ဆူဟာတို (၀ါ) အာရှလူကြမ်းကြီး တဦး

08Feb11

မိုးမခက ရွှေဒေါင်းဖြူ ဒါလဲ မသာဖတ်စာပဲ။ ကိုယ်ဘယ်လမ်းသွားမလဲ သိချင်ရင် သူများသွားခဲ့တာ ပြန်ဆင်ခြင်ကြပေါ့။

ဖေဖော်ဝါရီ ၂၊ ၂၀၀၈

စစ်ပြီးတဲ့နောက် အာရှမှာ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရလာကြတဲ့အထဲမှာ စစ်မဖြစ်ခင်က ဒတ်ခ်ျအင်းဒီးစ်လို့ သိတဲ့ အင်ဒိုနီးရှားလည်း ပါတယ်။ ဂျားဗား၊ ဘော်နီယို၊ စူုမတြား၊ စူလာဝေစီ၊ ဘာလီ စသည့် ကျွန်းပေါင်း ၃၀၀၀ ကျော် ပထမဦးဆုံး စုစည်းမိခြင်းပဲ။ ယဉ်ကျေးမှု အင်မတန်မြင့်တဲ့ ဂျာဗားလို ပဒေသရာဇ်လူ့အဖွဲ့အစည်းကနေ ဘော်နီယိုက ကမ္ဘာဦး တိုင်းသားတွေ ထိ ပါဝင်တဲ့ လူမျိုးပေါင်းစုံဟာ ဆူကာနို၊ ဟာတာ စတဲ့ အမျိုးသားရေးဝါဒီတွေရဲ့ စွမ်းဆောင်မှုနဲ့ ပထမဦးဆုံး အမျိုးသားနိုင်ငံအဆင့် တက်လှမ်းခဲ့ကြပါတယ်။

ဒတ်ခ်ျနယ်ချဲ့ကို ခုခံစစ် ၄ နှစ်ကြာ ဆင်နွဲပြီး ၁၉၄၉ မှာ လွတ်လပ်ခဲ့ပေမယ့် ခွဲထွက်ရေးလှုပ်ရှားမှု၊ ကွန်မြူနစ်သူပုန်ထမှု စတဲ့ ပြည်တွင်း မငြိမ်သက်မှုတွေအပြင်၊ မြန်မာပြည်က ဦးနုလို စိတ်နုတဲ့ ဆိုကာနိုရဲ့ “ဒီမိုကရေစီ လက်တလုံးခြားလုပ်မှု” တွေဟာ အင်ဒိုနီးရှား နိုင်ငံရေး မုန်တိုင်းပြင်းထန်စေခဲ့ပါတယ်။ ၁၉၅၇ မှာ ဆိုကာနိုရဲ့ ဦးဆောင်ဒီမိုကရေစီစနစ် (အမှန်ကတော့ အာဏာရှင်စနစ် ပါပဲ) အောက်မှာ စစ်တပ်နဲ့ ကွန်မြုနစ်ပါတီကို ၂ ဖက်နင်းပြီး နိုင်ငံရေးကစားတဲ့ ဆိုကာနိုကြောင့် အမေရိကန်သြဇာလွှမ်းတဲ့ စစ်တပ်နဲ့ ကွန်မြုနစ် ပဋိပက္ခပိုကြီးလာပါတယ်။

အရပ်ဖက်စီးပွားရေးကို လက်ဝါးကြီးအုပ်ခွင့်ရတဲ့ စစ်တပ်ရဲ့ အစွယ်တွေ ရှည်လာပါတယ်။ ဆိုကာနိုရဲ့ ရန်လိုတဲ့ အင်ဒိုနိးရှားနယ်ချဲ့ဝါဒကြောင့် မလေးရှားတို့နဲ့ ရန်စပွားရပြီး တရုတ်နီသြဇာလည်း ကြီးလာပါတယ်။ နောက်ဆုံး အားလုံးသိတဲ့အတိုင်း ၁၉၆၅ – ၁၉၆၆ ကသောင်းကနင်းခေတ်ကြီးထဲမှာ ကွန်မြုနစ်တွေ၊ တရုတ်တွေ အနည်းဆုံး ၅ သိန်းလောက် အသတ်ခံရတဲ့ စစ်အာဏာသိမ်းမှုနဲ့ ဆူဟာတိုရဲ့ စနစ်သစ် (New Order) စစ်လက်ဝါးကြီးအုပ် အာဏာရှင်ခေတ်ကြီး ပေါ်လာခဲ့ပါတော့တယ်။

တိုင်းပြည်ကို ပြိုင်ဘက်မရှိ နှစ် ၃၀ ကျော် အုပ်စီးပြီး ”သားတူညီ” များနဲ့တကွ ဖော်တသင်းတို့ စုရုံးပြီး ”၀ါးစေ” လုပ်ကြတဲ့ (ဗိုလ်သန်းရွှေတို့ အင်မတန် ၀မ်းပါးတဲ့) အမေရိကန် အထောက်ပံ့ခံ ငွေအလုံးအရင်းကြီးနဲ့ ပြည်တော်သာခေတ်ကြီးဟာ အဆုံးမတော့ အတွင်းက လှိုက်ပြီး ပိုးဖောက်ထားတဲ့ အူနီသီးလို အပြင်ပန်း ဟန်ပေမယ့် ၁၉၉၇ အာရှစီးပွားရေးလှိုင်းအပုတ်မှာ မခံနိုင်ဘဲ ချုပ်ငြိမ်းခဲ့ရပါတယ်။

အရံတွေကို ချွေရလွန်းတော့လည်း စစ်တပ်ကိုတောင် ဦးစားမပေးနိုင်တော့တဲ့ ဆူဟာတိုကို ပြည်သူ့အုံကြွမှုကြီးကြားမှာ စစ်တပ်က ကာကွယ်မပေးတော့ပါဘူး။ ရွှေနန်းက ဆင်းခဲ့ရပေမယ့် အကျသာတဲ့ နေရာမှာတော့ ဗိုလ်နေ၀င်းထက် သာပါတယ်။ “ဂိုလ်ကာ” ပါတီဟာလည်း “မဆလ” လို နတ်စိမ်းဘ၀ မရောက်ခဲ့ဘဲ နိုင်ငံရေးမှာ ဆက်သြဇာရှိတုန်း၊ နိုင်ငံရေးနဲ့ စစ်တပ်မှာလည်း သူ့အရှိန်ကျန်နေတုန်းမို့၊ တရားစွဲခံရတာတောင် ကျန်းမာရေး အကြောင်းပြပြီး လွတ်ငြိမ်းခွင့်ရ၊ ထောင်ကျတဲ့သားကိုပါ ပြန်ထုတ်နိုင်ခဲ့ပါတယ်။ (မြန်မာပြည်မှာတော့ စီးပွားရေးလာလုပ်တဲ့ သားတယောက်နဲ့ ဗိုလ်သန်းရွှေသမီးတို့ “ကွိကျိ ကွကျိ” ကြားလိုက်ပါသေးတယ်။)

သူသေခါနီးတောင် သမ္မတ ဗိုလ်ချုပ်ကြီးဟောင်းက ဂျာကာတာကို အရောက် ပြန်လာရတယ်။ မြန်မာပြည်က so called ၀န်ကြီးချုပ် (ဆိုသူ) ဗိုလ်သိန်းစိန် ခရီးစဉ်တောင် cancel (ရွှေ့ဆိုင်း) ခံရပါတယ်။ ဒီက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ မသာသွားရှုကြအုံးမလား မသိပါဘူး။ ဘနဇီယာ သေတုန်းကတောင် ၀မ်းမနည်းတဲ့ ဗိုလ်သန်းရွှေက ၀မ်းနည်းကြောင်းပို့မှာတော့ သေချာတယ်။

အရှေ့တောင်အာရှမှာ သူနဲ့ခေတ်ပြိုင်ထဲက ဆိုလို့ သီဟာနု (ကမ္ဗောဒီယား) ပဲ ရှိပါတော့တယ်။ လီကွမ်ယုနဲ့ ဘူမိဘောလ်ဒ်တို့က နည်းနည်း ငယ်ကြပါတယ်။ သူနည်းနဲ့သူ အာဏာရှင်ဆန်ကြတဲ့ ဒီခေါင်းဆောင်တွေနဲ့ သူနဲ့ ကွာတာကတော့ လူအကြည်ညိုခံရမှုနဲ့ နိုင်ငံရေးသိက္ခာပါပဲ။ ခေတ်ပျက်ကြီးထဲမှာ တိုင်းပြည်ကို သစ္စာမဖောက်ဘဲ နိုင်သလောက် ကယ်တင်ခဲ့တဲ့ သီဟာနု၊ တိုးတက်အောင် ခေါင်းဆောင်ခဲ့တဲ့ ကျန်တဲ့ ၂ ယောက်နဲ့ ယှဉ်ရင် ဆူဟာတိုဟာ “သဘာ” ရှိပေမယ့် ရာဇ၀င်ထဲမှာ လူကောင်းစာရင်းတော့ မတိုးနိုင်ခဲ့ပါဘူး။

အလားတူပဲ သူနဲ့ တချိန်တည်း ၆၀ ပြည့်လွန်နှစ်များမှာ တက်လာကြတဲ့ အရှေ့တောင်အာရှ အာဏာရှင်ဗိုလ်ချုပ်ကြီးတွေကို မြန်မာ၊ ထိုင်း၊ ဗီယက်နမ် … ဘယ်တိုင်းပြည်မှာမှ တမ်းတမယ့်သူ မရှိကြတော့ပါဘူး။ ဗိုလ်နေ၀င်းက တိုင်းပြည်ကို တံခါးပိတ်ပြီး ရောင်းစားတယ်။ အမေရိကန်အထောက်ပံ့ခံ လက်ယာအာဏာရှင်တွေထဲမှာ ထိုင်းဗိုလ်ချုပ်တွေက တိုင်းပြည်ကို ရောင်းလည်း ရောင်း၊ ပြည်တွင်းမှာလည်း စီးပွားရေးတိုးတက်အောင် စွမ်းဆောင်နိုင်ပြီး၊ ဆူဟာတိုကတော့ ငတ်ကြီးကျလွန်းလို့ နာမည်တောင် မကျန်ရစ်ခဲ့ပါဘူး။

တိုင်းပြည်ကို ခေါင်းဆောင်ကြမယ့် နိုင်ငံရေးသမားတွေအဖို့ “ဆူဟာတို ဇာတ်ထုတ်” ဟာ လက်ချာကောင်းတခုပါပဲ။ စစ်အာဏာရှင်စနစ်ကို နိုင်ငံရေးနည်းနဲ့ သက်ဆိုးရှည်အောင်၊ တိုင်းပြည်တည်ငြိမ်ပြီး စီးပွားရေးအတော်အသင့် တက်လာအောင် စွမ်းဆောင်နိုင်ပေမယ့် အာဏာကို ပဒေသရာဇ်ပုံစံ ဝေစားမျှစား သစ္စာခံတဲ့စနစ်က အကျင့်ပျက်၊ ခြစား ဖိနှိပ်တဲ့ အုပ်ချုပ်ရေးသာ အဖတ်တင်ကျန်ခဲ့ပါတယ်။

ဒီမိုကရေစီ အုတ်မြစ် တိမ်တိမ်လေး တူးမိတဲ့ ပဒေသရာဇ်ဉာဉ် မပျောက်သေးတဲ့ တတိယကမ္ဘာနိုင်ငံတွေအဖို့ တည်ငြိမ် သန့်ရှင်း ညီမျှတဲ့ နိုင်ငံတော်တွေ ထူထောင်ဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး နေတုန်းပါပဲ။

“ ဆူဟာတိုကြီးလည်း အနိစ္စ၊ သေခါနီးမှ အလည်သွားတဲ့ ဗိုလ်နေ၀င်းလည်း အနိစ္စ၊ နောက်လာတော့မယ့် ဗိုလ်သန်းရွှေလည်း အနိစ္စ၊ အာဏာရှင်လည်း အနိစ္စ …”



No Responses Yet to “ဆူဟာတို (၀ါ) အာရှလူကြမ်းကြီး တဦး”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: