ပထမ မြန်မာပါရဂူတဦး

19Feb11

ပါမောက္ခ မဟာသရေစည်သူ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉)

ဒေါက်တာထွန်းရှင် ရှေ့နေချုပ်ဖြစ်တော့ သူ့ဘဒွေးရဲ့ ယောက္ခမ သန့်ရှင်း ၃ လခံအစိုးရ ရှေ့နေချုပ်ဒေါက်တာဘဟန်ကို ပြန်သတိရလို့ပါ။ သူတို့ဟာ ကုန်းဘောင်ခေတ်မင်းမှုထမ်းမျိုးရိုးကဆင်းတဲ့ မြန်မာခရစ်ယာန်ပညာတတ်တွေ ခေတ်အဆက်ဆက်
ထိပ်တန်းမှာ နေရာရသူတွေပါ။ ဒေါက်တာရှင်ဟာ မြဝတီမင်းကြီးဦးစရဲ့ တီ၊ စတုဘုမ္မိကဂိုဏ်းထောင် ငှက်တွင်းဆရာတော်ကြီးရဲ့ မြေးတော်စပ်တယ်၊ သူ့အဖွားရင်းက နန်းတွင်းအပျိုတော် ကောလိပ်ကထိကကတော်၊ သူ့အဖိုး ပါဠိဦးထွန်းဖေ MBE က အင်္ဂလိပ်ခေတ်တလျှောက်လုံး တက္ကသိုလ်အမတ်ပါ။ သံတမန်လမ်းညွှန်စာအုပ်ရေးတဲ့ သံအမတ်ကြီး ဦးဖေသိန်းတင်ဟာ ဒေါက်တာရှင်နဲ့ ဝမ်းကွဲပါ။ ဒါပေမဲ့ ဆရာရှင်ပြောဆိုလုပ်ကိုင်နေရတာက ဒေါက်တာဘဟန်တို့လို တည်တည်တံ့တံ့မရှိပဲ ရာဇဝလ္လဘက ကြီးလွန်းတော့ နာမည်ဂုဏ်သတင်းပါ ထိနေတာကို တွေ့ရတယ်။

ဧရာဝတီမှာပါခဲ့တဲ့ ဒေါက်တာဘဟန်ဆောင်းပါး ကော်မန့်တခုမှာပါသလိုပဲ နိုင်ငံခြားက ဘွဲ့လွန်ရတိုင်း မြန်မာ့ရေးရာ မကျွမ်းပါဘူး။ မြန်မာပြည်နဲ့ လုပ်စားနေတဲ့ စကော်လာ ဆိုတာတွေ အတော် များများလဲ မြန်မာစာ မတတ်ကြပါဘူး။ အခုဟာက ပါရဂူ ဆိုတာတွေ ပါရဂူကျောင်းသား ဆိုတာတွေထဲမှာ မြန်မာလူမှု ယဉ်ကျေးမှုကို အရေမလည်ဘဲ စာအုပ်ကြီးထဲက ဟာတွေ ဖတ်ပြပီး အောက်ခြေ လွတ်နေကြသူကများများ။ ဘယ်သူက ဘာလဲ သမာသမတ် ဘလောက်ရှိလဲ ဆိုတာ ပညာရှိ အချင်းချင်းပဲ သိပါတယ်။ မြန်မာ အများစုကြီး မျက်စိ မပွင့်သေးသရွေ့ လူလည်တွေ လက်ဝါးအုပ် လုပ်စားနေကြ အုန်းမှာဘဲ။ အာဏာရှင်တွေလက်သုံး ပညာရှင်ဆိုသူတွေကို မုန်းပေမယ့် ဗမာတွေ ပညာရှိကို တန်ဖိုးထားပါတယ်။ ပညာရှိတွေက အာဏာရှင်ကို မျက်စ ပစ်နေကြတာ ကိုသာ ရွံတာပါ။ ဒေါ်လာတွေဖောဌေးနေတဲ့ မြန်မာအစိုးရဆီ ခစားမယ့် မြန်မာပြည်ကို ဒိုင်ဗင်ထိုးပီး ပိုက်ဆံပြေးရှာချင်နေတဲ့ အရင်းရှင်ကော်ပိုရိတ်ကြီးများလက်သုံး ပညာရှိ၊ အန်ဂျီအို၊ နိုင်ငံရေးသမား၊ သတင်းသမားတွေ ရိုက်သတ်မကုန်အောင် တွေ့နေပီမဟုတ်ပါလား။ ဘာတဲ့ အန်တီဆန်ရှင်း)

ဒီဆောင်းပါးမှာ ဒေါက်တာဧမောင်နဲ့ ဒေါက်တာဘဟန် ဥပဒေပညာရှင်ချင်း နိုင်ငံရေးသမိုင်းမတူပုံယှဉ်ပြထားပေမယ့် ဆရာကြီးဦးဧမောင်ဟာ လက်ဝဲနိုင်ငံရေးသမားတွေလေးစားရတဲ့ ပမညတလူကြီးဟောင်းတယောက်ပါပဲ။ သီးခြားမန္တလေးတက္ကသိုလ်ဟာ သူပညာရေးဝန်ကြီး၊ တက္ကသိုလ်အဓိပတိလုပ်တုန်း လူဖြစ်လာတာပါ။ ဒါပေမဲ့ ပညာရပ်မှာ ခင်တာတွေ ရင်းတာတွေထဲ့တွက်လို့မှ မဖြစ်တာ။ ဗမာပြည်မှာ ပညာရှိလုပ်ချင်ရင် ဂုဏ်ရှိရှိသေမလား၊ ဒေါက်တာမောင်မောင် ဒေါက်တာညီညီလို အမှိုက်ပုံးထဲအရောက်ခံမလား လမ်း ၂ သွယ်ပါပဲ။

(၁)

မြန်မာ့ရေးရာကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်မျိုးစုံ၏ အသံစုံ အကြံကုန်ကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ လှိုင်းတိုရေဒီယိုများနှင့် အင်တာနက်စာမျက်နှာများတွင် ဟုန်နေအောင် ကြုံဖူးနေကျ ဖြစ်ပါလိမ့်မည်။ ထိုအထဲ နိုင်ငံစုံက ဘွဲ့ပေါင်းစုံရထားသည့် ပါရဂူဒေါက်တာ ဘယ်သူဘယ်ဝါ ဆိုသည်ကို ကြားတိုင်း မြန်မာထဲက အစောဆုံးပါရဂူဘွဲ့ရ ဒေါက်တာကြီးတယောက်၊ မြန်မာပြည်က အင်္ဂလိပ်စာလိုက်စားသူတိုင်း လိုလို သိကြသည့် ကျေးဇူးရှင်ဒေါက်တာတယောက်ကို သတိရမိပါသည်။ ကာလပေါ် ဒေါက်တာများက မြန်မာပြည်သူတွေကို ဘယ်လိုပညာတွေဖြန့်ဝေပေးမည်မသိသော်လဲ ထိုဒေါက်တာကြီး၏ ကျေးဇူးကတော့ ယခုထိ ထင်သာမြင်သာရှိလှသည်။ သူနှင့် တပြိုင်ထဲလိုလို ပါရဂူဘွဲ့ရပီး ဟိုလွန်လေပီးသော ၆၅နှစ်က မြန်မာပြည်တွင် အာဏာရှင်အဓိပတိမင်းကြီးအဖြစ် ဘုန်းတော်ကြီးခဲ့သည့် သူ့ညီ ဒေါက်တာဘမော်ကို ခုခေတ်လူတွေမေ့ကြသော်လဲ အနှစ် ၄၀-၅၀က သူပြုစုခဲ့သော တက္ကသိုလ် အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ ယခုထိ မြန်မာပြည်တွင် အသုံးကျဆဲ ထွက်သမျှ ရောင်းမလောက်ဆဲ ဖြစ်ပါ၏။ သူနှင့် တနှစ်ထဲ ဘီအေအောင်သော ပါမောက္ခ ဖေမောင်တင်မှတ်ချက်အရ “ဤအဘိဓာန်ကို လေ့လာခြင်းဖြင့် မြန်မာစာသင်သားတို့အား အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုပေးနိုင်သကဲ့သို့ နိုင်ငံခြားသားများအတွက်လဲ မြန်မာဘာသာစကား ကျွမ်းကျင်မှုတွင် အကူအညီ ပေးနိုင်ပါလိမ့်မည်” ဟူသတည်း။ အင်္ဂလိပ်ဆိုရိုးစကားများကို မြန်မာပြန်ဆိုရာတွင် မြန်မာပီပီသသ ထိမိလှပစွာ ပြန်ဆိုသည် ဟူ၍လဲ မှတ်ချက်ချထားသည်။

ထူးသည်က ထိုသို့ မြန်မာဘာသာပိုင်နိုင်သည်ဟု မှတ်ချက်ပြုခံရသော ပါရဂူကြီးမှာ မြန်မာဗုဒ္ဓဘာသာမဟုတ်ပါ။ ဗရင်ဂျီသွေး အဝက်သားပါသည့် မွန်မြန်မာခရစ်ယာန်ဖြစ်ပါသည်။ ထို့ပြင် မြန်မာစာပေနှင့် စကားလူရာမဝင်ဆုံးခေတ် ၂၀ ရာစုဦး ဝံသာနုမပေါ်မီခေတ်တွင် လူဖြစ်သော မျိုးဆက်လဲ ဖြစ်ရုံမက စိန်ပေါလ်ကျောင်း၊ ရန်ကုန်ကောလိပ်၊ ကာလကတ္တားနှင့် ကိန်းဘရစ်ခ်ျ၊ ဘော်ဒိုး၊ ဖရိုင်းဘတ်စသည့် ဥရောပ တက္ကသိုလ်ကြီးများတွင် ပညာရှာခဲ့သူလဲဖြစ်ပါသည်။ ဘွဲ့ရခါစကလဲ အစိုးရစာတော်ပြန်ဌာနခေါ်သော ကိုလိုနီအစိုးရမင်းတို့၏ လက်သပ်မွေးဌာနတွင် လုပ်ကိုင်ခဲ့ပါသေးသည်။

သို့သော်လဲ မောင်ဘဟန်၏ဖခင် မောင်မောင်ကျေးမှာ ၁၈၇၀ကျော်က ကင်းဝန်မင်းကြီးနှင့် ဘိလပ် ပရန်သစ်စသော အနောက်ကျွန်းက တိုင်းပြည်ကြီးများသို့ သွားသော ဒယ်လီဂိတ် ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။ ပညာတော်သင် မသွားရခင် သီပေါမင်း ပါတော်မူသွားသဖြင့် သထုံဘက်တွင် ပုန်ကန်ထကြွစဉ် အရေးနိမ့်၍ ယိုးဒယားပြည်သို့ တိမ်းရှောင်သွားခဲ့ရသည်။ စိန်ပေါလ်တွင် ဘုန်းတော်ကြီးများအုပ်၍ ကြီးခဲ့ရသော မောင်ဘဟန်မှာ ခရစ်ယာန်ဖြစ်လာသော်လဲ မြန်မာစိတ်မပျောက်ပါ။ ညီဖြစ်သူ ဗုဒ္ဓဘာသာဝင် မောင်ဘမော်နှင့်လဲ အနေမစိမ်းဘဲ ချစ်ချစ်ကြင်ကြင်ရှိလှပါ၏။ စာတော်ပြန်ဌာနတွင် အမှုထမ်းနေစဉ် မြန်မာပညာရှိတို့ထံမှ စာပေယဉ်ကျေးမှုတို့ကို နည်းယူဆည်းပူးခဲ့ရုံမက ဦးဖေမောင်တင်၏ဘကြီး စာတော်ပြန်ဝန်ထောက်ဦးထွန်းငြိမ်း၏ အင်္ဂလိပ်-မြန်မာအဘိဓာန် ပြန်လည်တည်းဖြတ်ပုံနှိပ်ရာတွင် ကူညီခဲ့၍ အသက် ၂၀ကျော်ကပင် အဘိဓာန်ပညာကို အရေလည်လာခဲ့သည်။ ဥရောပတွင်လဲ ဂျာမန်၊ ပြင်သစ်ဘာသာတို့ကို ကျွမ်းကျင်အောင် သင်ယူခဲ့ကာ အင်္ဂလိပ်စာဆို ဝီလျမ်ဘလိတ်၏ အရေးအသားအကြောင်း ကျမ်းပြုပီး ပါရဂူဘွဲ့ယူခဲ့သည်။ သမ္မာကျမ်းစာကို အထူးလိုက်စားခဲ့သဖြင့် အင်္ဂလိပ်ဘာသာကို အလွန်ပိုင်နိုင်လာခဲ့သည်။ သို့တွက် ရန်ကုန်တက္ကသိုလ် ဥပဒေမဟာဌာနမှူးဘဝမှ ပင်စင်ယူပီးနောက် ၁၅နှစ်အချိန်ယူပီး လွတ်လပ်ပီးခေတ် မြန်မာလူငယ်များ ကမ္ဘာနှင့်ပေါင်းကူးရာတွင် အရာရောက်လှသည့် ဤအဘိဓာန်ကြီးကို ပြုစုခဲ့လေသည်။ ထိုအတောအတွင်း ၁၉၅၈က ဦးနု၏ သုံးလခံ သန့်ရှင်းဖဆပလအစိုးရတွင် ရှေ့နေချုပ်တာဝန်ယူခဲ့ရသေးသည်မှအပ တရားဝန်ကြီးချုပ်၊ သမ္မတစသည့် အခြားဥပဒေပါရဂူကြီးတွေမျှော်တတ်သည့် ဖုတ်သွင်းရထားများကိုလဲ အာရုံမပြုခဲ့။

(၂)

အဘိဓာန်သာမက မြန်မာစာပေ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများရေးသားပီး မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင် ထဲ့သွင်းခဲ့သော်လဲ မစုစည်းနိုင်ဘဲ တိမ်မြုပ်လုဖြစ်နေသည်က ဝမ်းနဲစရာပါပေ။ ရှင်ဥတ္တမကျော်တောလားနှင့် လက်ဝဲသုန္ဒရ ရတုများကို အင်္ဂလိပ်လိုပြန်ဆိုခြင်း၊ စိန္တကျော်သူ ကဗျာများ၊ ဦးပုည၏ ဝိဇယ ပဒုမပြဇာတ်များ၊ ဝန်စာရေးဦးကြီး၏ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုစသည်တို့ကို ဝေဖန်စာများ၊ ရှေးမြန်မာကျေးလက်နှင့်မိသားစုလူမှုဘဝ စသည့်ကြောင်းရပ်ဖြာဖြာနှင့် စပ်လျဉ်းရေးသားခဲ့သည်။ အထူးသဖြင့် ပထမခေတ်သစ်မြန်မာအမျိုးသမီးစာရေးဆရာ မအေးခင်၏ ချစ်ရိုးအမှန် ဝတ္ထု (၁၉၀၉) သုံးသပ်ချက်မှာ ၁၉၁၇က ရေးသည်ဖြစ်၍ မြန်မာကာလပေါ်ဝတ္ထုကို အစောပိုင်းဝေဖန်စာတပုဒ်အဖြစ်ရော မည်သူမှ မတွေ့ဖူးတော့သလောက်ရှိသည့် မအေးခင်ဝတ္ထုအကြောင်းလေ့လာရာတွင်ပါ အသုံးဝင်လှသည်။ သူကဲ့သို့ ခေတ်ပေါ်မြန်မာစာပေကို စိတ်ဝင်တစား ဝေဖန်ချက်ရေးသူဟူ၍ ၁၉၁၀ကျော်က အိုင်စီအက်စ် ဂျေအေစတီးဝပ် (နောင် လန်ဒန်တက္ကသိုလ် ပထမဆုံး မြန်မာဘာသာပါမောက္ခနှင့် အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် (အရှေ့တောင်အာရှနှင့် ကျွန်းစုများ) ဌာနမှူး)နှင့် ဦးဖေမောင်တင်တို့လောက်သာ ရှိပါသည်။

ဒေါက်တာဘဟန်သည် သုတေသနတန်ဖိုးကိုသိသူဖြစ်ရုံမက ပညာနှင့်ယှဉ်သော မျိုးချစ်စိတ်လဲ ရှိသည်။ ပါမောက္ခလုစ်၏ “မြန်မာအစ ကျောက်ဆည်က” ဟု လူသိများသည့် စာတမ်းကို တယူသန်နိုင်ငံရေးသမားနှင့် ပညာရှင်များ ကန့်ကွက်သည့်ကြားက ကိုယ်စားဖတ်ပေးခဲ့သလို မြန်မာတို့အပေါ် တဖက်သတ်နှိမ့်ချရေးသားသည့် ရာဇဝင်ဆရာ ဟာဗေး (အိုင်စီအက်စ်)ကို ၁၉၃၀တဝိုက်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့နှင်းမည့်အကြံကို တက္ကသိုလ်ကောင်စီဝင် ဘိလပ်ပြန်မင်းတိုင်ပင်အမတ် ဦးစိုးညွန့် MA (အီဒင်ဘာရာ) (နောင် ရန်ကုန် မြူနီစီပါယ်မင်းကြီး၊ ပထမဆုံး အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်) နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သဖြင့် အကြံပျက်သွားခဲ့ဖူးသည်။ စာတော်ပြန်ရုံးတွင် မျက်နှာဖြူအရာရှိတို့၏ မတရားဖိနှိပ်မှုကို မခံလိုသဖြင့် ဥရောပသွားကာ ပါရဂူဘွဲ့ယူပီး ပြန်အလာတွင် ဝတ်လုံလိုက်ကာ အသက်မွေးခဲ့သည်။ အစိုးရလက်အောက်သို့ ၁၉၆၂မှကျရောက်သော သီးခြားလွတ်လပ်သော ရန်ကုန်တက္ကသိုလ်၏ ဥပဒေဌာနတွင် မဟာဌာနမှူးဖြစ်သည်အထိ အနှစ် ၂၀ကျော် ထမ်းရွက်ခဲ့သည်။ ဆရာစံသူပုန်အပီး စုစုပေါင်း လယ်သမား ၁၀၂ ယောက်ကို `နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု´ နှင့်တရားစွဲသောအခါတွင်လဲ တရားခံများဘက်က ဂဠုန်ဦးစော၊ သာယာဝတီဦးပုစသည့် တခြားနိုင်ငံရေးသမားရှေ့နေများနှင့်အတူ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန်တို့ ညီအကို လိုက်ပါလျှောက်လဲပေးကြသည်။ ဂျပန်ခေတ်က ညီဖြစ်သူ အထွဋ်အထိပ်ရောက်စဉ်ကလဲ ဘာရာထူးမှ မယူဘဲ ကမ္ဘာနှင့်မြန်မာ ယဉ်ကျေးမှုပေါင်းကူးစည်ပင်ရေးအတွက် ဖွဲ့သော ပြင်သစ်အကယ်ဒမီပုံစံ ပညာတံခွန်အသင်း ဥက္ကဋ္ဌသာ လုပ်ခဲ့ပီး စွယ်စုံကျမ်းနှင့် မြန်မာအဘိဓာန် စတင်ပြုစုရေးအတွက် လမ်းဖောက်ပေးခဲ့ပီး ဂျပန်ခေတ် အတွေ့အကြုံကို The Planned State တွင် မှတ်တမ်းတင်ခဲ့သည်။ သန့်ရှင်း-တည်မြဲအကွဲတွင် ကြားက ဝင်ညှိပေးခဲ့သော်လဲ တရားရေးဝန်ကြီးဒေါက်တာဧမောင် အခြေခံဥပဒေကို လိုရာဆွဲသုံးပီး ဦးနု၏ ယိုင်လုလုသန့်ရှင်းအစိုးရပြုတ်မကျအောင် ဘက်ဂျက်ကို သမ္မတအမိန့်နှင့် အတည်ပြုခိုင်းသော ပညာရှင်မဆန်သည့် အကြံမျိုး ပေးသကဲ့သို့ အလိုတော်ရိနည်းမျိုးနှင့် ပညာဈေးမချခဲ့ပါ။

(၃)

အိန္ဒိယအင်ပါယာတွင်းက ကျေးတော်မျိုး ကျွန်တော်မျိုးပြည်နယ်တခုကနေပီး ဥရောပက ပါရဂူဘွဲ့ယူပြခဲ့သည့် သူတို့ညီအကိုစံနမူကြောင့် ဒေါက်တာထင်အောင်၊ ဒေါက်တာလှဘူး၊ ဒေါက်တာတန်ဘလှီ၊
ဒေါက်တာမောင်သိန်းစသည့် စစ်ကြိုခေတ်မြန်မာပါရဂူများ၊ ဒေါက်တာဘမော် နန်းရင်းဝန်ဘဝက လွှတ်သည့် ဒေါက်တာလှဘေ၊ ဒေါက်တာလှမြင့်၊ ဒေါက်တာမောင်မောင်ခစသည့် စစ်တွင်းဘိလပ်ပါရဂူများ၊ စစ်ပီး ဖဆပလနှင့် မဆလလက်ထက် အနောက်နှင့် အရှေ့အုပ်စုတွင် ဒါဇင်နှင့်ချီပီး ပါရဂူဘွဲ့ယူသူများ၊ အရးအခင်းနောက်ပိုင်း အတိုက်အခံနှင့် အစိုးရတို့က အသီးသီးအသကလွှတ်သော နိုင်ငံစုံနှင့် ပြည်တွင်းဖြစ် ရာနှင့်ချီသော ပါရဂူများစသည်ဖြင့် မြန်မာပါရဂူရေစီးမှာ ၈၅နှစ်ကျော် ရှည်ကြာခဲ့လေပီ။ ၁၉၅၀၌ ပထမဆုံးမြန်မာအမျိုးသမီးပါရဂူအဖြစ် ပထဝီဝင်ပညာတွင် ဒေါ်သင်းကြည်က အမေရိကန်ပြည်မှဆွတ်ခူးသည်။ ဒေါက်တာဘဟန်ချွေးမ မြန်မာ ခရစ်ယာန်ကလျာဏယုဝတီအသင်း ဒုဥက္ကဋ္ဌဟောင်း အမ္မာဘရုပ်ညွန့်ဟန်ခေါ် ဒေါ်အေးသန့်သည်လဲ အမေရိကတွင် မြန်မာနှင့် ဂျပန်အမျိုးသမီးတို့၏ နိုင်ငံရေး-လူမှုရေးကဏ္ဍတို့ကို နှိုင်းယှဉ်ပီး ပါရဂူဘွဲ့ယူခဲ့သည်။

သူကွယ်လွန်ချိန်က “ဒေါက်တာဘဟန်သည် မြင့်မြတ်တော်ဖြောင့်သော လမ်းစဉ်ကို ကျင့်သုံးပီး မတုန်လှုပ်သော သမာဓိဂုဏ်နှင့်ပြည့်စုံသည်”ဟု သူ့နေရာ ဥပဒေမဟာဌာနမှူးတာဝန်ကို ဆက်ခံသော ရန်ကုန်ဟိုက်စကူးကျောင်းမှ တပည့်ဟောင်းလဲဖြစ်သော လွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း ဦးကျော်မြင့် (အာဇာနည်လုပ်ကြံမှုခုံရုံး တရားသူကြီး)က ချီးကျူးခဲ့ပါသည်။ မှန်ပါသည်၊ ဒေါက်တာကြီးသည် ကွယ်လွန်ခါနီးတွင် သမီးရေးမြေးရေးမပြေလည်သည်ထိ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ငြိုငြင်ခံခဲ့ရသော်လဲ တချို့တချို့သော ပါရဂူလူတတ်တို့ကဲ့သို့ စစ်အစိုးရစိတ်ကြိုက် တက္ကသိုလ်မဟာဌာနများ၏ စုစည်းညီညွတ်မှုကို သီးခြားတက္ကသိုလ်များအဖြစ် ခွဲခြားပစ်သော၊ ပညာရပ်စာအုပ်သစ်များကို အလျဉ်မီ ဘာသာပြန်နိုင်သည့် လူအင်အားမရှိဘဲ မြန်မာဘာသာကိုသင်ကြားရေးမဏ္ဍိုင် လုပ်ခိုင်းသော စသည့် ပညာရေးရာဇဝတ်မှုများဖြင့် မျိုးဆက်သစ်များကို အညွန့်ကျိုးအောင်လုပ်ပီး ကျွန်ခေတ်တွင် လူရာဝင်အောင် ကြိုးပမ်းအားထုတ်မှုမျိုး ဘယ်ခေတ်တွင်မှ မလုပ်ခဲ့ဘဲ ပညာရေးနှင့်ဘာသာရေးတို့တွင်သာ သက်ဆုံးတိုင် မြှုပ်နှံသွားသော ပညာရှိသူတော်ကောင်းတဦးဖြစ်ပါသည်။ ထိုထက်မြန်မာစာပေနှင့် လူမှုဓလေ့ကို မြတ်နိုးလိုက်စားသော၊ ပေမီဒေါက်မီ အဘိဓာန်ကျမ်းပြု မြန်မာ့ရေးရာကျွမ်းကျင်သူပါရဂူစစ်စစ်ဟု ဂုဏ်ပုဒ်တပ်လောက်သောသူလဲ အဟုတ်ဖြစ်ပါ၏။

စာကိုး

မောင်ဇေယျာ- အင်္ဂလိပ်-မြန်မာအဘိဓာန်ကျမ်းပြု ဥပဒေပညာရှင် (ဒေါက်တာဘဟန်)၊ ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာစာအုပ်များ၊ ယူနတီစာပေ၊ ၂၀၀၇ နိုဝင်ဘာ၊ ရန်ကုန်။



7 Responses to “ပထမ မြန်မာပါရဂူတဦး”

  1. 1 saw thet lin

    ဧရာဝတီဆောင်းပါးမှာ comments တွေ အများကြီးပဲ။ ဒီဆောင်းပါးမျိုးတွေက သိသင့် ရှိသင့်တဲ့စာတွေလို့ ယုံကြည်ပါတယ်။ စာတွေများလာရင် PDF လုပ်ထားပါလား။ နောင်တစ်ချိန် စာအုပ်ထုတ်ရင် အသင့်ဖြစ်တာပေါ့။

  2. 2 T Oo

    Many thanks Bo Bo for educating me and my girls.

    I concur with the idea to publish your articles.

  3. 3 bobolansin

    Thank you Sayas🙂

  4. 4 Naw Shunn Lae Win

    Plz let me share on facebook.
    ပညာရတဲ့ ဆောင်းပါးမို့ ပါ…

  5. 6 sawthetlin

    ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာစာအုပ်များ၊ မောင်ဇေယျာ စာအုပ်က သိပ်ကို တန်ဖိုးထားရမယ့် စာအုပ်ပဲ။ ကိုဘို့ စာကိုးမှာ တွေ့လို့ စာအုပ်ကို မှာပြီး ဖတ်ရတယ်။ ကျေးဇူးတင်တယ်ဗျို့။

  6. 7 bobolansin

    Thanks Ako.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: