေပခြုပ်၊ ရွှေထမင်းအိုး၊ ငွေထမင်းအိုး၊ ရွှေညောင်ရေအိုး၊ ငွေညောင်ရေအိုး၊ ရွှေ ဖိတုံး၊ ငွေဖိတုံး၊ ဆင်ပေါက်တစ်ကောင်၊ ဆင်မတစ်ကောင်၊ ပြဒန်၊ ကုဗ္ဘီးစင် (သေသူအတွက် အစားအသောက်များ)၊ ဖိုတစ်၊ ဖိုနှစ်စသည်တို့ဖြင့် လည်းကောင်း၊ မီးသတ်အိုး၊ အရိုးကောက်၊ ကိုရင် တစ်ပါး(စဏ္ဍာလကို သင်္ကန်းဝတ်၍ လိုက်စေသည်။)၊ ပေါင်းစည် ၄ လုံး၊ စွန့်ကြဲရန်
အ၀တ်အထည်များ၊ စပါး လှည်း ၃ စီး၊ မြင်း(ယောက်ျားဖြစ်က မြင်း၊ မိန်းမဖြစ်က လှည်း)၊ ကန်တော့ပွဲ၊ ထီး၊ ကျိုင်း၊ သိုင်း၊ စာအုပ်၊
ရေတကောင်း၊ ဆေးလိပ်သေတ္တာ၊ လက်ဖက်အုပ်၊ ကွမ်းအစ်၊ ထွေးခံ၊ အ၀တ် အထည်၊ ဖိနပ်၊ ယောက်ျား ၁ (ယောက်ျားတစ်ဦးအား လွတ်လပ် ခွင့်ပေးသည်။)၊ မိန်းမ စဏ္ဍာလ(သီလရှင် ၀တ်၍လိုက်စေသည်။) စသည့် အခမ်းအနားနောက်မှ ရွှေထီးများမိုးထားသည့် အလောင်းစင်၊ ၄င်း နောက်မှ ဆိုင်းဖြင့်ချဆောင်သွားသည်ကို တွေ့မြင်ခဲ့ရဖူးသည်။

“ပြာသာဒ်အလောင်းစင်ကိုထမ်းရန် လူ တစ်ထောင်ခန့်လိုက်ရ၍ နေအိမ်မှ သင်္ချိုင်းသို့ အလှည့်ကျထမ်းကြရသည်။ အသုဘပို့ရာတွင် သူ ကောင်းများထဲမှ အသက်အကြီးဆုံးက ရှေ့ဆုံးမှလိုက်ပါရပြီး၊ နောက်မှ ကြီးစဉ်ငယ်လိုက်ပို့ဆောင်ရသည်။ ဗြိတိသျှအစိုးရလက်ထက်တွင် စစ်သားများက စစ်တီးဝိုင်းဖြင့်လည်းကောင်း၊ သေနတ်ဖောက်၍လည်းကောင်း ကူညီသည်ဟုဆိုပါသည်။ သင်္ချိုင်းတွင် အ၀တ်အထည်များ ကိုလည်း စွန့်ကြဲသေးသည်ဟုဆိုသည်။ ယောက်ျား သေဆုံးလျှင် တိုက်ပုံအင်္ကျီ ၁၅ ထည်၊ မိန်းမ သေဆုံးလျှင် မိန်းမ အင်္ကျီ ၂၀ ခန့်၊
လုံကွင်းအဖြူ ၁၅ ထည်၊ ကိုက် ၃၀ ခန့်၊ အနီဆိုးထည် ၅၇ ကိုက်မျှ စွန့်ကြဲကြသည်ဟု ဆိုပါသည်။”
(သူကောင်းဦးကြာစိုးနှင့် နန်းစဉ်မိဖုရားမှ)

ဗိုလ်ကြာညို၏မသာ မည်သို့ချသည်တော့ မသိပါ။ ဒေါ်ခင်စိန်ဒိုင်မှာ မသာပို့သွားရင်း ကားချင်းတိုက်၍ အနိစ္စရောက်သည်ကြားဘူးသည်။ တောက သူကောင်းများ ပစ္စည်းကုပ်ကပ်စုပီး စိတ်စွဲ၍ မြွေဖြစ်သည့် ပုံပြင်များလည်း ကြားဘူးသည်။ မြန်မာပြည်တွင် ထိပ်တင်တွေ မောင်မောင်တွေ စဝ်တွေနောက်က နာမည်ရှေ့ဆက်သုံး၍ ခေါ်ရသော ရှားပါးလူတန်းစားအကြောင်း မနုဿဗေဒဘက်က သေချာ လေ့လာသင့်သည်။



4 Responses to “သူကောင်း စစ်ဗိုလ်ချုပ်”

  1. —— အုန်းမြင့် (မြစ်ကြီးနားကြံ့ဖွံ့အမတ် ဝန်ကြီး)၊ အေးမြင့်ကြူ (ဟိုတယ်ခရီး ဝန်ကြီး)၊ သူရရွှေမန်းတို့နှင့် ဗိုလ်မှူးကြီးဘဝက တပတ်ထဲ တက်ခဲ့ကြသည်။

    ဟုတ်ရဲ့လားဗျ – အုံးမြင့် က ဒီအက်အေ ၁၆ လောက်ကပဲထင်တယ် ။

    • 2 bobolansin

      နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဗျ စစ်တက္ကသိုလ်မဟုတ်ဖူး။ အဲဒိလင့်မှာ ပါတယ်အကို။

  2. ဟုတ်ပါ့ဗျာ ။ အုံးမြင့်က (၄) ။ သူရရွှေမန်းတို့က (၁) ။ အပါတ်စဉ် ရောထွေး တွေးလိုက်မိလို့ပါဗျား ၊ ကျေးဇူးးတင်ပါ့ ။

  3. (၁)က အုံးမြင့် က တယောက်ဗျ ။ မြစ်ကြီးနား က(နုနုဆွေ ယောင်္ကျား ) မဟုတ်ဖူး ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: