သိစပ်မြင်နှံ့

15Feb11

သုတေသနအသင်းကြီးရာပြည့်က ရေးခဲ့တဲ့တပုဒ်ပါ။ ခု မြန်မာပြည်သုတေသနဂျာနယ်ပြန်စဖို့ အပြင်ကဆရာတွေ ဆော်သြနေတာမို့ သတိရတာနဲ့ ပြန်တင်လိုက်ပါတယ်။ ဘယ်လိုဂျာနယ်မျိုးလဲဆိုတာသိဖို့ သူ့ထဲက စာတမ်းတွေ ဆောင်းပါးတွေ ပြန်ရိုက်ထုတ်ကြစေချင်ပါတယ်။ ဆရာကြီးဦးဘဟန်မိသားစုကတော့ သူတို့အဖိုးစာတမ်းတွေ ထုတ်ဖို့ပြင်နေပါတယ်။ သုတေသနဂျာနယ်၊ စာတမ်း၊ ပညာရှင်၊ ပညာရပ်အရေးအသားဆိုတာ အရပ်ထဲ လမ်းဘေးက ယောင်ယောင်အိုးတွေ တောပြောတောင်ရေး လုပ်တာနဲ့ ဘာကွာလဲသိချင်ရင် ဝီကီပီးဒီးယား၊ ဂူဂဲလောက် မြန်မာစာနယ်ဇင်း စာအုပ်လောက်နဲ့ အချိုမကုန်သင့်ကြတော့ဘူး။

(၁)

လန်ဒန်ရှိ မြန်မာမိတ်ဆွေတဦးအိမ်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ရွှေရတုအထူး စာစောင်တအုပ် ကောက်လှန်ရာမှ စာရွက်တိုလေးတစ ထွက်ကျလာပါသည်။

၁၉၈၁ က လန်ဒန်အရှေ့တိုင်းနှင့် အာဖရိက ပညာရပ်များကျောင်းမှ မြန်မာစာကထိက အန္နာအဲလော့(OBE) က မြန်မာနိုင်ငံ သုတေသန အသင်းနှင့် စပ်လျဉ်းပြီး မေးမြန်းစာကို ယခု မြန်မာစစ်အစိုးရခေတ် အဏုမြူဖခင်ကြီး ဦးသိန်းဦးဘိုးစော က စက်မှု(၁) ဝန်ကြီးဌာန သုတေသနဌာန ကနေ၍ ပြန်ကြားစာဖြစ်နေသည်။ ဖျက်သိမ်းပြီး သုတေသန အသင်းနှင့် စပ်လျဉ်းသည့် နောက်ဆက် တွဲကိစ္စ အဝဝကို ထိုသုတေသနဌာနက ဆက်ပြီး တာဝန်ယူမည် ဟူပါသတတ်။ ဤကား အနှစ် ၇၀တိုင် စခန်းကြီးခဲ့သော သုခမိန် အသင်းတသင်း၏ ဇာတ်သိမ်းလည်း ဖြစ်ပါသည်။ အသင်းဖခင် သတိုးသီရိသုဓမ္မ ဖာနီဗယ်နှင့် ဆရာလုစ် စသည့် မျက်နှာဖြူ ဆရာကြီး များကို မရှုစိမ့်၍ သမ္မတကြီး ဦးနေဝင်းက ဖျက်ခိုင်းသည်ဆိုသော ပါးစပ်ပုံပြင်အသေးစိတ်ကို ဆရာဦးသော်ကောင်းတို့ မောင်နှမ ၊ ပါမောက္ခ ဒေါက်တာ ခင်မောင်ကြည် စသည့် လူကြီးများကို မေးသင့်ပါသည်။

လန်ဒန်ကျောင်း ပိဋကတ်တိုက်တွင် ထုတ်ဝေဆဲ ယိုးဒယားအသင်း ဂျာနယ်များကိုတွေ့လျှင် Burma Research Society ၏ မူလကျေးဇူးရှင် ခွန်ဖရဲဆွန်ဆာလရက် ခေါ် မြန်မာအမျိုးသားဦးအောင်သိန်းကို အမှတ်ရပါသည်။ ယိုးဒယားအသင်း၏ အကျိုးဆောင် လက်ထောက်အတွင်းရေးမှူးလုပ်ရင်း အသင်းဂျာနယ်ကို ဆရာဟောင်း ဦးထွန်းငြိမ်း (စာတော်ပြန်ဝန်ထောက်) ဆီသို့ ပို့ပေးရာ မစ္စတာ ဖာနီဗယ်က တောင်းယူပြီး စိတ်ဝင်စားတန်ရာသော ပုဂ္ဂိုလ်များကို လှည့်လည်ပြသ စည်းရုံးရာမှ မြန်မာ အသင်း သန္ဓေတည်ခဲ့ပါ၏။ မူလရှိပြီး ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် အာရှအသင်းတော် ဂျာနယ်၊ အမေရိကန် အရှေ့တိုင်း အသင်းဂျာနယ်၊ အိန္ဒိယ အန္တီကွာရီ ဂျာနယ်၊ အရှေ့ဖျား ပြင်သစ်ကျောင်း ဘူလက်တင်၊ လယ်တီဆရာတော်ကို မေးမြန်း ဆည်းကပ်နေသော လန်ဒန် ပါဠိကျမ်း အသင်းစာစဉ်၊ ဟားဗတ် အရှေ့တိုင်း စာစဉ်၊ အိန္ဒိယ ရှေးဟောင်း သုတေသနဌာန အစီရင်ခံစာများ၊ ဂေဇက်တီးယားများ၊ ထို့ပြင် အဘွား မန္တလေးအကြောင်းရေးလျှင် ကိုးကားတတ်သည့် ၁၉၁၀ ထုတ် နှစ်ဆယ် ရာစုခေတ် မြန်မာနိုင်ငံ ရှုခင်းများ ဆိုသည့် စာအုပ်ကြီးမျိုးကလည်း မြန်မာပြည်ကို လေ့လာသူတစု မှီဝဲရာ BRS ၏ ရေသောက်မြစ် များဖြစ်တော့သည်။ မြန်မာအသင်းထက် အနှစ်တရာမက စောသော အာရှအသင်းတော် ဝက်ဆိုက်ကိုတွေ့တိုင်း၊ ထိုထို အနှစ် ၁၅၀-၂၀၀ လောက်က ဂျာနယ်များကို JSTOR ကိန်းဘရစ်ခ်ျ အွန်လိုင်း ဂျာနယ်ဆိုက် စသည်တို့တွင် ဖတ်ရတိုင်း ကံကံငယ်ခေပါလှသော ညီမောင် မြန်မာအသင်းနှင့် ဆွတ်ချူရန်ခက်သည့် JBRS ကို လွမ်းပါဘိသည်။

(၂)

အသင်းဂျာနယ် ထွက်စက ရေးသားလေ့ရှိသော ဘာသာရပ်များတွင် မြန်မာပြည်လေ့လာရေး၌ ခုကာလခေတ်စားသော ပြည်သူ့ ကျန်းမာရေး၊ နိုင်ငံရေးသိပ္ပံ၊ လူမှု ကူညီရေးဆိုင်ရာ ဘာသာများ မပါသည်ကို သတိပြုမိကြမည်။ ကိုလိုနီ အာဏာပိုင်များအတွက် လက်တွေ့အသုံးကျသော မနုဿဗေဒ၊ ဘာသာဗေဒ၊ ဗုဒ္ဓဘာသာ၊ သမိုင်းနှင့် စာပေ အနုသုခုမ ပညာများ အဓိက လိုက်စားကြ ကြောင်း တွေ့ရသည်။ မြန်မာအမျိုးသမီးများ၏ လူမှု လွတ်လပ်ခွင့် အဆင့်အတန်း မြင့်မားပုံနှင့် ပတ်သက်၍ ရေးသားသော စာတမ်းများမှာ ဂျာနယ်ပေါ်စကပင် ပါခဲ့သည်။ မြန်မာထဲမှ ပထမဆုံး မဟာဝိဇ္ဇာနှင့် မဟာဥပဒေဘွဲ့ရ ဦးမေအောင်၏ အသင်းဖွင့် မိန့်ခွန်းတွင် ပါသကဲ့သို့ မြန်မာအကြောင်းကို မြေပြင်တွင် နယ်နိမိတ်မှတ်တိုင်ပြသမျှသာ ပိုင်းခြားသိလိုသည်မဟုတ်၊ မွန်ဂိုနယ်အသေးစိတ်၊ အင်ဒိုချိုင်းနားဒေသတွင် သက်ရှိသက်မဲ့အရာခပ်သိမ်း အသင်းနှင့်မဆိုင်သည်မရှိ ဟူသည့် စကားက ပညာကို ဘောင်ခတ်မကြည့်သော အမြင်ကြီးမှုကို ပြနေသည်။ မြန်မာနှင့် ကျောခိုင်းနံစပ်နိုင်ငံများဆိုင်ရာ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ဓလေ့၊ ဗိသုကာ၊ အနုပညာ၊ နက္ခတ္တ၊ ဗုဒ္ဓဘာသာ၊ ဘောဂဗေဒ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ရုက္ခဗေဒ၊ ပါဏ (သတ္တ)ဗေဒ၊ မိုးလေဝသ၊ ဆေးပညာ အထွေထွေသော ယဉ်ကျေးမှု သိပ္ပံ စာပေတို့ကို လေ့လာရန်ဆိုသည့် အသင်းရည်မှန်းချက်မှာ အထမြောက်ခဲ့ပြီဟု ထုတ်ဝေပြီး ဂျာနယ်တို့ကို ကြည့်က သိရမည်။

ပါဠိပါမောက္ခ ဒူရွိုင်ဇယ်၊ ဦးမေအောင်၊ ဦးရွှေဇံအောင်၊တော်စိန်ခို၊ မှော်ပီဆရာသိန်းတို့မှာ အသင်းတည်စကပင် ဝိုင်းဝန်းခဲ့ကြသည့် ပညာရှိများဖြစ်ကြသည်။ ပိုးထိုးနေသည့် ဂျာနယ်ဟောင်းများကို လှန်လျှင် ပျူစာကို ပထမဆုံးဖတ်နိုင်သော ဗလက်ဒင်၊ မွန်ပညာ ရှင် ဟာလီဒေး၊ လန်ဒန်တက္ကသိုလ် မြန်မာ-အင်္ဂလိပ် အဘိဓာန်၏ ဖခင် ပါမောက္ခ စတီးဝပ်၊ ရန်ကုန် ရာဇဝင်ပြုစုသူ ပါမောက္ခ ပန်း၊ စာရေးဆရာ မောရစ်ကောလစ်နှင့် အနောက်တိုင်း အရှေ့ တိုင်းသား ပညာရှင်အစုံ(ချက်၊ ဂျာမန်၊ ပြင်သစ်၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ) ၊မြန်မာစာညွန့်ပေါင်းကျမ်းပြု အရေးပိုင် ဦးကျော်ထွန်း၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဆရာလင်း၊ ပါမောက္ခ ဦးဖေမောင်တင်၊ ငါးပိ၏ အာဟာရတန်ဖိုးကို ဖော်ထုတ်ပြသော ဓာတုဗေဒဝန်(ဝန်ကြီး) ဦးချစ်သောင်း၊ ရခိုင်ပညာရှိ ဦးစံရွှေဘု၊ ပုန်းမကြည် (ပုဗ္ဗကြယ်) ကိုလေ့လာသော ကျောက်စာဝန် ဦးမြ၊ ဦးလူဖေဝင်း၊ ပါမောက္ခ ဒေါက်တာထင်အောင်၊ ပါမောက္ခ ဦးသိန်းဟန် (ဇော်ဂျီ) ၊ ပါမောက္ခ ဦးဝန် (မင်းသုဝဏ်) ၊ ဂီတပညာရှင် ဦးခင်ဇော် (K) ၊ ပါမောက္ခ ဒေါက်တာလှဘေ၊ ဘောဂဗေဒပါမောက္ခ ဒေါက်တာ ထွန်းဝေနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာအေးလှိုင်၊ စာကြည့်တိုက်ပညာရှင် ဦးသန်းထွတ် (တိုက်စိုး)၊ ပါမောက္ခ ဒေါက်တာ သန်းထွန်း၊ ဒေါက်တာရီရီ၊ ဒေါ်ကြန်၊ ပြင်သစ်ရောက် ဗီဗီယန်ဘ စသော သမိုင်းဆရာများ၊ အဏုမြူစွမ်းအင်ပညာရှင် ဒေါက်တာ ဖရက်ဒီဘလှီ၊ မွန်ပညာရှိ နိုင်ပန်းလှ၊ ဒေါက်တာညီညီတို့ထိ ပညာရှင်မျိုးဆက် ၃-၄ဆက် ဆရာမျိုးစုံ အမြင်မျိုးစုံကို တွေ့ရမည်။ သူတို့ တွေ့ခဲ့ မှတ်တမ်းပြု ဆန်းစစ်ခဲ့သည့် ပညာရပ်အသိသစ်များကို အင်္ဂလိပ်စာတတ် နိုင်ငံခြားသားများ ဖတ်ရှု အသုံးချနေချိန် တွင် ပညာလိုလားသော မြန်မာလူငယ်များမှာ မကျက်တကျက်ပညာတတ်ယောင်ယောင်များ၏ စာမှိုင်း မိနေရှာသည်ကို အသင်း ကြီးကို မီလိုက်သည့် လူကြီးများ စိတ်ကောင်းမည်မဟုတ်။

ဂျာနယ်အပြင် ပျို့ ၊ လျှောက်ထုံး၊ လူးတား၊ ဧချင်း၊ စာတမ်း စသည့် မြန်မာစာဟောင်းပေဟောင်း အုပ်ရေ ၅၀ကျော် ရှာဖွေ တည်းဖြတ် ထုတ်ဝေခဲ့ရာ ကိုလိုနီခေတ်တွင် နိမ့်ကျခဲ့သော မြန်မာစာပေဂုဏ် ပေါ်လွင်ထင်ရှားလာပြီး မြန်မာစာ မဟာဝိဇ္ဇာတန်းထိ ဖွင့်လှစ်နိုင်ရေးတွင် အထောက်အပံ့ကြီး ဖြစ်ခဲ့သည်။ ရေစကြို ခုံတော်ဖြတ်ထုံး၊ ကျပင်းတရားစာ၊ ဒေဝကုမ္ဘာန်ပြဇာတ်၊ ကျည်းကန် ရှင်ကြီးမေတ္တာစာ၊ တရုတ် သံရောက်မော်ကွန်း၊ မွေ့နွန်းရကန်၊ ဦးစိန်တင် (သိပ္ပံမောင်ဝ) တည်းဖြတ်သည့် ရတနာကြေးမုံဝတ္ထု၊ ရာဇဝင်ကျော်၊ ဇမ္ဗူဒီပ ဥဆောင်းကျမ်း၊ ရှေးဟောင်း လက်မှု ပညာပေါင်းချုပ်ကျမ်း၊ ဝဏ္ဏဗောဓန သတ်အင်း စသည့် ရှားပါးပေမူ စာအုပ်များကို ပုံနှိပ်အသက်ဆက်ပေးခြင်းဖြင့် နှောင်းလူတို့ကို ကျေးဇူးပြုခဲ့၏။ လုစ်နှင့်ဖေမောင်တင် သမီးယောက်ဖ အင်္ဂလိပ် လို ပြန်ဆိုသော မှန်နန်းရာဇဝင်မှာလဲ အသင်းထုတ်စာတအုပ်ပေ။ စစ်ကြီးမတိုင်ခင်က ၈၈ နှစ်ရွယ်သူ ရွှေဘိုမြို့  အဝေးရောက်မင်း ဦးအောင်ကြီးကို ပင့်ဖိတ်၍ စဝ်မြဧကြည်၊ ဒေလီညွန့်ကြီး၊ ဒီးဒုတ်ဆရာချို၊ ဦးခင်ဇော် (K) နှင့် သီပေါစော်ဘွား နရည်းဝိုင်းတော်သား များအကူအညီနှင့် သွင်းခဲ့သော အဲ၊ အန်၊ သီချင်းခံ၊ ကြိုး၊ ပတ်ပျိုး၊ မြှောက်စည် စသည့် မြန်မာတေးဓာတ်ပြားများကို အင်တာနက် ခေတ်ကြီးတွင် မြန်မာသံစစ်စစ် ကမ္ဘာကသိဖို့ ပိုအရေးကြီးသည်က မြန်မာတို့လည်း သိဖို့ ဖြန့်ဖြူးသင့်ပါသည်။

(၃)

ယခုလို အသင်း နှစ် တရာပြည့်ချိန်တွင် ဒေါက်တာသန်းထွန်း ကိုးကားလေ့ရှိသော ပုဂံဘုရားတဆူက မင်စာတွင်ပါသော “သွားရန်ခရီးကား ဝေးသေး၏။ ခြေသာလျှင် ယာဉ်ရှိကုန်၏” ဟူသော စာကြောင်းကိုသာ သတိရနေမိတော့သည်။ ဆရာ ဂျပန်မှ မြန်မာပြည်ပြန်ရောက်ကတည်းက ရေးစရာ သုတေသန ဂျာနယ်မရှိတော့သဖြင့် အပြင်မဂ္ဂဇင်းပေါင်းစုံတွင် ထည့်သွင်း သွားခဲ့ရလေ သည်။ သူ့လောက် ကံမကောင်းသော ဆရာကြီးဆရာမကြီးများ၏ လက်ရာများမှာ တိမ်မြုပ်ခဲ့ရပြီး ပြင်ပပညာရှင်များ၏ သုတေသန တွေ့ရှိချက်များ မြန်မာပြည်တွင် လူသိနည်း ခဲ့ရသည်။ မှတ်မှတ်ရရ စင်္ကာပူတွင် ကျင်းပသော မြန်မာပြည်လေ့လာရေးကွန်ဖရင့် သွားစဉ်က တွေ့သည့် အဖြူအဝါ ပညာရှိအများစုကို မြန်မာပညာရှိတောတွင် ကြီးသော ကျနော်က မကြားဘူး ဖြစ်နေသည်ကို သတိရသေးတော့။

အမေရိကမှ ထုတ်သည့် မြန်မာပညာရပ်များ ဂျာနယ် ဝက်ဆိုက်၊ လန်ဒန် အရှေ့တိုင်း ကျောင်းထုတ် မြန်မာပြည်သုတေသန အွန်လိုင်းဘူလက်တင်စသည်တို့ကို ပြည်တွင်းတွင် လူသိနည်းသလို ရန်ကုန်ထုတ် မြန်မာသမိုင်း သုတေသန ဂျာနယ်မှာလဲ အပြင်မပျံ့လှ။ မဆလ ခေတ်အမွေ ပညာပဒေသာဂျာနယ်မှာလဲ ဇီဝိန်ချုပ်ခဲ့ပြီ။ မြန်မာဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၊ ဆေးပညာရှင် များအဖွဲ့၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေး ရေလုပ်ငန်းပညာရှင်များ စသည့် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ဖွဲ့ခဲ့သည့် ပညာရှင် အသင်းများမှာလည်း အပြည်ပြည်မှ ပညာရပ်ဝန်းနှင့် နှောင်ကြိုးမဲ့ ထိတွေ့ခွင့် မရှိ။ ပညာမှာ အာဏာ၏ အသုံးချလက်နက်အဖြစ် အင်တာနက်ခေတ်ရောက်မှ ညံ့ကြရရှာသည်။

ကောင်းမြတ်သောအနာဂတ်ကို ဖန်တီးရန် အတိတ်ကိုပြန်လည်သုံးသပ်ပြီး ပစ္စုပ္ပန်ကို အသုံးချခြင်းသည် တိုင်းကြီးပြည်ကြီး လူမျိုးကြီးတို့ ထုံးတမ်းဟူသော စကားကို မြန်မာပြည်တွင် သိကြတော့ဟန်မတူ။ တရုတ်နန်းထုံးစံကိုလိုက်ကာ မှတ်ထားသည့် ရှေးမြန်မာမင်းလက်ထက် နန်းတွင်းမှတ်တမ်းတွေ ပါတော်မူပြီးနောက် မီးရှို့ခံရပြီး သမိုင်းဖျောက်ခံရသကဲ့သို့ တိုင်းပြည်၏ သမိုင်းဓလေ့ ပညာရပ်တို့မှာလည်း ဖျောက်ဖျက် အသွင်ပြောင်း နိုင်ငံရေးအမြတ်ထုတ်မှု မျိုးစုံလက်ချက်နှင့် ပျက်စီးခဲ့ရသည်။

ကိုလိုနီအာဏာပိုင် ပညာတတ်အသိုင်းအဝိုင်းက ဝါသနာအလျောက် အုပ်ချုပ်ရေးအကျိုးငှာ ဖွဲ့သည်ဆိုသော အသင်းကမှ မြန်မာမှု လေ့လာထိန်းသိမ်းရေးတွင် များစွာ အကျိုးပြုခဲ့သေးသည်။ မြန်မာနိုင်ငံ သုတေသန အသင်းနှင့် အလားတူ ပညာသိုက်များ အဖတ် မတင်ခဲ့သည့် ထုံးကိုထောက်ပြီး မျိုးချစ်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်သော မြန်မာစစ်ဘက် အရပ်ဘက်နိုင်ငံရေးအုပ်စုများ အနေနှင့် သုတေသနနှင့် ပညာရေးကို မြှင့်မှ တိုင်းပြည်ကြီးပွားမည်မှန်း အမြန်ဆုံး လက်တွေ့ သဘောပေါက်ကြဖို့ မေတ္တာရပ်ပါ၏။

(မတ် ၂၉ တွင် ကျရောက်ခဲ့သော မြန်မာနိုင်ငံ သုတေသန အသင်း (၁၉၁၀-၁၉၈၀) အနှစ်တရာပြည့် အမှတ်တရဆောင်းပါးစာ)



No Responses Yet to “သိစပ်မြင်နှံ့”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: