ကွယ်လွန်သူ ပါမောက္ခဒေါက်တာဖေသိန်း ပညာရှင်၏ တန်ဘိုးအစစ်ကို အကဲဖြတ်လိုလျှင်

09Feb11

အိုင်ရာဝဒီမှာ အထူးသြဘာရခဲ့တဲ့အောဘစ်ပါး) “ဆရာဝန်ချင်းကပ်နှိပ်တာ အပြင်လူထက်ဆိုးတယ် ဆိုသည့်ကိန်းမျိုး ဆရာဖေသိန်းလက်ထက်တွင် မကြားခဲ့ရပါ” ဆိုတာကိုကပ်ပီး တရုတ်နယ်စပ်က စာရေးဆရာဆရာဝန်တယောက် ကော်မန့်ပေါင်းစုံနဲ့ ပုဂ္ဂိုလ်ရေးအပုပ်တွေချတာကလား။ ဒီလူမှန်းဘယ်လိုသိဆိုတော့ သူက ဒီကော်မန့်ပေးတဲ့ကလောင်နာမည်နဲ့ပဲ မိုးမခမှာရေးနေတာကိုး ဆရာသမားက။ ဟီး သူ့စာကလဲ ဖတ်တာနဲ့ သူမှန်းတန်းသိနိုင်တာကြီး။ ထားပါ၊ ကျနော်က မကြားခဲ့ပါပဲရေးတာ၊ မဖြစ်ဖူးဘူးမပြောပါဘူး။ သူပြောတဲ့ ဂျွန်လှခိုင်ကိစ္စက ဆရာဂျွန်စဖောင်းတာပဲ။ အဲဒီနောက် အဖိုးကြီးတွေ အိုင်ရာဝဒီးမှာ ကော်မန့်ရှေကြီးတွေပေးတာဖတ်ပီး ရီနေရတာပဲ။ တဖက်ကလဲ အမေ့ဆရာသမား မမကြူကို အင်မတန်အားနာမိတယ်။ ဗမာတချို့ရဲ့ စာပေဖတ်ရှုသိမြင်မှုအရည်အသွေးကိုလဲ သိရသပေါ့။ ပြောချင်တာက ခုလဲ ဆေး ၁ က ဆရာဖေသက်ခင်ကို တော်ကောက်ပြန်ပီဆိုတော့ တချို့ ဆရာသမားများက အပြောင်းအလဲကြီးဆိုနေကြလို့ပါ။ ဒီလိုသာဆို မဆလခေတ်က ဆရာကြီးဦးတင်အောင်ဆွေ ဦးထွန်းသင်တို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တုန်းက ဘာများထူးခြားခဲ့သလဲ။ မဆလလောက် နိုင်ငံခြားပြန်ပါရဂူပေါတဲ့ အစိုးရ ဗမာပြည်မှာ မရှိလောက်ပါဘူး။ ပသီပုံပြင်ထဲက အဖိုးအိုကတော့ ဂုတ်ခွစီး ခိုင်းစားစရာလူသစ်တွေ အလျှံပယ်ပါလား။ အမောဆို့မယ် ဆရာသမားတို့။

(၁)

၁၃ရက်မနက်က ကျနော့အီးမေးလ်သေတ္တာတွင်းသို့ ဆေးတက္ကသိုလ်မန်းထွက် ဂျူနီယာညီတယောက်ဆီမှ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆရာကြီးဦးဖေသိန်းဆုံးပီဆိုသည့် စာတစောင်ဝင်လာပါသည်။ ထိုစာဖတ်ပီးနောက် စိတ်အစဉ်သည် လွန်ခဲ့သည့် ၂၁နှစ်က ဇန်နဝါရီလကို ပြန်ရောက်သွားတော့သည်။ ရန်ကုန်မြို့ ဦးဝိစာရအဗင်းနျူးဘေး ခြံတခြံတွင်းရှိတိုက်ပုကလေး ဧည့်ခန်းတွင် သက်လတ်ပိုင်းအမျိုးသမီးနှစ်ယောက်နှင့် ကလေးတယောက်ထိုင်နေသည်ကိုလည်းကောင်း၊ ခပ်ချောချော နှာတံပေါ်ပေါ် ဥပဓိကောင်းလှသည့် အန်တီကြီးတယောက် ထွက်ဧည့်ခံသည်ကိုလည်းကောင်း မျက်စိထဲ ပေါ်လာပါသည်။ ထိုအိမ်ရှင်အန်တီကြီးမှာ ဦးဖေသိန်းကတော် ဒေါ်ကြူကြူဆွေ (သားဖွားမီးယပ်ပါမောက္ခ) ဖြစ်ပီး ဧည့်သည်အမျိုးသမီးနှစ်ဦးမှာ ကျနော့အမေနှင့်အဒေါ် ညီအမဖြစ်ပါ၏။ ကလေးပေါက်စ မည်သူမည်ဝါဖြစ်ကြောင်း စာဖတ်သူများကို ဝိတ္တာရချဲ့ဖို့ မလိုတော့ပါ။ ထိုစဉ်က အမေ့နယ်ပြောင်းနယ်ရွှေ့ကိစ္စအတွက် သူ့ဆရာတွေလိုက်တွေ့သည်ဟုသာ နားလည်ထားပါသည်။ နောက်ကျမှ ထိုအိမ်ရှင်အမျိုးသမီးကြီးမှာ အာဏာသိမ်းခါစ နဝတစစ်အစိုးရ ကျန်းမာရေးနှင့်ပညာရေး ဝန်ကြီးကတော်ဖြစ်ကြောင်း၊ အမေ့နယ်ပြောင်းကိစ္စတွင် ချင်းတောင်ပြန်မသွားဘို့ကိစ္စအပြင် အရေးအခင်းပီးပီးချင်း အလုပ်ပြန်မဝင်သောကြောင့် ထုချေလွှာတင်ခိုင်းသောကိစ္စ၊ အရေးအခင်းတုန်းက ဆရာဝန်တွေ ဆေးရုံပစ်ပြေးသည်ဆိုပီး အတိုင်ခံရသည့်ကိစ္စများပါဝင်ကြောင်းသိရသည်။ အရေးအခင်းတွင် ဒီမိုကရေစီတောင်းဆိုမှုများအပြင် လူမျိုးရေး မြန်မာမုန်းတီးရေးတင်းမာမှုများပါ ရှိလာသည့်အတွက် ဆရာဝန်တွေ မြန်မာတွေ မြေပြန့်ဆင်းပြေးရသည့်အကြောင်း သိသွားသည့်အခါ ဝန်ကြီးဒေါက်တာဖေသိန်းက ထိုဒေသများသို့ အမျိုးသမီးဆရာဝန်များမလွှတ်သင့်ဟု ညွှန်ကြားပီး ကျနော့မာမီဘုရားကို အညာမြို့ကြီးတမြို့သို့ ပြောင်းရွှေ့ပေးလိုက်ပါသည်။

ထို့နောက် ဆရာဦးဖေသိန်းကို မှတ်မှတ်ရရနှစ်ခါသာ ပြန်တွေ့ဘူးပါတော့သည်။ နဝတမှ နအဖဟု ဆိုင်းဘုတ်မလဲမီ တနှစ်က မန်းရွှေမြို့၌ ထိပ်သီးသန်းသန်း ခေတ္တစံမြန်းတော်မူစဉ် ပါလာသည့် ဝန်ကြီးအချို့ကို မြို့ပေါ်က သက်ကြီးစာရေးဆရာများကို စာဆိုတော်နေ့ လိုက်ကန်တော့ဘို့ လွှတ်လိုက်သဖြင့် ပြန်ကြားရေးဝန်မင်း ဗိုလ်မှူးချုပ်အေးကျော် (ဘိလပ်တွင်ဆုံး)နှင့် ဆရာဖေသိန်းလိုက်ပါလာခြင်း ဖြစ်ပါသည်။ ထိုစဉ်က ဘယ်ယတြာကိန်းခန်းအရမသိ၊ ဆရာဝန်ကျောင်းဆရာ ဘိလပ်ပြန်ပါရဂူမှာ အကြောင်းမညီညွတ်ဘဲ နှာခေါင်းဆီဆွတ်၍ ဘောင်းဘီဝတ်နေချိန်ဖြစ်ပါသည်။ ဘယ်အပွင့် ဘယ်အခက်တွေ ဘယ်လိုတင်စေကာမူ ဗိုလ်မှူးကြီးယောင်ဆောင်ထားရသော ပါမောက္ခကြီးမှာ ကျောင်းဆရာပုံစံမပျောက်ပါ။ မန္တလေးဆေးသိပ္ပံတည်ထောင်စက အထူးအားကိုးရသော မန္တလေးတက္ကသိုလ်ကောင်စီဝင် လူထုဦးလှ၏ ကျန်ရစ်သူဇနီးသည် ဒေါ်အမာနှင့် တွေ့ချင်သဖြင့် လိုက်လာခြင်းဖြစ်ပီး အပြန်တွင်လည်း ထပ်လာအုံးမည်ဟု နှုတ်ဆက်သွားပါသေးသည်။

ပြန်လာသောအချိန်တွင် ဆရာကြီးမှာ ပါကင်ဆောနစ်ဆင်ခေါ် သွက်ချာပါဒဝေဒနာသည်တယောက် ဖြစ်နေရှာလေပီ။ ရန်ကုန် တော်လှန်ရေးပန်းခြံအနီး ရိပ်သာလမ်းမကြီးပေါ်က သူ့အဖေ သမ္မတအိမ်တော်ဝန် စစ်ရှေ့ခေတ် အတွင်းဝန်ဟောင်း စည်သူဦးစံဖေ (K.S.M, A.T.M )ပိုင်ခြံဝင်းထဲတွင် ရှိသမျှနှင့် ချွေတာဆောက်လုပ်ထားသော အိမ်ကလေးမှာလည်း လူကြီးနယ်မြေမို့ ခဏခဏ ဟိုပိတ်ဒီပိတ် လုပ်သည့်အခါတိုင်း ညရေးညတာ ကျန်းမာရေးအတွက် အဝင်အထွက် ခက်လှသောကြောင့် မန္တလေးကသားဆီ ပြန်ပြောင်းလာခြင်း ဖြစ်သည်။ ရွှေညာဆီပြန်လာသော ဝန်ကြီးဟောင်းနှင့် မိခင်နှင့်ကလေးဥက္ကဋ္ဌဟောင်းတို့တွင် ချွေမှရံသောသူများ မရှိတော့သော်လဲ တပည့်တပန်းဟောင်း မိတ်ဟောင်းဆွေဟောင်းတွေ သိုင်းသိုင်းဝိုင်းဝိုင်းနှင့်မို့ အထူးအားငယ်စရာ မရှိပါ။ ဘိလပ်ပြန်အမရာဆိုလောက်သည့် ဆရာမကြီးမှာလဲ နာတာရှည်ခင်ပွန်းနှင့် မိခင်နှင့်အဒေါ်ညီအမကို ဒိုင်ခံ ပြုစုရသည့် ကမ္ဘာ့အသက်အကြီးဆုံး ၈၀ကျော် သူနာပြု ဖြစ်ပါသည်။ ရွှေဥဒေါင်း၊ ပဲရော့ဦးဆန်နီစသူတို့၏ ဓမ္မမိတ်ဆွေ အဘိဓမ္မာအကြောင်း အင်္ဂလိပ်လိုရေးသားခဲ့သော ဦးစံဖေ၏သွေးပါလာသည့် တွမ်စံဖေခေါ် ဦးဖေသိန်းသည် ရောဂါဖိစီးနေသည့်ကြားက မြန်မာစာကို ရိုမန်အက္ခရာနှင့် အလွယ်တကူ ရေးနိုင်အောင် ကွန်ပျူတာလေးနှင့် ကြိုးစားပါသေးသည်။ စာစီပီးသမျှကို ကျနော့အဖွားဆီ အမှာရေးဘို့ ပို့ပေးသော်လဲ ဇရာထောင်းနေသည့် ကိုးဆယ်ကျော် အဖွားမှာ ရေးမသွားနိုင်ခဲ့။ မှတ်မှတ်ရရ ဆရာကြီးကို နောက်ဆုံးတွေ့ခဲ့သည်မှာ မန္တလေးဆေးသိပ္ပံ ရွှေရတု ဆရာကန်တော့ပွဲကို ဘီးတပ်ကုလားထိုင်နှင့် ကြိုးစားလာပီး ၁၉၅၄ ကျောင်းစထောင်ချိန်မှ အနှစ် ၃၀နီးပါး စာသင်၊ သုတေသနနှင့် အုပ်ချုပ်ရေးတာဝန်ယူခဲ့သော ဝါအရင့်ဆုံး ပညာရေးဝန်ထမ်းအဖြစ် ဆုံးမစကားပြောသည်ကို တွေ့ခဲ့ခြင်းပါပေ။

(၂)

ကျနော်တို့ ဒုတိယနှစ် ဆေးတက္ကသိုလ်တက်ခဲ့စဉ်က ဇီဝကမ္မဗေဒဆရာများ ဂုဏ်ယူစွာပြောလေ့ရှိသော စကားမှာ သူတို့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်များတွင် မောင်ဖေသိန်း၏ တွေ့ရှိချက်များ ထည့်သွင်းထားသည်ဆိုခြင်းပင်။ ထိုစကားကို အမှတ်ရ၍ googleတွင် physiology Pe Thein ဟုရှာကြည့်ရာ ၁၉၅၉လောက်မှစပီး ဒေါက်တာမောင်ဖေသိန်း Ph.D. (Dunelm)၏ သုတေသနစာတမ်းများကို စတွေ့ရပါသည်။ ပါမောက္ခဘဝတွင်လဲ ထမင်းမေ့ဟင်းမေ့သုတေသနလိုက်စားသူဖြစ်ရာ သူ့အတွက် မေ့ဆေးပေးသတ်ခဲ့ရသော ခွေးကောင်ရေ အတော်နဲလိမ့်မည်မဟုတ်။ ဆရာတွေ ကျူရှင်မပေးသေးသည့်ခေတ်မို့ ပညာရေးကို အထူးကြပ်မတ်နိုင်သည့်အပြင် ရန်ကုန် လမ်းမတော်ကျောင်းထက်စောပီး ရတနာပုံဆေးတက္ကသိုလ်တွင် ပထမဆုံး မဟာသိပ္ပံတန်းကို ၁၉၆၀ကျော်ခေတ်က ဆရာဖေသိန်းဌာနမှ စတင်ဖွင့်လှစ်ခဲ့ခြင်းမှာ အညာဆရာဝန်တွေ လက်မထောင်ခဲ့ရသည့် အကွက်ဖြစ်သည်။ သူနှင့်ခေတ်ပြိုင် ဆရာဦးမြတူမှာလဲ ရန်ကုန်တွင် ဆေးသုတေသနဌာနကို အားထုတ် တည်ထောင်နေချိန်ဖြစ်ပါသည်။ သူတို့ခေတ်ကကဲ့သို့ အခြေခံကောင်းကောင်းနှင့် ပြည်ပတွင် အစိုးရစရိတ်နှင့် ပညာသင်သွား၊ ထူးချွန်စွာတတ်မြောက်ပီး ပြန်လာတော့လဲ တက္ကစီး အလုပ်အဆင်သင့်၊ မြေစမ်းခရမ်းပျိုး ပျိုးကြဲစရာ စီမံကိန်းများစွာနှင့် သုတေသနတွင် ပျော်မွေ့ပီး ဆေးပညာသင်ကြားရေးကို အပတ်တကုတ်ရှိလှသည့် ဆေးပညာရှင်လောက မြန်မာပြည်ဝယ် ဆုတ်ယုတ်သွားရသည်မှာ အထူးကြေကွဲစရာဖြစ်ပါသည်။ ယနေ့ ဆရာဝန်ငယ်များအကြား ဆေးလက်တွေ့အကြိုဘာသာရပ်များဟုခေါ်သော ဆေးရုံဘက်ကမဟုတ်သည့် ပညာရပ်များကို လိုက်စားချင်သူကို ရှာရခက်လှပီး ထိုပညာရပ်များနှင့် ဘွဲ့လွန်ယူသူကပင် ဝင်ငွေဖောဖော ဒေါ်လာပေါပေါရသော ဘာသာများလောက် မတော်သလို အထင်ခံရတတ်သည်။ ပညာရှင်ကို ထိုက်သင့်သည့် လစာနှင့် လွတ်လပ်စွာ စီမံပိုင်ခွင့်ကို များများကြီး ပေးနိုင်မှ ပညာရပ်ကြီးပွားရေး၊ မျိုးဆက်သစ် လူမွန်လူချွန်ပျိုးထောင်ရေးဆိုသည့် နိုင်ငံပြုအိပ်မက်များ ရုပ်လုံးပေါ်နိုင်ပေသည်။

ဆရာဖေသိန်း၏ ဘဝဇာတ်ကြောင်းမှ ရလိုက်သည့် စဉ်းစားဘွယ်တချက်မှာ စူးနေရာစူး ဆောက်နေရာဆောက်ဆိုသည့် စကားပါပေ။ ပညာပိုင်းကိစ္စကို စိတ်ညွတ်ပီး လူမှုဆက်ဆံရေးအားနဲသော ဆရာကြီးလိုလူကို စိတ်ချရသည့်လူအေးဆိုပီး အုပ်ချုပ်ရေးကိုင်ခိုင်းခြင်းက ပညာရေးလောကအတွက် တအားလျော့သည် မှတ်ပါသည်။ သို့သော် လူတော်လူထက်ဆိုသည့် ဆရာကြီးတချို့ကဲ့သို့ ဗောင်းတော်ညိတ် စိတ်တော်သိ အလုပ်လွန်ပီး ဖွတ်မိကျောင်းဖြစ်သည့်ပမာ ဆရာဝန်ချင်းကပ်နှိပ်တာ အပြင်လူထက်ဆိုးတယ် ဆိုသည့်ကိန်းမျိုး ဆရာဖေသိန်းလက်ထက်တွင် မကြားခဲ့ရပါ။ မြန်မာပြည်မှာ ဆရာဝန်တွေလိုတယ်၊ များများခေါ်ဆိုသည့် နှုတ်ကမ္ပတ်တော်အတွက် တောခေါင်ခေါင်အလယ် ဆေးတက္ကသိုလ်အသစ်ဖွင့်ခြင်း၊ ဆရာတိုးခန့်ဘို့ မွေးထုတ်ပီးသားလဲအသင့်မရှိ၊ ပညာတော်သင်လဲ ဖောဖောသီသီမလွှတ်နိုင်၊ နိုင်ငံခြားမှငှားဘို့လဲ ခါလီကျနေပါလျက် ကျောင်းသားတွေ နွားအုပ်သွင်းသကဲ့သို့ ထောင်နဲ့ချီခေါ်ခြင်း စသည့် မဖွယ်မရာတွေ သူ့လက်ထက်တွင် မဖြစ်ခဲ့ပါ (စာအုပ်စာတမ်းနှင့် ခွဲစရာ လူသေအလောင်း၊လက်တွေ့ခန်းက ပစ္စည်းပစ္စယများ ပါးရှားခန်းခြောက်နေသည်ကတော့ မဆလခေတ်ကထဲကပင်)။ ဘက်ဂျက်မရှိ၍ နယ်တွင် ဆရာဝန်တွေ လိုသော်လဲ မခန့်နိုင်ဘဲ ပုံနေသော ဘွဲ့ရအလုပ်လက်မဲ့တွေ တပုံတခေါင်းနှင့် ဆင်ဖြူတော်ပညာရေးအဖြစ်လဲ မဆိုက်ခဲ့။ ဆေးပညာဘွဲ့ကို ငါးနှစ်သင်တန်းသို့ လျှော့ချခြင်းမှာ ဦးနုလက်ထက်က အကြံကို ပြန်ဖော်ခြင်းဖြစ်ပီး အနောက်တက္ကသိုလ်များတွင်လဲ လျှော့သည့်နေရာတွေ ရှိပါသည်။ သို့သော်သူတို့၏ အခြေခံပညာရေးနှင့် ဆေးအကြိုကောလိပ်သင်တန်းမျိုး ရွှေပြည်ကြီးတွင် မပေါ်နိုင်သေး။

ဆေးကုသရေးဘက်တွင်လဲ လတမ မလတမ လုပ်ထုံးလုပ်နည်းနှင့် ဆေးကောင်စီကို ရုပ်သေးသဖွယ် ထင်တိုင်းကျဲပီး ကျိုးကြောင်းမကျသည့် ခပ်တိမ်တိမ်ကိုင်တွယ်စီရင်မှုမျိုး ၊တနည်း နိုင်ငံရေးကျားကွက်တွင် ထိုးကျွေးခြင်းမျိုး မရှိခဲ့ပါ။ တက္ကသိုလ်များ နှစ်ကာလရှည်ကြာစွာပိတ်ခံရခြင်း၊ ပညာရေးလောကတွင် နိုင်ငံရေးအရ ဖြုတ်ထုတ်ရှင်းမှုများ ဖြစ်ပွားခြင်းစသည့် အထက်ကလာသည့် သူလဲမတတ်နိုင်သည့် ဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့သော်ငြား ပညာရပ်အသိုက်အမြုံနှင့် ကျန်းမာရေးလောကအလယ်တွင် လူကြီးသူမပီသစွာ ရပ်တည်ခဲ့ခြင်းကြောင့် နိုင်ငံရေး အမြင်စုံသည့် တပည့်တပန်းပေါင်းစုံ၏ ချစ်ခင်လေးစားခြင်းကို ရာသက်ပန်ခံယူနိုင်ခြင်းဖြစ်ပါ၏။ ထိုထက် လာမည့် ခေတ်စံနစ် အသစ်သစ်တို့တွင် အစိုးရအဖုံဖုံ၏ မူဝါဒကို ရေးဆွဲဖော်ဆောင်မည့် ပညာရှင်ဟူသည့် လူတန်းစားအဖို့ ပညာရပ်နှင့် ပြည်သူအပေါ် ထားရှိရမည့် သမာသမတ်လစ်ဟင်းပီး အဂတိလေးပါးလိုက်စားခဲ့ပါက မစင်စက်စွန်းသည့် နတ်သုဒ္ဓါသဖွယ် ပညာပိုင်းအရ မည်သို့ပင် ဝိဇ္ဇာဓိုရ်နေစေကာမူ တက္ကတွန်း အရည်း ပြာဋိဟာပြသည့်နှယ် လူသူလေးပါး အော့နှလုံးနာစရာကိန်း ဆိုက်ဖို့သာရှိပါကြောင်း။



2 Responses to “ကွယ်လွန်သူ ပါမောက္ခဒေါက်တာဖေသိန်း ပညာရှင်၏ တန်ဘိုးအစစ်ကို အကဲဖြတ်လိုလျှင်”

  1. 1 chan

    factful and entertaining🙂

  2. 2 T Oo

    I don’t know much about him but respect him as a scientist.

    However i could not think of any reason why he did not refuse to take a ridiculous position as a colonel.

    His wife kindly gave me a pass in my final part 2 O&G exam.

    I aslo heard from Saya U Aung Gyi that she bore no grudge against a famous surgeon who bullied her during her internship.

    A very graceful and respectable lady.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: