ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံခြားမုန်းတီးရေးစိတ်အခံဆိုရှယ်လစ်ဝါဒကို ဖန်စီရင်ခြင်း ၁၉၅၀ကျော်က မြန်မာ့တပ်မတော် ဝါဒဖြန့်မဂ္ဂဇင်းတစောင်ကို ပြန်ဖတ်ခြင်း

14Feb11

ဘိုဘို (မဟာဝိဇ္ဇာ၊ လန်ဒန်)

ကောင်းကင် တွင် ထည့်သွင်းပီး

ကော်နဲလ်တက္ကသိုလ် အရှေ့ တောင်အာရှစာစဉ် “စစ်တွင်း ယဉ်ကျေးမှုများ၊ စစ်အေးကာလ အရှေ့တောင်အာရှ ယဉ်ကျေးမှု”စာအုပ် (၂၀၁၀ ဇွန်) အတွက်ပေးသော စာတမ်းဘာသာပြန်

မြန်မာ့တပ်မတော်၏ နိုင်ငံရေး၊ စစ်ရေးဗျူဟာ၊ ဖွဲ့စည်းပုံ၊ လုံခြုံရေးမူဝါဒဆိုင်ရာ ပညာရပ်လေ့လာချက်များကနေ၍ တပ်မတော်က မြန်မာပြေကို အနှစ် ၅၀နီးပါး ချုပ်ကိုင်နိုင်ပုံကို လေ့လာခဲ့ပီးဖြစ်ပါ၏။ သို့ဖြစ်ငြား ထိုစာပေများ၌ တပ်မတော်၏ ဝါဒဖြန့်မီဒီယာမှနေ၍ တိုင်းပြည်တည်ထောင်ရေး လူမှုပြုပြင်ရေးတို့နှင့် စပ်လျဉ်းသည့်သြဇာအရှိန်ကို အလေးပေး လေ့လာမှုကို မတွေ့ရချေ။ ဤစာတမ်းတွင် မြဝတီမဂ္ဂဇင်း[1]စာမျက်နှာထက်များမှ အားထုတ်ခဲ့မှုကို ပြန်ပြောင်း ရှာဖွေတင်ပြသွားပေအံ့။

၁၉၅၂ နိုဝင်ဘာက စတင်ထုတ်ဝေသော မြဝတီမဂ္ဂဇင်းမှာ ထိုစဉ်က အာဏာရ ဖဆပလခေါင်းဆောင်များနှင့် သူတို့ရောင်းရင်း တပ်မတော်အရာရှိကြီးများ၏ အာဘော်ကို ထင်ဟပ်ရာဌာနပေတည်း။ ထိုအကြံအစည်ကို အားပေးထောက်ခံသူများအနက် ကွန်မြူနစ်တောပြန်များ၊ အမျိုးသားရေးဝါဒီများ၊ ဆိုရှယ်လစ်စာရေးဆရာများလဲ ပါဝင်သည်။

စစ်အေးနှင့် ပြည်တွင်းစစ် အထွတ်အထိပ်ရောက်သည့်ကာလမျိုးတွင် မြန်မာကဲ့သို့ လွတ်ခါစတိုင်းပြည်များ၌ ကမ္ဘာ့နိုင်ငံရေးအုပ်စုကြီးနှစ်ခု၏ ဝါဒပြိုင်ဆိုင်ပွဲများ အင်နန်ပြင်းထန်လှသည်။ အကျိုးဆက်အနေနှင့်ကား နိုင်ငံရေးဆန်သည့် စာပေများ ဝါဒဖြန့်ချက်များကို မြန်မာမဂ္ဂဇင်းများတွင် လှိုင်နေအောင် တွေ့ရခြင်းတည်း။ ထိုစာများ၏ အကျိုးဆက် လက်ရှိနိုင်ငံရေးလောကထိ ရိုက်ခတ်ဆဲဖြစ်လေသည်။ သို့ပြင်တဝ ၁၉၅၀ကျော်နှစ်များက အရပ်သားအစိုးရတခေတ်တွင် စာပေလွတ်လပ်ခွင့်အတော်ရ၍ စာပေရွှေခေတ်ဟု ခေါ်လောက်ပေသည်။

၁၉၅၀အလယ်ပိုင်းမှစပီး နိုင်ငံတည်ဆောက်ရေးသမားများဟု ကိုယ့်ဘာသာ ခံယူလာကြသော တပ်မတော်ခေါင်းဆောင်များသည် စစ်နှင့်မဆိုင်သော တာဝန်ပိုများကို ယူလာကြရာ ကွန်မြူနစ်အုံကြွမှုနှိမ်နင်းရေး တာဝန်တရပ်အဖြစ် မဂ္ဂဇင်းထုတ်လာသည်ဟု စစ်သမိုင်းဆရာ မေရီကယ်လ်ဟန်၏ “ရန်မွေးခြင်း၊ မြန်မာပြည်တွင် စစ်နှင့် နိုင်ငံတော်ထူထောင်ခြင်း”စာအုပ်တွင် ဖော်ပြထား၏။[2] သို့တွက် မဂ္ဂဇင်းစထုတ်ချိန်မှအစ တပ်မတော် ပထမဆုံးအာဏာသိမ်းသည့် ၁၉၅၈ စက်တင်ဘာထိ နာမည်ကျော် မြဝတီမဂ္ဂဇင်းများကို ပြန်ကြည့်လျှင် တပ်မတော်က ဘယ်ပုံဘယ်မူနှင့် အရပ်သားအုပ်ချုပ်ရေးကို ဖယ်ရှားပီး ကိုယ်ပိုင်နိုင်ငံတော်ထူထောင်လာသည်ကို ပိုမိုနားလည်ရိပ်စားမိရန် ကျေးဇူးပြုမည် ထင်ပါသည်။

တပ်မတော်၏ ဝါဒဖြန့်ဌာနကြီးမှ ထုတ်ဝေသည့် မြဝတီမဂ္ဂဇင်းမှာ စခါစက စာရေးဆရာပြဇာတ်ဆရာ အရပ်သားဝန်ကြီးချုပ်ဦးနု (၁၉၀၇-၁၉၉၅)၏ စိတ်ကြိုက်ဝါဒဖြန့်စီမံကိန်းအနေနှင့် စခဲ့ပါ၏။ ဦးနုနှင့် မိတ်ဆွေရင်း ဗိုလ်မှူးကြီးအောင်ကြီး[3] တို့ ပူးတွဲပီး ထူထောင်ခဲ့ပါသည်။ မြဝတီစာမျက်နှာများမှနေ၍ ၁၉၆၂-၈၈ ကာလများအတွင်း နိုင်ငံ၏ ဦးဆောင်လမ်းညွှန် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ဟု ဖြစ်လာမည့် တပ်မတော်ပိုင် ဝါဒလမ်းစဉ်၏ ရေသောက်မြစ်များကို ဆန်းစစ်နိုင်သလို တပ်မတော်၏ အာဏာမရယူခင် နိုင်ငံရေးနိုးကြားမှုကိုလဲ သတိမူနိုင်ကြပေမည်။

ပုံစံတကျ တပ်မတော်တခုဖြစ်လာရန် ကြိုးစားနေသည့် မြန်မာ့တပ်မတော်သည် အဘယ့်တွက် နိုင်ငံရေးဆန် လာသည်ကို နားလည်လိုပါလျှင် တပ်မတော်၏ ဇာစ်မြစ်ကို ပြန်လည်ဆန်းစစ်သင့်ပါသည်။ စစ်ကြီးမတိုင်မီ အမျိုးသားရေးလှုပ်ရှားမှုများအတွင်း ကျောင်းသားသမဂ္ဂများ၊ သပိတ်များ၊ နယ်ချဲ့ဆန့်ကျင်ရေးတွင် ရှေ့ဆုံးကနေသည့် လက်ဝဲယိမ်း တို့ဗမာအစည်းအရုံးနှင့် စစ်တွင်း ဗြိတိသျှနှင့် ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အတွင်း လက်ရှိအာဏာရ ဖဆပလများ တောခိုကွန်မြူနစ်များစသည့် နိုင်ငံရေးသမားများနှင့် တပ်မတော်အရာရှိကြီး အများစုတို့ ပူးတွဲဆောင်ရွက်ခဲ့ကြသည်မဟုတ်လော။ ထိုထို နိုင်ငံရေးလှုပ်ရှားသူများနှင့် စာသမားများ အခြားပညာတတ်များကြား ဆက်နွယ်နေမှုများကို မြဝတီနှင့် ခေတ်ပြိုင်စာပေများတွင် ဖတ်ရှုနိုင်ပါ၏။ လူငယ်မျိုးချစ်များ၏ ဤခရိုးခရိုင်စုစည်းမှုကနေ၍ ဗြိတိသျှအလိုတော်ရိ လက်ျာနိုင်ငံရေးသမားများကို နိုင်ငံရေးနယ်မှ ပထုတ်နိုင်သည်သာမက (လွတ်လပ်ရေးရစ တပ်မတော်ကို အုပ်စီးထားသည့် ကရင်အများစုဖြစ်သော) တပ်မတော်တွင်းက ဗြိတိသျှတပ်ထွက် အရာရှိများကိုလဲ ဖယ်ရှားနိုင်ခဲ့သည်။ သို့သော် စစ်အေးအရှိန် ဝါဒလွန်ပွဲများ (မြန်မာပြေတွင် ကွန်မြူနစ်နှင့်ဆိုရှယ်လစ်များကြား) ခေါင်းဆောင်ချင်း ပြိုင်ဆိုင်မှုများကြောင့် မကြာမတင်မီပင် လွတ်လပ်ရေးသူရဲကောင်းများအချင်းချင်း နှစ်ရှည်လများ ပြည်တွင်းစစ်ကို ခင်းခဲ့ကြရုံမက တိုင်းရင်းသားလူနဲစုများနှင့်လဲ စစ်ဆင်ခဲ့ကြရသည်။

ဤနိုင်ငံရေးဝဲသြဃများ၏ ရိုက်ပုတ်ချက်ကို မြဝတီစာမျက်နှာများတွင် ထင်လျားစွာ တွေ့နိုင်ပါသည်။ သို့သော် ဝါဒရေး အခြေအတင်ရေးသားမှုများအစား ဆောင်းပါးအများစုမှာ တပ်မတော်၏ ကွန်မြူနစ်ဆန့်ကျင်ရေး လေသာ ဟပ်မိနေကြသည်။ သို့တွက် ဖဆပလအစိုးရက ဒီမိုကရေစီနည်းနှင့် ဆိုရှယ်လစ်နိုင်ငံတည်ထောင်နေသည်ဟု ကြွေးကြော်နေသော်ငြား တပ်မတော်က အမေရိကန်အစိုးရ ကွန်မြူနစ်ဆန့်ကျင်ရေးမူနှင့် အလွမ်းသင့်လှသည်ဟု ကွန်မြူနစ်လိုလားသူများက စွပ်စွဲခဲ့သည်မှာ မဆန်းလှပါပေ။[4] မိစ္ဆာကွန်မြူနစ်အင်ပါယာကို တိုက်ခိုက်သည့် ဝါဒဖြန့်စာများ မြန်မာစာအုပ်လောကတွင် အမေရိကန်ဒေါ်လာတန်ခိုးနှင့် ကြီးစိုးခဲ့သည်ဟု အဝေးရောက် မြန်မာသတင်းစာဆရာဦးသောင်းက ရေးသားခဲ့သည်။[5]

စစ်ရှေ့ ခေတ်မြန်မာစာပေ၏ အာနုဘော်

၂၀ ရာစုသို့အဝင် ကာလတွင် မြန်မာဘာသာသည် အိန္ဒိယဘာသာများ ခေတ်သစ်သဏ္ဍာန်သို့ ကူးသကဲ့သို့ တူညီသော ပတ်ဝန်းကျင်တွင် အသွင်ပြောင်းလဲမှုများ ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြဖူးပါသည်။ အနောက်တိုင်းစာပေ၏ သြဇာ၊ ပုံနှိပ်စာပေနှင့် သတင်းစာများ (အပတ်စဉ်ထုတ်)များ ပေါ်ပေါက်လာခြင်း၊ ဆန်လုပ်ငန်းနှင့် စီးပွားတက်လာသော စာဖတ်ပရိသတ်တရပ် ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာခြင်း စသည်တို့တည်း။[6] ၂၀ ရာစုအစ အစဉ်အလာ မြန်မာပြဇာတ်များခေတ်တိမ်စပြုချိန်တွင် မြန်မာဝတ္ထုများ တခေတ်ထလာခြင်းသည် ဘာသာရေးအသင်းများမှနေ၍ အမျိုးသားရေးနိုးကြားမှု ပေါ်လာခြင်း၊ မဂ္ဂဇင်းများထုတ်ဝေလာခြင်းနှင့် တိုက်ဆိုင်နေသည်မှာ ထူးခြားလှ၏။ “ ကာလပေါ်ဝတ္ထုနှင့် ဝတ္ထုတိုများ ပေါ်လာခြင်းသည် ၁၉၁၅ နောက်ပိုင်း မဂ္ဂဇင်းများ ပေါ်လာခြင်းနှင့် ဆက်နွယ်လှသည်။” [7] သူရိယ၊ ဒဂုန်၊ ကြီးပွားရေးစသည့် နာမည်ကျော် မဂ္ဂဇင်းများသည် သိပ္ပံ၊ အနောက်တိုင်းစာပေနှင့် နိုင်ငံရေးဆောင်းပါးများ တင်ဆက်ကာ အမျိုးသား နိုင်ငံရေးအဖွဲ့အစည်းများ (နောက်ပိုင်း လက်ဝဲ)၏ ဝါဒဖြန့်ယန္တရားများသဖွယ် ဖြစ်လာကြသည်။ စာရေးဆရာနှင့် အယ်ဒီတာအများစုမှာလဲ နိုင်ငံရေးဦးစီးဦးဆောင်များဖြစ်ကြပီး တို့ဗမာသခင်များနှင့် နိုင်ငံရေးသမားပေါက်စများသည် ဤမျိုးချစ် နယ်ချဲ့ဆန့်ကျင်ရေးမဂ္ဂဇင်း စာစောင်များတွင် စတင်ရေးသားခြင်းဖြင့် သူတို့ဘဝကို စကြသည်။

၁၉၃၀အစောပိုင်း၌ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက် ပါဠိပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) အမှူးပြု၍ “ခေတ်စမ်း” ခေါ် စာပေ လှုပ်ရှားမှုသစ်တရပ် ပေါ်ထွက်လာသည်။ “ခေတ်သစ်တရပ်ကို စမ်းသပ်ခြင်း”ဟု အနက်ရသည့်ု ခေတ်စမ်းလှုပ်ရှားမှုက ရှည်လျားဝေဆာလှသည့် မြန်မာစာအရေးအသားကို အနောက်တိုင်း အတွေးအခေါ်များကို အနက်လှယ်ဖို့ ခေတ်မီရိုးရှင်းသောအသွင် ကူးပြောင်းရန် ကြိုးစားခဲ့သည်။ ခေတ်စမ်းလှုပ်ရှားမှုကို အကဲဖြတ်လိုပါလျှင် မြန်မာ့စီးပွားရေးသမိုင်းပညာရှင်အကျော် သတိုးသီရိသုဓမ္မဖာနီဗယ် တည်းပြတ်သော ဂန္ထလောက (World of Books) မဂ္ဂဇင်းကို ဖော်ပြရန်လိုသည်။ ထိုမဂ္ဂဇင်း၏ သြဇာသက်ရောက်မှုမှာ ယခုခေတ်မြန်မာစာပေနှင့် ပညာရပ်လေ့လာမှုအပေါ်တွင် ကြီးလှသည်။ ရန်ကုတ်တက္ကသိုလ်နယ်မြေမှ အင်္ဂလိပ်-မြန်မာနှစ်ဘာသာနှင့်ထုတ်ဝေသော ထိုမဂ္ဂဇင်း စင်တော်ကောက် ခေတ်စမ်းစာဆိုများ အတော်များပြားသည်။

၁၉၃၀ကျော်၌ ဖာနီဗယ်၏ ဘားမားဘွတ်ကလပ်နှင့် နိုင်ငံခြားပြန်ပုဂ္ဂိုလ်တို့မှ တဆင့် လက်ဝဲစာပေနှင့် ယဉ်ပါးခွင့်ရလာကြသည်။ နု၊ စိုး၊ သန်းထွန်းစသည့် စစ်ပီးခေတ် မြန်မာ့နိုင်ငံရေးတွင် ရန်ဘက်ကြီးများဖြစ်လာကြသူများ ၁၉၃၇တွင် တည်ထောင်သည့် နဂါးနီစာအုပ်တိုက်မှ နိုင်ငံရေး၊ စီးပွားရေး၊ သမိုင်း၊ စာပေ ဘာသာပြန်စာများကို လူထုလက်သို့ အဖိုးချိုချိုနှင့် ရောင်းချသည်။ နဂါးနီခေတ်စားချိန် ဒုတိယကမ္ဘာစစ် မစမီမှာပင် အနောက်တိုင်း၌ လစ်ဘရယ်ဒီမိုကရေစီမှေးမှိန်လာသည်။ နဂါးနီဆရာများ ဖြန့်ချိသည့် လက်ဝဲအလွန်အကျွံဝါဒမှာ တို့ဗမာနိုင်ငံခြားမုန်း မျိုးချစ်ဝါဒနှင့် စရနယ်ပီး ၁၉၈၈ထိ မြန်မာပြည်ကို ကြီးစိုးသော ဒလကြမ်းနိုင်ငံရေးပုံစံတမျိုးကို ဖွားသန့်စင်ပေးသည်။

စစ်ရှေ့ ခေတ် မြန်မာ့နိုင်ငံရေးနှင့် စာပေတွင် လက်ဝဲကြီးစိုးသည်ဟု ထင်ရန်ရှိသော်လဲ မျိုးချစ်အပြင်းစား မဟာဆွေ၏ “မကြောက်တရားဆောင်းပါးများ”မှာလဲ တက်လူတို့ကို နယ်ချဲ့ဆန်ကျင်ရေး အကြမ်းဖက်သွေးထိုးပေးခဲ့ပီး အောင်ကျော်ကဲ့သို့ တက္ကသိုလ်ကျောင်းသားမျိုးကို ၁၃၀၀ပြည့်သပိတ်တွင် အာဇာနည်ဖြစ်သွားစေသည်။ မဟာဆွေ၏ ဝတ္ထုတပုဒ်တွင် ဇာတ်လိုက်မှာ ဗုံးလုပ်တတ်သည့် အထက်တန်းစား သိပ္ပံဘွဲ့ရ မြန်မာသူဌေးသားဖြစ်သည်။ မဟာဆွေနှင့်တကွ ဦးဖိုးကျား၊ သူရိယဦးသိန်းမောင်၊ ရွှေစကြာစသည့် ကိုလိုနီခေတ် အမျိုးသားရေးဝါဒီ စာရေးဆရာများ၏ ဝတ္ထုများကို နဝတစစ်အစိုးရခေတ် ၁၉၉၀ကျော်၌ နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးစာစဉ်ဟု ပြန်ရိုက်နှိပ်ခဲ့သည်။

(ဆက်လက်ပြန်ဆိုရန်)

[1] ကုန်းဘောင်ခေတ် ဂန္ထဝင်စစ်ထွက်စာဆို မြဝတီမင်းကြီးဦးစ (၁၇၆၆-၁၈၅၃)အား အစွဲပြု၍ ပေးသောအမည်။

[2] မေရီကယ်လ်ဟန်- “ရန်မွေးခြင်း၊ မြန်မာပြည်တွင် စစ်နှင့် နိုင်ငံတော်ထူထောင်ခြင်း” (အီသာကာ နျူးယော့၊ ကော်နဲလ်တက္ကသိုလ်စာအုပ်တိုက်၊ ၂၀၀၃)၊ နှာ ၂၀၅။ (နောင် ညွှန်းလိုလျှင် မေ-ရန်ဟု ညွှန်းပါမည်)

[3] ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာသည့် ဗိုလ်မှူးချုပ်အောင်ကြီး (၁၉၁၈မွေး)မှာ တပ်မတော် စီးပွားရေး လုပ်ငန်းကြီးများ ကို ထူထောင်ခဲ့ပီး အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အလွန်အကျွံ စီးပွားရေးပြောင်းလဲရေးမူကို အလိုမလိုက်၍ ၁၉၆၃ကပင် နုတ်ထွက်ခဲ့ပါသည်။ ဦးနေဝင်းထံ အိတ်ဖွင့်ပေးစာနှင့် ဝေဘန်၍ ၁၉၈၈အရေးအခင်းကို အစပျိုး ပေးခဲ့သော်လဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်း သဘောကွဲခဲ့ပီးနောက် နိုင်ငံရေး စင်မြင့်မှ ဆုတ်ခွာသွားခဲ့သည်။ (မေ-ရန်၊ နှာ ၁၈၃)

[4] စိန်ပေါကျောင်းတပည့်ကလေး-“မြန်မာ့ပညာရေးနယ်ပယ်ပေါ်သို့ ကျူးကျော်သော အမေရိကန်သံဖနောင့်”၊ အိုးဝေမဂ္ဂဇင်း၊ တွဲ ၁၊ မှတ် ၆ (၁၉၅၂-၅၃)၊ နှာ ၁၁၉။

[5] ဦးသောင်း- “သတင်းစာဆရာ၊ ဗိုလ်ချုပ်ကြီးနှင့် မြန်မာ့တပ်မတော်” (ဘန်ကောက်၊ ကြာဖြူတိုက်၊ ၁၉၉၅)၊ နှာ ၂၃။ (ဦးသောင်းကိုယ်တိုင် “ဘီလူးတို့ရွာ”ဟု ပြန်ဆိုပီး မှတ်ပါသည်။)

[6] အောင်ဆန်းစုကြည် – “ကိုလိုနီခေတ် မြန်မာနှင့်အိန္ဒိယပြည်၏ ပညာတတ်လောက” (ဆင်းမလား၊ အိန္ဒိယအဆင့်မြင့်လေ့လာရေးဌာန၊ ၁၉၉၀)၊ နှာ ၅၂။

[7] အန္နာအဲလော့ – အရှေ့ တောင်အာရှ စာပေခရီးသွားလမ်းညွှန် “မြန်မာပြည်” ဒင်းဂ်ဝေါလ် တည်းပြတ်သည် (ဘရိုက်တန်၊ အင်ပရင့်တိုက်၊ ၁၉၉၄)၊ နှာ ၈။



No Responses Yet to “ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံခြားမုန်းတီးရေးစိတ်အခံဆိုရှယ်လစ်ဝါဒကို ဖန်စီရင်ခြင်း ၁၉၅၀ကျော်က မြန်မာ့တပ်မတော် ဝါဒဖြန့်မဂ္ဂဇင်းတစောင်ကို ပြန်ဖတ်ခြင်း”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: