ဒါဝင်သာဟန်သီအိုရီ

22Feb11

မဇ္ဈိမမှာ ပျို့ကျေးရွာ ဆိုပီး ပါတော်မူနေ့အမှတ်တရ ကိုလိုနီခေတ် ဗမာအများစုဘဝကို ထင်ဟပ်တဲ့စာတပုဒ်တင်ခဲ့တယ်။ ခုခေတ် အောင်ထွန်းသက်လို ပညာရှိတချို့က ကိုလိုနီနယ်ချဲ့ကျေးဇူးနဲ့ ဗမာလယ်ရှင်တွေ ဘယ်လိုအကျိုးရှိခဲ့တယ်၊ မြစ်ဝကျွန်းပေါ်ဆန်လုပ်ငန်း ဘယ့်နှယ်ဖွံ့ဖြိုးခဲ့တယ်ဆိုတဲ့ ဝမ်းပါးစကားတွေပြောနေတော့ တကယ့်တကယ်မှာ အဆီအသား ဘယ်သူဝါးပီး ဗမာလူလည်တချို့ ရိုးကပ်ရင်းကပ်စားရတာကို ထိန်ချန်ထားသလို ဖြစ်နေတယ်။ အများစုက တကယ်မပြေလည်တဲ့အတွက် သူပုန်ထလဲ ရှေ့က၊ ကွန်မြူနစ်ဖြစ်လဲရှေ့ဆုံးဆိုတာလို လူ့အောက်ဆုံးကသစ်တုံးဘဝက လွတ်အောင်ရုန်းခဲ့ကြတာပဲ။ သေခဲ့တာလဲ အရိုးတောင်လိုပုံပါပဲ။ စစ်ပီးစ လယ်မလုပ်နိုင်ပဲ ငတ်ကြတဲ့အခါ ထန်းတပင်မှာ ဆန်လုတာ သေနတ်နဲ့ပစ်လို့ သေကြတော့ ကွန်မြူနစ်မြှောက်ပေးတာလို့ စွပ်စွဲကြတယ်။ ငတ်တဲ့သူတွေ ငတ်နေတာကို သတင်းစာဖတ်နိုင် နိုင်ငံရေးမှာ အသံထွက်နိုင်တဲ့ ရပ်ကွက်တွေက ချက်ချင်းရွှေနားတော်ကြားဘို့ကတော့ တယ်လွယ်တဲ့အမှုမဟုတ်ဘူး။ လူဆိုတာ ကိုယ့်အကျိုးစီးပွားက ရှေ့ဆုံးထားစဉ်းစားရတာကိုး။ နောက်နှစ် ဗမာစပါးအထွက် တဝက်ထိလျော့နိုင်တယ်လို့ ဝီးကလီးအလဲဗင်းမှာတွေ့လိုက်တော့ ရှေ့လျှောက်စခန်းသွားဘို့ ခပ်ကျပ်ကျပ်ပဲ။ အောက်ကလူတွေ အသက်ရှူမချောင်ရင် ဒို့တိုင်းပြည်ဟာ ကုလားပြေလို ဘင်္ဂလားလို ငတ်သေမယ့်လမ်းက ပိုများလာမယ်၊ နိုင်ငံရေး စီးပွားရေးအရ မှန်မှန်ကန်ကန်မရှင်းကြရင်တော့ ပြားတဲ့ဖားတွေ ပိုလို့ပြားဘို့ပဲ၊ နလံထူဘို့က တယ်မမြင်သေး။

ဒီဝတ္ထုအဆက် ဒါဝင်-သာဟန်သီအိုရီက ၁၉၄၈ ရဲဘော်တွေ တပ်နီတွေဆူချိန်မှာ ဒေါ်အမာ့အဖိုး ဦးစိုးဂေါင်မမာလို့ ဇီးတောကို ဒေါ်အမာတို့ သွားကြရတယ်။ ဒီအခါ သူရင်းငှား ဦးသာဟန်ဆိုတဲ့ လူကြီးက ငါ့တူမရေ ဒို့တော့ လူဆိုတာမျောက်က ဆင်းသက်တာ ဟုတ်မဟုတ်မသိဘူး၊ လူကမျောက်ပြန်ဖြစ်မယ်လို့ ထင်နေတယ်၊ ဒို့ခုဆို ရွာထဲမအိပ်ရဲလို့ လူတွေ တောထဲ သစ်ပင်ပေါ်တက်နေနေရတယ်လို့ ပြောတဲ့စကားကိုအခြေခံပီး ပြည်တွင်းစစ်ခေတ်ဦး တောဘဝကို လူထုသတင်းစာမှာ ရေးခဲ့တာပါ။ ဒီသီအိုရီက ခုဆို ပြည်တွင်း ပြည်ပအခြေပျက်ပြည်သူများဆိုပီး ကမ္ဘာကျော်ဖြစ်နေပါပကော။ ကြားကငထွားတွေကတော့ ဘယ်တော့မှ ခါးနာပျောက်မည်မသိ။

ပါတော်မူ ၁၂၅ အထူး

၂ဝ၁ဝ နိုဝင်ဘာ ၂၉ (တန်ဆောင်မုန်း လဆုတ် ၈ ရက်နေ့) တွင် ကျရောက်သော ၁၂၅ နှစ်ပြည့် ပါတော်မူနေ့ အမှတ်တရ ကိုလိုနီခေတ်နှောင်း မြန်မာစာရေးဆရာမတဦး၏ တောနယ်များ အခြေအနေပြ ဝတ္ထုဆောင်းပါးကို ပြန်လည်တင်ဆက်ပါသည်။ ကိုလိုနီဝါဒဆိုသည်မှာ ပြည်သူပိုင် အမွေအနှစ်ကို ပြည်သူမခံစားရပဲ အာဏာရှိအသိုင်းအဝိုင်းက အမြတ်ထုတ်သိမ်းပိုက်သည့် စနစ်ဆိုးဖြစ်ရာ မြန်မာပြည်နှင့် လူထု တိုင်းရင်းပဒေသရာဇ်သွေးစုပ်ခံဘဝ ထိုမှ လူမျိုးခြား ၂ ဆက်၊ ထို့နောက် လူမျိုးရင်း စစ်တပ် ခြယ်လှယ်သမျှ အနှစ်တထောင်အတွင်း ခါးစီးခံခဲ့ရသည့် အခြေမှ အမြန်ဆုံး လွတ်မြောက်ပြီး တန်းတူညီမျှ ထွန်းကားသည့် နိုင်ငံသစ်ဆီ တက်လှမ်းကြစေလိုသည်။
………………………………………………………………………………………

မော်တော်ကားပေါ်မှ ညောင်ပင်သာရွာရောက်သော် ဆင်းကြရ၏။ သွားလိုသောရွာကို ရောက်ရန်ကား ခရီး ခြောက်မိုင်ကျော် ဝေးသည်ဟု ပြော၏။ ဝန်စည်စလယ် နည်းသဖြင့် ဤခြောက်မိုင်ခရီးကို ခြေကျင်လျှောက် နိုင်မည်။ ခြေလျင်အဖွဲ့နှင့် ဆယ့်ခြောက်မိုင်ခရီးကိုပင် လျှောက်ခဲ့ဖူး၏။ ဤမျှကို မထီဟု အောက်မေ့မိလေသည်။ သို့သော်လာ၍ ကြိုဆိုသူများက လမ်းကြမ်းသည်၊ လှည်းငှား၍ သွားရမည်ဟု ဆိုကြ၏။ မမာ၍နေသော အဘိုးအိုကို တွေ့ချင်ဇောကြောင် လှည်းကိုပင် မစောင့်လို။ သို့သော် အများအားကို မလွန်ဆန်နိုင်သောအားဖြင့် လှည်းစောင့်ရန် သဘောတူရလေ၏။

ကားရပ်ရာနှင့် တခေါ်သာသာဝေးသော ရွာတွင်းသို့ဝင်၍ လှည်းခေါ်သွားသည်မှာ တော်တော်နှင့်မလာ။ ငှားပါသော်လည်း အသေအချာ ရလိုမှ ရမည်ဟုလည်း ပြော၏။ တနာရီနီးပါး တမာပင်အောက်တွင် စောင့်မိမှ လမ်းအနောက်ဘက် ဗွက်ကြီးထဲမှ လှည်းတစီးထွက်လာသည်။ ဗွက်တွေကား ပဒေါင်းထိ ပါ၍လာသည်။ လှည်းပေါ်ရောက်၍ ခရီးထွက်မိသော် ခြောက်မိုင်ကို ၂ နာရီလောက်သာ မောင်းရမည် ထင်သော်လည်း လှည်းကား နှေးလှ၏။ နှေးခြင်း၏ အကြောင်းမှာလည်း လမ်းဆိုးလွန်းသောကြောင့် ဖြစ်သည်။ ကတ္တရာစေးလမ်းပေါ်တွင် တဆယ့်ခြောက်မိုင် အသားယူခဲ့သော ခြေထောက်သည် ယခုလမ်းကို မြင်ရသော် ခြေကျင် မလိုက်သည်ပင် ကောင်းတောင်းတောင်းဟု အောက်မေ့မိ၏။ ဗွက်တွေသည် လေးငါးရက် နေပူထားသဖြင့် ခရောင်းတော ချပ်ကြားကြီးများဖြစ်၍ နေသည်။

ဤချပ်ကြားထဲသို့ ခြေကျ၍သွားပါက ခြေမျက်စိပွန်းသော်လည်း ပွန်းမည်။ ခြေခေါက်သော်လည်း ခေါက်မည်။ “ ခရွတ်ခရော် မြေကမူအကြား ခြေနုဖဝါး ကျသွေးယိုလို့ဖြာ” ဟူသော တေးကိုပင် သတိရမိသေး၏။ လမ်းကား ကြမ်းလှ၏တကား။ ဘေးတဖက်တချက်ရှိ လယ်ကွင်းတို့ကား အနှံပင်မထည့်လင့်ကစား စိမ်းစိမ်းထောင်ထောင် ရှိကြ၏။ မိုးကြောင့် လမ်းပျက်၍ ကားမပေါက်ဟု ပြောသောကြောင့် လယ်အတွက် ဤမိုးကား ကျေးဇူး ရှိမရှိ မေးကြည့်ရာ စပါးမှာ မိုးကြောင့် ကောင်းသည်ဟု ဆို၏။ အင်း တော်သေးရဲ့ဟု အောက်မေ့မိသည်။ သို့သော် စပါးကောင်း၍ လမ်းမကောင်းလျှင်လည်း ဤစပါးသည် ဈေးကောင်းကောင်းမရနိုင်ရာ။ မိုးမရ၍ လမ်းကောင်းသော်လည်း စပါးပျက်က တောင်သူများ ထမင်းမဝနိုင်ရာ။ သို့ဖြစ်ရကား စပါးလည်းကောင်း လမ်းလည်းကောင်းမှ နေရာကျပေမည်ဟု ထင်မိ၏။ လယ်ကွက်များတွင် ရေပေးချိန်ဖြစ်သဖြင့် မူးတူး မြောင်းကလေးများသည် တခါတရံ လမ်းနှင့်ယှဉ်လျက် တခါတရံ လမ်းကိုဖြတ်လျက် ရေနီကလေးများ တသွင်သွင် စီးလျက်ရှိ၏။

လေးမိုင်လောက် လှည်းမောင်းမိသော် လမ်းဘေးရှိ လယ်ကန်သင်းတခုဆီမှ မုန်ညင်းပင် ရှင်မွေလွန်းပင်များသည် လှုပ်လှုပ်ရှားရှားဖြစ်၍နေသည်။ မြွေသော်လည်းကောင်း အခြား တိရစ္ဆာန် တခုခု သော်လည်းကောင်း ရှိမည်အထင်ဖြင့် စူးစူးစိုက်စိုက်ကြည့်ရာ အတော် အံ့သြသွားမိသည်။ အကြောင်းကား ထိုလယ်မှာ ရေဦးရသောလယ်ဖြစ်သဖြင့် လယ်လုပ်သားသည် ရေစောင့်လာရာမှ ကတွတ်ပေါက်မှ ရေလွှတ်ချိန်တွင် မနိုင်မနင်းဝင်၍နေသောကြောင့် ရွှံ့တုံးများဖြင့် ပိတ်သော်လည်း မနိုင်တော့ရကား ကတွတ်ဝကို ကိုယ်လုံးပစ်၍ လှဲပိတ်လိုက်သောကြောင့်တည်း။

နေပူပူ နာရီပြန်တချက်လောက်တွင် ဗွက်ထဲတွင် မိမိကိုယ်ကိုပင် သစ်သားတုံးသဖွယ် လယ်ဝ၌ ရေပိတ်ရသော ဆင်းရဲသားကို မြင်မိသော ကျမကား ကြက်သီး ထမိ၏။ ခေါင်းပေါင်းထားသော ပုဆိုးကြမ်းသည် ရွှံ့ရေတပိုင်းတစ စို၍နေ၏။ အောက်ဘက်ရှိလက်သည် ခပ်ထောက်ထောက် ထားသော်လည်း အထက်ပိုင်း ရင်တခြမ်းနှင့် ပခုံးစွန်းသာလျှင် အနိုင်နိုင် ရေပေါ်၌ ပေါ်လေသည်။ ကျမကား မယ်ကုဝဏ်သည် ဝိဇယမင်းသားအား မြို့ပြ အယောင်ဆောင်၍ ပြသည်ကို မြင်ရသကဲ့သို့ ရန်ကုန်တက္ကသိုလ်တွင် နေခဲ့စဉ်က ဓနရှင်တို့၏ အဆီအနှစ်တွေကို မြင်ခဲ့ရ၏။ လူမျိုးစုံတို့ စည်းစိမ်ခံပုံကို တွေ့ခဲ့ရဖူး၏။ ငါတို့လူမျိုးလည်း သူတို့ကဲ့သို့ပင်ဟု ရန်ကုန်မြို့ကိုပင် မြန်မာပြည် မြို့တော်ဟု အစွဲနာနာဖြင့် ကြည့်ခဲ့သောကြောင့် ထင်ခဲ့မိ၏။

ယခုသော်ကား ရွှေဘိုသား မြန်မာလူမျိုးစစ်စစ် အမိမြန်မာပြည် မြေကြီးကိုထွန်၍ယက်၍ စားရသော အမျိုးသား တဦးကို ပယောဂဆေးစွမ်း အဖုံးအကွယ်မပါဘဲ ပကတိ မျက်စိဖြင့် ပကတိ အရုပ်ကားကို မြင်ရ၏။ ဤအလုပ်ကို ကျမအား လုပ်ပါဟုဆိုသော် ရွှေဒင်္ဂါးဆယ်ပြား ပေးသော်လည်း မလုပ်တန်ရာ သွေးကြီး၍နေ၏။ ရွှေဒင်္ဂါးကို လိုချင်သော်လည်း ဗွက်နှင့် ဗွက်ရေထဲကိုကား မြိန်ရေယှက်ရေ လှဲ၍မအိပ်လို။ သို့သော် ကျမ မြင်ရသော တောင်သူသည်ကား ဇာတ်ခင်းရာတွင် ဝင်၍ ကသည်လည်း မဟုတ်၊ ရုပ်ရှင်ရိုက်ဖို့ ဟန်ဆောင်နေရခြင်းလည်း မဟုတ်။ အကယ်ပင် သမုဒ္ဒရာ ဝမ်းတထွာအတွက် လုပ်ရခြင်း ဖြစ်လေသည်။

မသာအိမ်သွားသည့်အခါ အဖေသေ၍ အမေသေ၍ ငိုသည့်အသံထက်ပင် စိတ်၌ မချမ်းမသာ ဖြစ်မိ၏။ ဆင်းရဲလေစွဟုလည်း အောက်မေ့မိ၏။ ဤလယ်သမားကား မြန်မာပြည်ဖွား မြန်မာ ယောက်ျား တယောက်ပင်ဖြစ်သည်။ ငါတို့ကဲ့သို့ ဗဟုသုတလည်း ရှာဖွေအားမည်မဟုတ်။ ထိုသူအားသွား၍ ဇက်* အစိုးရ ဆိုတာဘာလဲဟု မေးချေသော် ကုပ်နှင့် မည်သို့ ဆက်သွယ်လေသနည်းဟု တွေးကောင်း တွေးပေလိမ့်မည်။ မချမ်းသာသောစိတ်ဖြင့် အဖေါ်တို့အား သွားလိုသောရွာသို့ ယခုတိုင် မရောက်သေးသလောဟု မေးမိ၏။

ခပ်လှမ်းလှမ်းတွင် ရွာကို ညွှန်ပြသဖြင့် ကြည့်လိုက်ရာ မြေလတ်ရွာကလေးသည် မူးကမ်းပါးတွင်ရှိ၍ ရွာနှင့် မူးအကြား၌ သဲပြင်ကြီးခြားလျက် သစ်ပင်အုပ်အုပ်ကို မြင်ရသည်။ ညိုမှောင်သော ထန်းပင်စုနှင့် ရွာနေရာ သစ်ပင်အုပ်သည်ပင်လျှင် ယခင်က မြင်ခဲ့သော အာရုံကြောင့် ကြည်နူးနှစ်လိုဖွယ်မရှိ။ မျက်စိ ပသာဒကို ဆောင်နိုင်သည်ဆိုသော ထို စိမ်းညိုညို အဆင်းသည်ပင်လျှင် ထိုစဉ်အခါ၌ မချမ်းမြေ့ဖွယ်ရာ မသာယာသော အသွင်ကို ဆောင်လေတော့၏။

ရွာသို့ရောက်လတ်သော် အဘိုးအိမ်နှင့် ဝင်းကို ဝင်ကြရလေ၏။ ခြောက်မိုင်ခရီးကို လှည်းစီးရသည်မှာ လေးနာရီကျော်ကြာ၏။ တဂျိုးဂျိုး တဂျိမ့်ဂျိမ့်ဖြင့် ဆောင့်ချင်တိုင်း ဆောင့်သော လှည်းကြောင့် ကျောရိုးနှင့် ရံတိုင်တို့ နှုတ်ဆက်ကြသည်မှာ အကြိမ်ကြိမ်ဖြစ်ရကား နာကျင်လျက်နေ၏။ လှည်းပေါ်မှဆင်းပြီး လူမမာကို ကြည့်ကြပြီးနောက် ပြုစု စောင့်ရှောက်ရင်း လေးငါးရက်ကြာမှ ပြန်ခဲ့ကြသည်။

တရွာလုံးမှာ အဘိုးတို့သားချင်းတစုကလွဲ၍ တောင်သူ လယ်သမားများသာ ဖြစ်ကြသည်။ ထိုအချိန်တွင် စပါးလယ်အတွက် ရေသွင်းရခြင်းနှင့် ပဲခင်းများတွင် ထွန်မှုန်းရခြင်းအလုပ်သာ ရှိကြသဖြင့် အသင့်အတင့် အလုပ်ပါးချိန်ဖြစ်လေသည်။ ကျမသည် ရွာတရွာလုံးကို စိစိညက်ညက်ကြေအောင် လျှောက်၍ကြည့်၏။ ဆွေနီးမျိုးစပ်များနှင့် စကားဝင်၍ ပြော၏။ ရွာထဲကို လမ်းလျှောက်သော် ကောက်ရိုးနံ့ နွားချေးနံ့နှင့် ပဲခင်းမှုန်းရာမှ ပြန်လာကြသော ကုန်းပြန်ဆရာတို့၏ ချွေးနံ့တို့သည် လှိုင်လျက်ရှိရကား တက္ကသိုလ်တွင် နေစဉ်က ကော်ရစ်တာ တလျှောက်တွင် တထောင်းထောင်း အနံ့ရသော ကောစမတစ်နံ့နှင့် ပေါင်ဒါနံ့တို့ကို သတိရသဖြင့် ရယ်ချင်သလိုလို ရှိမိ၏။ ဥစ္စာစောင့် ဖန်ဆင်းသော စက်မွေ့ရာနှင့် တိုက်ခန်းသည် နိုးသည့် အချိန်၌ ချုံပုတ်နှင့် မြက်ခင်းကိုသာ တွေ့ရသကဲ့သို့ ဖြစ်နေလေပြီ။

တညသော် ဘကြီးဉာဏ်ဆိုသူ အဘိုးကြီးနှင့် ကျမသည် သီးပင်အောက်ရှိ ဝါးကွပ်ပျစ်တခုပေါ်၌ စကားလက်ဆုံကျကြ၏။ အမေးအမြန်းထူသော သူကို စိတ်ရှည်လက်ရှည် ဖြေသော ဘကြီးဉာဏ်နှင့် တွေ့ကြသော်

“ဘကြီးဉာဏ် လူယောက်ကို စပါးစိုက်မယ်ဆိုရင် ဘယ်နှဧကလောက် နိုင်သလဲ”

“ကိုးဧက၊ ဆယ်ဧကလောက် နိုင်တာပေါ့”

“တဧကကို စပါး ဘယ်လောက်ထွက်သလဲ”

“၄ဝ၊ ၅ဝ၊ ကစပြီး ၇ဝ၊ ၈ဝ အထိထွက်တာပေါ့”

“အခွန်တော်ကတော့ကော”

“ပထမကျော် ၉ ကျပ် ၄ ပဲ၊ ပထမတန်း ၈ ကျပ် ၄ပဲ”

“ဒါဖြင့် တနှစ်ကို တောင်သူအတွက် ဘယ်လောက် ကျန်တော့သလဲ”

“ဒါတွေ လျှောက်မမေးပါနဲ့ မိန်းကလေးရာ၊ စရိတ်စက ကုန်ကျသမျှနဲ့ ရေခွန်တော်ဆောင်ဖို့နဲ့ တွက်ကြည့်ရင် စပါးဈေး ၈၅ ကျပ်ဆိုမှ ရင်းမရှုံးပါတယ်”

“အခု စပါးဈေး ဘယ်လောက်ရှိသလဲ ဘကြီးဉာဏ်ရဲ့”

“လုံးသေး ၇ဝိ၊ ဘူးစပါး ၆ဝိ၊ ဒါ တလလောက်က ဈေးငုတ်ပဲ။ အရောင်းအဝယ် အခုလောလောဆယ်တော့ မဖြစ်သေးဘူး”

“အနို့ တောင်သူတွေရှုံးနေတယ်ပေါ့”

“ရှုံးတာပေါ့ကွဲ့၊ ဈေးမှမဖြစ်တာ၊ ဘယ်နှနှစ်ရှိပလဲ၊ ရှုံးလို့မှုတ်လား ညည်းဘိုးများဆီ တတိတိ ရောက်တဲ့လူတွေ ရောက်ကုန်တာ”

“ရေခွန်တော်ကကော အဆမတန် များသလား ဘကြီးဉာဏ်ရဲ့”

“သူတို့ ကြေးတိုင်က စပါးဈေး တပိဿာ ထားပြီး စည်းကျပ်တာ အခုတပိဿာ မဖြစ်တဲ့နှစ်ပေါင်း အတော်ကြာပါပကော”

ကျမသည် ဆက်လက်၍ မေးချင်စိတ်မရှိ။ ဘယ်ပုံစားသောက်နေထိုင်ကြသည်ကိုပင် မတွေးဝံ့။ ဆိတ်၍ သွားတော့၏။

“ညည်တို့က ဒါတွေ သိချင်သကိုး။ ဘာလုပ်ဖို့တုံး” ဟု အဘိုးကြီးက ဆက်ပါသေး၏။ ဤအကြောင်းအရာတို့ကို မကြားသိရခင်ကသာ ဤအမေးကို မေးဘိမူ အာပေါင်အာရင်း သန်သန်နှင့် တောသူ တောင်သားများ၏ ဆင်းရဲခြင်းကို ဆေးရှာဖို့ မြန်မာ့ စီးပွားရေး မြှင့်တင်ဖို့ စသည်ဖြင့် ကျောင်းသားစကားကို ပြောမိမည်မှာ ဧကန် ပင်ဖြစ်၏။ သို့သော် ယခုသော်ကား ဘာကိုမျှ ပြန်၍ မပြောနိုင်။ ဟင်းခနဲ့ သက်ပြင်းကိုသာ ချလိုက်မိတော့သည်။ မမြတ်ပါဘဲလျက်လည်း နှစ်စဉ် နှစ်တိုင်း သည် ရွှံ့ထဲတွင်ကုန်း၍ ရုန်းစရာ အလုပ်မှတပါး အခြားလုပ်ငန်းကို မမြင်။

လယ်သမား၏ နွားသည် သန်မာတောင့်တင်းသော အချိန်အရွယ်၌ လယ်သမားနှင့်အတူ ကုန်း၍ ရုန်းရသည် ဟု ဆိုလင့်ကစား မလုပ်နိုင်သော ဇရာအရွယ်တွင် လယ်သမားက အလကား ကျွေး၍ထားသော်လည်း ထားမည်။ မထားလို၍ နှင်ထုတ်သော အချိန်၌ အိပ်နေနိုင်သေးသည်။ စပါးခင်း ဝင်၍စားမိသည် ထားဘိဦး ရိုက်ရုံ ချောက်လွှတ်ရုံပြင် မရှိ။ သတ်၍ မည်သူကမျှ မပစ်ကြပေ။ ထိုနွားသည် ဤမြေကြီးပေါ်မှာမွေး၍ ဤမြေကြီးပိုင် သယံဇာတ ပစ္စည်းဟူသမျှကို ပိုင်ဆိုင်သေး၏။

လယ်သမားကား ဘေး-ဘိုး-ဘီ-ဘင်-ဘောင်-ဗလောင်ကစ၍ ဤမြေ ဤရေတွင် ကြီးပြင်းခဲ့၍ ဤမြေ ဤရေ၏ ပိုင်ရှင်ဖြစ်သော်လည်း တစိုးတစိမျှ သူနှင့်မဆိုင်ပါတကား။ “ယူ၍ ငင်၍ မကုန်သော သစ်တောနှင့် မကုန်မချင်း စုပ်ယူနိုင်သော ရေနံတွင်း၊ မြေကြီးထဲက ကျုံး၍ ယူရသော ဘော်၊ အခြားသော သတ္ထု ကျောက်သံ ပတ္တမြား တို့သည် မြန်မာပြည်ရှိ ပစ္စည်းများဖြစ်၍ ဓနရှင်၏ မျက်စိ၌ ဤပြည်သည် ချမ်းသာသော ပြည်ကြီး ဖြစ်လေသည်။ တိုင်းရင်းသားတို့သည် မွေးသည်က သေသည်အထိ ဗွက်ကိုနှိုက်၍ နေရသဖြင့် လူဆင်းရဲ လူမွဲတို့ ဖြစ်လေသည်။” ဟူ၍ အရေးပိုင်ဟောင်း မောရစ်ကောလစ်က မြန်မာပြည်တွင် အမှုစီရင်ခြင်းများ ဟူသော စာအုပ်၌ ရေး၍ထားလေသည်။

လမ်းတွင်း လှည်းစောင့်သော အချိန်၌ မူးထဲတွင် ရေချိုး၍နေသော ကလေးတစုကို သတိရမိ၏။ ကုန်းပေါ်က ကလေး၊ လေးငါးယောက်သည် ရေချိုးနေသော ကလေးအား အနိုင်ကျင့်ပုံကား ရေထဲ အတော်ကြာ ငုပ်ပြီး ပြန်ပေါ်လာတဲ့အချိန် “ဂေါ်ရာတထောင်လို့ မင်းချက်ချင်းဆိုနိုင်ပါ့မလား” ဟုမေး၏။ အကြောင်းမသိသော ကလေးက ဆိုနိုင်တယ် ဟု ဆို၍ ငုပ်နေ၏။ ငုပ်နေသော အချိန်တွင် ကမ်းပေါ်က ကလေးများက ဝိုင်း၍ “မင်း အစ်မလင်နေ ဘယ်သူတွေ” ဟု သံပြိုင်ဆိုကြ၏။ ရေငုပ်နေရာမှ ဘွားခနဲ ပေါ်၍လာသော ကလေးက ဘုမသိ ဘမသိ “ဂေါ်ရာ တထောင်” ဟု ဆို၏။ ကလေးများက ဝါးခနဲရယ်ကြ၏။ ထိုအတူ ယခု ရွတ်ဆိုနေကြသော “ဒါ ဒို့ပြည်၊ ဒါဒို့မြေ” ဟူသော အသံကို သွေးစုပ်ကောင်တို့က ဂေါ်ရာတထောင် ဟု အော်သံကဲ့သို့ ရယ်ကြပေလိမ့်မည်။

ဤ မရှင်းနိုင်သော ပြဿနာ၊ မတက်နိုင်သော ဆင်းရဲခြင်း ချောက်ကမ်းပါးမှ မည်သူလာ၍ရှင်းမည်နည်း၊ မည်သူလာ၍ တင်မည်နည်းဟု မေးမိ၏။ ထိုအတွင်း အိမ်တိုင်းတွင်ရှိသော နတ်အုန်းကို မြင်မိသဖြင့် မြန်မာ စိတ်သည် ကျမကိုယ်တိုင် မသိလိုက်ပါဘဲလျက် ဖျတ်ခနဲ ဝင်၍လာ၏။ ထိုစိတ်ကား တန်ခိုးရှိသောနတ်သည် ပူး၍ နည်းကောင်းလမ်းပြ လုပ်လျှင် ကောင်းလေစွ ဟူသတည်း။ ဤတောဤရွာတွင် သတင်းစာမှ အစောင် စေ့အောင် မဖတ်ရ၊ ရေဦး၊ ရွှေဘိုသို့ လူကြုံရှိမှ ဖတ်ရသည်။

တနှစ်လျှင် နှစ်ကြိမ်ကျ မှန်မှန် ငှက်ပျောသီး ကောက်ညှင်းပေါင်းနှင့် အုန်းသီး နှစ်လုံး အချောင်စား၍ အလကားနေသော မဟာဂီရိ နတ်သည် အလုပ်လက်မဲ့ ပြဿနာကိုလည်း ရှင်းပြီးဖြစ်အောင် ယုတ်စွအဆုံး ရေဒီယို၏ တာဝန်ကိုယူ၍ ကမ္ဘာ့ သတင်း မြန်မာသတင်းများကို အိမ်တိုင်းစေ့ ပူး၍ ပြောပါက တောင်သူများ မည်မျှ ကျေးဇူးရှိမည်နည်းဟု အောက်မေ့မိ၏။ အလိုမကျတိုင်း လူတကာ ရန်လုပ်ချင်တတ်သည့် လူ့ဝါသနာအလျောက် ထိုနတ်အုန်းသီးကိုပင် ဆွဲရမ်း၍ ပစ်ချင်သလိုလို ခွေးကိုပင် ထ၍ရိုက်ချင်သလိုလို မချင့်မရဲ ရှိလှစွာနှင့်ပင် မြို့သို့ ပြန်ခဲ့ရပါကြောင်း။

* ချက် (Czech)

အမာ
နဂါးနီသတင်း၊ အတွဲ (၁) အမှတ် (၈) ၁၉၃၈
နိုဝင်ဘာ။
(နိုဝင်ဘာ ၂၉၊ ပါတော်မူနေ့သည် လူထုဒေါ်အမာ၏ မြန်မာ-အင်္ဂလိပ် ၉၅ နှစ်ပြည့် မွေးနေ့လည်းဖြစ်သည်။)



2 Responses to “ဒါဝင်သာဟန်သီအိုရီ”

  1. 1ူlwin

    တောင်သူလယ်သမား ဆင်းရဲတာကလည်း ကိုလိုနီခေတ်၊ ဘိုးတော်ဘုရားလေးဘက်သွားကတည်း ကပဲနော်။ ဘယ်အစိုးရမှလည်း မရှင်းနိုင်ဘူး။ အိုင်အိုဝါက ပြောင်းဖူးစိုက်တဲ့လယ်သမား တွေကတော့ ချောင်လည်ပြီး တက္ကသိုလ်တွေ၊ ပြတိုက်တွေ နဲ့ စည်စည်ကားကားဖြစ်အောင်လုပ်နိုင်နေပြီ။ ဘိုင်အိုဒီဇယ်ခေတ်စားတော့လည်း ပြောင်းဖူးဈေးတွေတက်ကုန်လို့ လယ်ကွက်တွေတောင်ဈေးလိုက်မြောက်သွားသေးတယ်။ တောသူဌေးတွေကြီးဘဲ။ ဘယ်တော့များမှ….တို့လည်းဒီလိုဖြစ်မလဲမသိဘူး။ အဟင်း။ ။

  2. 2 soe

    အင်္ဂလိပ်အစိုးရက၊မြန်မာလယ်သမားတွေပြည်သူတွေအပေါ်၊မတရားပြုမူတာတွေ၊ မတရားဥပဒေနဲ့ ချစ်တီးတွေလယ်သိမ်းတာတွေခံရလွန်းလို့၊ လွပ်လပ်တဲ့နိုင်ငံဖြစ်အောင် စစ်တိုက်အလွတ်ရုံး၊လွပ်လပ်ရေးရပြီးမှပဲ၊ ချစ်တီးလယ်သိမ်းတာထက်ဆိုးနေတာလယ်သမား တွေခံနေရတာကြားလို့မကောင်းလိုက်တာ၊ ကချင်ပြည်နယ်မှာယုဇနမုန်တိုင်း၊တဲ့၊ယုဇနဦးဌေးမြင့် ကလယ်တွေသိမ်းတာ၊ နိုင်ငံအနှံ့မှာစစ်တပ်က၊စစ်တိုင်းကလယ်သမားတွေဆီကလယ်တွေ မတရားသိမ်းတာ၊ တရားမျှတမှုဆိုတာလုံးဝကိုမရှိဖြစ်ချင်တိုင်းဖြစ်နေကြတာ၊ ကြားရ၊ကြားရ နားဝမချမ်းသာပါပဲ။ ဘယ်ခေတ်ကမှလယ်သမား၊တောသူတောင်သားတွေ ဘာအခွင့်အရေးမှ မရှိကြတာ၊ ဒီမိုကရေစီမရှိပေမဲံ့၊တရားမျှတမှုလေးတော့ရှိသင့်တယ်ထင်ပါတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: