ရွေးကောက်ပွဲ စက်ဝန်းနဲ့ မြန်မာ့နိုင်ငံရေး ဓမ္မတာ

22Jan11

မဇ္ဈိမ မှာ ရွေးကောက်ပွဲမတိုင်ခင် ရေးခဲ့တာပါ။ မဆလခေတ်လို ပေါ်တင်မဲခိုးတဲ့ “လုပ်ပွဲ”ထိ ဖြစ်မယ်မှန်းမထားမိပါဘူး။ အပစ်အခတ်ပျက်တာ ကျည်ပွင့်လောင်ချာထုတာတွေလဲ မဖြစ်သေးပါဘူး။

ရာစုတဝက် ခြစားယိုယွင်းနေတဲ့ စစ်နိုင်ငံတော်ကို ယုံပီး ဝင်ပြိုင်မိပါတယ်ဆိုသူများကိုတော့ ယုံရခက်ခက်ပါပဲ။ ဘုမသိဘမသိ ခွေးတောင် အမြီးဖြတ်ထဲ့လိုက်မယ်ဆိုပီး ပုတ်သင်ညိုတွေမကြိုက်လို့ ထဲ့လိုက်တဲ့မဲနဲ့ (အထက်စာစစ်ပုဂ္ဂိုလ်များရဲ့ မဟာဒုတ်ကံစမ်းမဲနဲ့) ကံစွတ်ပီး အမတ်လေးဖြစ်ဖူးသူများမှာလဲ စကြာဝတေးမန္ဓတ်မင်းအလား လေသံများက တယ်ကြီးကြသကိုး။ နှဖားကြိုးဆောင့်ဆွဲခံရတဲ့အခါများမှသာ နှာနုပွန်းပီး နွားမိုက်ကြီးနောင်တ ရပြပါလိမ့်အုံးမယ်။

ထိုဒီမိုကရက်ဆိုသူလက်ဟောင်းတချို့နဲ့ မျက်နှာသစ် တံမြက်စည်းနုကလေးများ တိုင်းရင်းသားဆိုသူကြီးတို့ တသိုက် အတိုင်အဖောက်ညီညီနဲ့ အန်တီဆန်ရှင် ရှေ့တော်ပြေးယိမ်းထွက်ပြနေတာမို့ ပလီပလာ ပါလီမန်သစ်အကြို ရှေးလူကြီးများရဲ့ ကဗျာတပုဒ်နဲ့ပဲ ဖွင့်လိုက်ပါတယ်။ နွယ်စိုးဆိုတဲ့ နာမည်နဲ့ ၉၁ဌာန အုပ်ချုပ်ရေးခေတ် မြန်မာ့အလင်း နှစ်သစ်မင်္ဂလာသတင်းစာမှာ စစ်ပီးခေတ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ဖြစ်လာမယ့် ဦးမျိုးမင်းက ရေးခဲ့တာပါ။

အငတ်မင်း

အငတ်သင်းပါဘိ၊ အမတ်မင်းကိုယ်စားလှယ်တို့၊ အချိုဆွယ် လိုဘွယ်စကားတွေနှင့်၊ စားကြပေါ့ တိုင်းပြည်ငွေ၊ ဇွတ်မရှက်နိုင်ဘု၊ လွှတ်တက်ကာ စားမာန်ဖီကြ၊ ဟန်ကပြီ လစာကြေးရယ်လို့၊ ကြည်အေးစွာ အသာယူပေါ့၊ ချုပြာဖြူ ကျုပ် တို့မွဲပေမဲ့၊ ဆင်းရဲသူ ပဒေသာက၊ ချွေတာကာ သူတို့စားမယ်တဲ့၊ အားရပါပေ၊ မတ်မဟုတ်ရင်က၊ ဗျတ်စုတ်မှာ ထမင်းရေနှင့်၊ အာသာပြေ လွေးမဲ့မျိုးတွေက၊ ဂုဏ်ဖြိုးကာ ကိုယ်စားလှယ်မို့၊ ဟော်တယ်မှာ ပျော်ပျော်မြူနိုင်ဘို့၊ စိတ်ကူးဖြင့် ယဉ်ရှာလေ၊ တို့ငွေကွဲ့ မတ်မင်း။ ။ တားမရပြီဘု၊ စားဝလျှင် မြိန်အီလို့၊ ဇိမ်အဆီယစ်ကာ အိပ်ပါလိမ့်၊ မွတ်သိပ်သူ ပြည်မှာ ဆူတော့၊ ကုလားဖြူမင်းထံ ကြို့ နိုင်ဘို့၊ ဆို့ ဟဲ့ အပင်း။ ။

နွယ်စိုး

(၁)

တတိယကမ္ဘာ နောက်မြီးဆွဲ နိုင်ငံများ ထုံးစံ နိုင်ငံရေးအာဏာ ခွဲဝေမှု အင်မတန် မမျှတတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ဆိုတာတွေကို ပြန်ကြည့်လိုက်ရင် အုပ်စိုးသူလူတစု အာဏာပိုင်မှု တရားဝင်ရေး နိုးကြားလာတဲ့ နိုင်ငံရေးအင်အားစုအသစ်တွေဆီ အာဏာလက်ဆုပ်ဖြေမပေးရရေးအတွက် ဦးတည်လေ့ရှိတဲ့ စေတနာဆိုးက အထင်းသား ပေါ်နေပါတယ်။

ဒါကြောင့် ဒီမိုကရေစီခေတ်လို့ စသတ်မှတ်တဲ့ ၁၉၂၃ ဒိုင်အာခီ (အင်္ဂလိပ်-မြန်မာ) ပူးတွဲ အုပ်ချုပ်ရေး အစကနေ ၂ဝ၁ဝထိ မြန်မာ့နိုင်ငံရေးအလေ့မှာ မည်ကဲ့သို့ ဥပဒေ စည်းမျဉ်းများ ရေးထား သတ်မှတ်စေကာမူ အာဏာပိုင်အလိုကျ ဇွတ်တရွတ် အုပ်ချုပ်တာ၊ အာဏာရများအတွက် အပိုင်စားရ အမတ်နေရာတွေကို ဥပဒေပြုပီး ချန်ထားတတ်တာ၊ ရွေးကောက်ပွဲ မသမာတာ၊ သပိတ်မှောက်ခံရတာ၊ လက်အောက်ခံတွေ ဖီဆန် ပုန်ကန်တာနဲ့ နိုင်ငံရေး ဖိနှိပ်ခွဲခြားမှုတွေဟာ အစဉ်အမြဲ ဒွန်တွဲလျက်ပါပဲ။ ခြစားတာ အုပ်ချုပ်ရေး ညံ့ဖျင်းတာ လူထုဘဝ နုံချာတာတွေကတော့ အစဉ်တွေ့ရသော မြန်မာ့ လူမှုနိုင်ငံရေး လက္ခဏာများပေါ့။

ဒေါ်အောင်ဆန်းစုကြည် Burma and India: Some aspects of intellectual life under colonialism (1990) မှာယှဉ်ပြခဲ့သလို မြန်မာအထက်လွှာရဲ့ ပညာတတ်မြောက်မှုဟာ အိန္ဒိယလို ကမ္ဘာမှာ တိုးနိုင်တဲ့ အဆင့်မဟုတ်တော့ လူထုကို ခေတ်သစ်ထဲ အပါခေါ်နိုင်တဲ့ နိုင်ငံရေး ပညာရေး လှုပ်ရှားမှုတွေဟာ ထင်သလောက် မပေါက်ခဲ့ပဲ အထက်လွှာဟာလဲ တက်သမျှအစိုးရ ဒို့အစိုးရဆိုပီး အခွင့်အရေးရှာစားတဲ့ အလိုတော်ရိ အမျိုးသား သစ္စာဖောက်တွေ ဘဝတန်းလျှောကုန်ပါတယ်။ နိုင်ငံရေး အင်အားစုတွေကြား ဖိနှိပ်သူကို တွန်းလှန်မယ့် နည်းဗျူဟာမကြွယ်ဝတာ၊ အစိတ်စိတ်ကွဲပြဲပီး ခေါင်းဆောင်တွေက အရာရာ ချုပ်ကိုင်လွန်းတာ၊ နိုင်ငံရေး ပညာရေး အခြေခံ ညံ့ဖျင်းတာနဲ့ ပညာတတ် အထက်လွှာနဲ့ နိုင်ငံရေးလောက အမြဲစောင်နေတာတွေက ဖိနှိပ်မှုမှ အပဖြစ်သော မြန်မာ့နိုင်ငံရေးလောက နောက်ကျကျန်နေရခြင်းရဲ့ အကြောင်းရင်းခံများပါပဲ။

(၂)

ပဒေသရာဇ်ခေတ်ကြီး ရုတ်တရက် ပြည်ဖုံးကား ချလိုက်ရတဲ့ မြန်မာပြည်မှာ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေး ဓလေ့က နယ်ချဲ့ဆိုတဲ့ သခင်သစ် အင်္ဂလိပ်ဆီကရတဲ့ အလေ့လို့ ထင်ကြပါလိမ့်မယ်။ တကယ်က ရာဇဝင်ထဲက ကမ္ဘာဦး မဟာသမ္မတပုံပြင်နဲ့ စခန်းတည်ချင်တဲ့ ဗမာရှင်ဘုရင်တွေအတွက် “အများပြည်သူ ကြည်ဖြူစွာ တင်မြှောက်သော”ဆိုတဲ့ ရာဇဝိသေသ ဓမ္မရာဇ် (တရားသောမင်း)ဖြစ်ဖို့က နိုင်ငံရေး အာဏာပိုင်မှုရဲ့ အန္တိမ ပန်းတိုင်ပါ။ ဒီအတွက် ဘိသိက်ခံပီး ပြည်သူကို ကျိန်စာအထပ်ထပ်နဲ့ ကြောက်ဖွယ် ကတိတွေ ပေးရပေမယ့် တကယ်လက်တွေ့ မင်းကျင့်တရား ၁ဝ ပါး ပြည့်အောင် ထိန်းလားဆိုတာကိုတော့ ဗမာဖာရိုဘုရင်တွေရဲ့ ပဒေသရာဇ် ဖိနှိပ်မှုတွေက ငြင်းဆန်ပါလိမ့်မယ်။ “ထီးလိုမင်းလို” ဆိုတာ တကယ်က နန်းတွင်း အုပ်စုတွေကြားက အားပြိုင်ပွဲပဲဆိုတာ ၁၈၇၈က သီပေါမင်းသားကို ရွေးခဲ့တဲ့ ဝန်ကြီးများရဲ့ နန်းလျာရွေးပွဲက ပြနေပါတယ်။

ပါတော်မူ အလွန်မှာ ပဒေသရာဇ် လူတန်းစားက ကမ်းလာတဲ့ အကူအညီကို လျစ်လျူရှုပီး မြန်မာ့ရိုးရာ အုပ်ချုပ်ရေးကို ဖျက်၊ အိန္ဒိယ ကိုလိုနီစံနစ် သွတ်သွင်းမှုရဲ့ ဆိုးကျိုး အုံကြွမှု သင်္ခန်းစာတွေ တထောကြီး ရလိုက်တဲ့ အင်္ဂလိပ်အရင်းရှင် နယ်ချဲ့ဟာ ဆယ်နှစ်အကြာ ၁၈၉၇ မှာ ဥပဒေပြု အဖွဲ့တရပ် ထူထောင်ပီး ပဒေသရာဇ်ဟောင်းတွေ တိုင်းရင်းသား ခေါင်းဆောင်တွေ ပေါ်ထွန်းစ မြန်မာ လူလတ်တန်းစားတွေကို အင်္ဂလိပ်နဲ့ လူမျိုးခြားအရာရှိ အရင်းရှင်တွေနဲ့ အတူ ပူးတွဲအကြံပေးခိုင်းပါတယ်။ မင်းတိုင်ပင်လို့ ခေါ်ပေမယ့် တကယ်က ဘာမှတိုင်ပင်ရတာ မဟုတ်ပါဘူး။ ဆာဘိုးသာလို တချို့ မြန်မာကြီးတွေဆို အင်္ဂလိပ်လိုတောင် မတတ်ပါဘူး။ ပီးတော့ သူတို့ကို ဘုရင်ခံ စိတ်ကြိုက် ရွေးခန့်တာပါ။ ပြင်သစ် အင်ဒိုချိုင်းနား၊ မလေးယား၊ ဒတ်ခ်ျအရှေ့ အိန္ဒိယစတဲ့ တခြားအရှေ့ ဖျားကိုလိုနီတွေမှာလဲ အလားတူ လက်ဝေခံအထက်လွှာတွေကို အတိုင်ပင်ခံ ရုပ်ပြအဖြစ် ထဲ့သုံးခဲ့ပါတယ်။ နောက် ဝိုင်အမ်ဘီအေပညာတတ်တွေ လှုံ့ဆော်မှုကြောင့် ပထမကမ္ဘာစစ်ကြီးတွင်းမှာပဲ အုပ်ချုပ်ရေးတိုးမြှင့်ပေးမယ့် အရိပ်အယောင်တွေ စပေါ်လာပါတယ်။ တကယ်တမ်း ပေးလာတော့ ရွေးကောက်ပွဲပါတဲ့ လက်ဝေခံအုပ်ချုပ်ရေးတမျိုးပါ။

မြန်မာ နိုင်ငံရေးသမားတွေမှန်းတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး မဟုတ်သေးပါဘူး။ ရှမ်းပဒေသရာဇ် နယ်တွေ၊ နယ်ခြားဒေသတွေနဲ့လဲ ဒီအုပ်ချုပ်ရေးသစ်က အကျုံးမဝင်ပါဘူး။ အရင်က မြူနီစီပါယ်နဲ့ အရပ်သူကြီး ရွာသူကြီးရွေးပွဲသာရှိခဲ့တဲ့တိုင်းပြည်က ဒီမိုကရေစီရဲ့ ကနဦးခြေလှမ်းဆိုတာတွေကို လှိုက်လှိုက်လှဲလှဲမရှိပါဘူး။ တောနယ်တွေရဲ့ ထောက်ခံမှုရတဲ့ ဝံသာနုဂျီစီဘီအေများက ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အတွက် ဂျပန်နဲ့ ဖိလစ်ပိုင်နောက် အရှေ့ အာရှရဲ့ ပထမဆုံး ရွေးကောက်ပွဲများမှာ မဲပေးသူဦးရေဟာ ပေးခွင့်ရှိသူ ၇ ရာနှုန်းတောင် မရှိပါဘူး။ ဥစ္စာဓနနဲ့ မဲပေးပိုင်ခွင့်ကို ကန့်ထားတဲ့အတွက် ပေးနိုင်သူကလဲ လူဦးရေရဲ့ ၁၅ ရာနှုန်း ရှိတာပါ။ အရင်ဥပဒေပြုအဖွဲ့ဟောင်းကလို လူမျိုးကွဲတွေနဲ့ အရင်းရှင်ကြီးများအတွက် ၄ဝ ရာနှုန်းလောက်ရှိတဲ့ သီးသန့်အမတ်နေရာတွေကလဲ ခြေကုပ်ယူရအောင် ချန်ထားရသေးတာပါ။ အကျိုးဆက်က နယ်ချဲ့အလိုတော်ရိ “ရွှေတောင်ကြားပါတီ”က လွှတ်တော်ထဲမှာ လူနဲစုမဲတွေနဲ့ ဝန်ကြီးနေရာတွေ အများစုယူခဲ့တာပါပဲ။

ရွေးကောက်ပွဲဝင်တဲ့ ဂျီစီဘီအေနဲ့ တခြားနိုင်ငံရေးသမားတွေလဲ လွှတ်တော်နိုင်ငံရေးကစားကွက်ထဲမှာပဲ လည်ပီး ကွဲပြဲ နိုင်ငံရေးကျွမ်းကစားတာနဲ့ အချိန်ဖြုန်းနေကြတဲ့အတွက် လူထုထောက်ခံမှုကျဆင်းခဲ့ပါတယ်။ မောရစ်ကောလစ်ရေးသလို ရွာတွေမှာ ယောက်ျားက မိန်းမကို “ဒိုင်အာခီမ”လို့ ဆဲသလို နိုင်ငံခြား အရင်းရှင်တွေ အကျိုးပဲ စောင့်ရှောက်နေရတဲ့ ပူးတွဲအုပ်ချုပ်ရေးနဲ့ လွှတ်တော်ဟာ အများကြိုက်ဖြစ်မလာပါ။

အဲဒီကစ နိုင်ငံရေးလောကမှာ အပြင်းလိုင်း အပျော့လိုင်း အစွန်းရောက်ဂိုဏ်း အလိုတော်ရိဂိုဏ်းဆိုပီး အိမ်ကြက်ချင်းခွပ်တဲ့အလေ့က လှုပ်ရှားမှုတိုင်းမှာ ပါလာပါတယ်။ နောက် အခုခေတ် စပွန်ဆာခေါ်မယ့် နိုင်ငံရေးအလှူ့ ဒကာ အင်္ဂလိပ် အိန္ဒိယငွေရှင်တွေရဲ့ သြဇာ၊ မဲအရောင်းအဝယ်တွေက အင်မတန် ခြေရှုပ်လာပါတယ်။ အမတ်တွေ လာဘ်စား အရည်အချင်းမပြည့်တာ နာမည်ပျက်နေတာ သိတဲ့ နယ်ချဲ့ကလဲ အိန္ဒိယနဲ့ ခွဲရေးတွဲရေးလို အရေးကြီးကိစ္စမျိုးမှာ မြန်မာထိပ်သီး ကိုယ်ကျိုးသမားတွေကို ဟန်ပြ ခေါ်ဆွေးနွေးရုံကလွဲလို့ ထဲ့မတွက်ပါဘူး။ ၁၉၃၂ ရွေးကောက်ပွဲမှာ အိန္ဒိယသူဌေးတွေ ပိုက်ဆံယူတဲ့ တွဲရေးဘက်က နိုင်ပေမယ့် မြန်မာပြည်ကို ဗြိတိသျှ အင်ပါယာဝင် သီးသန့် အုပ်ချုပ်ရေးပေး၊ အစိုးရအဖွဲ့နဲ့ အထက်နဲ့ အောက်လွှတ်တော်တွေ တိုးချဲ့၊ အတွင်းဝန်လို ရာထူးကြီးတွေမှာ မြန်မာတွေပိုခန့် စတဲ့ အထက်လွှာက လုပ်စား နိုင်ငံရေး ဈေးကွက်ကို တမျိုးချဲ့ပြန်ပါတယ်။ ဒီချိန်ထိ တို့ဗမာသခင်တွေ ကျောင်းသား ခေါင်းဆောင်တွေ တန်ခိုး မထွက်သေးပါဘူး။ ၁၃ဝဝပြည့် အရေးတော်ပုံ ခေတ်ကမှစပီး အပြင်းစား မျိုးချစ်လက်ဝဲ နိုင်ငံရေးဟာ နိုင်ငံခြား စီးပွားရှင်တွေဈေးကွက် လယ်သမား သူပုန်ထဘူးတဲ့ မြန်မာပြည်မှာ သြဇာတက်လာပါတယ်။ ဒီနောက် ဂျပန်အကူအညီနဲ့ လက်နက်ကိုင် တော်လှန်ရေး လုပ်ရာက အနှစ် ၆ဝ တွင်း ပထမဆုံး မြန်မာပိုင်စစ်တပ်ဟာ လက်ဝဲသခင်တွေအစွမ်းနဲ့ နိုင်ငံရေး အင်အားစုကြီး ဖြစ်လာပါတယ်။

ဂျပန်ခေတ် လွတ်လပ်ရေးမှာ အစိုးရရော အတိုင်ပင်ခံ လွှတ်တော်ပါ အဓိပတိဗမော်က ဂျပန်ခွင့်ပြုချက်နဲ့ ရွေးကောက်တာပါ။ ရွှေရည်စိမ်ဆိုတဲ့အတိုင်း ၁၉၃၇ ဗြိတိသျှမြန်မာနိုင်ငံလိုပဲ ဂျပန်သွေးစုပ်ခံ ရုပ်သေးတိုင်းပြည် သက်သက်ပါ။ ဒီနောက် ဂျပန်တိုက်ရာမှာလဲ ဦးမဆောင်နိုင်၊ အင်္ဂလိပ်ပြန်အဝင်မှာလဲ နိုးကြားတဲ့ စစ်ထွက် လူထုနဲ့ ဖီလာပြုပီး ဘုရင်ခံခန့် ဥပဒေပြုကောင်စီမှာ အလျှိုအလျှို ဝင်ရာထူးယူတဲ့ လကျာ်ကျားအိုတွေအားလုံး ဖဆပလ ခြင်္သေ့ကြီးရဲ့ နိုင်ငံရေးစန်းကို မယှဉ်နိုင်ပဲ ခေတ်ကုန်သွားကြပါတယ်။ ဒါပေမဲ့ စစ်တွင်း ဒီလက်ျာလူကြီးတွေဆီက အုပ်ချုပ်ရေး ပညာသင်လိုက်ရတဲ့ သခင်လူငယ်တွေဟာ စစ်ပီး အနှစ် ၄ဝ ကျော် တိုင်းပြည်ကို ပြုလဲပြု ဖျက်လဲဖျက်ခဲ့ကြပါတယ်။

(၃)

၁၉၄၆ အထွေထွေသပိတ်နဲ့ အာဏာရလာတဲ့ အောင်ဆန်းအစိုးရဟာ ကွန်မြူနစ်နဲ့ ခွာပြဲပီး နယ်ချဲ့နဲ့ စေ့စပ် လွတ်လပ်ရေး ယူတဲ့လမ်းကို လိုက်ပါတယ်။ သူ့လမ်းနဲ့ လွတ်လပ်ရေး အမြန်ရပေမယ့် နိုင်ငံရေးကွဲလွဲမှုဒဏ်က တိုင်းပြည်ကို ခုထိဖျက်ဆီးလျက်ပါ။ ၁၉၄၇ ရွေးကောက်ပွဲက အခြေခံဥပဒေကို ပထမဆုံးဆွဲခွင့်ရတဲ့ လွှတ်တော်ကို ရွေးကောက်ပါတယ် (အရင် ဖွဲ့စည်းပုံ ၂ခုကို ကိုလိုနီသခင်တွေ မာစတာတွေက ချမှတ်ပေးတာပါ) ။ ဒီတခါတော့ မြန်မာလက်ဝဲသမားတွေ ဦးဆောင်ပြဋ္ဌာန်းတဲ့အလှည့်ဆိုတော့ မြန်မာနဲ့ပူးပေါင်းမယ့် တောင်တန်းသားတွေအတွက် ရပိုင်ခွင့်တွေအာမခံတယ်ဆိုပီး ဥပဒေဗိသုကာ ဦးချန်ထွန်းစကားနဲ့ဆို “ ပြည်ထောင်စုအမည်ခံပေမယ့် အုပ်ချုပ်ပုံက တပြည်ထောင်စံနစ်” ၊ ပြည်မကနေ ရင်းမြစ်တွေအားလုံး ချုပ်ကိုင်ထားတဲ့ မြန်မာကိုလိုနီအုပ်ချုပ်ရေးတမျိုး ဖန်တီးပါတယ်။ လွှတ်တော် ၂ ရပ် တန်းတူဆိုပေမယ့် လူဦးရေအများဆုံး မြန်မာတွေ လွှမ်းမိုးတဲ့ ပြည်သူ့လွှတ်တော်က ကြီးစိုးတာပါ။ အင်္ဂလိပ်လက်ဝေခံ အရင်းရှင်တွေရဲ့ အမတ်နေရာတွေဖယ်ရှားခံရသလို ကပြားအမတ်နယ်မြေတွေပါ ဖျက်သိမ်းလိုက်ရတယ်။ အင်္ဂလိပ်ခေတ်မှာ ပစားပေးခံရတဲ့ ကရင်လူမျိုးရဲ့ နိုင်ငံရေးကဏ္ဍ သတ်မှတ်မှုကတော့ အင်မတန့် ပြဿနာကြီး ဖြစ်သွားပါတယ်။

ထုံးစံအတိုင်း နိုင်ငံရေးလမ်းကြောင်းသဘောကွဲလို့ သပိတ်မှောက်မယ့် လကျာ်လူဟောင်းတွေ၊ ကရင်ထိပ်သီးများနဲ့ ကွန်မြူနစ်အများစုကို အာဏာစည်းထဲက ကန့်ပစ်လိုက်ပါတယ်။ လွတ်လပ်ရေးမယူခင်မှာ အရင်လူအဆက်ဆက်ထက် အာဏာတွေအများကြီးပိုင်လာတယ် ဆိုပေမယ့် စစ်တပ်ကို အကုန်မပိုင်တဲ့ အောင်ဆန်းအစိုးရတဝက်ကျော် နယ်ချဲ့လက်နက်နဲ့ပဲ အရှင်းခံရပါတယ်။ ကျန်တဲ့ ကိုသက်ပြင်းများက နယ်ချဲ့စီးပွားရေးနဲ့ စစ်အကျိုးစီးပွားတွေကို အများကြီးကာကွယ်ပေးရတဲ့ နု-အက်တလီစာချုပ်နဲ့ လွတ်လပ်ရေးတမျိုး ယူကြပါတယ်။ ဒီနောက် အာဏာရအာဏာမဲ့ လက်နက်ကိုင်တပ်နောက်ခံတွေရှိတဲ့ နိုင်ငံရေးအင်အားစုတွေချည်းမို့ လွတ်လပ်ရေးရပီး မကြာခင်ပဲ ပြည်တွင်းစစ်စပါတယ်။

ဆိုရှယ်လစ်စနစ်ကိုသွားမယ့် ဒီမိုကရေစီလွှတ်တော်ထက် ဝင်ဒါမီယာအစိုးရနဲ့ စစ်ရုံးကပဲ တိုင်းပြည်ကို တောက်လျှောက်ကြီးစိုးပါတယ်။ ဖဆပလနဲ့ လက်ကိုင်စစ်တပ်ဟာ အင်္ဂလိပ်ကိုလိုနီသမားနေရာကိုယူပီး နိုင်ငံရေး လူမျိုးရေးအရ ကွဲပြားတဲ့ အတိုက်အခံ မှန်သမျှကို တောထဲပို့ပါတယ်။ နယ်ချဲ့လက်ပါးစေ အထက်လွှာ ပညာတတ်များကိုလဲ မယုံတာမို့ ကိုယ်ပိုင် လူယုံပညာတတ်တွေ မွေးပါတယ်။ အုပ်ချုပ်ရေး တရားရေး မဏ္ဍိုင်တွေ ယိုင်နဲ့ပီး ပါတီဗျူရိုကရက်တွေ ကြီးစိုးတာပဲ အဖတ်တင်ပါတယ်။

ဒေါက်တာ မောင်မောင်ရေးသလို စစ်ပြီးရွေးကောက်ပွဲတွေဟာ ပိုပီးလေးနက် ကြမ်းတမ်းလာပါတယ်။ စစ်တပ်က ဖဆပလကို နည်းမျိုးစုံနဲ့ ကူတဲ့အပြင် ခါးပိုက်ဆောင်တပ် ကိုယ်စီနဲ့ နယ်က နိုင်ငံရေး လူမိုက် အမတ်ကြီးတွေရဲ့ ခြိမ်းခြောက်သတ်ဖြတ်မှုတွေက အမည်းစက် ထင်ကျန်ခဲ့သလို တောထဲက ကွန်မြူနစ် ခြိမ်းခြောက်မှုနဲ့ မြေပေါ်ကွန်မြူနစ်တွေ မဲရနေတယ်လို့လဲ စစ်တပ်နဲ့ ဖဆပလက စွပ်စွဲပြန်ပါတယ်။ မပီပြင်တဲ့ လွှတ်တော်နိုင်ငံရေးနဲ့ ဆရာမွေး တပည့်မွေး အခွင့်ထူးခံတဲ့ အကျင့်တွေကြောင့် ဖဆပလ ၂ ခြမ်း ကွဲချိန်မှာ ပြန်စေ့စပ်ဖို့ ရွေးကောက်ပွဲလမ်းက သွားဘို့ထက် အပြုတ်တိုက်ဖို့လမ်းကိုသာ ဦးတည်နေကြပါတယ်။ နောက်ဆုံး ပမညတမဲနဲ့ ပေါင်းတဲ့ဦးနုကို ကွန်မြူနစ်နဲ့ပါ ပေါင်းတော့မယ်ဆိုပီး တပ်က အာဏာတောင်းတဲ့ ကိန်းကြုံပါတော့တယ်။

တပ်က အိမ်စောင့်တက်ထိန်းတဲ့ ၂ နှစ်မှာ နိုင်ငံရေးသမားတွေကို ဖိနှိပ်မှုက အရပ်သားခေတ်ထက် အဆမတန်ဆိုးရွားပါတယ်။ လာတော့မယ့်ကာလကြီးတခုအတွက် နိဒါန်းလဲဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ သခင်တွေ အုပ်ချုပ်ရေးပညာတတ်သွားပီ ထင်ကြသလိုပဲ ဒီအကွဲအပြဲမှာ အာဏာအနီးကပ် ကိုင်လိုက်ဖူးတဲ့ စစ်ဗိုလ်မှူးများလဲ ပိုမြောက်သွားပါတယ်။ ပြည်တွင်းစစ်မှာ အသာစီးရနေတဲ့အတွက် တိုင်းပြည် ကယ်တင်ရှင်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ထင်လာတဲ့ စစ်ဗိုလ်များဟာ ကိုယ်ပိုင် ဆိုရှယ်လစ်ဝါဒကို ဖော်စပ်နေသလို စီးပွားရေးအားဖြင့်လဲ တိုင်းပြည်ဘဏ္ဍာတွေနဲ့ ထူထောင်ထားတဲ့ လုပ်ငန်းကြီးတွေနဲ့ အကြီးဆုံး ပြည်တွင်း အရင်းရှင် ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် သူတို့ယုံတဲ့ တည်မြဲအုပ်စုနိုင်ရင် အာဏာကို နောက်ကွယ်က အရင်လိုပဲ ထိန်းနိုင်မယ်ဆိုပီး ၁၉၆ဝ ရွေးကောက်ပွဲကို ကျင်းပပေးပေမယ့် နှမ်းထွက်လွဲပီး ဂျပန်ဝင်ထဲက အနှစ် ၂ဝ နီးပါး နိုင်ငံရေးစကောထဲမှာ လိမ့်နေရတဲ့ ဇီးဖြူသီးလူထုရဲ့ အန်တုမှုကို ခံသွားရပါတယ်။

သို့သော် ဦးနုပါတီရဲ့ နိုင်ငံရေးအခြေမခိုင်မှုနဲ့ အိမ်စောင့်ခေတ် နိုင်ငံရေး ခါးပိုက်ဆောင်တပ်တွေ ဖျက်ပီးကထဲက တိုင်းပြည်ရဲ့ လက်နက်အာဏာကို လုံးဝပိုင်သွားတဲ့ တပ်ကို ပထစနဲ့ တိုင်းရင်းသားများက နိုင်ငံရေး စီးပွားရေးအရ ဖြိုခွဲမှာစိုးတဲ့ သံသယတွေကြောင့် ၂ နှစ်အတွင်း နောက်ထပ် အာဏာသိမ်းပွဲ ဖြစ်ပြန်ပါတယ်။ “ပဒေသရာဇ်စွဲများနှင့် စီးပွားရေးမညီမျှမှုကို တိုက်ဖျက်ရန် အခြေခံဥပဒေနှင့် ပါလီမန် အဆောင်အယောင်များ ခေတ္တ ဖြုတ်ချထားရပါအုံးမည်”ဆိုတဲ့ စစ်အုပ်စုဟာ အရင်နိုင်ငံရေး လူတန်းစားကို ပထမ သိမ်းသွင်းကြည့်ပါသေးတယ်။

နောက်ဆုံး ၁၉၆၉ ပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖျက်လိုက်ပီးနောက်မှ စစ်တပ်သြဇာခံ လက်ဝဲသမား တချို့ကို သုံးပီး လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အခြေခံ ဥပဒေသစ်ကိုဆွဲကာ အရပ်သား အသွင်ပြောင်းဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကြားထဲမှာ အရင်အစိုးရ လက်ဝေခံ အရင်းရှင်တွေကို ပြည်သူပိုင် စံနစ်နဲ့ အရင်ရှင်းပစ်၊ အုပ်ချုပ်ရေးကို ပြည်သူ့အုပ်ချုပ်ရေး ပြောင်းတယ်ဆိုပီး စစ်ဗိုလ်တွေက နေရာတကာ ဝင်ပါသလို မဆလကလွဲပီး ကျန်တဲ့ ပါတီရှိသမျှဖျက်၊ လူတွေထောင်ချ တောထဲမောင်းပို့တဲ့ ဖိနှိပ်မှုတွေ လုပ်လာပြန်လို့ ဗိုလ်ချုပ်နေဝင်းတို့ လူဝတ်လဲပီး အခြေခံဥပဒေ ဆန္ဒခံယူမယ်လုပ်ချိန်မှာပဲ နိုင်ငံရေးက လုံးဝမီးသေနေပါပီ။

အစိုးရ အရာရှိဟောင်းများ နာမည်ခံပီး စစ်ဗိုလ်များ ကြီးစိုးတဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင်တွေကနေ ဆိုရှယ်လစ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ လွှတ်တော် အစိုးရ ပြည်သူ့တရားသူကြီး အဖွဲ့စတဲ့ အစိုးရ နိုင်ငံရေး ယန္တရားသစ်တွေကို တရားဝင်အောင် လုပ်ပေးပေမယ့် ဒီအဖွဲ့အစည်းတွေပေါ် မဆလ ဗဟိုကော်မတီနဲ့ ခေါင်းကိုင်ကြီး ဦးနေဝင်းအရိပ်က လုံးဝအုပ်ထားတာပါ။ ဖဆပလလွှတ်တော်ထက် အများကြီး ပိုဆိုးတဲ့ ဒီလွှတ်တော်နဲ့ ရွေးကောက်ပွဲတွေဟာ ၈၈ အရေးအခင်းထိ ဘုရင်ခေတ် ညီလာခံ သဘင် အဆင့်ထက် ဘာမှမပိုတဲ့ အဆင့်နဲ့တင် ပီးသွားပါတယ်။ မဆလ အခြေခံဥပဒေက ခွင့်ပြုတဲ့ ဆန္ဒပြခွင့်စတဲ့ ဆိုရှယ်လစ် ဒီမိုကရေစီ အခွင့်အရေးတွေကလဲ တကယ်ပေးတာမဟုတ်လို့ နိုင်ငံရေး စီးပွားရေး အကျပ်အတည်းတွေဟာ ဘယ်တော့မှ ပြေလျော့မသွားပဲ ဖိနှိပ်လေ ကြွလေမို့ နောက်ဆုံးမှာတော့ လူထောင်ချီ သတ်ခံရတဲ့ ဖိနှိပ်မှုကြီးနဲ့ စစ်နိုင်ငံရေး တခေတ် ရပ်သွားပြန်ပါတယ်။

(၄)

အရေးအခင်းမှာ ပြန်နလံထူလာတဲ့ အရပ်သား နိုင်ငံရေး အင်အားစုများနဲ့ စစ်အာဏာပိုင် အဟောင်း အသစ်တွေ ပြေလည်အောင် မညှိနှိုင်းနိုင်ပဲ ရွေးကောက်ပွဲ နည်းဟောင်းကြီးပဲ ထပ်လိုက်တဲ့အတွက် ၁၉၉ဝမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအနိုင်ရပီး မဆလပါတီသစ် မရှုမလှဖြစ်သွားပါတယ်။ ဒီတခါတော့ လုံးဝ အာဏာမလွှဲပေးရဲတော့တဲ့ တပ်က လက်တလုံးခြား ညစ်ပတ်ပီး အမျိုးသားညီလာခံ၊ အခြေခံ ဥပဒေသစ် ရေးဆွဲရေး စတာတွေနဲ့ အနှစ် ၂ဝ အချိန် ဆက်ဆွဲပါတယ်။ နိုင်ငံရေး အင်အားစုတွေ လှုပ်မဖြစ်အောင် ထွက်ပြေးရအောင် ဖိနှိပ်ထားသလို စီးပွားရေးအရ တနိုင်ငံလုံးအသုံးချအမြတ်ထုတ်ပီး စစ်တပ်ကို အစွမ်းကုန်ချဲ့ထွင်ပါတယ်။ အုပ်ချုပ်ရေးမှာလဲ တပ်ကပဲ အစစ ဝင်ခြယ်လှယ်နေတာပါ။

၂ဝဝ၇ သံဃာ့အုံကြွမှု အပြီးမှာတော့ စစ်တပ်ရဲ့ နိုင်ငံရေး အာဏာပိုင်မှုကို တရားဝင်အောင်လုပ်ရင် အပြည်ပြည်ဆိုင်ရာ ဖိအားတွေ လျော့တန်ရဲ့ဆိုပီး အစဉ်အဆက် အာဏာရ လူတန်းစားများ ထုံးစံ သေချာပြင်ဆင် ဖိနှိပ်ပီးမှ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲဆိုတာတွေ ပြန်ဖော်ပါတယ်။ ဒီတခါ ဖွဲ့စည်းပုံမှာ လွှတ်တော် အဆင့်ဆင့်နဲ့ အစိုးရထဲက စစ်တပ်အပိုင်နေရာတွေ သတ်မှတ်တာ၊ ပီးတော့ ကာကွယ်ရေး ကောင်စီကနေ တိုင်းပြည်အာဏာကို အချိန်မရွေး ပြန်ယူနိုင်တာ၊ လွှတ်တော် ဖျက်ပစ်ခွင့် ဆိုတာတွေက ဒိုင်အာခီ လွှတ်တော်ကဲ့သို့ ပြည်သူ့ကိုယ်စားပြုခွင့် ပြန်ဆုတ်ယုတ်သွားတာ တွေ့ရတယ်။ လူမျိုးစုနေရာတွေ ကလဖန်ထိုးပီး တိုင်းရင်းသားတွေကို သိမ်းသွင်းသလို တိုင်းနဲ့ပြည်နယ်၊ အထူးဒေသ လွှတ်တော်ဆိုတဲ့ သီးသန့် ရွေးကောက်ရတဲ့ အမတ်နေရာပိုတွေကလဲ “လူများပွဲမစည်” အမတ်တွေ ဗွက်ပေါက်ပီး “ပေါ”ကုန်အောင် လုပ်ရုံသက်သက်ရှိပါတယ်။

ဒီနိုင်ငံတော်ချီတက်ပွဲမှာ မပါချင်တဲ့ အရင်အရွေးခံအနိုင်ရ အာဏာမရသေးတဲ့ ပါတီတွေကို ဖျက်ပစ်ပီး နိုင်ငံရေး သြဇာနိမ့်တဲ့ သူတွေကို ဝင်ပြိုင်ခိုင်း၊ လွှတ်တော်ပေါ်လာရင် လွတ်လပ်မှုတွေ တစတစ တိုးတောင်းနိုင်မယ်ဆိုတဲ့ နိုင်ငံရေး ဒဏ္ဍာရီတွေ ဖန်တီးပီး ရွေးကောက်ပွဲ လှုံ့ဆော်စတဲ့ နည်းမျိုးစုံနဲ့ နိုင်ငံရေးဘူးသွင်းဘို့ အားထုတ်လေရဲ့။

ပိုအရုပ်ဆိုးတာက စစ်ဆိုရှယ်လစ်ခေတ်က မဆလလိုပဲ ကြံ့ခိုင်ရေးကနေ စစ်အစိုးရအာဏာလွှမ်းဘို့ မတရားသဖြင့် ဝင်ပြိုင်တာပါပဲ။ ဝင်ပြိုင်မိတဲ့ နိုင်ငံရေး အုပ်စုတွေကို ဘဏ္ဍာရေး စည်းရုံးရေးအရ မျိုးစုံနှောင့်ယှက်နေတဲ့အတွက် ဖဆပလ မဆလခေတ်တွေလို တပ်အင်အား အများဆုံး နိုင်ငံတော်ပါတီကပဲ နိုင်မယ့်အလားအလာကြီးနေပီး ဦးနု၊ ဒေါ်စုလို သြဇာသတ္တိကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်မျိုးလဲ မပါတဲ့အတွက် နောက်လွှတ်တော်ဟာလဲ ကြံ့ဖွံ့နဲ့ စစ်တပ်နှီးနှောပွဲပဲ ဖြစ်ဖို့များနေပါပီ။ နေပြည်တော်စစ်ရုံးကပဲ အာဏာဆက်ထိန်းမယ့် အသွင်မှန်းလို့ ရနေပီပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေကို အပစ်ခတ် ရပ်စဲရေးနဲ့ ကြိုးလှန်ထားပီး ခုမှ လက်နက်ဖြုတ်ခိုင်း ရွေးကောက်ပွဲဝင်ခိုင်း၊ သြဇာ မညောင်းမယ့်နယ်တွေမှာ ရွေးကောက်ပွဲဖျက်စတဲ့ ဖိနှိပ်မှုများကလဲ တဘာသာပါပဲ။

တမူထူးတာက ဒီတခါ ပြည်ပအထောက်အပံ့ခံ တတိယအုပ်စုဆိုတဲ့ အထက်လွှာနိုင်ငံရေးပွဲစားများက စစ်အုပ်စုရွေးကောက်ပွဲ အသစ်ကို ကြော်ငြာဝင်ပီး အရွေးခံမယ့်သူတွေအတွက် နိုင်ငံခြားက ရန်ပုံငွေ ရှာပေးနေကြတာပါ။ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ပင်မ အတိုက်အခံတွေကိုတော့ ရက်ဒီကယ် စိတ်ကူးယဉ်တွေလို့ တံဆိပ်နှိပ်ပီး ဒီမိုကရက်တစ်လမ်းကြောင်းကို မလိုက်နိုင်တဲ့ အတ္တသမားတွေလို့ ရှုံ့ချနေပါတယ်။ ရွေးကောက်ပွဲမဝင်ပဲ ပါတီအဖျက်ခံရသော်လဲ ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ခြိမ်းခြောက်မှုများ ကြားက ရှေ့ တိုးပြောနေဆဲ NLD နဲ့ ယခင်အရွေးခံ ပါတီများကတော့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းမရနိုင်ဘူး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကသာ ပြေလည်အောင် လုပ်နိုင်မယ်လို့ သတိပေးနေကြတုန်းပါ။ ဒီအယူအဆကို ၁၉၈၈ အရေးအခင်းတွင်း ကြားဖြတ်အစိုးရ တောင်းနေချိန်ကနေ ရွေးကောက်ပွဲ အောင်ပွဲခံပီး ဂန္ဓီခန်းမကနေ NLD ကို အာဏာလွှဲဘို့ တောင်းဆိုတဲ့ အချိန်တွေ တုန်းကသာ အဓိက ကိုင်စွဲခဲ့ရင် ခုလို ရွေးကောက်ပွဲပြီး အာဏာသိမ်း နောက်တခါ ရွေးကောက်ပွဲစတဲ့ နိုင်ငံရေး မတည်ငြိမ် ဆုတ်ယုတ် တဖက်သတ် ဗိုလ်ကျမှု သံသရာက စောစောလွတ်ခဲ့ ကောင်းရဲ့လို့ပဲ အောက်မေ့မိပါတယ်။

စီးပွားရေး အရင်းအမြစ်တွေကို ပုဂ္ဂလိကပိုင် ပြုတယ်ဆိုပီး တပ်နဲ့နီးစပ်ရာ ဗိုလ်ချုပ်မိသားစုများလက်ထဲ ထိုးထည့်နေချိန်မှာ လုပ်မယ့် ရွေးကောက်ပွဲကတော့ တပ်ကိုယ်စားပြု နိုင်ငံရေးတခေတ်အတွက် လမ်းခင်းပေးရုံရှိပါတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ ဇောကပ်နေတဲ့ အနောက်အရင်းရှင်များကလဲ တရုတ်-အိန္ဒိယလက်ထဲ ပေါချောင်ကောင်း ရောက်ကုန်တဲ့ မြန်မာ့စွမ်းအင် ရင်းမြစ်တွေကို ရဘို့ဆိုရင် ဒီ တပ်လွှတ်တော်ကို အသိအမှတ်ပြုဘို့ ဦးမလေးပါဘူး။

ဒါကြောင့် အရေးအခင်းနောက်ပိုင်း အတိုက်အခံတွေကို ထောက်ခံလာတဲ့ အနောက်နိုင်ငံ အစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ မူဝါဒတွေဟာလဲ ရွေးကောက်ပွဲနီးတာနဲ့ ပြောစရာတွေ အတော်များလာပါတယ်။ ဂလိုဘယ်ခေတ်ရဲ့ ကောင်းကျိုးကြောင့် စစ်အုပ်စု ဖိနှိပ်မှုတွေ အရင်လောက် လက်သံ မပြောင်ရဲဘူး ပြောနိုင်ပေမယ့် နိုင်ငံတကာ ဈေးကွက်ကြီးက မြန်မာစစ်အစိုးရနဲ့ “ကုလားအောင်ပ ဆွေသားမိတ်တူ” လုပ်ချင်နေတာပါ။ ဖိနှိပ်လက်စတွေ မဖျောက်ရသေးလို့သာ ဝင်မလုံးဝံ့သေးတာပါ။ ပြည်တွင်းက ကျပ်တည်း ဖိနှိပ်မှု အမျိုးစုံအောက်မှာ ရုန်းနေရတဲ့ လူထုကတော့ ဖောက်မထွက်နိုင်တဲ့ နိုင်ငံရေးဇာတ်မျောကို ပေယျာလကန် ပြုထားပါတယ်။ နိုင်ငံရေးအုပ်စုတွေလဲ အတော်လက်ပန်းကျပီး ဆက်ခံမယ့် မျိုးဆက် ကောင်းကောင်းကို ထွက်မလာသလောက် ဖြစ်နေပါတယ်။ ဒီတခေါက်လဲ မဆလစနစ်ကို အသက်သွင်းတုန်းကလို နိုင်ငံရေး အသံတိတ်နေတဲ့ တိုင်းပြည်၊ တချက်တချက် ထအုံကြွတဲ့ တိုင်းပြည်မျိုးပဲ ပြန်ဖြစ်ဖို့များပါတယ်။

လူတစု လူတန်းစားတခု ကိုယ်ကျိုးတွက် တိုင်းပြည်ကို ဖိနှိပ်သွေးစုပ်တဲ့ ဒီမိုကရေစီနာမည်ခံ လွှတ်တော်ခေတ်ဆိုးကြီးတွေကို မြန်မာတွေ အရည်လည်ပီး အမြန်တောထုတ်နိုင်ပါစေ။ အားလုံးတန်းတူ ညီညွတ်လွတ်လပ်တဲ့ နိုင်ငံရေးတိုင်းပြည်ကို ထူထောင်ရဲကြပါစေ။



No Responses Yet to “ရွေးကောက်ပွဲ စက်ဝန်းနဲ့ မြန်မာ့နိုင်ငံရေး ဓမ္မတာ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: