ရာဇဝင်ကိုဖြတ်သန်းခြင်း ၄ သန်းထွန်း၏အာဝါသ

24Feb11

လွတ်လပ်တဲ့ အာရှအသံ

မင်္ဂလာပါခင်ဗျာ။ ကနေ့ ကျနော်ပြောချင်တာက ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ အရိပ်သြဇာပါ။ ဆရာကြီးကို ကျနော် လူချင်းစတွေ့ဖူးတာက ၁၉၉၂ ကျနော့အဖိုး ကွယ်လွန်တာ ဆယ်နှစ်ပြည့်အမှတ်တရ သစ်ပင်စိုက်ပွဲမှာပါ။ ဒီပွဲကလဲ သူ့ရဲ့အကြံအစည်ကို အကောင်အထည်ဖော်ကြတာပါ။ သူ ဂျပန်မှာ ဧည့်ပါမောက္ခဘဝ တွေ့ခဲ့ရတဲ့ တက္ကသိုလ်ဝင်းထဲမှာ ထင်ရှားသူများ အမှတ်တရ ကျောက်တုံးနဲ့ သစ်ပင်ထားရှိတာကို အတုယူပီး မန္တလေး မြတောင်ကျောင်းဝင်းထဲမှာ လူထုဦးလှနဲ့ ရွှေကိုင်းသားဆိုတဲ့ သူ့ရဲ့ သုတေသနမိတ်ဆွေကြီး ၂ ယောက်အတွက် စိုက်ပေးခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ သူ့စာကို စဖတ်ဖူးတာ အသစ်မြင် ဗမာ့သမိုင်းပါ။ ၁၉၈၈ ကျနော် တတိယတန်းမှာ ဖတ်ခဲ့ဖူးချိန်မှာ အရင်ဖတ်ဖူးထားတဲ့ ဦးဘသန်းကျောင်းသုံးရာဇဝင်၊ ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ရွှေသွေးစာစောင်ထဲက သမိုင်းရုပ်ပြတွေနဲ့ တော်တော်ကွာခြားတာကို သတိထားမိပါတယ်။

ဘာကွာသလဲဆိုတော့ ဆရာကြီးရဲ့စာတွေက ဇာတ်ကြောင်းပြောသမိုင်းတွေမဟုတ်ပဲ အကြောင်းအရာတခုကို ရှာဖွေသုံးသပ်တဲ့ ပညာရှင်သမိုင်းစာတွေဖြစ်နေတာပါ။ မူလတန်းကျောင်းသားတယောက်အတွက် ဖတ်ရလဲ တော်တော်ခက်ပါတယ်။ အထူးသဖြင့် ဆရာကြီးရဲ့ အတိုကောက် ရည်ညွှန်းတွေပါ။ ဒါပေမဲ့ နောက်ကျောဖုံးမှာပါတဲ့ ဖတ်ကောင်းမယ်လို့ အာမမခံ၊ လားကျမ်းလောက်မှ မစွံဘူးပြောချင်ပြောဆိုတဲ့စကားကိုတော့ ကောင်းကောင်းမှတ်မိနေပါတယ်။ လားကျမ်းဆိုတာကို ဘာမှန်းမသိပါ။ တိရစ္ဆာန် လားပဲ မှတ်နေတာပါ။ ဘယ်အချိန်မှာ ဆရာကြီးစာတွေစွဲသွားသလဲဆိုတော့ ကလျာမဂ္ဂဇင်းမှာ လစဉ်ရေးတဲ့ ပုဂံသမိုင်းအခန်းဆက်ဆောင်းပါးရှည်မှာပါ။ ဆရာကြီးစာတွေက သိလိုစိတ်ကို ဆွပေးပါတယ်။ သူတွေးသလို မြင်သလို ခပ်ရှင်းရှင်းစဉ်းစားတာနဲ့ပဲ သမိုင်းခဲရာခဲဆစ်တွေက ပိုရှင်းလာပါတယ်။ နောက် သူက အစဉ်အလာလက်ခံထားတာတွေကို သံယောင်လိုက်ပြောနေတာမဟုတ်ပဲ သူတွေ့တာကို ရေးတာပါပဲ။ တွေ့နေကျ မြန်မာသမိုင်းအတော်များများလို မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး၊ ဆိုရှယ်လစ်လောကတည်ဆောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ခုဆို အာဏာရှင်တိုက်ဖျက်ရေးဆိုတာမျိုး နောက်ခံဆိုလိုရင်းတွေ မပါပဲ သမိုင်းကို ပညာရပ်တခုအနေနဲ့ လေးလေးနက်နက် ပြုစုတာတွေပါ။ သူ့မှာရှိတဲ့ လက်ဝဲယုံကြည်မှု၊ နယ်ချဲ့ဆန့်ကျင်တဲ့အမြင်ကိုပင် ထင်မြင်ချက်ပေးရာနေရာတချို့မှာသာ လှစ်ဟတတ်တာပါ။

သူ့စာတွေနဲ့ ယှဉ်ပီး ကျနော်တို့ ဆယ်ကျော်သက်က စာရေးဆရာမတယောက်နဲ့ တချို့ပုဂ္ဂိုလ်တွေ ပြုစုတဲ့ နယ်ချဲ့ဆန့်ကျင်ရေး ယိုးဒယားမုန်းတီးရေးစာတွေ နောက် မြန်မာဘုရင်ဝါဒ သူရဲကောင်းကိုးကွယ်မှုကို ပြန်ဖော်တဲ့ ရွှေစကြာ၊ ဦးဖိုးကျား၊ မဟာဆွေစတဲ့ဆရာကြီးတွေရေးတဲ့ သမိုင်းဝတ္ထုတွေကို ကျနော်ဖတ်တဲ့အခါ စိတ်ထဲက ဒါတွေဟာ ဖတ်လို့ကောင်း စိတ်ကူးယဉ်လို့ကောင်းပေမယ့် သမိုင်းအစစ်မဟုတ်ဘူး အချက်အလက်မမှန်တာ၊ ဘက်လိုက်တာတွေပါတယ် ဆိုတာကို သိသိလာပါတယ်။ နောက်ဆုံး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာတို့ရဲ့ စာပေယဉ်ကျေးမှုဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်း ကမ္ဘာကျော် ဦးသန့်အကြောင်း နောက် ဒေါ်အောင်ဆန်းစုကြည်စတဲ့ တိုင်းပြည်ရဲ့ထွတ်ချာ ခေါင်းဆောင်တွေအကြောင်း ရေးသားတာတွေမှာ အပိုအကဲ ချီးကျူးလေးစားတာတွေကို မြင်တတ်ဆင်ခြင်တတ်လာပါတယ်။

နောက် ကျနော် ၉ တန်းလောက်မှာ ကျနော့အဖွားမွေးနေ့ကို ဆရာကြီးဦးသန်းထွန်းလာရင်းနဲ့ စာအုပ်စည်းလေးတစည်း သယ်လာပါတယ်။ သန်းရင်မသား သမိုင်းစိတ်ဝင်စားတယ်ဆိုလို့ ဝမ်းသာတယ်ဆိုတဲ့ စာတိုလေးလဲပါတယ်။ သူရေးတဲ့ နယ်လှည့်ရာဇဝင်၊ ခေတ်ဟောင်းမြန်မာရာဇဝင်စတဲ့ ရှားပါးစာအုပ်တွေ ၉ အုပ် ၁၀ အုပ်လောက် သူကိုယ်တိုင် လက်မှတ်ထိုးပေးတာပါ။ နောက် ကျနော် ဆယ်တန်းအောင်တော့ သူ့ဆီလာနေ၊ ပညာလာယူ၊ အလုပ်ကူလုပ်ဖို့ ခေါ်ဘူးပါတယ်။ ဆရာကြီးက သူ့ပညာဆက်ခံချင်သူတွေကို လိုလိုလားလားရှိလှပေမယ့် အိမ်နဲ့ခွဲမနေတတ်တာနဲ့ ဒီအခွင့်အရေးကြီးကို ကျနော် မိုက်မဲစွာ စွန့်လွှတ်ခဲ့မိပါတယ်။ အခုခေတ်မှာ ဒါ အင်တန်းရှစ် အလုပ်သင်ဆိုပီး ကိုယ်ရေးရာဇဝင်မှာ တဆောင်တယောင်ထဲ့ရတာတွေပါ။ အဲဒီတုန်းကတော့ ကျနော်တို့တွေ ခုခေတ် ဆယ်ကျော်သက်တွေလို အမြော်အမြင်မများသေးပါဘူး။

ဒါတင်မကသေးပါဘူး၊ ကျနော်ဆယ်တန်းအပီး တက္ကသိုလ်တွေ ပိတ်ထားလို့ အပြင်ထွက်ချင်စိတ်ပေါက်လာချိန်မှာ ဆရာကြီးက ရန်ကုန်တက္ကသိုလ် မြန်မာသမိုင်းအဖွဲ့က သူ့မိတ်ဆွေ စိုင်းအောင်ထွန်းဆီ လွှတ်ပီး ဘန်ကောက်က ချူလာလောင်ကွန်တက္ကသိုလ်မှာ သမိုင်းသင်နိုင်အောင် စီစဉ်ပေးပါသေးတယ်။ အကြောင်းကြောင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာကြီးလဲ ဒီအကြောင်းမမေးတော့သလို ကျနော်လဲ မပြောဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျနော်လဲ ဆေးတက္ကသိုလ်ရောက်သွားပီး ဝါသနာပါရာ စာပေ သမိုင်းအိပ်မက်တွေကို ဇောက်ချအရေးမပြုနိုင် ဖြစ်ခဲ့ပါတယ်။ နောက် ဆရာကြီး မန္တလေးမှာ ရုတ်တရက်ကွယ်လွန်တော့ အသုဘမှာဝေဘို့ ကိုယ်ရေးအကျဉ်း ကမန်းကတန်း ကျနော်စီစဉ်ပေးခဲ့ရတာလောက်နဲ့ပဲ သူ့ကျေးဇူးကို ဆပ်ရပါသေးတယ်။

ဒီအချိန်မှာပဲ ကျနော့ဦးလေးသူငယ်ချင်း စာကြည့်တိုက်မှူးတဦး၊ နောက် ရန်ကုန်မြို့က စာရေးဆရာမောင်ဇေယျာစတဲ့ စာပေဟင်းလေးအိုးကြီးတွေရဲ့ စကားတွေ စာတွေကနေ သမိုင်း အတ္ထုပ္ပတ္တိရေးသားမှုကို ပိုစိတ်ဝင်စားလာမိပါတယ်။ သူတို့သုတေသနပြုနေတဲ့ အကြောင်းအရာတွေမှာ ဇွဲနပဲနဲ့ ဇောက်ချလုပ်နေကြတာတွေကို အားကျလာပါတယ်။ ဥပမာ ဆရာမောင်ဇေယျာက ၂၀ ရာစုဦး မြန်မာသာသနာရေးနိုးကြားမှု ဘာသာရေးမှာ လွတ်လပ်စွာငြင်းခုန်ကြတာတွေကို လေ့လာနေပါတယ်။ လေ့လာမှုရလဒ် ရှင်ကျော် တရာဆိုတာကို အတွဲလိုက် စထုတ်နေပါပီ။ နောက်ဆရာကတော့ စာဟောင်းပေဟောင်း အသံသွင်းပို့ချချက်ဆိုတာတွေကို ခုခေတ်စာဖတ်သူများလက်လှမ်းမီအောင် ကြိုးပမ်းနေတာပါ။ ဆရာကြီးရွှေပြည်ဦးဘတင်ရဲ့ စာပွဲသဘင်ဆိုတဲ့ စာအုပ်လေးက မန္တလေးတက္ကသိုလ်ဟောပြောချက်တွေက ပေါ်ထွက်လာတဲ့ သူ့ရဲ့အားထုတ်မှုပါပဲ။ မဟုတ်ရင် ဒီအဖိုးတန်စာတွေဟာ အလကားသက်သက်တိမ်မြုပ်ပျောက်ပျက်ကုန်မှာပါ။

ဒီအချိန်မှာ အဖိုးအဖွားတို့မိတ်ဆွေ စာကြည့်တိုက်မှူး ဆရာကြီးဦးသော်ကောင်းနဲ့ သံအမတ်ကြီးဦးသက်ထွန်းတို့က စင်္ကာပူမှာ လုပ်မယ့် မြန်မာရေးရာနှီးနှောပွဲမှာ စာတမ်းတစောင်ဖတ်မလားလို့ မေးလာပါတယ်။ အတွေ့အကြုံရှိချင်တာရယ်၊ ပြည်ပပညာရေးအတွက် မိတ်ဆွေအဆက်အသွယ်လိုချင်တာရယ် (ခုခေတ်ဆို ကွန်ယက်ပေါ့) ကြောင့် ကျနော်လိုက်ခဲ့ပါတယ်။ အင်္ဂလိပ်လိုရေးတဲ့ စာတမ်းရေးတဲ့ အတွေ့အကြုံသုတမရှိပဲ လက်ဖြစ်စာတန်းတစောင်ကို သွားဖတ်ခဲ့ပါတယ်။ လာတဲ့အထဲမှာ အငယ်ဆုံးတန်းထဲကမို့ ပညာရှင်များကလဲ အားပေးကြပါတယ်။ သူများတွေ ဘာလုပ်နေတယ်၊ ဘာရေးနေတယ်၊ ဘာစာအုပ်တွေထွက်နေတယ်ဆိုတာပါ သိလာပါတယ်။ ဒိနောက် ရလာတဲ့ လူမှုလောကသစ်အကူအညီနဲ့ ပြည်ပပညာသင်သွားဘို့ အကြောင်းဖန်လာပါတယ်။ ဒီအကြောင်းတွေ နောက်တပတ်တင်ပြပါမယ်။ နားဆင်တဲ့အတွက် ကျေးဇူးပါ။



One Response to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၄ သန်းထွန်း၏အာဝါသ”

  1. 1 maung tun

    အကိုရေ ဘုန်းတင့်ကျော်ရေးတဲ့ မြန်မာသမိုင်းကို ဘယ်လိုမြင်ပါသလဲ ခင်ဗျာ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: