လက်ရေတပြင်တည်း

16Feb11

ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်လျှင် ဦးနီ၊ ဦးဝင်းထိန်၏ လူငယ်ကိုယ်ရံတော်များ၊ အမျိုးသမီးအဖွဲ့များနှင့်အတူ နီးနီးကပ်ကပ်လိုက်ပါလေ့ရှိသည့် မြန်မာပီပီသသ အမျိုးသားအမျိုးသမီးကြီးစုံတွဲကို သတိထားမိကြပါမည်။ ထိုဓာတ်ပုံများမြင်တိုင်း ပင်းယဟောတွင် ကိုအောင်ဆန်း၊ ကိုညိုမြတို့နှင့် ထမင်းအတူစားနေကျ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်ကို ပြေးသတိရသည်။ လူမှုရေးရာဇဝင်မှ နိုင်ငံရေးတွင် သက်ရောက်ပုံကို ဤသို့စာတပုဒ်ရေးဖြစ်ခဲ့သည်။

အဖွားတို့လူကြီးများ စကားဝိုင်းတွင် လွင်ဂလေးဆိုသည့် စကား ပါလာတတ်သည်။ မဆလကက်ဘိနက်တွင် လွင်က ၃ လွင်ရှိသကိုး။ သခင်သန်းထွန်း ကိုယ်ရံတော်ဟောင်း အမ်အိုင်အကြီးအကဲ နှုတ်ခမ်းမွေးလွင် (ဒုဝန်ကြီးချုပ်)၊ ဗိုလ်မှူးဗထူးတပ်က ဆေးမှူး ဒေါက်တာလွင် (နိုင်ငံခြားရေး၊ ကျန်းမာရေး) နှင့် လွင်ကလေး (ဒုဝန်ကြီးချုပ်)။ (မှတ်ချက် ဒေါက်တာလွင်သားတယောက်နှင့် ကျနော့အမဝမ်းကွဲတယောက် အိမ်ထောင်ကျဘူးသည်၊ ဒေါက်လွင်ယောက်ဖ ဒေါက်တာတောင်ကြီးမှာ သိကြသည့်အတိုင်း ဒေါ်ခင်မေသန်း၏ ပထမယောက်ျားဖြစ်သည်၊ ကြုံမှ ဆေးကောလိပ်ထွက် ဆိုရှယ်လစ်ဗိုလ်အုပ်စုအကြောင်းရေးပါမည်)

လွင်ကလေး ကို NLD ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အဖြစ် လေလှိုင်းတွင် ကြားနေကျမို့ သိနေသည်။ ဘုကျသည့် ဟံသာဝတီအရှေ့ခြမ်းသား လွင်ကလေးကို ဘုကျသည့် စက်မှု ၁ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးမောင်ချိုအကိုဖြစ် သိထားသည်။ ထို့ထက် အဖွားညီမဝမ်းကွဲယောက်ျားအဖြစ်လည်း သိလာရသည်။ သိရသည်ဆိုသည်မှာ တခါမှ မတွေ့ဘူးသောကြောင့်ပင်။ အိမ်တွင် အဘေးဖိုးထင်ထားခဲ့သော ဓာတ်ပုံအယ်လ်ဘမ်များ၌ ခြေလျင်တောင်တက် ဗိုလ်မှူးကြီးလှအောင် (စမိုက်ကြီး) မိသားစု ရှင်ပြုပုံတွေ တွေ့ဘူးသည်။ အိုင်စီအက်စ်အရေးပိုင်သား ဘိုကပြားစမိုက်မှာ အဖွားနှင့် တက္ကသိုလ်သပိတ်မှောက်ဘက် ရွှေတိဂုံသပိတ်စခန်းတွင် ပါလီမန်အတွင်းဝန်ဟောင်း ဒဂုန်ရွှေပြည်စိုး (မိုးနက်)တို့နှင့်အတူ အိုးသူကြီးအဖွဲ့ကဖြစ်သည်။ စမိုက်ကတော်ကြီးတို့ ညီအမ လုံးကြီးပေါက်လှ ခန့်ခန့်ကြီးတွေ ရိုက်ထားသည့်ပုံတွေ၊ အဘေးနှင့် ရိုက်သည့်ပုံတွေ တွေ့ပီးမှ ဖွားစုမရှိသည့်နောက် ဖိုးထင် ရန်ကုန်က သူ့အကိုဝမ်းကွဲ ဦးဖူးညိုဆီ သွားနေလေ့ရှိကြောင်း၊ ဦးဖူးညိုသမီးများမှာ ဗိုလ်မှူးကြီးကတော်များ ဖြစ်ကြောင်း သိရသည်။ မစ္စစ်စမိုက် (တင်တင်မကြီး)၊ မစ္စစ်လွင် (တင်တင်မလေး) နှင့် ဗိုလ်မှူးကြီးသိန်းဟန် (ရေ)ကတော် ဒေါ်ခင်လေးတင်တို့ဖြစ်သည်။

ရွှေဥဒေါင်းသူငယ်ချင်းလည်းဖြစ်သည့် ဂျပ်ဆင်ကောလိပ်ထွက် အခွန်ဝန် ဦးဖူးညို B.A မှာ ရွှေဘို မြောက်လက် မြန်မာဘုရင်ခေတ် နောက်ဆုံးသူရဲဝန်ဦးအတ်၏ မြေးဝမ်းကွဲ ဖြစ်သည်။ ကုန်းဘောင်ဆက်ရာဇဝင်ဆရာ နယ်ပိုင်ဝန်ထောက် မဟာဒါန်ဝန် ဦးမောင်မောင်တင်
(၁၈၆၆-၁၉၄၅)- ပြည်ထိပ်တင်ဆင့်တို့ သမီး ဒေါ်တင်တင်နှင့် လက်ထပ်ကာ သား ၁ သမီး ၃ ထွန်းကားသည်။ သား ပီတာ တင်မောင်ကြီး (၁၉၂၁မွေး)မှာ သစ်တောမန်နေဂျာဖြစ်သည်။ ဦးဖူးညို သမီးတယောက် ကျောင်းနာမည်မှာ ယူနာ (Euna) ဖူးညိုဖြစ်၍ သတင်းစာမက်ထရစ်အောင်စာရင်းတွင် ပရုဖ်သမားက ဦးနဖြူညိုဟု မှားဖတ်ပီး ပါလာသည်ဟု ကြားဘူးသည်။

ထားဝယ်ကြံ့ဖွံ့ဆီနေတာပေါက်စ မောင်သန်းဆွေ ပြောဘူးသည်က “ဒေါ်တင်တင်ကြီးက တိုင်းပြည်မှာ ခေတ်မကောင်းတာ သိမသွားဘူးပြောကြတယ်။ သမီးတွေက လူကြီးကတော်တွေကိုး၊ အန်ကယ် သူ့ညီမ ဒေါ်တင်တင်မေ (ပထစပါလီမန်အတွင်းဝန် ICS ဦးချမ်းသာ (ကဗျာစာဆို ပန်းချီဆရာ လက်ဝဲမင်းညို)၏ ဒုတိယဇနီး)ကို နန်းတွင်းအကြောင်းတွေမေးရင် သူက ပြောတတ်တယ်။ ဟေ့ သူလျှောက်ပြောနေတာကွ၊ အဟုတ်မမှတ်နဲ့၊ အဲလို”။ ကာလပေါ်အာဏာရများနှင့် မတူသည်က သူတို့ဆိုရှယ်လစ်ခေတ်က ဗိုလ်မှူးကြီးမှကျော်၍ မည်သူမှ ရာထူးတိုးမယူဘဲ ညှိထားကြသည်ဟု ဦးလွင်သမီး ဒေါ်စုစုလွင်ပြောဘူးသည်။ တိုင်းပြည်ဘက်ဂျက်ထိမည်စိုး၍ ဦးစီးချုပ်နှင့် အောက်က ဗိုလ်မှူးချုပ် အနည်းအကျဉ်းကလွဲလျှင် တော်လှန်ရေးကောင်စီနှင့် ကက်ဘိနက်မှာ ဗိုလ်မှူးကြီးများသာဖြစ်သည်။ စန်းယုကဲ့သို့ တခြားဗိုလ်တွေ ခိုးသော်လဲ စီမံဘဏ္ဍာ ဗိုလ်လွင်ခိုးသည်ဟု မကြားဖူး။

မြန်မာ့မိတ်ဆွေများဆီက ဘဏ္ဍာရေးအကူအညီကိစ္စတွင် ဦးလွင်နှင့် မဆလအဆင်မပြေသောအခါ ချင်းချောင်းထဲက မြေကွက်ကို အကြောင်းရှာထုတ်ခံရသည်။ စစ်ရုံးတွင် ထဲ့ထားသော အင်္ဂလိပ်တပ်က ဦးနုလူဟု ဘီအိုင်အေအုပ်စုက မကြိုက်၍ (Mary Callahan; Making Enemies) မြေတိုင်းညွှန်ချုပ်ဖြစ်သွားသော စမိုက်ကြီးလည်း ထို့တူ တိရစ္ဆာန်ရုံကို တသသလုပ်နေရင်း စောစောနားရသည်။ သို့သော် အန်ကယ်ဦးလွင်က အရေးအခင်းပီးတွင် NLD ထဲ ဝင်လာသည်။ မန်နေဂျာကောင်းဦးလွင်၏ နိုင်ငံရေးသမားဘဝမှာ အောင်မြင်သည်ဟု မဆိုနိုင်ပါ။ ထဲထဲဝင်ဝင်လုပ်ခဲ့ရသော်လဲ ခမည်းခမက် ဆရာမင်းသုဝဏ်လောက် နိုင်ငံရေးစန်းမကောင်း။ သို့သော် မျိုးချစ် ဆိုရှယ်လစ်တပ်မတော်သားမူနှင့် သစ္စာမဖောက်ပဲ လုပ်နိုင်သရွေ့ နောက်ဆုံး ရုံးမတက်နိုင်သည်အထိ အလုပ်လုပ်သွားခဲ့သည်။ အကျယ်ချုပ်ကျနေချိန်အတွင်း မေမြို့နေ တဦးတည်းသောသား (အမ်အိုင်အကြီးအကဲဟောင်း ဗိုလ်မှူးကြီးချစ်ခင်သမက်) ကွယ်လွန်သည်။ သွားခွင့်ပြု၍ မိသားစု မဆုံးခင် လေယာဉ်နှင့် အရောက်သွားနိုင်ခဲ့သည်။ သူတို့အိမ်မှာ ကျနော့အဖွား နွေရာသီအိမ်နှင့် တလမ်းထဲ တင်ဦးလွင်လမ်းတွင် ၃ အိမ်ခန့်သာ ဝေးပါသည်။ မဆုံးခင်က အဖွားနှင့်တွေ့ နှုတ်ဆက်ဖူးသည် ကြားမိသည်။ ဆုံးချိန်က အဖွား မေမြို့တွင်မရှိ။ (ထိုလမ်းတွင်ပင် သူရဦးတင်ဦးခြံဆိုသော မြေကွက်လပ်တခုလည်းရှိသည်။) သမက် ဦးထင်ကျော် (စာရေးဆရာ ဒလဘန်း၊ အင်္ဂလန်ပြန် ဗဟိုစာရင်းအင်းအဖွဲ့အရာရှိဟောင်း)မှာ ဒေါ်စု မန္တလေးအသွား ဘူတာကြီးတွင် အတားခံရစဉ်က လူထောင်ကျသလို ဒီပဲယင်းတုန်းကလဲ ကားပါသွားဘူးသည်။ သြစတြေးလျတွင် အင်္ဂလိပ်စကားအသံထွက်ပညာသင်ခဲ့သော သမီး ဒေါ်စုစုလွင်မှာလည်း ယူနီဆက်ဖ်အရာရှိဘဝတွင် အထက်လူကြီး၏ နိုင်ငံရေးအရဖိနှိပ်မှုကို မခံနိုင်၍ အလုပ်ထွက်ခဲ့သည်ဟု ကြားမိသည်။ သိသည့်အတိုင်း မစ်ကယ်ရိုလောင်းခေတ် ရုံးတွင်းနိုင်ငံရေးကလည်း အလိုတော်ရိနိုင်လွန်းသည်။ ပြည်ပသဟာယအစီအစဉ်အရွေးခံရလျှင်လည်း နိုင်ငံကူးလက်မှတ်မရ။ ဦးလွင်တို့မိသားစု လောကဓံခံနိုင်ရည်ကို မေမြို့တွင် ဆုံလိုက်ဖူးသည့် ဆရာဝန်ကြီးတဦးက ချီးကျူးသည်ကို မှတ်မိနေသည်။

နိုဝင်ဘာ ၁၂ ညနေက သတင်းတွေ တည်းနေတုန်း တပုဒ်ဝင်လာသည်။ ဟာ ကျုပ်အဖွားလေးဗျ၊ လေဖြတ်နေသည့် အန်ကယ့်အရင် ဖွားလေးဆုံးလေပီ။ မှတ်မှတ်ရရ ဒေါ်စုလွတ်မည် သတင်းထွက်သည့်နေ့တွင်ပင်။ အန်ကယ်က သူ့လိုလေဖြတ်နေသည့် မန္တလေးက ကျနော့အဖိုးလေး သူနှင့် ဘိလပ်တွင် စစ်ပညာသင်ဘက် တောခိုစစ်ဗိုလ်ဟောင်း ဗိုလ်လှဖေကို လေ့ကျင့်ခန်းလုပ်ဖို့ မှာလေ့ရှိသည်။ ဗိုလ်လှဖေလည်း ယခုမရှိတော့။ နောက် အန်ကယ်နှင့် ပတ်သက်၍ မှတ်မိနေသည်က အဖွားသားတပည့် စာသမားတယောက် သူ့ဆီလာပီး သမိုင်းကြောင်းတွေ မေးပရစေဆိုသည့်အခါ လာလို့ရပါတယ်၊ ကျုပ်က ဗိုလ်ကျော်ဇောတပည့်ပါ ကွန်မြူနစ်မကြောက်ပါဘူးဟု ပြန်ပြောပုံဖြစ်သည်။ အန်တီစု ပြန်လွတ်သည့်နေ့က နာရေးကိစ္စရှိရက်နှင့် ဦးပို (ဦးထင်ကျော်) တယောက် ဦးနီနှင့်အတူ နံဘေးမှ ဝန်းရံပေးပုံ၊ ထို့နောက် အန်ကယ့်ကို လာအားပေးပုံ၊ နောက် အန်တီစုတို့သားအမိ ဘုရားတက်စဉ် ဦးပို-အန်တီစုစုတို့ လိုက်လာပုံများကို တွေ့ရတိုင်း အထူးဝမ်းသာမိပါသည်။ ဘီးတပ်လှည်းလေးနှင့် လူအုပ်ကြီးကြားမှ ဇနီးကို သဂြိုင်္ဟ်စက်ထိလိုက်ပို့သည့် အန်ကယ့်ပုံများကြည့်ရင်း စိတ်မကောင်းလည်းဖြစ်ရသည်။

သူတို့မိသားစုမှာ သခင်အုန်းမြင့်မိသားစုကဲ့သို့ ဒေါ်စုအတွင်းစည်းထဲက ဖြစ်သည်။ အိမ်ပြင်သည့်ကိစ္စကို ဦးထင်ကျော်နှင့် ဦးအုန်းမြင့်သား ဦးနီတို့ တာဝန်ယူရသည်။ ဒီပဲယင်းဖြစ်စဉ်က အောက်စဖို့ဒ်မှ ၉၅ နှစ်ရွယ် ဒေါ်သန်းဧ (ဘိလပ်ပြန်သန်း)က စိတ်ပူ၍ ဦးပိုတို့အိမ်ကို ဖုန်းဆက်ရာ လူမတွေ့၍ မက်ဆေ့ခ်ျလေးချန်ထားသည်ကို သိမ်းထားသည်ဆိုသည့် အန်တီစုစုစကားကို သတိရမိသေးသည်။

ဤတခါ အဖွားလေးမသာကို လိုက်မပို့နိုင်တော့ ဆရာမင်းသုဝဏ်ကတော် အဖွားကြည်ဆုံးစဉ်က တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် ပန်းခြင်းသွားမှာစဉ်က ဆိုင်ရှင်မှာ အရင်မန္တလေးဒီစီ (တိုင်းမင်းကြီး)ဟောင်းတယောက်သမီးဆိုင်ဖြစ်၍ လျှော့ယူလိုက်ပုံ၊ ထိုစဉ်က အကျဉ်းခံ NLD အမတ်တဦးသား သူငယ်ချင်းနှင့်အတူ ဦးထွန်းလင်းခြံလမ်းထဲ ဦးလှ-ဒေါ်အမာမိသားစုပန်းခြင်းကို မနိုင်မနင်း မ၍ဝင်လာစဉ် လမ်းထဲက ကျူရှင်ကျောင်းသားကျောင်းသူတွေ ကြည့်ကြပုံ၊ ဆရာကြီးအိမ်တွင် ယခုအမေရိကရောက် NLD ကိုတိုးလွင်နှင့် အကျဉ်းကျခံ ကိုသိန်းဆွေ (ဖျာပုံ)တို့တတွေ ဧည့်ခံနေကြပုံများ ပြန်ပေါ်လာသလို နာရေးကို သခင်သန်းထွန်းသမီး ဒေါ်စုညီမဝမ်းကွဲလိုက်ပို့သည်ကိုလည်း မှတ်မိနေပါသည်။ ဤသို့ ကျနော်လိုက်ပို့သည့်အကြောင်း အဖိုးအဖွားများနှင့်စပ်၍ ဦးပိုရေးစဉ်က မှတ်မှတ်ရရထည့်ရေးထားသည်။ ကျနော့အဖွားဆုံးစဉ်ကလည်း မင်းသုဝဏ်မိသားစု၏ လှူဘွယ်သင်္ကန်းများရောက်လာပါသည်။ လူကြီးတွေဆုံးကုန်တော့ အားလုံးရင်တွင် ဟာကျန်ခဲ့သလို ဆုံးသည်ကိုပင် လက်ခံရခက်လှသည်။ သပြေညိုအိမ်လည်း မရှိတော့ပီ။

ရန်ကုန်တွင် ကျနော့ကို အန်ဂျီအိုလောကထဲ တွဲခေါ်ခဲ့သော အန်တီစုစုကျေးဇူးများကိုလည်း သတိရမိပါသည်။ မြေနီကုန်းမှ သူတို့ရုံးလေးတွင် သက်သက်လွတ်ထမင်းချိုင့်လေးထုတ်စားရင်း (ကျနော့လည်းခွဲကျွေးရင်း) ဦးထင်၊ မင်းသုဝဏ်၊ ဦးလှ-ဒေါ်အမာစသဖြင့် ဆွေမျိုးထဲက လူကြီးတွေအကြောင်း ပြောဖြစ်ကြသည့် ရက်များပါပေ။ ဖျာပုံ ဆရာဇော်ဂျီရာပြည့်ပွဲတွင်လည်း ဆုံမိကြသေးသည်။ အခြေအနေအရ အနေလှမ်းသော်လည်း စာပေ နိုင်ငံရေးနှင့် စပ်၍ အမျိုးထဲက တခြား ဝေါင်ဝေါင်ရှေးများထက် ကျနော်တို့ စိတ်ချင်း ပိုရင်းသည်။ ဦးပို ခေါ် ဆရာ ဒလဘန်း ဆက်ရေးမည့် ဆရာမင်းသုဝဏ်နှင့် ပတ်သက်သည့် မှတ်စုမှတ်တမ်းများ၊ ခေတ်ပြိုင်ပုဂ္ဂိုလ်များအကြောင်း စောင့်ဖတ်နေပါသည်။ အထူးသဖြင့် ဦးပိုတို့ ဦးကြီး ဦးတက်ထွဋ် (ဦးညိုမြနှင့် ပုံစံတူအကိုဝမ်းကွဲ) ရာပြည့်ချိန်က အားလုံးကို အထူးသတိရလှသည်။

(ဖြည့်စွက်ချက်- မိတ်ဆွေတဦးထံမှ။ ကိုဘိုရေ.. လက်ရေတပြင်တည်း ဖတ်မိတယ်။ ဦးလွင် ရဲ့ ယောက်ဖလေး ဦးကြည်မောင် (ဗိုလ်မှူးကြီးကြည်မောင်) အကြောင်းတော့ မပါဘူးနော်။ ကောလိပ်ကျောင်းသားလေး ကြည်မောင်တယောက် မောင်လွင်၊ မောင်ချို တို့ နဲ့ သူငယ်ချင်းဖြစ်ပြီး သူတို့အိမ်ကိုလိုက်လည်ရာက.. မောင်လွင်တို့ နှမထွေးလေး ဒေါ်ကြည်ကြည်နဲ့ အကြောင်းပါခဲ့တာ.. အန်တီစုစုဟာ သူ့ဦးလေး ဦးကြည်မောင်ကို သိပ်ချစ်တဲ့ သူတယောက်ပေါ့။ ဦးပီတာရောပဲ သူတို့လင်မယားနှစ်ယောက်ဟာ သိပ်ပြီး လူမူရေး စိတ်ပြည့်ဝလွန်းကြတယ်။ အန်တီစုစု အကြောင်းဖတ်ရတော့ .. ရန်ကုန်မှာနေတုန်းက ဘဘကြည်မောင်အိမ်မှာ လူကြီးတွေ စကားပြောတာ အိပ်ပျော်တဲ့အထိနားထောင်ခဲ့ရတဲ့ ဘဝတွေကို ပြန်လွမ်းသွားတယ် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး .. ။ ) ကျနော် သူတို့အမျိုးတော်သလိုကြားဘူးပေမယ့် မသိလို့မထည့်မိတာပါ။



No Responses Yet to “လက်ရေတပြင်တည်း”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: