Burmlish

21Jan11

မြို့သားကိုရင်၏ ကျေးဇူးပြုမှုကြောင့် ဤဆောင်းပါးသည် ဗမာပြည်ကွန်မြူနစ်ပါတီထုတ် အရေးတော်ပုံဂျာနယ် တွဲ ၁ မှတ် ၂ ဒီ ၂၀၁၀ မှဖြစ်ကြောင်း သိရသည်။

ဒီနေ့ဗမာပြည်ကစာပေလောကမှာ ထင်ထင်ရှားရှားတွေ့မြင်နေရတဲ့ ၀မ်းနည်းစရာကိစ္စတခုကတော့ ဗမာစာ စာမျက်နှာတွေပေါ်မှာ အင်္ဂလိပ်စာတွေ ဗရနှံ့ကျဲနေတာပါပဲ။ ဆွမ်းဆန်ထဲကြွက်ချေးရောတာလိုပဲ အကျည်းတန်လှပါတယ်။ ဒီလို ယိုသူမရှက်မြင်သူရှက် စာမျက်နှာတွေကိုကြည့်ရင်း ဒါတွေကို နိုင်ငံခြားသားတွေများမြင်ရင် ဘယ်လိုများပြောကြမှာပါလိမ့်ရယ်လို့ မကြာခဏ ခေါင်းထဲမှာ အတွေးပေါ်မိပါတယ်။ “ခင်ဗျားတို့ဗမာစကားဟာ ဒါလောက်ဆင်းရဲသလား၊ ဒီစကားလုံးလေးတွေလောက်ကိုတောင်မှ ကိုယ့်ဘာသာစကားနဲ့ မရှိဘူးလား” စသဖြင့်အမေးခံရမှာကို တွေးရှက်မိ ပါတယ်။ ဒီအထဲမှာ အင်္ဂလိပ်စာလုံးပေါင်း မှားတာတွေကလည်း မနည်းလှတော့ နှစ်ခါပြန်ရှက်ရတာပေါ့။

ရုပ်ရှင်မင်းသမီးအင်တာဗျူးကအစ နိုင်ငံတကာရေးရာအလယ် သဘောတရားအသစ်တွေအကြောင်းရေးရာအထိ ဘိုစာတွေ ပွစာကြဲနေပါတယ်။ ပြောသူ(အင်တာဗျူး)၊ ရေးသူများကလည်း ဒီလိုပြောလိုက်ရ၊ ရေးလိုက်ရလို့ အတော်လေးအာတွေ့၊ လက်တွေ့နေတဲ့ သဘောတွေ တွေ့ရတဲ့အပြင် အယ်ဒီတာများကလည်း အင်္ဂလိပ်စာနဲ့တင်လိုက် ရတာကိုကျေနပ်နေဟန်ရှိပါတယ်။ ဒါကြောင့် “ရေချမ်းချမ်းတခွက်ပေးပါ”ဆိုတဲ့ အသုံးအနှုန်းမျိုးတွေ မကြာခင်တွေ့ရ တော့မလား တွေးနေမိပါတယ်။

ကျနော်ခပ်ငယ်ငယ်က ကျနော်တို့ရဲ့သတင်းစာတိုက်ကို နေ့စဉ်လိုလိုမပြတ်လာနေကြတဲ့ လူငယ်တွေရှိပါတယ်။ စာပေ အနုပညာရှင် ပညာတတ်တွေပါ။ သူတို့ဟာ အယ်ဒီတာခန်းထဲကလူတွေနဲ့ လေကန်လိုက်၊ အမေ့အခန်းထဲဝင် စကားပြောလိုက်၊ ဆွေရင်းမျိုးရင်းလိုရင်းနှီးသူတွေဖြစ်ကြပါတယ်။ သူတို့ကအဲဒီလိုမြိန်ရည်ရှက်ရည်ပြောကြရင်း သူတို့စကားထဲမှာ အင်္ဂလိပ် စကားတွေ ညှပ်ပြောတတ်ပါတယ်။ အဲဒီလိုပြောတာများလာရင် အမေက “မောင်- – – -ရယ်၊ မင်းပြောတဲ့ အင်္ဂလိပ်စကားတွေကို ဗမာလိုပြောရင်လည်းရတယ်ထင်ပါတယ်”လို့သတိပေးလေ့ရှိတာကို မှတ်မိနေပါတယ်။ အမေက သတိပေးတာဆိုတော့ အဲဒီ လူတွေက(အခုထက်ထိစာတွေရေးနေကြပါသေးတယ်) “အကျင့်ဖြစ်နေလို့ပါဒေါ်ဒေါ်ရယ်၊ ဆောရီးပါ”လို့ဆိုလို့ အမေက “ဟောလာပြန်ပြီ တခွန်း”လို့ သတိပေးရပြန်ပါသေးတယ်။ ဆိုလိုတာ အရင်က ဗမာပြည် လူ့အဖွဲ့အစည်းမှာ အင်္ဂလိပ်လိုညှပ်-ညှပ်ပြောတာကို လူတွေက အထင်မကြီးဘူး၊ တချို့ဆိုရင်လက်တောင်မခံချင်ဘူးဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလိုပြောသူကို သာမန်လူထုကရော၊ တကယ့်ပညာတတ်တွေကပါ နှာခေါင်းရှုံ့တာလည်း မကြာမကြာကြုံရဖူးပါတယ်။

ဒါပေမဲ့အခုတော့ ဘယ်လိုဖြစ်ကုန်တာလဲ။ ဗမာပြည်မှာ အင်္ဂလိပ်စကားဒါလောက် တွင်ကျယ်လာတာကိုထောက်ရင် ဒီနိုင်ငံမှာ အင်္ဂလိပ်စာရေချိန်တိုးတက်လာလို့လား။ ကြည့်ပါဦး။ လူနာမည်၊ ဆိုင်နာမည်၊ ဟော်တယ်နာမည်စတာတွေတင်မကပဲ မဂ္ဂဇင်းဂျာနယ်တွေရဲ့ နာမည်တွေပါ အင်္ဂလိပ်လိုဖြစ်နေကြပါလား။ နအဖစစ်တပ်ကထုတ်နေတဲ့ ဂျာနယ်တခုရဲ့ နာမည်ကတောင်မှ နော့သင်းစတားတဲ့။ အဲဒါကြီးကို ဗမာလိုဘာသာပြန်လို့မရဘူးလား။ ပြန်စဉ်းစားလိုက်ပါ။ ၁၉၈၈ခုနှစ် မတိုင်ခင်က ဗမာပြည်စာနယ်ဇင်းသမိုင်းမှာ အင်္ဂလိပ်နာမည်နဲ့ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းရယ်လို့ ဘယ်နှစ်စောင်များရှိဖူးလို့လဲ။ တိုးတက်ရေး၊ သူရိယ၊ ရန်ကုန်၊ ကြေးမုံစတဲ့နာမည်တွေထက် အခု ဘိုနာမည်တွေက ပိုပြီးနားထောင်ကောင်းတယ်၊ သားနားတယ်လို့ထင်နေကြဟန်တူပါတယ်။

ဒီနေရာမှာ ‘ကွန်ပျူတာ’၊ ‘မော်တော်ကား’၊ ‘ဘရိတ်’ စတဲ့တွင်ကျယ်ပြီးသား မွေးစားဝေါဟာရတွေကိစ္စကို မဆိုလိုဘူးဆိုတာ အထူးပြောဖို့မလိုဘူးထင်ပါတယ်။ အခုပြောနေတာက “‘music’ဟာ ‘beat’တစ်ခုတည်းနဲ့ ဖန်တီးလို့မရသလို ‘lyric’တစ်ခုတည်းနဲ့ ဖန်တီးလို့မရဘူးဆိုတာသိရပါမယ်” ဆိုတဲ့ရေးနည်းမျိုးပါ။ အဲဒီအင်တာဗျူးမှာ စာတကော်လံကို အင်္ဂလိပ်စာလုံး ၅၀ကျော်ပါပါတယ်။ တလုံးမှဗမာလိုဘာသာပြန်မထားပါဘူး။

ဘာကြောင့်ဒီလိုတမင်လုပ်နေကြတယ်ဆိုတာကို ဒီနေရာမှာမစောကြောလိုပါဘူး။ ဒါပေမဲ့ ကိုလိုနီခေတ်တုန်းက ဗမာပြည်က စာပေပညာရှင်တွေရော၊ စာရေးသူတွေပါ ဗမာစာနဲ့အင်္ဂလိပ်စာကိုရောရေးတာ လုံးဝမလုပ်ဘူးဆိုတဲ့အချက်ကိုတော့ ထောက်ပြလိုပါတယ်။ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ် စတာတို့လို အဲဒီတုန်းကဆရာကြီးတွေဟာ အင်္ဂလိပ်စာအရာမှာ အခုဘိုလိုညှပ်ရေးနေသူတွေထက် မညံ့ဘူးလို့ထင်ပါတယ်။ ဒါနဲ့တောင်မှ သူတို့ ရေးသမျှဟာ မြန်မာနံ့ထုံမွှန်းပြီး မြန်မာ့ဟန်-မြန်မာ့အသံလွှမ်းမိုးနေကြတာကို အားလုံး သတိရကြပါလိမ့်မယ်။ ခေတ်နောက်ကျလှတဲ့ ပဒေသရာဇ်လူ့အဖွဲ့အစည်းထဲကို နောက်ဆုံးပေါ် အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်ကအရာတွေ တင်သွင်းပေး၊ မိတ်ဆက် ပေးရာမှာ သူတို့ဟာဝေါဟာရတွေကို မြန်မာမှုပြုတာ၊ ဘာသာပြန်တာကိုတာဝန်တခုလို ဂရုစိုက်လုပ်ခဲ့ကြပါတယ်။ အဲဒီ ခေတ်တုန်းကအသစ်ဆိုတာဟာ အခုခေတ်အသစ်ဆိုတာထက် အများကြီးပိုများပါတယ်။ တခုတော့ပြောစရာရှိပါတယ်။ အဲဒီတုန်းက ဝေါဟာရတွေကို မြန်မာမှုပြုတယ်၊ ဘာသာပြန်တယ်ဆိုရာမှာ ပညာတတ်တွေကချည်းလုပ်တာမဟုတ်ပဲ လူထုကလည်း နေ့စဉ်ဘ၀ထဲမှာလုပ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပညာရှင်မဆန်တဲ့၊ အသုံးတည့်တဲ့စကားလုံးဝေါဟာရတွေ အမြောက်အမြားပေါ်ထွက်ခဲ့ပြီး ‘ဓာတ်ပြား’၊ ‘ဓာတ်လှေကား’၊ ‘စက်ဘီး’၊ ‘လေယာဉ်ပျံ’စတာတွေဟာ လူထုပါးစပ်ထဲကနေ လျှောကနဲ၊ လျှောကနဲထွက်လာနေတာပါ။

သူတို့ရင်ထဲ၊ ခေါင်းထဲမှာက “ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား”ဆိုတဲ့စိတ်ဓာတ်ဟာ သံမှိုနှက်သလို စွဲနေပြီး ဖြစ်ပါတယ်။ ကိုယ်က သူတို့လို ခေတ်မီသင်္ဘောကြီးတွေ၊ လေယာဉ်ပျံကြီးတွေမလုပ်နိုင်သေးပေမယ့် သူတို့လို စကားလုံး ဝေါဟာရတော့ တီထွင်နိုင်ရမပေါ့ဆိုတဲ့ စိတ်ထားမျိုးရှိကြပါတယ်။ အခုတော့ “ဗမာစာသည် လူညံ့တွေရဲ့စာ၊ အင်္ဂလိပ်စာသည် (ငါတို့) လူတော်တွေရဲ့စာ” လို့များပြောချင်နေကြသလားမသိပါဘူး။

တကယ်ဆိုရင် စကားလုံးတခုကိုကိုယ်ကဘာသာပြန်ရာမှာ ကိုယ်မကျေနပ်လို့ရှိရင် အင်္ဂလိပ်မူရင်းကို နံဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ထည့်ပေးတာမျိုးလုပ်နိုင်ပါတယ်။ အခုတော့ ဘိုလိုမှ ဘိုလိုလုံးလုံး၊ နည်းနည်းမှရေမရောဘူး။ ဗမာ စာလုံးတလုံးမှ မပါပဲ ရေးထားတာတွေ တွေ့နေရပါတယ်။ နောက်ပြီးလူနာမည်တွေကိုတောင်မှ အင်္ဂလိပ်လိုပဲရေးပါတယ်၊ ဗမာလို အသံထွက်လေးတောင် မရေးဘူး။ ဒါလောက်လေးမှမဖတ်တတ်ရင် သူတို့ရေးတဲ့စာကို မဖတ်နဲ့လို့ဆိုနေသလိုပါပဲ။

တကယ်တော့ဒီနေ့ဖြစ်နေတာဟာ ဗမာစာပေလောကမှာ ရေကာတာကြီး ကျိုးပေါက်သလို အင်္ဂလိပ်ဝေါဟာရတွေ မလိုအပ်ပဲ ဒလဟောထိုးဆင်းလာနေတာပါ။ ဒါကို အခုတ်အထစ်နာမည်ကြီးလှတဲ့ နအဖရဲ့စာပေကင်ပေတိုင် ဆိုတာက မတားပါဘူး။ သူတို့နဲ့ မဆိုင်သလို လက်ပိုက်ကြည့်နေပါတယ်။ ဗိုလ်သန်းရွှေတို့ထိပ်သီးပိုင်းကကော ဒါတွေကိုမမြင်ဘူးလား ဆိုတော့ သူတို့ထိပ်ပိုင်းမှာ ဘယ်နှစ်ယောက်ကများ ပြည်တွင်းထုတ်စာပေတွေကို ဖတ်ကြသလဲ စဉ်းစားစရာဖြစ်ပါတယ်။

ဗမာစာပေရဲ့သမိုင်းကြောင်းသဘောနဲ့ ပြောရရင်တော့ ဒီလိုဖြစ်လာဟာဘာမှမကြာလှသေးပါဘူး။ နအဖ တက်လာပြီးတဲ့နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ပြဿနာပါ။ ဒါပေမဲ့ ဒါဟာ နအဖခေတ်မှာ ဗမာနိုင်ငံသားတွေရဲ့အင်္ဂလိပ်စာရေချိန် တိုးတက်လာတဲ့လက္ခဏာတော့ မဟုတ်တာသေချာပါတယ်။ လူငယ်တွေ နိုင်ငံရေးမလုပ်ရင်ပြီးရော မူးယစ်ဆေးဝါး သုံးသုံး၊ လောင်းကစားလုပ်လုပ်၊ ကြည့်သာနေလိုက်ဆိုတဲ့ သဘောထားနဲ့ တနွယ်ထဲဆက်နေတဲ့ စီမံချက်တွေကနေ နောက်ဆက်တွဲဖြစ်ပေါ်လာတာတွေဖြစ်ပါတယ်။

နအဖခွင့်ပြုထားတဲ့အကြောင်းတခုက ဗမာစာပေလောကကို အဲဒီလိုပြဿနာအသေးအမွှားလေးတွေထဲမှာ လုံးလားထွေးလားရစ်ပတ်ရှုပ်ထွေးနေစေချင်တာရယ်၊ နောက်တချက်က အဲဒီလိုဘိုဝေါဟာရညှပ်ထားတဲ့ ဗမာစာနဲ့ရေးထားတဲ့ အကြောင်းအရာတွေဟာ သူတို့အတွက်အကျိုးရှိနေတာရယ်တို့ကြောင့်ဖြစ်ပါတယ်။ နအဖခေတ်မှာ ဗမာစာရေချိန် တိုးတက်လာသလား၊ ကျဆင်းနေသလားဆိုတာကတော့ အလွယ်ပြောလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ဗမာစာဟာ ကပြား ရုပ်ပေါက်လာတာတော့ တကယ်တွေ့နေရပါပြီ။ ဗမာနိုင်ငံသားတွေဟာ တပတ်ရစ်ကားတွေပဲစီးနေကြရသလို စာပေ ယဉ်ကျေးမှုအနုပညာမှာလည်း တပတ်ရစ်စာပေယဉ်ကျေးမှုအနုပညာနဲ့ ကျေနပ်နေရတာဟာ အမှန်ပဲဝမ်းနည်းစရာ ကောင်းလှပါတယ်။

ဖိုးသံ(လူထု)



9 Responses to “Burmlish”

  1. 1 PN

    ဗမာပြည်မှာနေတဲ့သူတွေက ဗမာလိုမပြောတတ်ပါဘူးဆိုတာကို ဂုဏ်ယူပြီးကို ပြောလာကြတာ တွေ့လာရပါတယ်။ မနှစ်တုန်းက လျှပ်တပြက်ဂျာနယ်မှာ မေသန်းနုသားကသူ့ကိုယ်သူ ဗမာစကားကောင်းကောင်းမပြောတတ်ပါဘူး၊ သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်လိုပဲပြောနေကျမို့လို့ ဆိုပြီးရေးတာကို အမေကလဲသဘောကျ၊ ဗျူးတဲ့သူတွေကလဲ ဂျာနယ်ပေါ်တင်ပေးလိုက်တယ်။ အရင်အပါတ်ထုတ် လျှပ်တပြက်ဂျာနယ်နဲ့ အခုအပါတ်ထုတ်ဂျာနယ်မှာလဲ ခိုင်သင်းကြည်မိသားစုနဲ့တွေ့တာရယ်၊ လွန်းထားထားတို့မိသားစုတို့နဲ့တွေ့တာရယ် ယှဉ်ဖတ်ကြည့်ပါအုံး။ ဗမာပြည်မှာနေတဲ့ကလေးက အင်္ဂလိပ်နဲ့ဗမာလိုကို ဘယ်လိုပြောထားလဲရယ်။ နိုင်ငံခြားမှာ နေတဲ့ကလေးက ဗမာဆန်ဆန် ရှင် နဲ့အဆုံးသတ်ပြီးပြောထားတာရယ်။ သေချာတာက တော့ နိုင်ငံခြားမှာနေတဲ့ ကလေးမိဘတွေ ကျွန်မကလေးတော့ ဗမာလိုမပြောတတ်တော့ဘူး လို့ ဂုဏ်ယူပြောတဲ့ခေတ်ကနေ ဗမာပြည်ကမိဘတွေက သူတို့ကလေး ဗမာပြည်မှာနေပြီး ဗမာလိုမတတ်ပါဘူးလို့ ဂုဏ်ယူလာတဲ့ခေတ်ကို ရောက်နေပါပြီ။
    http://www.snapshot-news.com/snapshot/3_17/15.htm

    http://www.snapshot-news.com/snapshot/3_19/15.htm

  2. 2 မယ်မြန်မာ

    ဆရာ ဖိုးသံ(လူထု)ဆောင်းပါး အရမ်းကို အဘိုးတန်သည်။ ကနေ့ခေတ် လူငယ်ရော လူကြီးတွေအတွက်ပါ ဆင်ခြင်ထိုက်သည့် ဆောင်းပါး ဖြစ်သည်။

    စာရေးဆရာ ကိုကျော်ဝင်းက ပြည်တွင်းဖြစ် တရုတ်စာရေးဆရာမို့ ဘိုစာညှပ်ရေးတယ်ဘဲထား။ မောင်စူးစမ်းလို သေခါနီးကပါ ဖရီးမတ်ကက်တို့လို အောက်ကလိအာ စကားတွေ တွင်တွင်သုံးတော့ လူငယ်တွေ အမှတ်မှားနိုင်သည်။ မောင်စူးစမ်းကိုယ်တိုင် တတ်ယောင်ကားနဲ့ရေးလို့ မှားခဲ့တာတွေ ရှိသည်။ တချိန်က ဘလာ့ဂါ Blogger ဆိုတဲ့စာလုံးကို ကောင်းကင်ဘုံမှ စာရေးဆရာများလို့ မောင်စူးစမ်းက မစူးမစမ်း အရမ်းဘာသာပြန်ခဲ့သည်။ ထိုဘာသာပြန်ချက် မှားသည့်အကြောင်း စာဖတ်ပရိတ်သတ်က ဆောင်းပါးတွေနဲ့ ပြန်ရေးမှ ငြိမ်သွားသည်။ ထို အောက်ကလိအာ စာများကို ဖတ်ရတော့ ရန်ကုန် စာဖတ်ပရိတ်သတ်က သူတို့ကို စော်ကားနေတယ်လို့ ခံစားရေကြောင်း ပြောသည်။

  3. 3 myottharkoyin

    Thank you, Ko BoBo, for posting Saya Phoe Than(loodu)’s aricle. I have first read this very important contribution to our language and literature in Ayetawpon journal vol.1,no(2):DEC20,2010 of published by CPB through BurmaToday web. Since then I wished this article is posted in better well know sites like Mizzima, for example than CPB ‘s site which never really update themselves unfortunately.

    It is really comforting to know that Saya Phoe Than ,just like his great parents, has had serious and real concern for our literature and has drawn much needed attentions. I for one is deeply greatful to the true son of Daw Amar, one of our national treasure, for his effort to highlight the appalling and miserable situation of our language nowadays in the hands of the so-called ‘writers’ , ‘poets’ and ‘pyin nyar shins’ . Saya Phoe Than’s article is really crucial as it shows how we follow and preserve the ways of our society’s historic individuals in the time many in publishing world inside and outside the country are using ”Amay Loo Du Daw Amar”s name for their own ends!

    I have no doubt that everyone who love and care for our great literature will all be appreciative of Saya Phoe Than’s timely and invaluable remarks on the present day sickening treatment of Myanmarzar. Thank you.

  4. 4 bobolansin

ွှ့Thanks a lot Koyin for your kind information! I’ll rewrite my introduction.

    Cheers!

    Bo

    • 5 myottharkoyin

      Saya BoBo,

      Could you possibly post Saya Phoe Than(Loo Du)’s article in Mizzima with all comments so that wider audience can have a chance to read, I would humbly request to you, Saya BoBo.

      Thank you.

      your sincerely
      koyin

  5. 6 bobolansin

    ကျနော် ဒီဘလောက်မှာ ဦးလေးသံစာတွေကို ဖတ်ရခဲတာပဲ တင်မယ် အောက်မေ့ပါတယ်ခင်ဗျ။ မဇ္ဈိမဆောင်းပါးတွေကတော့ သူ့ဝက်ဆိုက်မှာ ကျနော့ထက် ပရိသတ်ပိုရှိမယ် ထင်ပါတယ်။ ကျေးဇူးပါ ကိုရင်။ မဇ္ဈိမက မှတ်ချက်လက်မခံပါဘူးခင်ဗျ။

  6. ဟုတ်ကဲ့တခါကစံပယ်ဖြူမှာလားမသိဘူးမောင်စူးစမ်းရဲ.ဆောင်းပါးခေါင်းစဉ်က
    (တော်လကင်ကစပိကင်ကိုအနိုင်ယူသွားခြင်း)ဆိုလားဗျာ။🙂
    ချက်ချင်းနားမလည်ပဲအူကြောင်ကြောင်ဖြစ်သွားတယ်။ ရဲဘော်ခေါင်းဖြူကြီးရဲ.
    ထွင်ချက်ကတော့လက်ဖျားခါလောက်ပါပေတယ်။

  7. 8 bobolansin

    လွတ်သွားတယ်ထင်တယ်။ အသက်ကြီးလာရင် လူကြီးတွေနားမှာ တယောက်က စောင့်ပြင်ပေးမှ ဖြစ်မှား)

  8. ဖတ်ရင်းနဲ့ ကိုယ့်ဘာသာ ပြန်ရှက်လာသလိုလိုတေင်ဖြစ်သွားတယ်။ရေးထားတာ သမာသမတ် ကျပြီး ကောင်းပါ့ဗျား။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: