သူလိုလူသို့ စာလက်ဆောင်

06Mar11

ဦးဝင်းတင် ၈၁ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာနှင့်ပြည့်စုံသော သတင်းမျိုးဆက်သစ်ပေါ်ထွန်းရေးသို့

(၁)

မနှစ်နွေက ဘိလပ်တွင် ဦးလေးဝမ်းကွဲတယောက်၏ ဇနီးဆုံး၍ ရက်လည်သွားရာတွင် ဦးလေး
ယောက္ခမကြီးနှင့် တွေ့ပါသည်။ ဒီဘဘကို တွေ့ဖူးပါတယ်ဟု စဉ်းစားရင်း ငါက ကိုဝင်းတင်သူငယ်ချင်း
တမြို့ထဲသား အတူတူနေကြတာဆိုမှ ဆူးလေနားတွင် ဆုံနေကျ လူကြီးအုပ်စုတွင် တွေ့ဖူးကြောင်း
မှတ်မိတော့သည်။ အန်ကယ်ဦးဝင်းတင်ကိုထောင်ဝင်စာပို့နေကျ ဘဘဦးမောင်မောင်ခင် အဘ
လူထုဦးစိန်ဝင်းဆီ စာအုပ်လာလာယူတာလဲ သတိရမိသည်။ ယခုလဲ အန်ကယ် ၈၀ပြည့်ပီဆိုပေမင့်
စိတ်ထဲတွင် သူ့အသက် ၆၀လောက်ရှိသေးသည်ဟု အမှတ်မှားနေမိသည်။ ပြည်သူတို့၏
စကားပြန်ကောင်းကို အနှစ် ၂၀လောက် ကျနော်တို့ ဆုံးရှုံးခဲ့သည်ကိုး။ ထိုနှစ်များအတွင်း ဘဘဝတီ၊
ပေါ်သစ်စသည့် အနွတ္တများဖြင့်သာ သူ့ကိုရည်ညွှန်းခဲ့ကြရသည်။ လူချင်းမတွေ့နိုင်သဖြင့် စာနှင့်သာ သူ့ကိုရင်းနှီးခဲ့ရသည်။ သူကလဲ ဆိတ်ဖလူးရိပ်မှနေ၍ မြန်မာစာနယ်ဇင်း ခရီးကြမ်းကို အကဲခတ်အားပေး
နေခဲ့သည်ပဲ။

ဂျာနယ်ကျော်မမလေး၏ သူလိုလူကိုဖတ်ပီး သတင်းနတ်ဖမ်းကပ်ကာ ဦးချစ်မောင်လမ်းကိုလျှောက်ခဲ့သော အန်ကယ်ဦးဝင်းတင်ကား သတင်းနှင့် တိုင်းရေးပြည်ရေးလောကအပေါ် ကိုလိုနီဖက်ဆစ်ထက်
ဆိုးအောင် ဖိနှိပ်သောခေတ်ကျပ်ကြီးတွင် ထောင်သက်ရှည်ကြီးကို မသေမပျောက်ဖြတ်သန်းခဲ့သည့် ရှာမှရှားတဲ့သတင်းစာဆရာပါပေ။ ယခုထိ သိပ်ခေါင်းမာတဲ့ ခေတ်အောက်နေတဲ့အဖိုးကြီးဆိုသော မလိုတမာစကားများကို ကြံ့ကြံ့ခံရင်း ဒီမိုကရေစီတိုက်ပွဲတွင် မြန်မာလူထုလမ်းမှားမရောက်စေဖို့ အဓိကခေါင်းဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ပေးနေသူလဲဖြစ်တော့သည်။ သူကတော့ သူနိုင်ငံရေးလုပ်ခဲ့တာ ကိုယ်ချင်းစာစိတ်နဲ့ လုပ်တာ၊ဘာမှထူးထူးထွေထွေမရှိပါဘူးဟုသာ ပြောပေမည်။

အဖွားသိမ်းခဲ့သည့် သတင်းစာဟောင်းများထဲမှ သားရေဖုံးနှင့်ချုပ်ထားသော ၁၉၆၀-၇၀ကျော်က ကြေးမုံအုပ်တွဲများကိုလဲ ပြန်အောက်မေ့လာသည်။ ဟိုစဉ်ကတော့ ဒါတွေဘာလို့ သိမ်းတာလဲဟု အဖွားကိုမေးမိပါသည်။ ကြေးမုံက စာမျက်နှာဖွဲ့တာကောင်းတယ်၊ ဒါကြောင့် နမူနာရှိအောင် သိမ်းတာဟု
ပြန်ဖြေ၏။ တခြားတော့မသိပါ၊ ကြေးမုံက ဓာတ်ပုံတွေကောင်းတာတော့ မှတ်မိသည်။ ရေတပ်ဦးစီးချုပ် သရေစည်သူကိုမိုဒိုသန်းဖေမသာ၌ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တော်လှန်ရေးကောင်စီဝင်များ မိုးသည်းထဲတွင် ဝင်ဒါမီယာပါတ်မှ ကြံတောသို့ ခြေကျင်လျှောက်ပီး အသုဘပို့သည့်ပုံ၊ တရုပ်-ဗမာအရေးအခင်းတုန်းက မြို့ထဲလူမဝင်နိုင်အောင် သာကေတကြိုးတံတားကြီးကို အပေါ်ဆွဲတင်ထားသည့်ပုံ၊ နောက်
ပါမောက္ခကြီးတဦး မိန်းမခိုးပြေးတုန်းက ဘူတာကြီးတွင် သတင်းထောက်တွေ အပြေးအလွှား ဓာတ်ပုံလိုက်ရိုက်ကြသည့်ပုံ စတာတွေကို မှတ်မိနေသည်။ ရွာရပ်ဝန်းကျင်က သနေရှင်း၊ ဂျာကာတာပို့စ်စသည်တို့ကိုတွေ့လျှင် ပုဂ္ဂလိကကြေးမုံ၊ နေးရှင်း၊ လူထုတို့ကို လွမ်းရသည်။

(၂)

ခုတလော လွတ်လပ်တဲ့အာရှအသံမှ အန်ကယ်နှင့်တွေ့ဆုံမေးမြန်းခန်း
“ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ခြင်း”
(ပြန်တင်ဆက်ထားသည်ကို တေဇာစပ်စု၌)
နားထောင်မိရင်း စာအုပ်အဖြစ် မှတ်မှတ်သားသားပြန်ထုတ်စေချင်စိတ်ပေါက်မိသည်။ သူနှင့်ခေတ်ပြိုင်တချို့ ဗိုလ်ချုပ်ကြီးခေတ် ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတွင် အားကြိုးမာန်တက်ဝင်နွှဲရင်း လူပြောင်းစိတ်ပြောင်းဖြစ်ကာ “ခွေးကတက်” ဂျာနယ်လစ်ဖြစ်သူတွေဖြစ်၊
တချို့လဲ ဗိုလ်နေဝင်းနှင့် ခွာပြဲ အဝေးလွင့်မှ တဖက်စောင်းနင်းအပုပ်ချစာတွေရေးကာ သတင်းသမား
မပီမမြည် ကျင့်ကြံသွားကြသူများ ရှိပါသည်။ အန်ကယ်ကား မြှောက်စားချိန်တွင်လဲ မတောက်ကြွားခဲ့ဘဲ အစိုးရလခစားသတင်းစာဆရာဘဝတွင် ရသလောက် “စပေ့စ်”ကို အဟုတ်တိုက်ယူခဲ့သည်။ အလုံးစုံသော လောကမုန်တိုင်းတို့နှင့် ဆုံရကြုံရပီးချိန်တွင်လဲ အာဃာတမရှိ မဆလခေတ်သတင်းလောကကို
တည်တည်ငြိမ်ငြိမ် ပြန်လည်သုံးသပ် ပြနိုင်သည်။ သူ၏ ကြေးမုံ၊ ဟံသာဝတီကိုယ်တွေ့များကို လက်ရှိ သတင်းမျိုးဆက်များနားဆင်ပီး လာတော့မည့် မြန်မာ့ဒီမိုကရေစီလမ်းစဉ်ခေတ်တွင် ဘယ်လိုဆက်ချီတက်
ကြမည်ကို ချင့်ချိန်သင့်ကြသည်။ အတိတ်ကို အခြေပြုသင်္ခန်းစာထုတ်တတ်မှ ကျနော်တို့ မှော်ရုံတောတွင် မမောရပေလိမ့်မည်။

ထိုထဲက သမိုင်းအချက်အလက်သစ်တွေလဲ ရတတ်သည်။ ၁၉၅၈ ဝင်ဒါမီယာအာဏာသိမ်းပွဲတွင် ရန်ကုန်ဘဆွေကအရင်ကြိုသိနေ၍ ဦးဝင်းတင်ကို အရိပ်အမြွက်ပြောပြသည်ဆိုသော အချက်ကို မြဝတီမဂ္ဂဇင်းအစောပိုင်းကာလ (၁၉၅၂-၁၉၅၈) တပ်မတော်၏ ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုရှယ်လစ်လမ်းစဉ် ထူထောင်ပုံဆိုသည့် ကျနော့ သမိုင်းမဟာဝိဇ္ဇာဘွဲ့ယူကျမ်းတွင် ထဲ့သုံးခဲ့ပါသည်။ စစ်အတွင်း ၁၅နှစ်သားအာရှလူငယ်ဘဝက ဖက်ဆစ်တော်လှန်ရေးစရန် ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်းချိုးဖို့ ရေခပ်ပေးရင်း “ကျနော်စစ်ထဲဝင်ချင်တယ်”ဟု ဗိုလ်ချုပ်ကို သူတောင်းဆိုရာ စစ်တိုက်မယ့်သူတွေရှိတယ်၊ မင်းစာသင်အုံး ပြန်ပြောသော ဗိုလ်ချုပ်၏ အမြော်အမြင်ကို “ချိုင်းဆိုးလ်ဂျား”ခေတ်ကနေ လှမ်းပီး
ဦးညွတ်မိပါသည်။ ဗိုလ်ချုပ်သြဝါဒကြောင့် ရန်ကုန်ကို ကရင်မီးဝိုင်းနေဆဲအချိန်မှာပင် စစ်ထဲမဝင်ဖြစ်ခဲ့ဟု ဦးဝင်းတင်က ဆိုပါသည်။ ဝင်ဖြစ်ခဲ့ပါက ယဉ်ကျေးမှု(ဝါ)ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင် ဖြစ်ချင်ဖြစ်သွားနိုင်ပီး လွှတ်တော်ဥက္ကဋ္ဌ သတိုးသီရိသုဓမ္မ ဒေါက်တာပျော်ဘွယ်ဦးမြသမက် (ဗိုလ်ချုပ်အောင်ဆန်းတူမယောက်ျား) ဗိုလ်မှူးချုပ်သောင်းဒန်လို မြန်မာသတင်းသမား၊ အနုပညာသမားများကို စာနာတတ်သော စစ်ဗိုလ်ကောင်းတယောက်ကို ရခဲ့နိုင်သည်။

မြသန်းတင့်၊မင်းယုဝေစသည့် ကျောင်းနေဘက်စာမွေ့ဘက်များအကြောင်းပြောစဉ်ကလဲ သူတို့၏ ဘာသာပြန်အတတ်၊ကဗျာအရည်အချင်းစသည်တို့မှာ သူ့ထက်များစွာသာပါသည်ဟု နှိမ့်ချပြောသွားသည်။ စာပေဗိမာန် ဦးထင်ကြီး၊ ခင်မျိုးချစ်စသည့်ပညာရှင်များထံမှ စာနယ်ဇင်းအတတ်ကို ကျကျနန သူဆည်းပူးခဲ့ ရသည်ကို ကြည့်ပီး အာစရိယဝံသခေါ် ဆရာစဉ်ဆက်မပြတ်အောင် ပညာတွေလက်ဆင့်ကမ်းဖို့
မြန်မာပြည်မှာ အထူးလိုနေဆဲဟု စိတ်ဆင်းရဲရပါ၏။

နယ်သာလန်ပြည် ဂျမ်ဘာတန် (သမ္မာမိတ္တ)စာအုပ်တိုက်တွင် ပညာသင်ခိုက် “ဒို့ပြည်သတင်း” ဆိုပီး ကိုယ့်ငွေနှင့်ကိုယ့်ဖာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာ တဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စောင်ရေ ၅ဝဝ ခန့် စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေသော စာစောင်ကို ထုတ်ခဲ့လေရာ အင်တာနက်ဆို၍ ကွန်ပျူတာပင် မတွင်ကျယ်သေးသောခေတ်က သူ့ဇွဲနှင့် စေတနာကို အထူးလေးစားမိပါသည်။ တိုင်းခြားရောက် မြန်မာပညာတော်သင် အညွန့်အဖူးများကို တိုင်းပြည်နှင့် အဆက်မပြတ်စိမ်းမသွားစေလိုသောကြောင့်
ဤမျှ အားစိုက်ခဲ့ခြင်းဖြစ်သည်။အန်ကယ် နယ်သာလန်ရောက်နေခိုက် ဟန်ဂေရီ ကွန်မြူနစ်
အရေးအခင်းကိုကြည့်ပီး ဆိုဗီယက်အာဏာရှင်စံနစ်ကို အယုံအကြည် ကင်းလာမိသည်ဟု ပြောသွားသည်ကို နားထောင်ရင်း နောက် ၆နှစ်ကြာလျှင် ဆိုဗီယက်ဘားမားသတင်းလောကတွင် ကျင်လည်ရမည်ကို သူကြိုသိခဲ့ပါက ဘယ်လောက်စိတ်ညစ်လိုက်မလဲဟု တွေးမိသည်။ မငြိမ်းချမ်းနိုင်သော မြန်မာနိုင်ငံရေးက တိုင်းပြည်တွင် ဒီမိုကရေစီပန်းကို အညှာမှ ရိုက်ချွေသွားခဲ့သည်။

“ကမ္ဘာနီတွင် တဒင်္ဂ” တွင် ဆိုဗီယက်အတွင်းရေးများ၊ စိတ်ပျက်ဖွယ် ကြိုးနီစံနစ်၊ လူငယ်
ပြဿနာများကို ပွင့်လင်းစွာဖော်ပြရဲသည့် စိတ်ဓာတ်ကို ချီးကျူးမိတော့သည်။ ၁၉၆၂ ထိုအချိန်တွင် ဗိုလ်ချုပ်ကြီးအာဏာသိမ်းအစိုးရသည် ဆိုဗီယက်ကို သိသိသာသာ မေတ္တာယိမ်းနေချိန်ဖြစ်၍
ဆိုဗီယက်လိုင်းမှ ဦးသိန်းဖေမြင့်၊ ဦးဘညိမ်ကဲ့သို့ လက်ဝဲမင်းတိုင်ပင်များ၏ အငြိုအငြင်ခံကာ
ရေးရဲသည့်သတ္တိမှာ နှယ့်နှယ်မဟုတ်။ သူကြုံခဲ့သည့် သံကန့်လန့်ကာနောက်မှ ပြဿနာများလဲ
မြန်မာပြည်ကို အမှန်ကူးစက်ခဲ့ပါသည်။

ပေါ်သစ်အမည်နှင့်ရေးသည့် “အလှရှာပုံတော်” စာအုပ်ကိုဖတ်မိလျှင် မြန်မာသတင်းသမားများ၏
တခါက အနုပညာမျက်စိကို အံ့သြမိကြလိမ့်မည်။ မင်းယုဝေ-ငွေတာရီစုံတွဲနှင့် ဥရောပတခွင် ပြတိုက်တွေလျှောက်ကြည့်၊ မြန်မာမော်ဒန်ပန်းချီရေစီးကို တောက်လျှောက်အကဲဖြတ်လာသည့် ရှေးဦးပန်းချီသတင်းထောက်ပေပဲ။ “ခြေမှာစကား လက်ဖျားကဗျာ”ကို ပြန်ဖတ်လျှင် အမာစိန့်အပြုံးကို ဘိလပ်သတင်းစာများက မည်သို့စာဖွဲ့သည်ဆိုသည့် အသွားလေးများကို စာမြုံ့ ပြန်ချင်တော့သည်။
၁၉၇၀ဦးကထဲက မြန်မာဂီတ အကကို ခေတ်နှင့်အညီဆန်းသစ်ဖို့၊ မဟုတ်က အပေါစားသရုပ်ပျက်တို့က
ဝါးမျိုမည်ဟု သူကြိုသတိပေးခဲ့သည်။ ဝါးလုံးခေါင်းထဲ လသာခဲ့သည့် ကျနော်တို့ရိုးရာယဉ်ကျေးမှုများကို ကိုရီးယားရုပ်သံဇာတ်လမ်းနှင့် ကာရစ်ဘီယံဂီတက မည်သို့ဝါးမျိုထားသည်ကို အန်ကယ်ရေးစေချင်
ပါသေးသည်။

သူကား ဆရာဒဂုန်တာရာရေးသကဲ့သို့ “ တညလုံး အယ်ဒီတာစားပွဲ ထိုင်ကာ လင်းအားကြီးမှ
အိမ်ပြန်အိပ်သူ။ အိပ်ရာမှနိုးလျှင် ပြိုလဲနေသော စာအုပ်ပုံများကို ဖုံခါကာ ယိုင်နေသော ရောမအချစ်
နတ်သမီး ကိုယ်လုံးတီးရုပ်ထုကို တန်းပေါ်ပြန်တင်ပြီး ကဗျာပေါင်းချုပ်ဖတ်လျက်တန်းလန်းက ဝတ္ထုတပုဒ်
ဖတ်ပြီး ထမင်းပင် မစားအားဘဲ ပန်းချီပြပွဲသို့သွားသူ” … သူဝတ္ထုလို ခြယ်မှုန်းထားသည့် ဒဂုန်တာရာ၏
ပန်းနုရောင်အို စာအုပ်အမှာကိုပဲ သတိရသေးတော့။ အန်ကယ်ဦးဝင်းတင်၊ ဆရာမြသန်းတင့်၊ ကျော်အောင်၊ ကြည်အေးတို့ မျိုးဆက်ကို တာရာမဂ္ဂဇင်း၏ သားသမီးများဟု ခေါ်လောက်ပေသည်။

သူ့အနှစ်၂၀ ထောင်သက်ကား တိုင်းပြည်အတွက် အဖိုးတန်ပညာရပ်အနုစာပေများ ဖြန့်ဖြူးပေးမည့် ဦးနှောက်တလုံးဆုံးရခြင်းတည်း။ ဘယ်တော့များမှ မြန်မာပြည်တွင် သူစာပြန်ရေးရမည် မသိတတ်ပါ။
သူ့လိုပဲ ခေတ်အဆက်ဆက်မြန်မာစာပေတွင် ဆုံးရှုံးခဲ့ရသည့် မင်းလတ်ရဲခေါင်၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ နိုင်ဝင်းဆွေ၊ မင်းသုဝဏ် စသူတို့၏ မဲဇာနှစ်၊ နရသိန်နှစ်၊ ဆင်ဆာနှစ်များကို တွေးမိတိုင်း စိတ်မချမ်းသာ။

(၃)

လန်ဒန်တက္ကသိုလ် ကျောင်းသားသမဂ္ဂစာစောင်London Student တွင် မြန်မာစာပေနှင့် နိုင်ငံရေးအကြောင်း စာတိုတပုဒ်ရေးရာ၌ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်များ အထဲရောက်နေခိုက် ဦးဝင်းတင်နှင့် ဦးစိန်ဝင်းကဲ့သို့ ဝါရင့်စာနယ်ဇင်းသမားကြီးများက ပြည်တွင်းတွင် ရှေ့က မားမားရပ်ပီး မှန်ရာကို ရဲရဲပြောနေဝံ့၍သာ မြန်မာ့
နိုင်ငံရေး သက်ဆိုးရှည်နေသည်ဟု ကျနော်ရေးခဲ့ဖူးပါသည်။ အန်ကယ်၏ နိုင်ငံရေးကဏ္ဍကို ကျွမ်းကျင်သူ ပဏ္ဍိတ်များက သုံးသပ်ပါလိမ့်သည်။ သူ့လမ်းကြောင်းနှင့် နိုင်ငံရေးအမြင်က လက်ဝဲဆန်ကောင်းဆန်မည်၊ ပရိယာယ်မဲ့ချင်မဲ့လိမ့်မည်၊ ခန္တီဝါဒီများအဖို့ ကြမ်းတမ်းလွန်ရာပင် ကျနိုင်သည်။ သို့ပင်ဖြစ်ငြား မြန်မာ့ နိုင်ငံရေးရေဆန်လမ်းတွင် လူထုကို တကယ်ကိုယ်စားပြုပီး ပြားချပ်နေသော တုံးအောက်ကဖားအများစုကြီး
ဘဝ သက်သာချောင်လည်ရေးကို ဦးတည်သည့် နိုင်ငံရေးသစ်ပေါ်ထွက်ဖို့ ဦးဝင်းတင်ဆိုသော ဗေဒါတပွင့် (ဖော်ပေါင်းများနှင့်အတူ) ဖိနှိပ်မှုဘဲအုပ်များ အယက်အကန်ကိုခံ၍ အံကိုခဲ ပန်းပန်လျက်ရှိဆဲဟု ကျနော်ဆိုချင်ပါ၏။ မစ္စတာမောင်မှိုင်း၊ ဘကြီးဘဘေ၊ ဦးရွှေကြူး၊ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော်ဦးချစ်မောင်စသူတို့ လျှောက်ခဲ့သော စာနယ်ဇင်းနှင့်နိုင်ငံရေးတွဲပီး တိုင်းပြည်ကို ထူထောင်သည့် လမ်းကြောင်းတွင် အန်ကယ်တယောက် တိုင်းပြည်မျက်နှာငဲ့သည့် တကြောင်းထဲသောစိတ်ဖြင့် ပညာဉာဏ်သုံးလျက် လျှောက်နေဆဲ။

နှစ်ဆန်းက ကျနော့အဖိုး လူထုဦးလှ ရာပြည့်ပွဲကို မအားလပ်သည့်ကြားမှ အန်ကယ် အဝေးပြေးကား စီးလာရုံမက မေမြို့က အဖွားအမှတ်တရ ကျောက်တိုင်လေးသွားကြည့်သည်ဆို၍ အဖွားသာရှိရင် သူ ထောင်ကထွက်ချိန်မှာ “လူထုဧည့်သည်” လုပ်ပီး လာနားခိုင်းမှာဟု အောက်မေ့မိပါသည်။ သူ့ဆီ ကသည်းဟင်းလေးချက် ထောင်ဝင်စာ ပို့နေကျ ဆရာတော်ဦးပညာနှင့် အခြား မန္တလေးကစာမိတ်ဆွေကြီးများကို စုံစုံလင်လင်ပြန်ဆုံရသဖြင့် ခေတ်ဝန်ကိုထမ်းပီး ခေတ်လမ်းဆက်လျှောက်ဖို့ အန်ကယ် အားသစ်တွေရပါစေ၊ သူလိုလူငယ်တွေ အများကြီး မြန်မာစာနယ်ဇင်းနှင့် နိုင်ငံရေးလောကတွင်မြှုပ်နှံပီး ယဉ်ကျေးခေတ်မီသည့် မြန်မာနိုင်ငံသစ်ကို အမြန်ထူထောင်နိုင်ကြပါစေဟု သူလိုလူသို့ သက်ရှည်ကျန်းမာပီး အန္တရာယ်ရန်စွယ်ကင်းစေဖို့ မွေးနေ့ဆုမွန်ပို့သအပ်ပါသည်။

Advertisements


One Response to “သူလိုလူသို့ စာလက်ဆောင်”

  1. 1 sawthetlin

    (စစ်အတွင်း ၁၅နှစ်သားအာရှလူငယ်ဘဝက ဖက်ဆစ်တော်လှန်ရေးစရန် ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်းချိုးဖို့ ရေခပ်ပေးရင်း “ကျနော်စစ်ထဲဝင်ချင်တယ်”ဟု ဗိုလ်ချုပ်ကို သူတောင်းဆိုရာ စစ်တိုက်မယ့်သူတွေရှိတယ်၊ မင်းစာသင်အုံး ပြန်ပြောသော ဗိုလ်ချုပ်၏ အမြော်အမြင်ကို “ချိုင်းဆိုးလ်ဂျား”ခေတ်ကနေ လှမ်းပီး
    ဦးညွတ်မိပါသည်။) ကြိုက်တယ်ဗျာ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: