ရာဇဝင်ကိုဖြတ်သန်းခြင်း ၅

03Mar11

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာတော့ သမိုင်းပညာသင်ဖို့ အခွင့်ဖန်လာခဲ့ပုံကို ပြောပရစေ။ အရင်က ကျနော်ဟာ ဆေးပညာဘွဲ့ရထားသော်လဲ သတင်းပညာကို အမေရိကလိုတိုင်းပြည်မျိုးမှာ သွားရောက်ဆည်းပူးဘို့ ကြိုးစားနေခဲ့တာပါ။ ပညာသင်ဆုတွေ လျှောက်နေဆဲမှာပဲ တရက်မှာ ဆရာမောင်ဇေယျာက ခင်ဗျား SOAS လန်ဒန်ကျောင်း သွားပါလားဗျလို့ ပြောပါတယ်။ အရှေ့တိုင်းနဲ့အာဖရိကလေ့လာရေးကျောင်းကို ဆရာကြီးဒေါက်တာသန်းထွန်း၊ ဒေါက်တာလှဘေတို့ ကျောင်းအဖြစ် မြန်မာပြည်မှာ လူသိများပေမယ့် ကျနော့စိတ်ထဲမှာ လျှောက်ဖို့ မဝံ့မရဲဖြစ်နေပါတယ်။ ဒါပေမဲ့ ကိုဇေယျာရဲ့ စိတ်ပါလက်ပါတိုက်တွန်းအားပေးမှုကြောင့် ကျနော်လျှောက်ဖို့ စီစဉ်ခဲ့ပါတယ်။ အင်တာနက်မှာ SOAS လို့ ရှာကြည့်တော့ အလွယ်ပဲ တွေ့ပါတယ်။ လျှောက်ထားတဲ့နည်းနာနဲ့ အဆင့်တွေလဲ တယ်မရှုပ်လှတာမို့ လျှောက်ဖြစ်သွားပါတယ်။ အမေရိကန်ကျောင်းတွေလို GRE ခေါ် ဘွဲ့လွန် အရည်အချင်းစစ်စာမေးပွဲထပ်ဖြေစရာမလိုပဲ IELTS, TOEFL တို့လို အင်္ဂလိပ်စာစစ်စာမေးပွဲတွေ အောင်ထားရုံနဲ့ လျှောက်လို့ရတာလဲ ကျနော်တို့အတွက် အဆင်ပြေပါတယ်။

ဒီနေရာမှာ ပြောချင်တာလေးတခုရှိပါတယ်။ လူကြီးတွေဟာ သူတို့ပညာရပ်တွေကို ဆက်ခံတိုးမြှင့် သွားမယ်လို့ ယူဆတဲ့ လူငယ်တွေကို ကူညီဘို့ အမြဲလိုလားပါတယ်။ လူငယ်တွေက ကြိုးစားအားထုတ်ဖို့၊ အဆက်အသွယ်ရှာတတ်ဖို့ပဲလိုတယ် ဆိုတာပါ။

ဒီအကြောင်းဆက်ရရင် ကျောင်းဝင်ခွင့်ရဖို့ အင်မတန်အရေးကြီးတဲ့ ထောက်ခံစာအတွက် အစပိုင်းက မြန်မာသမိုင်းလောကက ပညာရှင်တွေဆီ ဆက်သွယ်ဘို့ အတော်ခက်နေပါတယ်။ ဦးကြီးသားချင်းလိုဖြစ်တဲ့ ဒေါက်တာသန်းထွန်းတပည့်ကြီး သမိုင်းသုတေသနဌာနညွှန်ချုပ် ဒေါက်တာတိုးလှနဲ့ ဆရာဇော်ဂျီသမီး ဒေါက်တာခင်လှဟန်တို့ကို ဆက်သွယ်မရဖြစ်နေတာပါ။ ကံကောင်းချင်တော့ စင်္ကာပူမှာ သိကျွမ်းခဲ့တဲ့ အမေရိကန်နိုင်ငံရေးပညာပါမောက္ခတယောက်နဲ့ ပန်းချီပြပွဲတခုမှာ ပြန်ဆုံပီး သူ့ဆီကရယ်၊ နောက် စာကြည့်တိုက်ပညာရှင် ဒေါက်တာဦးသော်ကောင်းစတဲ့ လူကြီးတွေက လိုလိုလားလားကူကြတဲ့အတွက် သူတို့အရည်အချင်းကို လေးစားလက်ခံတဲ့ လန်ဒန်ကျောင်းကိုဝင်ဘို့ အဆင်ပြေသွားပါတယ်။ မှတ်မိပါသေးတယ်၊ ဆရာကြီးဦးသော်ကောင်းက ကျနော့အတွက် သွားသင့်တဲ့ကျောင်းတွေ စဉ်းစားပေး၊ လန်ဒန်က စာကြည့်တိုက်မှူးတယောက်လာတော့ မိတ်ဆက်ပေးစသဖြင့် သေချာကူညီပေးခဲ့တာပါ။ သံအမတ်ကြီးဦးသက်ထွန်း နှုတ်ကချပေးတဲ့ ထောက်ခံစာကို ကျနော် လှည်းတန်းမှာ သွားစာစီ၊ သူလက်မှတ်ထိုးတာယူလာ စသဖြင့် အဲဒီနေ့ရက်တွေကို မမေ့နိုင်ပါဘူး။ လန်ဒန်ကျောင်းမှာရှိတဲ့ မြန်မာသမိုင်းပညာရှင်တယောက်နဲ့လဲ အမေရိကန်ပါရဂူကျောင်းသူတယောက်ဆီကနေ အဆက်အသွယ် ရပြီး မြန်မာပြည်သုတေသနအီးမေးလ်အုပ်စုဝင်ဖြစ်ထားတော့ သူ့ဆီက ပညာရေးအတွက် အကြံဉာဏ်တွေ လဲ ရပါတယ်။ ကျောင်းဝင်အက်ဆေးအတွက်လဲ ကူညီပြင်ဆင်ပေးတဲ့ နိုင်ငံတကာမိတ်ဆွေတွေ ရခဲ့ပါတယ်။ သူတို့အားလုံးရဲ့ ကျေးဇူးတွေကြီးလှပါတယ်။ မြန်မာပြည်ကနေ အခက်အခဲမျိုးစုံကြားက ပညာလိုလားတဲ့ လူငယ်တွေလဲ ကျနော့တုန်းကလိုပဲ စေတနာသန့်သန့်နဲ့ကူမယ့် ကလျာဏမိတ်ကောင်းတွေ ရပါစေ ရှာတတ်ပါစေလို့ပဲ ဆုတောင်းပါတယ်။

ကျောင်းဝင်ခွင့် ရပေမယ့် ပညာသင်ဆုအတွက် ချက်ချင်းအဆင်မပြေပြန်ပါဘူး။ ကျနော်က သူတို့ပေးနိုင်တဲ့ ပမာဏကို ခွဲမတောင်းမိပဲ အားလုံးတောင်းမိနေတာကိုး။ ဒီအချိန်မှာပဲ လန်ဒန်ကျောင်းက ပါရဂူကျောင်းသူ အမကြီးတယောက် ရန်ကုန်လာချိန်မှာတွေ့လို့ ကျောင်းကပေးတဲ့ မြန်မာကျောင်းသားများ အတွက် ဒီဂျီအီးဟောလ်ပညာသင်ဆုအကြောင်း သိလာပါတယ်။ ဆရာဟောလ်က ရန်ကုန်မှာ သမိုင်းပါမောက္ခ လုပ်သွားတဲ့ ပညာရှင်ကြီးပါ။ သူ့အမှတ်တရပေးတဲ့ ပညာသင်ဆုအတွက် ကူညီပေးတဲ့ ဆရာသမားများ ကျေးဇူးကလဲ တကယ်ကြီးပါတယ်။

ဒီအချိန်မှာပဲ ရန်ကုန်မှာ Egress ဆိုတဲ့ သင်တန်းကျောင်းတခု ကျနော်တက်နေပါတယ်။ နိုင်ငံတကာ ပညာရှင်တွေ နွေရာသီလာပို့ချတဲ့ လူမှုဝိဇ္ဇာပညာသင်ကျောင်းပါ။ ကိုယ်ဆက်သင်ချင်တဲ့ ပညာတွေအတွက် မိတ်ဆက်သင်ကြားခွင့်ရသလို သင်တန်းကို လာအကဲခတ်တဲ့ ဗြိတိသျှသံရုံး အတွင်းဝန်တယောက်ကနေ ဗီဇာအတွက် အကူအညီရခဲ့ပြန်ပါတယ်။ ဒါကြောင့် ဘယ်နေရာရောက်ရောက် ပညာကို ရတဲ့နည်းနဲ့ ဆည်းပူးဖို့၊ လိုရာပညာကို စိုက်လိုက်မတ်တတ် ရှာဖွေတတ်ဖို့ အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။

ဒိနောက် လန်ဒန်ရောက်လာပါတယ်။ ကျောင်းမှာ မြန်မာနဲ့ပတ်သက်တဲ့ အထောက်အထား၊ ပညာရှင်တွေနဲ့ သောတုဇနကျောင်းသားတွေ ရှိပါတယ်။ တနေ့ စာကြည့်တိုက်ထဲမှာ မြန်မာသံကြားလို့ လှည့်ကြည့်တော့ ပါရဂူဘွဲ့ယူ ရဟန်းတော်တပါးကို ဖူးလိုက်ရပါတယ်။ စက်တင်ဘာ သံဃာ့အရေးအခင်းဖြစ်ချိန် ရောက်သွားတာမို့ ဘားတီးလ်လစ်တနာရဲ့ ဒေါမာန်ဟုန်ဘာသာပြန်စာအုပ်ကိုဖတ်ရင်း ကြေကွဲဒေါသထွက်မိ ပါသေးတယ်။ သမိုင်းတွေက ရိုင်းလို့မဆုံးပဲ ကရွတ်ကင်းလျှောက်နေတုန်းကိုး။

သင်ရတဲ့ဘာသာတွေ ရွေးရတော့ အရှေ့တောင်အာရှခေတ်သစ်သမိုင်းနဲ့ဆိုင်မယ့် ဒုတိယကမ္ဘာစစ်မဖြစ်ခင်နဲ့ စစ်ပြီးသမိုင်းတွေ၊ နိုင်ငံရေးနဲ့အစိုးရဆိုင်ရာဘာသာတွဲကို ယူလိုက်ပါတယ်။ ကျနော်တို့နှစ်မှာ အရှေ့တောင်အာရှသမိုင်းမဟာဝိဇ္ဇာယူတဲ့ ကျောင်းသား ကျနော့်အပြင် ထိုင်းတယောက်ပဲ ရှိပါတယ်။ သင်ခန်းစာပို့ချချိန်က တပတ်ကို ကျူတိုရီယယ်နဲ့မှ ၆ နာရီရှိပါတယ်။ အများအားဖြင့် ဖတ်စရာစာတွေ စာမျက်နှာ ရာဂဏန်းလောက်ပေးလို့ ဖတ်မပြီးနိုင်တာကများပါတယ်။ ဆရာတွေက ကျောရိုးလောက် အထူးပြုပြောချင်တာလောက် ပြောပီး ကျောင်းသားတွေရဲ့ ဝေဖန်ချက်ကို မေးတာများပါတယ်။ မြန်မာသမိုင်းကို မြန်မာပြည်မှာ မသင်ပဲ ဘာလို့ တဝေးတလံ အပြင်ထွက်သင်ရတာလဲ မေးလာနိုင်ပါတယ်။ ကျနော်ကတော့ တခြားအရှေ့တောင်အာရှနိုင်ငံတွေ ကိုလိုနီဟောင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပီး အတိတ်ပစ္စုပ္ပန်ကို ပြန်သုံးသပ်ရတာ အင်မတန်အကျိုးရှိတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာလို ဘောင်တွေ နိုင်ငံရေးယဉ်ကျေးမှုစည်းတွေနဲ့ ကလနားသတ်ချုပ်ချယ်မထားပဲ လွတ်လွတ်လပ်လပ် ဆင်ခြင်ဝေဖန်ရတာ ပညာရပ်အတွက် အင်မတန်ကျေးဇူးများပါတယ်။ အက်ဆေးတွေ ဘွဲ့ယူစာတမ်းတွေမှာလဲ မိမိစောဒကတက်ဝေဖန်လိုတာကို မူတည်ပြီး အချက်အလက်စုဆောင်း သုံးသပ်ရတဲ့ရေးနည်းက ကျနော်တို့ ပြည်တွင်းမှာ အစဉ်အလာဖြစ်နေတဲ့ အချက်အလက်တွေ တပုံတခေါင်းနဲ့ အပေါ်ယံရှပ်ဝေဖန်တဲ့ပုံစံနဲ့ ကွဲပြားနေပါတယ်။ ဘွဲ့ယူစာတမ်းကိုတော့ ကျနော်ရင်းနှီးပြီးဖြစ်တဲ့ လက်ဝဲစာပေသမိုင်းကို မလုပ်ပဲ စိတ်ဝင်စားဘွယ်နဲ့ ပြုစုသင့်တယ်ထင်တဲ့ မြန်မာ့တပ်မတော်ရဲ့ ဝါဒဖြန့်စာပေအစဦးကာလကို လေ့လာ ခဲ့ပါတယ်။ ဆရာမောင်ထင်၊ ဒေါ်ခင်နှင်းယု၊ ရန်ကုန်ဘဆွေ၊ တက္ကသိုလ်ဘုန်းနိုင်စတဲ့ စာရေးဆရာကြီးများရဲ့ လက်ရာတွေကို ပြန်ဖတ်ရတော့ အရင်ဖတ်ခဲ့တဲ့အချိန်တွေ၊ သူတို့ထဲကတချို့နဲ့ တွေ့ဆုံခဲ့ရတာ၊ သူတို့စာတွေရဲ့သြဇာကို အထူးလွမ်းမိပါတယ်။ အခု လူထဲပြန်ပေါ်လာတဲ့ ကိုကိုမောင်ကြီးခေါ် မောင်ချစ်လှိုင် ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကနဦးဆောင်းပါးတွေပါ လေ့လာရတာပါ။

ခေတ်သစ်မြန်မာသမိုင်းကို အနောက်တိုင်းကျောင်းတွေမှာ လေ့လာပုံကို ပိုသိရအောင် ရှေ့တပတ်ပြောကြတာပေါ့။ ကျေးဇူးတင်ပါတယ်။



One Response to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၅”

  1. 1 mg hein

    အနော်တို့လဲ လန်ဒန်မှာစာမွေ့ချင်တာပေါ့ဗျာ။
    နဂိုအခံမကောင်းတဲ့အထဲ အစွမ်းအစ၊ပံ့ပိုးမှုမရှိတော့
    တတိယအတွင်းဝန်လာလဲ (ကိုဘိုဘိုပဲပြောသလားလို့)
    ချောလိုက်တာလို့ မော့ပဲမော့ခဲ့ရတယ်။😦

    နောက်ဆုံးတော့နံပါတ် ၁ တရားခံက မအူမလည်နဲ့လျှောက်လုပ်တဲ့ကိုယ်ပဲဖြစ်နေတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: