ရာဇဝင်ကိုဖြတ်သန်းခြင်း ၂

10Feb11

လွတ်လပ်တဲ့အာရှအသံ

သမိုင်းအကြောင်း ရာဇဝင်အကြောင်း ဆက်ပြောကြပါစို့။ ကျနော်တို့ နားလည်လက်ခံထားတဲ့ သမိုင်းဆိုတာဘာလဲ။ ခုနှစ် နာမည်တွေ မှတ်ရတာနဲ့ စိတ်ပျက်ပဆိုတဲ့ သမိုင်းလား။ နှစ်စဉ်မှတ်တမ်းကြီးတခုပြုစုပီး အသေမှတ်ခိုင်းတာကို ခေါ်တာလား။ ဖတ်ဖူးသမျှစာပြန်အန်ရုံ၊ ဒီလို ဧရာမသမိုင်းဝင်ကြီးနဲ့ ခင်တယ် ရင်းတယ်ဆိုပီး ကြွားရုံ ဒါမှမဟုတ် ကိုယ်မှားတာဖော့ ကောင်းတာဖော်တဲ့ နိုင်ငံရေးအတွေ့အကြုံတွေ လှိုင်နေတဲ့ မြန်မာစာပေမှာ ဖတ်သူအတွေးကို လှုပ်နိုးနိုင်မယ့် ဆင်ခြင်တွေးဆစရာပါတဲ့ စာမျိုးတွေ မရှိတော့တာလား။ ဒါတွေက စဉ်းစားစရာကြီးပါ။

သတိရပါတယ်၊ အခုရပ်သွားပီဖြစ်တဲ့ ရန်ကုန်ပို့စ်ဂျာနယ်က ၂၀၀၆ နှစ်ဦးက နှစ်ကူးစကား တောင်းလို့ တခြား သတင်းသမားတွေ ၈၈ ကျောင်းသားတွေနဲ့အတူ ရေးပေး၊ တပြုံကြီး ဆင်ဆာထိသွားတုန်းက ရေးမိတဲ့ စာတကြောင်းပါ။ “မြန်မာပြည်သမိုင်း ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ ရေးချင်တယ်၊ တိုင်းပြည်အတွက် အသုံးကျမယ့် ပညာတွေသင်ချင်တယ်”။ ခုထိလဲ ကျတော်ရေးသမျှဟာ အများစာဖတ်ပရိသတ်အသိနဲလိမ့်မယ်ယူဆလို့ အသစ်တမျိုးဆင်ခြင်စရာရှိတယ်ထင်လို့ ရေးခဲ့တာများပါတယ်။ ကျမ်းဟောင်းပူရန်အသွယ်သွယ်ကို စာသားပြောင်း ကိုယ့်နာမည်တပ်တဲ့ “စုတုကူး”အလုပ်ကိုတော့ သမိုင်းအရာ စာအရာ မသွင်းလိုပါဘူး။

ဆရာ ဒဂုန်တာရာ တဖွဖွပြောနေရေးနေတဲ့ စကားကိုပဲ ပြန်ကိုးကားပါရစေ။ “သမိုင်းမျိုးဆက်မပြတ်စေလိုပါ”တဲ့။ “လူတွေဟာ သူတို့ကြီးပြင်းရာအသိုင်းအဝိုင်း ဖတ်ရှုကြားမြင်ရာအသိပေါ်လိုက်ပီး အမြင်တွေကွဲကြတယ်”လို့ တခုသောမွေးနေ့မှာ ကျနော့အဖွားရေးပေးတဲ့ အမှတ်တရစကားတခွန်းကိုလဲ ယခုနောက်ပိုင်း နိုင်ငံရေးတခေတ်ထလာချိန်မှာ ပိုပီး မကြာမကြာသတိရနေမိပါတယ်။ အချို့နိုင်ငံရေးလုပ်နေသူ၊ အခါပေးပညာရှိတွေ၊ နိုင်ငံရေးသတင်းလိုက်သူတွေကိုယ်တိုင်က ဘာမှရေရေရာရာမသိ ကိုယ်စီးတဲ့ နိုင်ငံရေးမြင်းကြီးကို ဘာမှန်းညာမှန်းမသိ သမိုင်းမောဟကြီးလှပါလား လက်လွတ်စပယ်တယ်လုပ်ကြပါလားလို့သာ သူတို့အစား ခေါင်းကြီးလှပါတယ်။

ဆရာကြီးဒေါက်တာသန်းထွန်း နယ်လှည့်ရာဇဝင် မန္တလေးသမိုင်းရေးစဉ်က သုံးခဲ့တဲ့ စကားတလုံးကိုပဲ ပြန်သုံးချင်ပါတယ်။ “ထုံးမမီ စံမရ”တဲ့။ အဟုတ်ပါဘဲ။ ကျနော်တို့ ဖြတ်သန်းနေရတဲ့ ရွက်ကြမ်းရေကျိုခေတ်ကြီးက ကျားကျားမီးယပ်လုပ်ရပ်တွေက မြန်မာသမိုင်းမှာ မကြုံစဘူး ဒိုင်အာခီခေတ် မဆလခေတ် တွေထက်ပင် ဆိုးရွား အရှက်ကင်းလှပါတယ်။ ဝင်ကစွပ်ဒီမိုကရေစီနဲ့ လိုင်စင်ပါမစ်မျှော်တဲ့ သန္ဓေဆိုးနိုင်ငံရေးခေတ်ကြီးပါပဲ။ ရွေးကောက်ပွဲကျမှ စစ်အုပ်စုကို ပြန်လက်စားချေမယ်ဆိုပီး အခြေခံဥပဒေ အတည်ဖြစ်သွားချိန်မှာ လှုပ်ရှားမှုသေနေတဲ့လူထု၊ ကျမဆို ဒီရွေးကောက်ပွဲမှာ မဲမပေးဘူးလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်ချိန်မှာ အရှိန်အတော်လွန်ပီး ရွေးကောက်ပွဲဥပါယ်မှာမိနေတဲ့ နိုင်ငံရေးအုပ်စုတွေ၊ ကွဲပြဲနေတဲ့ အင်အားစုတွေနဲ့ အိပ်မက်ဆိုးကြီးလို ခေတ်ကြီးမျိုး ပေါ်လာမယ်လို့ အရေးအခင်းပီးခါစက ထင်မိပါသလား။ ကျနော်တို့စိတ်ထဲ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန် သိမြင်နိုးကြားမှုဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးက ထင်ထားခဲ့တဲ့ အတွေးတွေဟာ ဘယ်ချိန်က နွေလာနှင်းပျောက်ဖြစ်ခဲ့ပါသလဲ။ ပြန်စဉ်းစားကြဘို့ ကောင်းပါပီ။

ကျနော့အမြင်အရ ဒီလိုပျော့ညံ့တွေဝေကုန်ကြတာ စစ်အာဏာကို ကျိုးနွံပျပ်ဝပ်ကုန်တာဟာ သမိုင်းရေသောက်မြစ် ဖြတ်တောက်ခံရခြင်းရဲ့ အကျိုးဆက်လဲပါတယ်လို့ မြင်မိပါတယ်။ အရင် မဆလခေတ်မှာမှ ထုတ်ဝေခွင့်ရသေးတဲ့ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းတွေ၊ နိုင်ငံရေးပညာစာအုပ်တွေဟာ ဒီ အနှစ် ၂၀ တွင်းမှာ လူထုထဲက တဖြေးဖြေးပျောက်ကုန်ပါတယ်။ ဒီတော့ ခရစ်နှစ် ၂၀၀၀ နောက်ပိုင်း လူဖြစ်ရတဲ့ မျိုးဆက်များအဖို့ ဟို အနှစ် ၄-၅၀ ရာစုနှစ်တဝက်က နိုင်ငံရေးခေတ်အကြောင်း မပြောနဲ့၊ အနီးဆုံး မဆလတပါတီခေတ်က လူမှုအဆောက်အအုံအကြောင်းတောင် ဆင်ခြင်ဝေဖန်နိုင်တဲ့ သုတပညာမရှိကြတော့ပါဘူး။ နိုင်ငံရေးဆိုတာ လူဒုက္ခရောက်တဲ့ ဘဝပျက်တဲ့အလုပ်၊ ဘာအကျိုးအမြတ်မှ မရှိတဲ့ လူကြောင်တွေအလုပ်လို့ သူတို့စိတ်ထဲမှာ ပုံဖော်နေမိကြပါတယ်။ လက်ဝဲလက်ယာဆိုတာ ဘာမှန်းမသိတဲ့သူတွေ အများကြီးပါ။ စစ်အစိုးရဖိနှိပ်တာမကြိုက်လို့ လူတိုင်း ဒီမိုကရေစီသာ လိုချင်တာ၊ ဘယ်လိုနိုင်ငံရေးလမ်းကြောင်းနဲ့ သွားမယ့် ဒီမိုကရေစီလဲ မသိကြပါဘူး။ ဒီလို လေဟာနယ်ဖြစ်နေတဲ့ လူထုတွေကြား ရွေးကောက်ပွဲဆိုတာကြီးချပြလိုက်တော့ ရေဒီယိုနားမထောင်တော့တဲ့ လူငယ်များက မျက်စိရှေ့တွေ့တဲ့ ဂျာနယ်ဆိုတာတွေမှာပါတဲ့ ရွေးကောက်ပွဲ ရှေ့နေ နိုင်ငံရေးဆရာတွေရဲ့ တတ်ယောင်ကားသြဝါဒတွေ အဟုတ်မှတ်ပီး မရှိတာထက် ရှိတာကောင်းတယ် တဖြည်းဖြည်းပြောင်းမယ်ဆိုတဲ့ လမ်းကြောင်းကြီးကို လိုက်မိကုန်ကြပါတယ်။ စစ်အုပ်စုအဆက်ဆက်ရဲ့ လုပ်ထုံးတွေကို နောကျေနေတဲ့ သိဘူးကြားဘူးနေတဲ့သူတွေက ပြောဆိုသတိပေးလာရင်ပဲ အဆိုးမြင်တယ်၊ လက်တွေ့မကျဘူး၊ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲကစရတယ် စတဲ့ အမြင်သစ်တွေနဲ့ ဆန့်ကျင်ကုန်ကြပါတယ်။ နောက်ဆုံး အာဏာရအုပ်စုက ပေါ်တင်မဲခိုးပြလိုက်မှ စောဖေတို့အကြောတွေကို နောကြေကုန်ကြတာပါ။

ဒါကြောင့် နောင်မှသိဖြစ်ရတာထက် စာပေပညာတွေက သိမြင်ကြားသိမှုတွေနဲ့ ပေမီဒေါက်မီ ဝေဖန်ဆန်းစစ်နိုင်တာက ပိုမကောင်းပေဘူးလား။ ပိုပီး လူရာမဝင်ပေဘူးလား။ ခုတော့ နိုင်ငံရေးလူနပ်တချို့ရဲ့ လမ်းဘေးမျက်လှည့်မှာ အလိမ်ခံရသူတွေက ပညာတတ်တွေက ထိပ်ဆုံးက ပါနေတာက တော်တော်အရုပ်ဆိုးပါတယ်။ ဒါကြောင့် နိုင်ငံရေးပါးဝချင်ရင် သမိုင်းနဲ့ နိုင်ငံရေးပညာသိအောင်လုပ်ပါ။ သမိုင်းမှာလဲ အချက်အလက်သက်သက်ထက် ဝေဖန်ဆန်းစစ်မှုကို အားပေးတဲ့ အဂတိနဲတဲ့ ပညာရပ်ဆန်ဆန် သမိုင်းအရေးအသားတွေကို ဦးစားပေးလေ့လာကြပါ၊ လူထုဦးစိန်ဝင်းပြောသလို နိုင်ငံရေးသမားနဲ့ စာရေးဆရာတွေရေးတတ်တဲ့ အဝါအကြွားအဖုံးအဖိနဲ့ စိတ်ကူးယဉ် အဂတိ သမိုင်းမျိုးမဟုတ်တဲ့ သမိုင်းသမား၊ ပညာရှင်တွေရေးတာမျိုးတွေကို ဦးစားပေးဖတ်ပါလို့ပဲ ပြောချင်ပါတယ်။ နိုင်ငံရေးပညာကိုလဲ အနောက်တိုင်းက အပျော်ဖတ် နိုင်ငံရေးစာအုပ်ဘာသာပြန်တွေထက် ပညာရှင်သုံးစာပေတွေထဲက ကြိုးစားလေ့လာကြပါ၊ ဝါဒတမျိုး အမြင်တခုထဲကို ဇောင်းပေးဖတ်တာထက် အမယ်စုံသိအောင် ဖတ်ပါလို့ တိုက်တွန်းလိုပါတယ်။ ဖတ်မိတဲ့ မြန်မာစာနယ်ဇင်းတွေထဲမှာတော့ အတွေးအမြင်နဲ့ စပယ်ဖြူမဂ္ဂဇင်းက နိုင်ငံရေးအတွေးအခေါ်ဆောင်းပါးတွေဟာ အတော်အဆင့်အတန်းရှိမျှတတာကို တွေ့မိပါတယ်။ နောက်အပတ်မှာတော့ ကျနော်သမိုင်းကို ရှုမြင်ခံယူပုံ ဘယ်လိုပြောင်းခဲ့တယ်ဆိုတာ တင်ပြပါ့မယ်။ ကျေးဇူးတင်ပါတယ်။



2 Responses to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၂”

  1. 1 T Oo

    BB
    looking forward to your next article.

    please follow in Dr Than Tun’s footsteps.

  2. 2 bobolansin

    Thank you so much Saya🙂 I will try though I’m afraid to follow his work.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: