ဘိုဘိုလန်းစင် နှင့် အင်တာဗျူး

05Feb11

မောက္ခမှ

Friday, 14 May 2010

ဒီ တပတ် မန္တလေးမှ သတင်းစာ ဆရာကြီး လူထုဦးလှ-ဒေါ်အမာတို့ရဲ့ မြေး၊ လန်ဒန်တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိက ပညာရပ်များကျောင်း (SOAS)မှ သမိုင်း (မဟာဝိဇ္ဇာ)ဘွဲ့ရယူထားတဲ့ ဘိုဘိုလန်းစင်ကို မေးခွန်း အချို့ မေးကြည့်မိပါတယ်။

ကိုဘိုဘို… ခင်ဗျား မန္တလေး တက္ကသိုလ်က ဆေးကျောင်းပြီးခဲ့ ပေမဲ့၊ ဆရာဝန်မလုပ်ဘဲ ဘာကြောင့် စာရေးဆရာနဲ့ သမိုင်း ပညာရှင် ဘ၀ကို ရွေးချယ်ရ တာလဲ။

ဆေးပညာကို ဝါသနာအလျဉ်းမရှိတဲ့အတွက် မူလလိုက်စားရာ သမိုင်းဘာသာကိုပဲ ဆက်လေ့လာဖို့ ကြိုးစားခဲ့တာပါ။ စာရေးဆရာကတော့ ဗမာပြည်မှာ အပျော်တမ်းသဘောပါပဲ။ သမိုင်းပညာက ခါးဖြတ်ဝင်တာမို့ ပညာသင်အဆင့်ပါ။

ဘာလို့ရွေးလဲဆိုတော့ ခလေးကထဲက အတိတ်ကအကြောင်းဆို အင်မတန်နှစ်ခြိုက်တယ်။ ပုံပြော ပုံဖတ် ဝါသနာပါတယ်။ နောက် သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းမှာ လူလာဖြစ်တယ်။ ဗမာပြည်နိုင်ငံရေးက ကျနော်တို့ လူဖြစ်တဲ့အချိန် ၈၈နောက်ပိုင်းမှာ လုံးဝမငြိမ်တာကလဲ တကြောင်း ဖြစ်ပါလိမ့်မယ်။ ဘာလို့ခုလို ဗရုတ်သုက္ခနဲ့ လူတော် လူကောင်းတွေ ဘဝပျက်ကြရတာလဲ၊ ဗမာပြည်နိုင်ငံရေးမကောင်းတာ ခုမှမကောင်းတာလား၊ စကထဲက စုတ်ပြတ်နေတာလားဆိုတာတွေ သိချင်စိတ်ပိုဝင်လာလို့ပဲ၊ ပေါက်ကရဇာတ်မျောကြီးက မပီးသေးတော့ ခုထိလဲ သိချင်နေတုန်းပဲ။

ခင်ဗျား ဖြတ်သန်းခဲ့ရတဲ့ ငယ်စဉ် ပညာရေး အမှတ်ရစရာလေးတွေ၊ ဆေးကျောင်းသား ဘ၀ အတွေ့အကြုံနဲ့ ဆရာကြီးတွေရဲ့ပညာပေးပုံ စနစ်တွေကို ပြောပါဦး။

မှတ်ဥာဏ်ကောင်းတာရယ်၊ အိမ်က ကြပ်မတ်မှုရယ်ကြောင့် အလွတ်ကျက် ဗမာ ပညာရေး ပုံစံနဲ့ဆို ငယ်ငယ် ထဲက တော်တဲ့ကျောင်းသားမျိုးပါ။ ဘိုးဘွား မိဘ မျက်နှာနဲ့မို့ ကျောင်းမှာ ဆရာတွေ ဂရုစိုက်ခံရတာ တက္ကသိုလ် အထိပါပဲ။ ပီးတော့ ကျနော်က သူငယ်ချင်းထက် ဆရာ ဆရာမနဲ့ ပိုအလွမ်းသင့်တဲ့ပုံစံပါ။ ဆေးကျောင်းဝင်ဖို့ တခါမှ စိတ်မကူးပေမယ့် တက်ချင်တဲ့ သမိုင်းအတွက် ကျောင်း ကောင်းကောင်း မရှိလို့ ဒါပဲတက်ခဲ့ရတယ်။

တက္ကသိုလ်မဖွင့်ခင် ကျောင်း ၂ နှစ်ကျော် ပိတ်ထားတုန်း ချူလာလောင်ကွန်မှာ သမိုင်းသွားတက်ဖို့ ဆရာစိုင်းအောင်ထွန်းနဲ့ ဆရာကြီးသန်းထွန်းစီစဉ်ပေးတာလဲ ပျက်သွားတယ်။ အမေရိကန် ကျောင်းတွေမှာ စကောလားရှစ် ရှာတက်ရမှန်းလဲ မသိခဲ့ဘူး။

ဆေးကျောင်းနှစ်တွေကတော့ အလဟဿပဲ ပြောရမယ်။ စကထဲက သိပ္ပံကို အလျဉ်း ပါရမီမပါဘူး။ ဒီတော့ စာပြိုင်တဲ့ အသိုင်းအဝိုင်းကြား စိတ်လေရတယ်၊ အချက်အလက်ကို မျက်တွေ့ အသင်အကြားနဲ့ ယှဉ်မှတ်တဲ့နည်းနဲ့ ဆေးစာကို ကြိုးစားမှတ်ဖြေခဲ့တယ်။ ဆရာတွေထဲမှာ ဆေးရုံက ဆရာတွေက ဆေးကျောင်းက ဆရာအများစုထက် အသင်အပြ ပိုကောင်းတယ်လို့ ခံစားရတယ်၊ ပိုတက်ကြွတယ်။ ဒါကလဲ မြန်မာဆေးလောကထုံးစံ ဝင်ငွေကောင်းတဲ့ ပိုတော်တယ်လို့ သတ်မှတ်ခံရတဲ့ ဆေးရုံဘက်က ကြီးစိုးတဲ့ အစဉ်အလာကြောင့် ဖြစ်လိမ့်မယ်။ အပြင် စာဖတ်များတဲ့ ဆရာတွေက ဥပမာစုံစုံနဲ့ စာကို ရှင်းပြရင် ပိုမှတ်လွယ်တာက အားလုံးသိကြမှာပါ။

ဘိုဘိုက စာပေ လောကနဲ့ စာပေပညာရှင် မိသားစု အသိုင်းအ၀ိုင်းတွေ၊ မိတ်ဆွေ တွေကြား ကျင်လည်လာတော့ သူတို့နဲ့၊ တက္ကသိုလ်က ဆရာတွေ ဘယ်လိုကွာခြား သလဲ။ အားကျလောက်တဲ့ ဆရာဝန်ကြီးတွေ မတွေ့ခဲ့ဘူးလား။

ဆေးတက္ကသိုလ်က လူနဲ့အနီးစပ်ဆုံးပညာရပ်ကို သင်ကြားပေမယ့် မြန်မာပြည်မှာက လူ အဓိက ပြုသင်တာ မဟုတ်တော့ လူရေးလူမှု မကြွယ်ကြတာ များတယ်။ ဒါ မာမီဒေါ်မြင့်မြင့်ခင် ခဏခဏ ပြောနေကျပါ။ စာပေနိုင်ငံရေးဘက်က မိတ်ဆွေတွေက ပိုပီး မာန်မာနကင်းပီး လူဝင်ဆန့်တာတော့ တွေ့ရတယ်။

မန္တလေးက ဆရာဝန်ကြီးအများစုက ရန်ကုန်ကပြောင်းလာတဲ့ ဆရာတချို့ ထက်ပိုပီး နွေးထွေးတယ်။ ပညာမာန်ကြီးကြပေမယ့် နွမ်းပါးတဲ့လူနာတွေကို ဂရုတစိုက် စောင့်ရှောက်တာ တွေ့ရတယ်။ ဒါကြောင့် ဟိုတလောက ဆရာဝန်တွေ သိက္ခာကို ထိခိုက်တဲ့ အရေးအသားတွေ မြန်မာမီဒီယာ ဆိုတာတွေမှာ တွေ့ရတော့ စက်ဆုပ်မိတယ်။

ဒီလိုမဆင်မခြင် ရေးတတ်တာကော အစွပ်စွဲခံရလောက်အောင် ဖောက်ပြန်သူတွေရှိတာကိုရောပါ။ ဆေးပညာ ပါမောက္ခဦးအောင်ကြီးဆီက စာပေသုတကို စိုက်လိုက်မတ်တတ် ရှာဖွေဖတ်တဲ့အကျင့်ကို သဘောကျတယ်။ ပါမောက္ခဒေါ်သန်းရင်မာကတော့ တအိမ်ထဲနေတာတောင် မေးခွန်းမပြောဘဲ စာပဲလှိမ့်မေးတတ်တယ်၊ ကျောင်းသားပေါ် စေတနာကြီးသလောက် စည်းကမ်းလဲ ပြတ်တယ်။

စာသင်လဲကောင်း (သီချင်းဆိုလဲကောင်း) မြို့ရေးရွာရေးမှာလဲပါ၊ ကျောင်းသားတွေ လေးစားခံရတဲ့ဆရာတွေ (ပထမနှစ် ဆေးအကြိုတန်းက ဆရာဝန်မဟုတ်တဲ့ ဆရာတွေရော အပါအဝင်)၊ ကျောင်းသားပေါ် ပညာပြစားတဲ့ ဆရာတေ၊ွ ဒါတော့ ဘယ်ကျောင်းမဆိုရှိပါတယ်။

အလွှမ်းမိုးဆုံးကတော့ တခါမှစာမသင်ဘူးဘဲ ငယ်ကထဲက တွေ့ဖူးနေတဲ့ အမေ့ ဆရာမ မာမီမြင့်မြင့်ခင်နဲ့ ကျနော် မမွေးခင် ဆယ်နှစ်က ဆုံးတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းယောက္ခမ ဆရာကြီး ဘသန်းပဲ။ သူတို့ရဲ့ ဆေးပညာကို စာပေဂီတအနုပညာတွေနဲ့ စရနယ် လိုက်စားတတ်ပုံ၊ အာဏာရ ထန်းပင်ပေါ်က ပုဂ္ဂိုလ်များကို ဦးမညွတ်ပုံ၊ မြန်မာ ဆေးပညာ တန်းမြင့်ဖို့ လူချွန်လူကောင်းတွေ အများကြီး မွေးထုတ်နိုင်ပုံ၊ ပြည်သ လူထုကြား ဆေးပညာ သုတ ပြန့်ပွားစေလိုတဲ့ ကျန်းမာရေး အဆင့်မြင့်စေလိုတဲ့ စေတနာတွေကို ဂုဏ်ယူတယ်။

အခု နိုင်ငံခြား ပညာတော်သင်ဘ၀ အတွေ့ အကြုံတွေ၊ အဲဒီက စာကြည့်တိုက်တွေ
အကြောင်းနဲ့ ကျင်လည်နေရတဲ့ ပညာရေး အသိမိတ်ဆွေတွေ ဆရာတွေ အကြောင်း ဖောက်သည် ချပါဦး။

နိုင်ငံခြားကတော့ ဒီကျောင်းကို ဆရာသန်းထွန်း၊ ဆရာလှဘေနဲ့ သူ့တပည့်တွေကျောင်းဆိုပီး လျှောက်ခဲ့တာ။ အန်ကယ် ဦးသော်ကောင်း၊ ဦးသက်ထွန်း၊ မမ မေရီကယ်လ်ဟန်နဲ့ တပည့်တယောက်ကလဲ ကျောင်းလျှောက်ရာ ထောက်ခံစာ ပေးရာကူကြတယ်။

ကျောင်းမှာ မြန်မာသမိုင်းဆရာ မိုက်ကယ်ချာနီ ရှိနေတာလဲ စာသင်ရာ ကျမ်းပြုရာမှာ အများကြီး အဆင်ပြေတယ်။ ဆရာချာနီဟာ မန္တလေးက (ခု မြန်မာသမိုင်းအဖွဲ့ဒုဥက္ကဋ္ဌ) ဆရာဦးတိုးလှနဲ့ တဆရာထဲ ထွက်မို့ အာစရိဝံသလဲ နီးစပ်တယ်။ ဒီမှာက စာသင်တယ်ဆိုတာ စာဖတ်ရတာပါပဲ။ သူတို့ စဉ်းစားပုံ စဉ်းစားနည်းရအောင် ကျင့်ပေးတာပါပဲ။ မြန်မာသမိုင်းရေးပုံက အချက်အလက် စုံအောင် ဦးစားပေးပေမယ့် ဒီမှာက ခိုင်မာအောင် ရှေးပညာရှိတွေနဲ့ ခြားတဲ့ အမြင်သစ်တခု ထွက်လာအောင် သတ္တိမွေးခိုင်းတာပါပဲ။ ဘက်လိုက်မှု ကင်းတဲ့ ကျိုးကြောင်းညီညွတ်ပညာဆန်တဲ့ ချဉ်းကပ်မှုကိုပဲ လက်ခံကြတယ်။

ဒီလို ပြောရဲဆိုရဲတဲ့သူများမှ ပညာကို မသေမချင်း မောင်ပိုင်စီးမယ့် ပညာ့ဘိုးအေကြီးတွေ လျော့သွားပီး ပညာတိုးတက်မှာပေါ့။ ဆရာကြီးဖေမောင်တင်လိုလားတဲ့ တပည့်က ဆရာထက်သာတာမျိုးဖြစ်မှာပေါ့။

ဗမာပြည်မှာ စာဖတ်ကျင့်မရှိဘဲ နိုင်ငံခြား ကျောင်းတက်ရသူတွေ စာများလို့ ညည်းကြတာ ကြားဘူးမှာပဲ။ ကျနော်ဆိုတဲ့ အညာသားလဲ အင်္ဂလိပ်စာ တယ်မသွားလှတော့ ကြိုးစားဖတ်၊ သဘောကို ငုံမိအောင်ကြည့်၊ စာမေးပွဲမှာ ပညာရပ်လို ငြင်းချက်ထုတ်တတ်အောင် အရေးကျင့်၊ သူငယ်ချင်းများနဲ့ အင်္ဂလိပ်ဘုံဆိုင်မှာ ပိဋကတ်တိုက်မှာ ကာဖီရှပ်မှာ လေပန်းရင်း စာအကြောင်း ပြောတာမျိုး၊ ဒီလိုနဲ့ပဲ ကူးဖြတ်ခဲ့တယ်။ ပညာရပ်စာတမ်းဆိုတာမျိုးကလဲ မြန်မာပြည်မှာ မရေးလေ့တော့ အစပိုင်းတော့ အထာမကျဘူးပေါ့။

ရှေးဆရာများရေးတာတွေ ဖတ်မှတ်ပီး စုတုပြုရတာပဲ။ လန်ဒန်ကျောင်း ပိဋကတ်တိုက်က စုံပါတယ်။ ဗမာပြည်မှာ မတွေ့ဘူးတဲ့ဗမာစာအုပ်မျိုးတောင် တွေ့ရတယ်။ အင်္ဂလိပ်လို အထောက်အထားကတော့ ပိုစုံတာပေါ့။ ဗြိတိသျှပိဋကတ်တိုက်ကြီးရှိတာကလဲ မြန်မာမှုလေ့လာရေးမှာ အင်မတန်အားရှိတယ်။ အင်တာနက်က ရတဲ့ အထောက်အထားလဲ စိတ်ချရင် သုံးတာပဲ။ ပညာရေး သုစရိတ ရပ်ဝန်းကတော့ မြန်မာသမိုင်း၊ နိုင်ငံရေး၊ စာနယ်ဇင်း၊ ဂီတ၊ လူမှုဓလေ့ လေ့လာသူမည်သူမဆိုနဲ့ နှီးနှောဖလှယ် ပါတယ်။ ကူတန်တာလဲ ကူပါတယ်။ အကူအညီတောင်းသင့်လဲ တောင်းတာပါပဲ။

ကိုဘိုဘိုရဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိ လုပ်ကိုင်နေတာ လေးတွေ…

လတ်တလောတော့ ပါရဂူတန်း ဆက်တက်ဖို့ပဲ စိတ်သန်ပါတယ်။ မခိုင်လုံလှတဲ့ မြန်မာခေတ်သစ် သမိုင်းကိုပါပဲ။ ကောင်းကင်ဆိုတဲ့ အွန်လိုင်းမဂ္ဂဇင်းကို ကိုင်ပေးရသလို ဧရာဝတီမှာလဲ မြန်မာ့ မျက်နှာဖုံးတွေ အကြောင်းရေးဖြစ်ပါတယ်။ နို့မို့ဖြင့် မြန်မာပြည်မှာ အက်တီးဗစ်ကလွဲရင် အားကျစရာ လူမရှိ ဖြစ်မှာ စိုးတာပါပဲ။

သတင်းဌာနတခုအတွက် ဘာသာပြန်လဲ လုပ်ပါတယ်။ နိုင်ငံရေးချိန်သီးရမ်းနေချိန်မှာ သတင်းလောကမှာ နိုင်ငံရေး သမိုင်း ဝမ်းစာမပြည့်ကြတာ တွေ့ရလွန်းလို့ နိုင်သလောက် ဝင်ကြဲလိုက်ချင်ပါသေးတယ်။

လူငယ်တွေနဲ့ တိုင်းပြည်အတွက် ပညာရေး အနာဂါတ်နဲ့ ပတ်သက်ပြီး အကြံပြုချင်တာ။

လူငယ်တွေ ကိုယ်ဝါသနာပါတာ ဘာလဲသိဖို့ အခြေခံပညာရေး ခိုင်ခိုင်မာမာရစေချင်ပါတယ်။ ပညာနဲ့ အသက်မွေးလို့ရတဲ့ လူ့အဖွဲ့အစည်းလဲ မြန်မာလောကမှာ ရှင်သန်စေချင်ပါတယ်။ တိုင်းပြည်မှာ ပြန်ဖြည့်ဆည်းစရာ ပညာတွေအများကြီးပါ။ ဒါတွေသင်ပီး စစ်ဖိနပ်အောက်မှာ နေရာမရှိတာလဲ မမြင်လိုပါ။ ပညာမှာ မြှုပ်နှံမှ တိုင်းပြည်ဟာ အနာဂတ်ရှိပါလိမ့်မယ်။ ဘိလပ်ကျောင်းတွေမှာ တရုတ်နီ ကျောင်းသားတွေ ဖွေးခနဲတွေ့ရရင် ထန်းတောထဲက နယ်စပ်က မာလာယု ကော်ဖတ်ခြံထဲက ရွှေလို့ခေါ်တဲ့ ပေါက်ဖော်ညိုတွေအတွက် စိတ်မကောင်းပါဘူး။

ကျေးဇူးတင်ပါတယ်။



4 Responses to “ဘိုဘိုလန်းစင် နှင့် အင်တာဗျူး”

  1. 1 Aung Kyaw Myo

    ပါမောက္ခ ဒေါ်သန်းရင်မာ ဆိုလို့ ကိုဘိုရေ ကျနော် ကြားဖူးတာလေး ဖောက်သည်ချအုန်းမယ်။ ခင်ဗျား သိမလားတော့မသိ၊ ကိုဦး (ဒေါက်တာအောင်ကျော်ဦး) ဆိုတာ၊ ခင်ဗျားတို့ မန္ဈလေးကပဲ။ ကျနော်တို့ ခေါင်းဆောင်ပေါ့ဗျာ။ အခုထိ မကဒတ (နပ) တာဝန်ခံ အဖြစ် လုပ်နေဆဲပါ။ ကျန်းမာရေးတော့ တယ်မကောင်းလှတော့ဘူးပေါ့၊ သူက သူရဲ့ ဆေးကျောင်း စာမေးပွဲ အတွေ့အကြုံတခုကို ကျနော်တို့ကို ပြောပြဖူးတာပါ။ ဒါက သူဆေးကျောင်းသားဘဝ (ဘယ်နှစ်ကလဲတော့ မမှတ်မိတော့ဘူး) နှုတ်ဖြေ စာမေးပွဲမှာ စာစစ်ကျတာက သူ့ဆရာမ ဒေါ်သန်းရင်မာနဲ့ ရန်ကုန်က ဆရာတယောက်တဲ့။ ရန်ကုန်က ဆရာမေးတာကို ကိုဦးက သောက်သလွဲ ရှောက်ဖြေနေတာတဲ့၊ ဒါကို ဆရာမ ဒေါ်သန်းရင်မာက တပည့်အတွက် ဆိုးရိမ်ပြီး စာပွဲအောက်ကနေ ခြေထောက်နဲ့ ကန်ကန် သတိပေးနေတယ်။ ဒါပေမဲ့ ကိုဦးကလည်း သတိမထားမိဘဲ ဆက်ဖြီးနေတာပေါ့ဗျာ။ အဲဒီတော့ ဆရာမက ပိုစိုးရိမ်ပြီး ဆက်ဆက်ကာ ဆက်ဆက်ကာ ခြေကန် သတိပေးတော့တာပေါ့။ ဒီလိုနဲ့ မေးဖြေ စာစစ်တာပြီးသွားလို့ ကိုဦးက ပြန်သွားရော ဆိုပါတော့။ အဲဒီတော့မှ အတူထိုင်စစ်နေတဲ့ ရန်ကုန်က ဆရာက ပြောသတဲ့၊ ဒီကလေး (ကိုဦး) အတွက် သိပ်စိတ်မပူပါနဲ့ ဆရာမ၊ အောင်မှာပေါ့၊ ဆရာမ တချိန်လုံးကန်နေတာက ကျနော် ခြေထောက်ပါလို့ ပြောသတဲ့။ နောက်ကျမှ ဆရာမ ဒေါ်သန်းရင်မာက နင့်ကြောင့် ငါဒီလို အရှက်ကွဲခဲ့ရတယ်ဆိုပြီး ကိုဦးကို ဆူဘူးသတဲ့။

  2. 2 zawminchit

    ဒေါက်တာ ခွန်အောင်ကျော်ဦး၊ နန်းရှေ့ ဂျီပီလုပ်ပီး အောင်သုခဆေးခန်းကို ထောင်တဲ့ ဆရာဝန်ကြီးကို ပြောတာလားဟင်

    • 3 bobolansin

      ဗျာ။ မသိဘူးဗျ ဘယ်လို သူကပါလာတာလဲး)

      • 4 bobolansin

        မဟုတ်ဘူး ကိုဇော်မင်းချစ်