ဗိုလ်ချုပ်ကို သတိရပါ

06Feb11

ဧရာဝတီမှာ ထဲ့တုန်းကရတဲ့မှတ်ချက်တွေကြည့်ပီး စင်္ကာပူက သမိုင်းပါမောက္ခတယောက်က ရိုးရိုးလူတွေအမြင်မှာ သူတို့ကိုးကွယ်တဲ့သူတွေကို နဲနဲမှ အထိမခံတာ ဖြစ်တတ်တယ်ပြောဘူးတယ်။ သိပ်ပေါက်ကွဲနေတဲ့သူတွေကို ကြည့်ပီး တော်တော်လဲ အံ့သြသွားရှာတယ်။ ခု အီဂျစ်မှာ မျိုးချစ်ဖခင်ကြီး နေညိုမှာ ပြေမငိုဘူးဖြစ်နေတော့ နိုင်ငံရေးယဉ်ကျေးမှုဆိုတာ ခေတ်စနစ် လူ့အဖွဲ့အစည်းပေါ် လိုက်ပြောင်းတာပဲ၊ ဗမာတွေလဲ လွမ်းချင်းဘုန်းတော်ဘွဲ့တွေရပ်ပီး ကိုယ့်အားကိုယ်ကိုးရုန်းတဲ့အကျင့်လေး ပြန်မွေးဘို့တော်ပီလို့ပဲ တွေးမိပါတယ်။ ဗိုလ်ချုပ် ၉၆ နှစ်ပြေ့၊ ဒေါ်စုအပြင်ထွက်လာတုန်း ဗမာပြည်မှာ စစ်အရေခွံတခါလဲတဲ့အမှတ်တရပေါ့။

(၁)

“ဖေဖော်ဝါရီ ၁၃ဟာ ဗိုလ်ချုပ်မွေးနေ့ပါ..” ဆိုသည့် ဘယ်သူရေးမှန်းမသိသော ကဗျာကို တတိယတန်းတွင် ကျက်ခဲ့ရသော်လဲ ထိုနေ့သည် ကလေးများနေ့ဟု ထူးတထွေ လုပ်သည်ကို ငယ်စဉ်တောင်ကျေးက ဘာမှ မတွေ့ဖူး မကြားဖူးခဲ့ရိုးအမှန်ပါ။ အရာရာတွင် အကြီးအမှူးကို ဦးညွတ်ရသည့် လူကြီးဝါဒတိုင်းပြည်တွင် ကလေးများ မိန်းမများ တိုင်းရင်းသားများ နိုင်ငံခြားသားစသည့် ဝေါဟာရများမှာ အလုပ်သမား လယ်သမားနှင့် တပ်မတော်စသည့် ဆိုရှယ်လစ်ဒီမိုကရေစီ၏ အဓိက မဏ္ဍိုင်များလောက် ဂုဏ်မမြောက်သလို အောက်မေ့ခဲ့မိသည်။ ကလေးတွေကို ဗိုလ်ချုပ်လို အာဇာနည်သူရဲကောင်းတွေကို အားကျတတ်စေရန် ထိုနေ့ကို ကလေးများနေ့ဟု ရွေးချယ်ခဲ့သော်လဲ အာဇာနည်ဆိုလျှင် ဒုက္ခနိဂုံးနှင့်သာ အဆုံးသတ်သည့် တိုင်းပြည်ကြမ္မာက ကလေးတွေကို အကြောက်တရား ရိုက်သွင်းပေးနေသလို ရှိလှသည်။

သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း ဦးအောင်ဆန်း သုံးမည်ရ ပုဂ္ဂိုလ်ကြီးကို မျိုးဆက်သစ်တွေ မေ့ကုန်ပီဟု နိုင်ငံရေးစိတ်သန်သူများက မချင့်မရဲဖြစ်တတ်ကြသည်။ အမှန်တော့ ဗိုလ်ချုပ်ကို မေ့ကြသည်မှာ ယခုကာလမှမဟုတ်၊ လွတ်လပ်ရေးရစ နိုင်ငံရေးခေတ်ကထဲကဟု ဆိုရလိမ့်မည်။ ဗိုလ်ချုပ်… ဗိုလ်ချုပ်… ဒေါ်စု… ဒေါ်စု.. ဆိုသည့် အသံတွေကို ကြားရတိုင်း ၁၉၆၀ကျော် ရှုမဝမဂ္ဂဇင်းဟောင်းတအုပ်ထဲက သခင်ဘသောင်းလက်ရာ တပိုင်းပြဇာတ်ကလေးတပုဒ်ကို သတိရမိပီး ပြုံးရတတ်သည်။ စားပွဲပေါ်တွင် “ဗိုလ်ချုပ်ကို သတိရပါ” ဆိုသည့် စာကိုတွေ့ပီး လုပ်ကြံခံရမှာစိုး၍ အကြောက်လွန်သွားသည့် ဝန်ကြီးတယောက်အကြောင်းဖြစ်ပါသည်။ တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သဖြင့် သခင်တို့ကို ဖန်ဆင်းသည့် ဘုရားသခင်ဟု ဆရာကြီးမှိုင်းက ကျီစယ်ခဲ့သည့် သခင်ဘသောင်းမှာ လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီပီပီ နု၊ အောင်ဆန်း၊ စိုး၊ သန်းထွန်းစသည့် နဂါးနီစာပေကလပ်၏ ပင်မဝိုင်းတော်သားများနှင့် တယ်ပီး အလွမ်းမသင့်လှပါ။ ထို့ကြောင့် တိုင်းပြည်ဖခင် အာဇာနည် အဖြစ် ဖဆပလ ပထစ စသည့် နိုင်ငံရေးသမားများနှင့် စစ်တပ်ကပါ ပလ္လင်ဆောက်ကာ ဂုဏ်မြောက်ပီး နိုင်ငံရေးအမြတ်ထုတ်ကြသည်ကို သရော်လိုဟန်ရှိပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်က တိုင်းပြည်အတွက် ဘာတွေ ချန်ခဲ့ပီး မြန်မာပြည်သူတွေက သူ့ကိုဘယ်လိုအမှတ်ရကြသလဲဆိုသည်ကို သူအနှစ်တရာမပြည့်ခင် ခုကထဲက ဝေဖန်သောစိတ်ဖြင့် ကြိုစဉ်းစားသင့်လှသည်။ သို့မဟုတ်ပါက မြန်မာထုံးစံ ချစ်လျှင်အကျိုး မြတ်နိုးသဒ္ဓါဆိုသလို အလွန်အကျွံချစ်ပြနေကြသဖြင့် နတ်ကိုးကွယ်သလို မျက်စိမှိတ်ယုံကြည်မှုမျိုးပေါ်လာသလို တဖက်တွင်လဲ စတာလင်ပုံစံ ဝါဒဖြန့်မှုမျိုးကို အယုံအကြည်မဲ့ပီး စိတ်ဝင်စားမှု ကုန်ခမ်းသွားသည့်အစွန်းက ရှိနေသည်။

(၂)

ဗိုလ်ချုပ်ထားခဲ့သည့်အမွေထဲတွင် အခိုင်မာဆုံးသက်သေက ပြည်ထောင်စုမြန်မာနိုင်ငံ (ဝါ) Burma ဆိုသည့် တိုင်းပြည်ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားနှင့် စစ်ဗိုလ်ဆိုသည့် ကမ္ဘာမကြေ ငါမကြေ နိုင်ငံရေးသမား နှစ်မျိုးကိုလဲ ထားရစ်ခဲ့ပါသေးသည်။ ဗိုလ်ချုပ်သမီး စုစုခေါ် ဒေါ်အောင်ဆန်းစုကြည်မှာ တွမ်နှင့်ဂျယ်ရီရန်ပွဲကို ဝင်ဖျဉ်ရင်း (ဝါ) လှေကွဲကြီးကိုဆယ်ရင်းနစ်သည့် မေခလာဖြစ်နေတော့သည်။

မဏ္ဍလအုပ်ချုပ်ရေးခေါ် မင်းနေပြည်မှ ဝေးရာတွင် အာဏာစက်လျော့သွားတတ်သည့် ပဒေသရာဇ်တိုင်းပြည်တခုနှင့် နီးပါးဝန်းကျင်က တောင်ပေါ်လူမျိုးစုတို့ကို စီးပွားရေးအမြတ်အတွက် အကြောင်းရှာ ကျွန်ပြုရာတွင် ဘားမားခေါ် အိန္ဒိယနှင့် ဗြိတိသျှအင်ပါယာဝင် ဆန်နှင့်သစ်တင်ပို့ရာ ကိုလိုနီတခုပေါ်လာပါသည်။ ၄င်းကိုလဲ တိုက်ရိုက်အုပ်ချုပ်ရေးကျင့်သုံးရာ ပြည်မနှင့် စော်ဘွားဒူးဝါးတောင်အုပ်တို့မှတဆင့် အခွန်ကောက်စရာ နယ်ခြားဒေသဟု ခွဲခြားထားလိုက်ရာ နှစ်ခြောက်ဆယ်ကျော် ထိုအကွဲကြီးကို လပိုင်းအတွင်း ရအောင်စေ့စပ်ပီး ပြည်ထောင်စုအုပ်ချုပ်ရေးကို ထူထောင်ရန် ငန်းသတ်ပေးခဲ့သူကို ပြည်ထောင်စုဗိသုကာ ခေါ်သည်ထက် ပန္နက်ချသူဟုသာ သုံးစွဲသင့်ပါသည်။ အကြောင်းမတော့ ထိုဘလူးပရင့်ကောင်းသည့် ပြည်ထောင်စုတိုက်အိမ်ကြီးမှာ မဆောက်တတ်သည့် တောပန်းရံတို့လက်ထဲဝယ် စစ်ဘားတိုက်ကြီးဖြစ်သွားခဲ့ပါ၏။ သို့တစေ အမျိုးသားရေးမာန်တက်နေကြသည့် စစ်ပီးစ လက်နက်အလျှံပယ်နှင့် လူမျိုးအစုံကို သူ့သြဇာစေတနာနှင့် စကားနဲရန်စဲ လွတ်လပ်ရေးမြန်မြန်နှင့် အတူတူရကြအောင် စည်းရုံးသွားခဲ့သည့်ကျေးဇူးကား ကြီးပါသည်။

ဦးအောင်ဆန်း၏ နိုင်ငံရေးကဏ္ဍတွင် ၁၉၃၆သပိတ်မှောက်ခေါင်းဆောင်၊ ကောလိပ်ကျောင်းထွက် ဒို့ဗမာအစည်းအရုံးခေါင်းဆောင်ဆိုသည့် ဂုဏ်ပုဒ်နှင့် ရဲဘော်သုံးကျိပ်ခေါင်းဆောင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် ဝိသေသနှစ်ခုက လက်လက်ပနေ၏။ ဥပဒေတွင်းတိုက်ပွဲနှင့် လက်နက်ကို အချိန်အခါအလိုက် အသုံးချခဲ့သော်လဲ သူ့ကို ဆက်ခံသည့် နိုင်ငံရေးမျိုးဆက်များလက်ထက်တွင် ဤအင်အားစုနှစ်ခုမှာ ပတ်တုတ်မရအောင် အကွဲကြီးကွဲပီး လွဲချက်ကနာလှပေသည်။ ပြည်တွင်းစစ်ဖြစ်စ တပ်မတော်မချဲ့ထွင်ခင်ရသေးခင်က စစ်ဘက်နှင့် အာဏာရနိုင်ငံရေးလောကမှာ တပူးတွဲတွဲရှိလှသော်လဲ နောက် ဆယ်နှစ်အတွင်းမှာပင် ထိုနိုင်ငံရေးသမားအများစု ထောင်ထဲရောက်သွားခဲ့သည်။ ဆဲဗင်းဂျူလိုင်ခေတ်မှစ၍ အဆက်ဆက်သော ကျောင်းသားမျိုးဆက်များမှာ တပ်မတော်၏ တိုင်းပြည်သစ်ကို အဖျက်အမှောင့်လုပ်မည့် နိုင်ငံရေးအလှေးအမွှားများအဖြစ် အငြိုးကြီးနှင့် ချေမှုန်းခံရလေသည်။ ကွန်မြူနစ်တစ္ဆေနှင့် တရုတ်နီခြောက်အိပ်မက်၊ ပီးတော့ နယ်ချဲ့လက်သစ်အန္တရာယ်စသဖြင့် ခေါင်းတပ်စရာ အကြောင်းပြများက ကောင်းလှသည် မဟုတ်ပါလား။ ဖိနှိပ်သူရော အဖိနှိပ်ခံကပါ ဗိုလ်ချုပ်အမွေခံ မြန်မာပြည်ကို ကယ်တင်မည့် မျိုးချစ်များအဖြစ် ကိုယ့်ကိုယ်ကိုယ်ရှုမြင် သိဒ္ဓိတင်ကာ အပြန်အလှန် အခဲမကျေဘဲ လောင်စာရန်ငြိုးမီးဆက်ကာ ပျိုးကြတော့သည်။ တဖန် ၈၈ အရေးအခင်းတွင် တပ်မတော်ဖခင်ကြီး၏သား ဗိုလ်ချုပ်ကြီးများ၏ အဓမ္မအင်အားသုံးဖိနှိပ်မှုကို ဖခင်ကြီးသမီးက ဝေဖန်ရှုတ်ချကာ လက်နက်မဲ့ ကျောင်းသားပြည်သူများဘက်က ရပ်တည်သည့်အခါ အနှစ် လေးဆယ်ကြာ ဖန်တီးထားရသည့် ” ဆိုရှယ်လစ်မုခ်ဦးဆီသို့ချီနေသော အောင်ဆန်းတိုင်းပြည်” ဆိုသည့် ဝါဒဖြန့် ပူစီပေါင်းများ တဖောင်းဖောင်း ပေါက်ကွဲပီး လူမျိုးရေးမုန်းတီးမှုပေါ် အခြေပြုသည့် စစ်ဝါဒီနိုင်ငံတော်ပုံရိပ်က မလှမပပေါ်လာခဲ့သည်။

စင်စစ် ဗိုလ်ချုပ်၏ ဆိုရှယ်လစ်လမ်းစဉ်ကို ချီတက်မည်ဟု ဖဆပလရော မဆလပါ ကြွေးကြော်ခဲ့သော်ငြား တဖွဲ့မှ အပြောနှင့်အလုပ်မညီလှပါ။ တတိယကမ္ဘာထုံးစံ မြန်မာအစိုးရအဆက်ဆက်မှာ ဒိုင်အာခီမှသည် နေပြည်တော်ခေတ်ထိ အကျင့်ပျက်ခြစား ကိုယ်ကျိုးငဲ့ လူယုံမွေးသည့် ပဒေသရာဇ်ပုံစံမှ မထွက်နိုင်သေး။ ပြည်တွင်းစစ်ဘက် မဲနေရသဖြင့် တိုင်းပြည်မဖွံ့ဖြိုးနိုင်ခြင်းအတွက် လူထုထောက်ခံမှုမလျော့စေရေးအလို့ငှာ ဗိုလ်ချုပ်လမ်းစဉ်ကို လိုက်နာနေပါသည်ဟု တွင်တွင်ကြီးပြောပေး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ပျဉ်းမနားလမ်းတနေရာတွင် ရိုက်ထားသောပုံကို ထုတ်ထုတ်ပြပေးရသည်ကို မဆလခေတ်မီသူများ မှတ်မိပါလိမ့်မည်။ တခါတခါလဲ အနှစ် ၆၀ကျော် နိုင်ငံရေးမတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ လူမှုစီးပွားနိမ့်ကျမှုအစပယောဂအဖြစ် ဘယ်အခါမှ မညီခဲ့သော လက်ဝဲအုပ်စုများနှင့်တကွ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတည်ပြုဖို့ လက်ညိုးထောင်တတ်သူပဲလိုချင်တယ်ဆိုပီး အသက် ၂၀ကျော် စစ်ပြန် ရဲဘော်အမတ်ကလေးများ (အများစု တောခိုသွား) ကို ဆွဲသွင်းခဲ့သော ဗိုလ်ချုပ်ဟောင်း ဦးအောင်ဆန်းကိုပဲ အပြစ်ဆိုရမလား၊ သူနှင့်လက်တွဲလုပ်ဖို့ ဆန္ဒမရှိကြသည့် ကိုလိုနီသခင်ကြီးများကို သံယောဇဉ်မပြတ်နိုင်သော စစ်မတိုင်ခင်က အာဏာရ ဘိလပ်ပြန် လက်ျာပညာတတ်နိုင်ငံရေးသမားများကိုပဲ လက်ညှိုးထိုးရမည်လား မသိတော့ပါ။

အနိုင်နိုင်ငံမှ သူနှင့်ခေတ်ပြိုင် ဆိုရှယ်လစ် ခေါင်းဆောင်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြည့်ပီး သူသာမကျဆုံးခဲ့ပါက ယခုလောက် ဂန္ထဝင်တွင်ပါ့မလားဟု သံသယပွားမိပြန်သေးသည်။ ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းမှာ သူ့လောက် အရည်အချင်းမရှိ ပေါ်ပြူလာမဖြစ်ခဲ့သော်ငြား ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင်လဲ စစ်အေးအရှိန်တက်ချိန် ဝဲယာအင်အားကြီးများ ဝိုင်းဘေးတီးပေးကြသော ကွန်မြူနစ်နှင့် လူမျိုးစုလက်နက်ကိုင်လှုပ်ရှားမှုတွေ ပေါ်မလာအောင် နိုင်ငံရေးနည်းနှင့် တားဆီးနိုင်ပါမည်လား။ သူ့လိုပင် အမျိုးသားခေါင်းဆောင်ဖြစ်သော အင်ဒိုနီးရှားဖခင် ဆိုကာနိုမှာ ကွန်မြူနစ်နှင့် စစ်တပ်ဆိုသည့် ဗာလီနှင့်သုကျိပ်တို့အကြား (တရုတ်နီနှင့် အမေရိကန်သြဇာခံအင်အားစုများအလယ်) ဟန်ချက်ပျက်ပီး နန်းကျခဲ့ရသည်။ စစ်ကြီးတွင်းက နာမည်ကျော်ပြောက်ကျားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမာရှယ်တီးတိုးမရှိသည့်နောက် မြန်မာစစ်တပ်၏ စံနမူ ယူဂိုတို့ပြည် မည်သို့ပြိုလဲခဲ့သည်ကို ဋီကာချဲ့စရာမလိုတော့။ အာရပ်ဆိုရှယ်လစ်ဝါဒီနာဆာ၏ အီဂျစ်ပြည်တွင်လဲ ၁၉၆၇က ထုတ်ထားသည့် အရေးပေါ်ဥပဒေကို ဆက်ကာဆက်ကာ သက်တမ်းတိုး နေဆဲ၊ သက်တော်ရှည်မူဘာရက်၏ ရွေးကောက်ခံအာဏာရှင်စံနစ်က သူ့သားလက် အာဏာလွှဲမသွားအောင် တိုက်ပွဲဝင်နေရဆဲပါတကား။ ဘက်မလိုက်ဆိုရှယ်လစ်ဗိုလ်ချုပ်ကြီးများသည် ရင့်ကျက်သော နိုင်ငံရေးယဉ်ကျေးမှုဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးတို့တွင် အမေရိကန်ဒေါ်လာတွေ ဖောဖောသုံးနိုင်သော ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့က အာဏာရှင်များလောက် အစွမ်းအစမရှိဟု ပြောလျှင် ခံရမည်မှာ မလွဲ။

(၃)

မြန်မာတို့၏ တော်လှန်ရေးအသွင်ဆောင်သည့် အမျိုးသားလှုပ်ရှားမှု လက္ခဏာမှာ ကိုလိုနီခေတ်မှ ယနေ့တိုင်အောင် အဓွန့်ရှည်ခဲ့ပီး အုပ်ချုပ်သူလူတန်းစားနှင့် ပြည်သူလူထုမှာ ဘယ်အခါမှ စေ့စပ်ပြေငြိမ်းမှုကို မရခဲ့သေးပါ။ အမှန်တော့ စစ်ဖြစ်စကနေ လွတ်လပ်ရေးရခါနီး ၆နှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ အောင်မြင်သောနိုင်ငံရေးဦးဆောင်မှုကဏ္ဍကို လွတ်လပ်ရေးအလွန် ပြိုကွဲကျဆုံးမှုများ၏ လက်သည် အစိုးရအဆက်ဆက်နှင့် ယှဉ်ပီး လူထုက လွမ်းမပြေဖြစ်ကြသည်၊ ထို့နောက် အနှစ် ၂၀ ကြန့်ကြာနေသော ဗိုလ်ချုပ်သမီး၏ နိုင်ငံရေးတွင် စီမံပိုင်ခွင့်ကို မင်းလောင်းမျှော်မျှော်ကြသည်ဟု အောက်မေ့ပါသည်။ ဤအညှာကို နောကျေသည့် အတိုက်အခံရေနည်းငါးများက ဗိုလ်ချုပ်နှင့်ဒေါ်စု အရေးတော်ပုံနိပါတ်စုံကို အခါခါကျော့ပြရုံသာပြပီး လူထုနှင့် တိုက်ရိုက်သက်ဆိုင်သော နိုင်ငံရေးလမ်းကြောင်းကို ချမပြနိုင်သည့်အခါမှစပီး “ ဗိုလ်ချုပ်ကိုတော့ မေ့ပါပီ ” ဆိုသောအမြင်များ ပေါ်လာသည်ဟု မြင်ပါ၏။ တကယ်တမ်းသာဖြင့် ဘားမားရွှေပြည်တွင် လူမွဲတွေ ထမင်းငတ်နေသေးသရွေ့ ညီမျှလွတ်လပ်သော နိုင်ငံရေး စီးပွားရေး စပေ့စ်ဆိုသည်များ လူတိုင်းအတွက် ပေါ်မလာသေးသရွေ့ နယ်ပယ်စုံတွင် ဗိုလ်ချုပ်လို လူမျိုးတွေ များများကြီးထပ်ထွက်လာဖို့ ပြည်သူတွေက ဆုတောင်းနေကြရပါဦးမည်။ ဗိုလ်ချုပ်၏ သားဦး တပ်မတော်ကလဲ တပ်နှင့်နိုင်ငံရေးခွဲခြား
ခဲ့သည့် ဗိုလ်ချုပ်စံနမူကို လိုက်နာနိုင်ပီး ဗိုလ်ချုပ်ကိုယ်ပွား လူငယ်မျိုးဆက်များကလဲ နိုင်ငံအရေး ကိုယ့်အရေးမှတ်သည့် ပညာတတ်လူ့အဖိုးတန်များအဖြစ် တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ပေးခြင်းဖြင့် ဗိုလ်ချုပ်ကို တကယ်ချစ်ကြောင်း ပြနိုင်ကြပါစေ။



No Responses Yet to “ဗိုလ်ချုပ်ကို သတိရပါ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: