ရာဇဝင်ကို ဖြတ်သန်းခြင်း ၁

02Feb11

လွတ်လပ်တဲ့အာရှအသံ ဗုဒ္ဓဟူးမနက်ပိုင်းအစီအစဉ် ၂.၂.၁၀

မင်္ဂလာပါခင်ဗျာ။ ကနေ့ ကျနော်စပြောမယ့် အစီအစဉ်သစ်က မြန်မာသမိုင်းကြောင်း အစီအစဉ်ဖြစ်ပါတယ်။ သမိုင်းမှာလဲ ကျနော် ပိုစိတ်ဝင်စားတဲ့ မျက်မှောက်ခေတ်နဲ့လဲ ပိုနီးစပ်တဲ့ အရင် ရာစု ၂ ခု အတွင်းက ခေတ်သစ်မြန်မာသမိုင်း ကိုလိုနီခေတ်နဲ့ ကိုလိုနီလွန်သမိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗြိတိသျှအောက် စကျတဲ့ ၁၈၂၄-၂၆ ကနေ မျက်မှောက်ခေတ်ထိပါပဲ။ ဒီနေရာမှာ ဘာလို့ သမိုင်းလို့မသုံးဘဲ ရာဇဝင်လို့ သုံးရတာလဲဆိုတဲ့ မေးစရာရှိပါတယ်။ သမိုင်းမှာ ပြည်သူတွေရဲ့ ပါဝင်ဖန်တီးမှုဟာ အဓိကကျတယ် ဆိုပေမယ့် မြန်မာသမိုင်းမှာတော့ လွတ်လပ်ရေးကြိုးပမ်းမှုနောက်ဆုံးအဆင့် ၁၉၄၂၊ ၄၅-၄၆ တဝိုက်မှာပဲ လူထုကဏ္ဍ ပီပီပြင်ပြင် အောင်ပွဲခံနိုင်တာ တွေ့ရလို့ အာဏာပိုင်အုပ်စိုးသူတွေအကြောင်း ရာဇဝင်ဆိုတဲ့စကားက မြန်မာနိုင်ငံအခြေအနေနဲ့ ပိုသင့်တော်မယ်လို့ ယူဆမိလို့ပါပဲ။ လူမှုရေး စီးပွားရေး ယဉ်ကျေးမှု ဘာသာရေးနေရာတကာမှာ အုပ်စိုးသူများအလိုကျ ပုံဖော်ကြီးစိုးတာက ခေတ်အဆက်ဆက် မဟုတ်လား။ နောက် ဒီအစီအစဉ်ကို တင်ဆက်ဖို့ စိတ်ကူးချိန်မှာ ကျနော်တို့ တိုင်းပြည်ရဲ့ သက်ရှိရာဇဝင်လူသား စာရေးဆရာကဗျာဆရာကြီး ဒဂုန်တာရာကို သတိရမိပါတယ်။ သူ ထောင်ကပြန်လွတ်ချိန် ၁၉၆၇ မှာ ထောင်ကအထွက် လမ်းတလျှောက်တွေ့ရတဲ့ မဆလခေတ် မှောင်ခိုခေတ် မြင်ကွင်းတွေနဲ့ အတိတ်ကို နှိုင်းယှဉ်သုံးသပ်တဲ့ ဝတ္ထု ရာဇဝင်ကိုဖြတ်သန်းခြင်းကို ပြန်အောက်မေ့တဲ့အတွက်လည်း ဒီခေါင်းစဉ်ကို အစီအစဉ်နာမည်အဖြစ် ပြန်သုံးမိတာပါ။ ဆရာတာရာ ရေဒီယိုနားထောင်ရင်းနဲ့ ခွင့်ပြုချက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကြိုတင်ခွင့်မတောင်းမိတဲ့အတွက်လဲ တောင်းပန်ပါတယ်။

သမိုင်းဆိုတဲ့စကားက မူလက ဘုရားသမိုင်းတွေအတွက်ပဲ သီးသန့်သုံးစွဲတာပါ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာပါမောက္ခဦးဖေမောင်တင်ပြုစုတဲ့ မြန်မာစာပေသမိုင်းစာအုပ်ကစပီး သမိုင်းအဓိပ္ပာယ်ကို ချဲ့ထွင်သုံးစွဲလာကြတာပါ။ ကျောင်းသုံးစာအုပ်ကအစ ဦးဘသန်းကျောင်းသုံးမြန်မာရာဇဝင်လို့ နာမည်တပ်တဲ့ခေတ်ကနေ ကိုလိုနီလွန် ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးကာလမှာ သမိုင်းစကားလုံးက ပိုတွင်ကျယ်လာခဲ့ပါတယ်။ ဥပမာ သမိုင်းကော်မရှင်၊ ဒေါက်တာကျော်သက်ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း ဆိုတာမျိုးပေါ့။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဆိုရှယ်လစ်တော်လှန်ရေးခေတ်မှာ ရန်ကုန်တက္ကသိုလ်က အရှေ့တိုင်းနဲ့ အနောက်တိုင်းရာဇဝင်ဌာနတွေကို သမိုင်းဌာနတခုထဲအဖြစ်စုစည်းပြောင်းလဲခဲ့ရာကနေ ဆိုရှယ်လစ်အမြင်နဲ့ သမိုင်းလေ့လာမှုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အရေးအခင်းလွန် စစ်အစိုးရခေတ်မှာလဲ မြန်မာ့သမိုင်းဖြစ်ရပ်မှန်ပြုစုရေးအဖွဲ့ဆိုပီး မျိုးချစ်စိတ်အသားပေး ပြည်ပသြဇာမခံရေးဆိုတဲ့ အမျိုးသားသမိုင်းပုံစံတမျိုးကို ဖော်ထုတ်လာပြန်ပါတယ်။

ဒီတော့ အုပ်စိုးသူအလိုမတွေ့နိုင်တဲ့ အမြင်နဲ့ရေးတဲ့ သမိုင်းတွေ မြန်မာပြည်မှာ တိမ်မြုပ်ရှားပါး ကုန်ပါတယ်။ ပြန်ထွက်လာရင်တောင် ပြင်ဆင်ဖြည့်စွက်မှုတွေကအများပါ။ စစ်အာဏာပိုင်များရဲ့ ဝါဒဖြန့်ချက်များဟာ ကာလကြာလာတာနဲ့အမျှ လူထုကြားထဲမှာ ပိုထိရောက်လာပါတယ်။ အဝေးရောက်မြန်မာတွေကြားမှာကိုပဲ မိမိလူမျိုးနဲ့ ဗုဒ္ဓဘာသာကို တရားလွန်အထင်ကြီးပီး တခြားလူမျိုးနဲ့ ဘာသာကို နှိမ်ချလိုတဲ့ အလယ်ခေတ် အတွေးအခေါ်တွေ နောက် လက်နက်နိုင်ငံထူထောင်ခဲ့တဲ့ မြန်မာစစ်ဘုရင်တွေခေတ်ကို ဘုန်းမီးနေလတောက်ခဲ့တဲ့ ရွှေခေတ်တွေဆိုပီး အောက်မေ့နေတဲ့ သမိုင်းအမြင် ခံယူချက်တွေ တွေ့ ကြားမြင်သိနေရတာ မဆန်းလှပါဘူး။ ဒါတွေရဲ့ အကျိုးဆက်က ဘာပါလဲ။ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံအမည်နဲ့ အဓိပ္ပာယ်ကိုတောင် မှန်ကန်စွာ နားမလည် မကျင့်သုံးနိုင်တော့တာပါပဲ။ မြန်မာနိုင်ငံသားနဲ့ မြန်မာလူမျိုးဆိုတဲ့ ဝေါဟာရ ၂ ခုကို ရောထွေး စွဲမှတ်နေတာပါ။ ၈၈ နောက်ပိုင်း စစ်အစိုးရသစ်က မြန်မာဆိုတာ တနိုင်ငံလုံးက တိုင်းရင်းသားအားလုံး ကိုယ်စားပြုတယ်၊ ဗမာက မြေပြန့်က အဓိက လူမျိုးစုကြီးနဲ့ ဆိုင်တယ်ဆိုပီး ဝါဒဖြန့်ချက်ကြောင့် တိုင်းရင်းသားတွေကြား အမြင်တွေလွဲမှားကုန်တဲ့အပြင် ကရင်လဲ မြန်မာ၊ ရှမ်းလဲမြန်မာစတဲ့ မြန်မာဇာတ်သွင်းမှုကြောင့် ရှိရင်းစွဲ ပဋိပက္ခတွေ ပိုပြင်းထန်ကုန် အစွန်းရောက်ကုန်ပါတယ်။

ဒါကြောင့် ခုလို ဒုတိယပင်လုံဆိုတဲ့ အသံတွေထွက်လာချိန်မှာ မြန်မာပြည် မြန်မာနိုင်ငံဆိုတဲ့ ရည်ညွှန်းချက်နဲ့ ကျနော်တို့နေတဲ့နိုင်ငံကို သုံးနှုန်းခေါ်ဆိုနေရတာကိုက ဒွိဟပွားစရာပါပဲ။ ဟို အနှစ် တရာကျော် မြစ်ဝကျွန်းပေါ်ကို အညာသားတွေ စပါးစိုက်ဖို့ ဆင်းမလာခင်ချိန်ထိက မြန်မာပြည်ဆိုတာ အခု အထက်မြန်မာပြည်ကိုသာ ရည်ညွှန်းတာပါ။ မြန်မာတွေ နိုင်ထားတဲ့နေရာလို့ အနက်ထွက်တဲ့ ပုဂံခေတ်စကား နိုင်ငံကလဲ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်စရာ မရှိပါဘူး။ နောက် ရှမ်းပြည် ရခိုင်ပြည် စတဲ့ အစဉ်အဆက် ရှိရင်းစွဲ နိုင်ငံရေး သီးခြားဖြစ်မှုတွေကို ပြည်နယ်ဆိုတဲ့ စကားရပ်နဲ့ နှိမ့်ချပစ်တာတွေရယ်၊ မြန်မာအစိုးရအဆက်ဆက်ရဲ့ တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးချုပ်ချယ်မှုတွေကြောင့်ရယ် မြန်မာနိုင်ငံ မြန်မာလူမျိုးဆိုတဲ့စကားတွေက အင်မတန် အငြင်းပွားစရာ ဖြစ်လာပါတယ်။ ဒါကြောင့် ပြည်ထောင်စုတခုလုံးကို ဒီစကားလုံးသုံးပီး ဖော်ပြရတာဟာ ကျနော်တို့ နိုင်ငံနဲ့ဆိုင်သမျှမှာ မြန်မာချင်းထပ်ပီး ပြောနေရတာဟာ သူတို့ကိုယ်သူတို့ မြန်မာလို့ မသတ်မှတ်လိုတဲ့ တိုင်းရင်းသားတချို့အဖို့ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

နောက်ပီး ကျနော့မိတ်ဆွေတယောက်က မေးဘူးပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံမှာ အာသံ၊ မဏိပူရ၊ စစ်ဆောင်ပနား စတဲ့ အရင်က ဗမာဘုရင်တွေ ပိုင်တာတွေ အကုန်ပါရမှာပေါ့တဲ့။ ဒါကလဲ သမိုင်းအခြေခံနားမလည်မှုကြောင့်ပါ။ အတော်များများက ပြည်ထောင်စုဆိုတာကို မြန်မာပြည် မြန်မာတွေရဲ့နိုင်ငံအဖြစ်က ကျော်မမြင်တတ်တော့ အရင် မြန်မာဘုရင်တွေရဲ့ လက်နက်နိုင်ငံကို ပြန်ထူထောင်တယ်ပဲ မှတ်ယူထားတတ်လို့ပါ။ အင်္ဂလိပ်လက်အောက် ကျသွားပီးနောက် ပြောင်းလဲသွားတဲ့ ကိုလိုနီအုပ်ချုပ်ရေး စနစ်နဲ့ အရင်းရှင်လူမှုစီးပွားရေးတည်ဆောက်မှုမှာ အရင်ကလို မြန်မာမင်းနဲ့ သြဇာခံတွေ ကြီးစိုးတဲ့ နိုင်ငံမျိုး ပြန်မထူထောင်နိုင်တော့ဘူး ဆိုတာကို မေ့နေကြတာပါ။ ဘားမားဆိုတဲ့ ကိုလိုနီသစ်မှာ အင်္ဂလိပ်အောက်မှာ မျက်စိပွင့် တိုးတက်လာတဲ့ ခရစ်ယာန်ဘာသာဝင်ဖြစ်ကုန်တဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒ နေရာရဲ့ ရပိုင်ခွင့်တွေကို မြန်မာနိုင်ငံရေးသမားတွေ စာနယ်ဇင်းတွေ ပညာတတ်တွေက သေသေချာချာ ထဲ့သွင်း စဉ်းစားခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် ပင်လုံစာချုပ်တခုထဲကို လက်ကိုင်ပြုပီး ခုချိန်ထိ စကားပြောလို့ မပီးမပြေသေးတာပါ။

ဒါကြောင့်ပဲ ဘားမားနဲ့ မြန်မာဆိုပီး အင်္ဂလိပ်ဘာသာနဲ့ နိုင်ငံအမည်သတ်မှတ်ချက်ကွဲလွဲမှုကအစ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်းရှုထောင့်စုံကနေ ငြင်းခုံနေရတာပါ။ ဘားမားလို့ ဘာကြောင့်ခေါ်သလဲ အတိုဆုံးရှင်းရရင် အင်္ဂလိပ်ဆီက အမွေခံလိုက်ရတဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ နယ်နိမိတ်မှာ အရင်မြန်မာဘုရင့်နိုင်ငံဟောင်းက သေချာတကျ မအုပ်ချုပ်ဖူးတဲ့ တိုင်းရင်းသားနယ်တွေ ပါလာလို့ပါပဲ။ ဘားမားဆိုတာ ကျွန်စော်နံတယ်ဆိုပီး မြန်မာအများစုက လက်ခံနိုင်မှာမဟုတ်သလို တိုင်းရင်းသားတွေကလဲ သူတို့ဟာ မြန်မာခေါ် ဗမာတွေ မဟုတ်ကြဘူးဆိုပီး ဒီနာမည်သစ်ကို လက်ခံချင်ဖို့ မလွယ်သေးပါဘူး ။ တို့ဗမာအစည်းအရုံးက သုံးတဲ့ ဗမာဆိုတာ မြစ်ကြီးနားက မြိတ်ထိ ရခိုင်က ရှမ်းထိ အားလုံးနဲ့ဆိုင်တယ်ဆိုတဲ့ ဝါဒဖြန့်ချက်ကို တိုင်းရင်းသားတွေရဲ့ လက်ခံနိုင်မှုကလဲ စောဒကတက်စရာပါ။ ဒုတိယကမ္ဘာစစ်တွင်းက ဒေါက်တာဘမော်ရဲ့ မဟာဗမာဝါဒနဲ့ ထိုင်းက မာရှယ်ဆုန်ဂရမ်ရဲ့ ဂရိတ်တားထိုင်း မဟာထိုင်းဝါဒတွေကို သတိရစရာပါပဲ။ ထိုင်းက နိုင်ငံစည်းလုံးရေးမှာလဲ ကျနော်တို့လို မပြေလည်သေးဘူးဆိုတာ တောင်ပိုင်း မလေးမွတ်စလင်နယ်တွေက ပြဿနာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ ကဲ မြန်မာနဲ့ သမိုင်းအကြောင်း ဒီလောက်ဆိုတော်လောက်ပါပီ။



No Responses Yet to “ရာဇဝင်ကို ဖြတ်သန်းခြင်း ၁”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: