ကျောင်းအမကြီးရဲ့ အနုပညာ

18Feb11

သင်္ကြန်နားနီးတော့ ဒီချိန်ဆို နဂါးတိုက်ကြီးပေါ် ဆိုင်းတခြိမ့်ခြိမ့်နဲ့ အကတိုက်ရောပေါ့၊ သီချင်းသစ်တွေတက်ကြရောပေါ့လို့ပဲ စိတ်ထဲအောက်မေ့နေပါတယ်။ သင်္ကြန်ဆိုတာ ပျော်စရာမဟုတ်တာတော့ ကြာခဲ့ပါပီ။ သူများနိုင်ငံက ကာနီဗယ်ပွဲတွေနဲ့မခြား ရိုင်းစိုင်းတဲ့ စတိတ်ရှိုးရေပက်ပွဲဖြစ်ခဲ့ပီပဲ။ သီချင်းအဟောင်းတွေပဲ ပြန်ဖွင့်ကြတာပေါ့။ 1980 Myo-ma Thagyan ဒီတပုဒ်မှာတော့ ပျောက်နေပီဖြစ်တဲ့ မြန်မာအမျိုးသမီးတွေရဲ့ လွတ်လပ်ယဉ်ကျေးတဲ့ပျော်မှုအလေ့ကိုလဲ ပြန်ပြောချင်တာပါရဲ့။ ဒေါ်ဦးဆိုတာ ကျော်ဟိန်းစတိတ်ရှိုး တိုက်အောက်ထပ် တံခါးပိတ်ဆိုခိုင်းခဲ့တဲ့သူပဲ။

(၁)

ကျနော့စိတ်ထဲတွင် စွဲကျန်နေသော မေမေဦး၏ ပုံရိပ်သွင်မှာ ဆရာဦးငွေကိုင်ဆွဲသည့် ဆီဆေးကားလေးထဲမှ စပို့ရှပ် စိမ်းပြာရောင်ဝတ် ဆံလှိုင်းတွန့် အမောက်ဖွာထားသော ၁၉၅၀ကျော်ဖက်ရှင်နှင့် ပြုံးလဲ့လဲ့အမျိုးသမီး တယောက်သာ ဖြစ်သည် ။ ထိုရုပ်ပုံရှင် ဖွားကြီးတော်ဟု မြေးတသိုက်က ခေါ်စမှတ် ပြုသည့် အမေဦးရာပြည့်ချိန် ရောက်လာပီဆိုတော့ အဘေးဖိုးထင် နှစ်တရာပြည့်ပြက္ခဒိန်အဟောင်းလေး နောက်ကျောတွင် မှတ်ထားခဲ့သော မဦး ၂၇.၄.၁၀ နေ့မွေးဆိုသည့် မင်နီစာကြောင်းလေးကိုပဲ ပြန်မြင်မိတော့၏။ ရန်ကုန်မြို့  ဆင်းဒဝစ်လမ်းတိုက်ခန်းတွင် တွေ့စဉ် အန်ကယ် ထားဝယ် ဦးသန်းဆွေက “အမေဦးအကြောင်း ဘိုဘိုရေးပါလား” ဟု တိုက်တွန်းဖူးသော်လဲ တကယ်တမ်းဘာမှ မှတ်မှတ်သားသား မေးမြန်းမထားလိုက် ရသောကြောင့် ကလောင်တို့ဖို့ သတ္တိမရှိလှပါ။ အဖွားရှိစဉ်က သူ့အမအကြောင်းပြောဖူးရေးခဲ့သမျှ၊ တခုသော နွေရာသီ မေမြို့ ၌ နဂါးဦးထွန်းချွန်တူ၊ ကျနော့်အဖိုးလေး မန္တလေးယူနီဗာစီတီကောလိပ် သမဂ္ဂဥက္ကဋ္ဌဟောင်း ဦးမောင်လေးတို့နှင့် ဆုံခိုက် မှတ်သားခဲ့သမျှ၊ ဟိုဟိုဒီဒီဖတ်မှတ်ဖူးသမျှနှင့်သာ စာဖွဲ့ရပါမည်။ လက်ဝဲမိသားစုဟု သတ်မှတ်ခံရသောအမျိုးတသိုက်ကြားတွင် တဘာသာထူးသော ဘာသာရေးအလှူအတန်းနှင့် နတ်ကနားအပေးသန် ပွဲကြိုက်သော ရွှေမန်းသင်္ကြန်၏ ထီးချက်စောင့် အမေဦးအကြောင်း။

တကယ်တမ်း မနေ့တနေ့ကဟု ထင်ထားခဲ့သည့် ရေနန်းသူဇာ နဂါးမယ်သင်္ကြန်မဏ္ဍပ်ခေတ် မရှိတော့သလို မန္တလေးမြို့ ထဲ အောင်ဆန်းလမ်း အာဇာနည်လမ်း စသောကျောက်လမ်းမကြီးများပေါ်က သင်္ကြန်သည်ပင် ပျောက်ကွယ်ခဲ့ပီး ကျုံးဘေးက ကြော်ငြာရေပက်ပွဲ စတိတ်ရှိုးသင်္ကြန် တောင်ပြုံးသင်္ကြန်သာ မန်းဟန်ပျက်လျက် ကျန်ခဲ့ပြီပဲ။ သို့ပေသိ ဤနှစ်တွင် အမေဦးတူမနှင့် ဓားတန်းဦးသန့်မြေး သမီးခင်ပွန်းပိုင် ရီမြင့်ရုပ်ရှင်မှ ရိုက်သော၊ တူ အဉ္စလီမောင်မောင် ဂီတမှူးလုပ်သည့် “ သင်္ကြန်မိုး” ရုပ်ရှင် ငွေရတုတိုင်ပီဆိုတော့လဲ ယူကျုပေါ်တွင် ပြန်ကြည့်ရင်း ရှေးခေတ်ကောင်းကို လွမ်းကြရပါသည်။ အေးချမ်းဖွံ့ဖြိုးနေတဲ့ တိုင်းပြည်ကြီးမှာ အခါတွင်းဗုံးပေါက်သတဲ့အမေရယ်ဟု ပြောလျှင် မန္တလေးတောင်မြောက်ဖက်ပင် သူပုန်အောက်က မလွတ်သေးခင်ကထဲကစပီး အနှစ် ၄၀လောက် မဏ္ဍပ်ထိုး အလှပြကားထွက်ကာ သင်္ကြန်ခံလာသော နဂါးဒေါ်ဦး ဘာပြောမည်ကို သိချင်လှတော့သည်။

တနိုင်ငံမြိုင်ယံခြားရုံမက မိုင်ထောင်ချီဝေးသည့် မြောက်ကျွန်းရောက်နေသည်မို့ သင်္ကြန်နီးလျှင် တချိမ်းချိမ်းအကတိုက်နေသော နဂါးဆေးလိပ်ခုံ တိုက်ကြီးပေါ်က ဆိုင်းသံဗုံသံတွေကို ပြန်ကြားချင်သလို လူယောင်ဆောင်နဂါးမလေးများ ရေကန်သာတွင် ရေချိုးဆင်းပုံ နောက်ခံကားကြီးရှေ့  မဏ္ဍပ်ပေါ်တွင် နဂါးမယ်ကတဲ့ဗျောလို နဂါးသင်္ကြန်သီချင်း စည်းချက်အလိုက် ကနေကြသည့် အင်္ကျီနီ ခပ်ရဲရဲထမီဒီဇိုင်းနှင့် အမျိုးသမီးတသိုက်၊ ထိုထဲက အမနှင့် ညီမပေါက်စ၏ မိတ်ကပ်ရဲရဲပုံတွေကိုပဲ ပြန်မြင်မိသည်။ မိန်းကလေး ၁၀၀-၁၅၀လောက်ကို နေ့တွက်ပေး ထမင်းကျွေးပီး တနှစ်တခါ စပ်ခိုင်းသည့် ဆေးလိပ်ကြော်ငြာမပါသော သီချင်းအသစ်နှင့် ဆိုင်းဝိုင်းငှား အကတိုက်ခိုင်းရုံမက သူကိုယ်တိုင် အထာမကျသည့် မိန်းကလေးတွေကို ဝင်သင်ပေးလိုက်သေးသည်ဟု အဖွားက သူ့အမအကြောင်း ရေးဖူးသည် ။ စင်ပေါ် ကိုယ်တိုင်မကသော်လဲ စိတ်ထဲက လက်ချိုးခါးညွတ်လုပ်နေမည့် အမေဦး။ ငယ်ကထဲက တီးဝိုင်းနဲ့လှည့်သော ဓာတ်ရှင်ကြော်ငြာကားလာလျှင် သင်ပေးမည့်သူမရှိဘဲ ခေါင်းခါးကျန ကတတ်သော အမေဦး။

(၂)

နဂါးသည် လက်နှင့်လိပ်သည့်ဆေးလိပ်ခုံများထဲတွင် ပထမဆုံး နိုင်ငံအနှံ့ ဖြန့်ချိနိုင်သူ ဖြစ်ပါသတဲ့။ ဆေးလိပ်သမ ၅၅၀၀နှင့် တနေ့ကို အလိပ်ရေ ၂၇သိန်းခွဲလိပ်နိုင်ပါသတဲ့။ အဖွားရေးသော အဖိုးအတ္တုပ္ပတ္တိတွင် ဆိုသလို နဂါးဆေးလိပ်စက္ကူပတ်ရိုက်ရသော ပုံနှိပ်ခနှင့်ပင် အရင်းရှင်ကြီးများနှင့် အစိုးရကြော်ငြာမရသည့် လူထုသတင်းစာမှာ အစိုးရအာမခံကြေးအကြိမ်ကြိမ်တောင်းသည့်ဒဏ်ကို တောင့်ခံနိုင်ခဲ့သည်တဲ့လေ။ ဒေါ်ဦးပေးသော ဂရန့်ကြောင့် သတင်းစာဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာစသည့် အနုပညာရှင်ပေါင်းစုံကို လူထုက မကြောင့်မကြ စင်တင်ပေးနိုင်ခဲ့သည် ။ ထို့ပြင်တဝ လူထုသတင်းစာဟောင်းများမှ ၁၉၄၉ မန္တလေးကို လက်နက်ကိုင်တပ် သုံးတပ်လက်က ဖဆပလအစိုးရတပ်များ ပြန်သိမ်းပီး နဂါးဆေးလိပ်ခုံတွင် ယာယီရုံးစိုက်ကြောင်းဆိုသော သတင်းဟောင်းလေးကို သတိရမိသလို ပြည်တွင်းစစ်မီးကြားက ဥမမယ်စာမမြောက် တပ်မတော် သက်သာ ချောင်ချိရေး အတွက် မင်းကတော်တသိုက်နှင့် ကူညီခဲ့သည့် အမေဦးပုံကိုလဲ ပြန်မြင်သည်။ ဖဆပလကြီးကွဲရခြင်း လတ်တလော အကြောင်းက ပင်လုံဒေါ်နုယဉ်ကို ဆန်တင်ဒါချပေးသည့်ကိစ္စဆိုတာမျိုးလို အာဏာရအသိုင်းအဝိုင်းနှင့် အမေဦး အလွန်အကျွံ ဒွေးရောယှက်တင်တော့ ရှိပုံမပေါ်။ ရေသဘင်တွင် ဦးနု ရေအလောင်းခံရတာမျိုးက မိတ်ဆွေကဏ္ဍ ဖြစ်လိမ့်မည်။ အဖွားသူငယ်ချင်း ဒေါ်မာလာ၏ ဖဆပလညီလာခံသွား အတွေ့အကြုံကို ရေးသော နှစ်ထပ်ဆလံ ဝတ္ထု (၁၉၄၆) တွင် မန္တလေး အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ ငွေထိန်းမှူး နဂါးနီဒေါ်ဦးနှင့် တွဲဘက်အတွင်းရေးမှူး ညီမ မတင်တင်ဟု ဖော်ပြထားသည်။ စစ်ပီးခေတ် အထက်ဗမာပြည်အမျိုးသမီးလှုပ်ရှားမှုများမှာ အမ်အေဒေါ်အုန်း၊ ဒေါ်ဦး၊ ဒေါ်အမာစသည့် မန္တလေးသူတို့နှင့် မကင်းလှ။

ဆေးရွက်ကြီးနံ့ လှိုင်နေသော နဂါးတိုက်အောက်ထပ်ခန်းမကြီးထဲမှ ၁၉၅၀ကျော်ပုံ မာစီဒီးအနက်ရောင် ရှေ့ ရိုက်ထားသည့် မူလတန်း ကျောင်းသား ကျနော့်ဓာတ်ပုံကို ပြန်တွေ့လျှင် ဖိုးပါကြီး ကြည်ကြည်ဌေးတို့ စီးခဲ့တာ ဒီကားမျိုးတွေနေမှာဟု အောက်မေ့ရင်း ဖဆပလခေတ် ချောင်ချိသော ဆိုရှယ်လစ်စီးပွားရေးအောက်တွင် ပေါ်ထွန်းလာသော တိုင်းရင်းဓနရှင်လူတန်းစား၏ ဆယ်နှစ်အတွင်း ဘုံကြိုးပြတ်ခန်းကို သတိရသည်။ ပြည်သူပိုင် ဒလကြမ်းသိမ်းသည့်ခေတ်မှာ ကုန်သည်လုပ်ငန်းရှင်တွေကို ဇူဇကာပုဒ်မနှင့် ထောင်ချကြမ်းနေချိန်တွင် အမေဦးလဲ အမြတ်တော်နှင့် ရောင်းခွန်တော် နှိပ်စက်မှုကြောင့် ဆေးလိပ်ခုံနှင့်တိုက်တွေ ချိတ်ပိတ်ခံရ၊ အမရပူရအဝင်က ဆေးပေါင်းရုံတွေ မြေတွေအသိမ်းခံရ နောက်ဆုံးထောင်ပါကျရရှာသည်။ အလုပ်သမားခေါင်းတို့၏ မရိုးမသားခိုးယူမှုများကို သိသော်လဲ ဝါဏိဇ္ဇပဋိပက္ခ ဥပဒေနှင့် အလုပ်ရှင်တွေကို နှိပ်စက်သည့် အလုပ်သမားကောင်စီကို ကြောက်ရသဖြင့် အလုပ်မလည်ပတ်နိုင်တော့မှ လျော်ကြေးပေးပီး လျှော့ပစ်ရသည်။ ထိုအထဲ ကျောင်းတော်ရန်စရှိသည့် အလံနီလက်နက်ချ ဒေါ်စောမြ မဆလတွင် ဘုန်းတောက်သည့်အခါနှင့် သွားကြုံသည်။

ဖဆပလ အဖွဲ့မပေါ်ခင် စပြီးစည်းရုံးကြစဉ်ကတည်းက ဒေါ်ဦးသည် ဖဆပလကိုရော၊ ကွန်မြူနစ်ပါတီကိုပါ အဘက်ဘက်က ထောက်ခံ အားပေးသူ၊ နောက်ပီး နဂါးဆေးလိပ်ခုံ အလုပ်သမားသမဂ္ဂ စဖွဲ့တော့လည်း လိုလိုလားလား အားပေးခွင့်ပြုခဲ့သူဖြစ်သည်။ ၁၉၂၁က မြန်မာပြည်တွင် ဘိုလရှီဗစ်ဝါဒ အကြောင်း အစောဆုံးဖော်ပြခဲ့သည့် နေပြည်တော်ဂျာနယ်အယ်ဒီတာဦးရှင်၏ တူမ၊ ဆိုဗီယက်ရုရှားအကြောင်း စစ်ကြီးမဖြစ်ခင်ကပင် စာအုပ် ရေးခဲ့သည့် ကြီးပွားရေးဦးလှမရီးပေမို့ ဤသို့ အလုပ်သမားရေးနိုးကြားမှု ရှိသလော မဆိုတတ်။ ဖြစ်ချင်တော့ နဂါးဆေးပေါ့လိပ်ရုံ အလုပ်သမားတွေက ဆေးလိပ်လိပ်ခ တိုးပေးဖို့ တောင်းဆိုရာက မပြေလည်ဘဲ ဆက်ဆံရေး ပျက်ခဲ့ရသည်။ ၁၉၄၅က ပထမဆုံးဖွဲ့သည့် အမျိုးသမီးတပ်က ဗိုလ်ဟောင်း ဒေါ်စောမြမှာ နဂါးတိုက်ပေါ်တွင် ဒေါ်ဦးကျွေးမွေးအဝတ်ဆင်ခဲ့ပီး နောက်ပိုင်းနှင်ချခဲ့သည့် ရဲဘော်မ တသိုက်တွင် ပါလေသည်။ ထို့ပြင် ဖဆပလခေတ်က ရန်ကုန် ဘားလမ်းတိုက်သို့ မြင်းပွဲရှုံးတိုင်း ပိုက်ဆံလာတောင်းလွန်းသဖြင့် မရှိဘူးပြောခိုင်းပီး ပုန်းနေတတ်သည်ကို မှတ်ထားသော စစ်ဦးစီးချုပ်ကြီး ၂၆နှစ် မိုးကောင်းသည့်ခေတ်တွင် တခြားသော အမျိုးသားငွေရှင်ကြီးများနည်းတူ အမေဦးလဲ အထိနာခဲ့သည်။ မနှစ်က ပုဂ္ဂလိကလုပ်ငန်းတွေ အဆောက်အအုံတွေ ပြန်ပေးမည်ဆိုသည့်အထဲ နဂါးပစ္စည်းတွေပါသည်တော့ မကြားမိသေး။ မန္တလေး နန်းတွင်းထောင်က အမေဦးနေခဲ့သည့် တိုက်ကလေးမှာ ဗိုလ်ချုပ်အောင်ကြီးနှင့် ခွန်ဆာလဲ နေခဲ့သည်ဟု ကြားဖူးသည်။

(၃)

တခါသား မုံရွာအနောက်ကမ်း လက်တောင်းကြီး အမျိုးအလှူကအပြန် ဖိုးဝင်းတောင်အဝင် ဇရပ်တခုတွင် အမေဦးဓာတ်ပုံကြီးက ခန့်ခန့်ကြီး ကြိုနေပါသည်။ မနေ့ကမှ ရွာမှာတွေ့ခဲ့သေးသည်ပဲ။ ထို့တူ မင်းဘူး စက္ကိန္တဲ၊ အလောင်းတော်ကဿဖ၊ ကျောက်တန်းရေလယ်ဘုရားစသည့် အနေရာရာက ဘုရားကျောင်းကန်အနှံ့ သူ့ကုသိုလ်နှင့် ရှောင်မလွတ်ပေ။ သူဆောက်လှူသော ရန်ကုန်အရှေ့ ပိုင်းက ရာမာခရစ်ရှနားဆေးရုံ အဆောင်ကို သမ္မတကြီး ဦးဝင်းမောင်ကတော် ဖွင့်ပေးသည်။ မန္တလေးအရှေ့ ပြင် မနောရမ္မံက အနာကြီးရောဂါသည်များအတွက် အမေဦး လှူဒါန်းသော နဂါးကွက်သစ်ကို အစိုးရသိမ်းပီး အကွက်ချရောင်းခဲ့သည်။ မန္တလေး၁၃၀၀ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ဦးအရေးအခင်း၊ စစ်ပီး ငြိမ်းချမ်းရေးလှုပ်ရှားမှုတို့တွင် ဦးဆောင်ဆရာတော် ရဟန်းပျို ဥက္ကဋ္ဌ ဦးကလျာဏ (အဂ္ဂမဟာပဏ္ဍိတ) ဈာပနချဆောင်လာပုံတွင် ဇာတ်သမများနှင့် နဂါးယာဉ်၊ တရုတ်တန်းဘုံကျောင်းယာဉ် စသည့် ဈေးချိုတော်ရှေ့ က ယာဉ်တန်းကြီးကို အာဏာသိမ်းပီးစ လူထုသတင်းစာဟောင်းများတွင် ပြန်တွေ့ရလျှင် နဂါးတိုက်တွင် တွေ့နေကျ ဂျစ်ကားကိုယ်တိုင်မောင်းသည့် ဗိုလ်ကုခေါ် ဆရာတော်ဦးကုသလကို သတိရသည်။ ၁၉၅၈တွင် တည်မြဲအမာခံအဖြစ် ဓားထက်ခဲ့ပီး ၁၉၆၅ သံဃာအရေးအခင်းနောက်ပိုင်း ထောင်ကျောင်းစံ ဗိုလ်ကု၏ မန္တလေးတောင်ခြေရဟန်းပျိုအဖွဲ့ချုပ်မှာ ၈၈ အရေးအခင်း ဂဠုန်နီခေတ်ထိ အထက်မြန်မာပြည်၏ နိုင်ငံရေးဥသျှောင်တခုဖြစ်သလို လူထုအပေါ်သြဇာညောင်းရာ အကြည်ညိုခံရမှုတွင်လဲ ယခုကာလ မဟနနှင့် တနံစီဖြစ်သည်။

မြောက်ပြင်စတုဘုမ္မိကနဂါးရိပ်သာကျောင်းအမကြီးကို မဆလခေတ်တွင် ဘူဇွာဟု ချောင်ထိုးခဲ့သလောက် နဝတခေတ်ဦးကျ မန္တလေးနန်းမြင့်ကို ဖွင့်ခိုင်းခြင်း၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို ပထမဆုံးပေးခြင်းစသည့် ပါဝါအပျော့များဖြင့် သိမ်းသွင်း ခဲ့ကြသေးသည်။ အရေးအခင်းပီးစ ဒေါ်အောင်ဆန်းစုကြည် မန္တလေးလာစဉ်က အဖွားက မမဦးရော ကျမဆီ လာတွေ့ပါအုံးလားဟု ခေါ်မိရာ ဒေါ်စုက ငါ့တွေ့ချင်ရင် ငါ့ဆီလာခဲ့ပေါ့ဟု ပြန်ပြောသည့် အမေဦး စကားက အမျိုးများကြား ပြောစမှတ်ဖြစ်ကျန်ခဲ့သည်။ အန်တီစုကို ပထမဆုံး ၆ နှစ်ကြာ အကျယ်ချုပ်က ပြန်လွှတ်သည့် ညနေက သတင်းလေးတော့ သိသွားပါစေဆိုပီး အဖွားက ပြောခိုင်းပေမင့် အမေဦး သိမသွားရှာဘဲ နောက်တနေ့ပင် ဆုံးရှာသည်။

နဂါးတိုက်အပေါ်ဆုံးက နတ်ရုပ်တွေထားသောအထပ်ကို သိပ်မတက်ဝံ့ခဲ့ကြသော်လဲ အင်တာနက်ပေါ်ကရသည့် နတ်ဒိုးနတ်ချင်းရသမျှ စုထားပီး လန်ဒန်တွင် ကနားပေးရင် သွားကြည့်ကြမယ်ဟု ကျနော်တို့ မောင်နှမ ကြံစည်ထားကြသည်။ လူထုဂျာနယ်တွင် ၁၉၅၀ကျော်က အဖွားရေးခဲ့သည့် မထွက်သေးသော အဖြေဆိုသည့် ဝတ္ထုထဲမှ သူဌေးမကြီးနှင့် မောင် တက္ကသိုလ်ကျောင်းသားတို့ အချီအချဆွေးနွေးခန်းတွင် မမက ခေတ်ဆိုးကြီးထဲမှာ အနုကြမ်းစီး ပြန်ပေးဆွဲ လက်ဝဲသမားတွေက ပစ္စည်းသိမ်းစတဲ့ဘေးတွေကြောက်လို့ ဘိုးတော်ကိုးကွယ်တာလို မဟုတ်မဟတ်အယူတွေကို စွဲလမ်းနေတာ၊ ဘယာဘေးကြောက်လို့ လာဘ်လာဘမျှော်ကိုးလို့ သက်သက်ဖြင့် ကုသိုလ်မလုပ်သင့်ဘူးစသည့် ဒိုင်ယာလော့ကို ဖတ်တိုင်း အမေဦးနှင့်သီရိစန္ဒာမယ်တော်ကြီးရော အဖိုးလေးများကိုပါ မြင်လာမိသလို အဖွားတို့ အဖိုး စတုဘုမ္မိကမဂ္ဂင်တရားပြဆရာကြီး ဘိုးစိုးဂေါင်၏
“ဘယာလာဘကုလကြဉ်ရှောင်တဲ့အေ့” ဆိုသော ဆုံးမစကားကိုလဲ သတိရမိပါသေး။ ယခုထိ ခေတ်နောက်ပြန်ဆွဲအယူသီးမှုများ နေပြည်တော်က ယတြာရွှေတိဂုံအထိ လွှမ်းမိုးဆဲ မဟုတ်ပါလား။ မိုးဦးကျ ပဒတ်ပေါ်လျှင် ပဒတ်ကြော်နှင့် သရက်သီးကို အမေအဖွားများတင်သပီးမှ စားသော အမေဦး၏ ဒေါင်းလန်းနီလေးပေါ်မှ ဇီးဖြူသီးနှင့် ငါးကြင်းကြော်ချက်၊ ပဲနှပ်စသော အညာစမဲဟင်းခွက်များကိုကား လွမ်းဆွတ်မိပါ၏။

စစ်မဖြစ်ခင်က အမေဦးတို့ စုံတွဲ ကားတစင်းနှင့် ရှမ်းပြည်ဘက် လျှောက်သွားကြစဉ်က ရိုက်ခဲ့သော အယ်လ်ဘမ်ဟောင်းလေးတွင် It’s a jolly journey! ဟု ရေးထားသလို ခရီးသွားရတာ အမေဦးဟော်ဘီဖြစ်သည်။ မနက်ခင်းလမ်းလျှောက်ဖို့ကို မြစ်ထဲကကျွန်းပေါ် မော်တော်နဲ့ သွားတတ်သူ ဖြစ်၏။ တပေါင်း မင်းလွင်ထချိန် ရှမ်းပြည်မြေလတ် ပင်းဒယမှ ရွှေပုထိုးဘုရားပွဲကို အမေဦး၏ ကားတန်းကြီးနှင့် သိုက်သိုက်ဝန်းဝန်းသွားခဲ့ရပုံကို ခုထိ အောက်မေ့မိသည်။ ဦးညို (ညီပုလေး) အဖမ်းခံရစက စိတ်ပြေလက်ပျောက် အဖွားနှင့် ညီအမ ပခန်း ပခုက္ကူ ဘုရားဖူးလာကြစဉ်က အိမ်နီးချင်းတွေ သူ့ကို လာလာကြည့်ကြ၊ ဆေးခန်းထဲက လူနာတွေကို သူကထိုင်ဧည့်ခံနှင့် ဆရာမောင်စွမ်းရည် ရေးဖူးသလို ညီမသတင်းစာဆရာ စာရေးဆရာမကြီး ထက်ပင် ဘုရားအမ ကျောင်းအမကြီးက မျက်နှာပွင့်လေသည်။ သို့ဖြင့် စီးပွားရေး၊ သာသနာပြုဒါန အရေးတို့တွင် အမျိုးသမီးများ ဦးဆောင်မှုကို မြှင့်တင်ခဲ့သူ၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်များကို စီးပွားရေးမတွက် ခုံခုံမင်မင် အားပေးတတ်သော ပွဲကြိုက်ခင် အမေဦး တခမ်းတနား ကော်ဇောနှင့် ပွဲကြည့်လာပုံမှာ ဦးဆူးငှက်လို မန္တလေးဘွဲ့ဆရာများ မှတ်တမ်းဖွဲ့စရာ ဖြစ်လာသည်။ ကြည်အေး ရေးသော ရွှေမင်းသားဝတ္ထုထဲက မကြင်ကိုပဲ သတိရသေးတော့။ သို့ပေမင့် ထင်ပေါ်ကျော်ကြားမြန်မာများဟူ၍ ၁၉၈၇ခန့်က ဝင်းတင်ဝင်းမီဒီယာက ဗီဒီယိုရိုက်ကူး မေးမြန်းခြင်း၊ ၁၉၉၀ကျော်က စီးပွားရေးမဂ္ဂဇင်း တချို့ နှင့် တွေ့ဆုံခြင်းမှအပ အမေဦးအကြောင်း သူ့ညီမအပြင် မည်သူမျှ သတ်သတ်မှတ်မှတ် ရေးသည် မတွေ့သေးပါ။

ဆန်ရှင်တွေ၊ ဓာတ်ငွေ့တွေနှင့် ဝရချီးလည်နေသည့် မြန်မာ့ဓနဥစ္စာသိုက်ကို သားတူညီများအုပ်စိုးမှုဘေးမှ ကင်းဝေးသည့် ၊ ထိုထက် အမေဦးနှင့် စပ်တူ ဂျပန်က ဟီးနိုးသွင်းရင်း သူ့ကိုနှပ်ချသွားသည့် ဒေါ်ထူးအမျိုးများ မြန်မာ့စီးပွားရေး မောင်ပိုင်စီးမထားနိုင်တော့သည့် နောက်တခေတ်တွင် ကျန်းမာရေးနှင့် ညီညွတ်သော စီးပွားရေးလုပ်ရင်း သာသနာ၊ ယဉ်ကျေးမှုနှင့် လူမှုအကျိုးကို ဆောင်လှည့်ပါအုံးမေမေဦးရယ်ဟု သွားလေသူ ကျောင်းအမကြီးကိုပဲ တမ်းတမိပါသည်။ နဂါးနီတန်ခိုးနှင့် အမျိုးဂုဏ်တက်ခဲ့ပီ၊ လူမွဲတွေပဲ မနှေးခေတ်မီ အမြန်ဆုံး လူတန်းစေ့နိုင်ကြပါစေ။ လက်ဝေခံကော်ဇောအိတ်သမားခေတ်ကုန်ပီး တိုင်းကျိုးပြည်ဆောင် အမျိုးသားဓနရှင်လူတန်းစား ကြီးပွားထွန်းကားပါစေ။



No Responses Yet to “ကျောင်းအမကြီးရဲ့ အနုပညာ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: