ရာဇဝင်ကိုဖြတ်သန်းခြင်း ၆

17Mar11

ဓာတ်ပုံ myanmarbookshop.com

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ အခု ကျနော်ပြောပြမှာက အနောက်တိုင်းတက္ကသိုလ်တွေက မြန်မာသမိုင်းပို့ချပုံတွေပါ။ မြန်မာသမိုင်းလေ့လာမှုနဲ့ ပတ်သက်ပီး ကမ္ဘာမှာထင်ရှားတဲ့ တက္ကသိုလ်တွေထဲက လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့အာဖရိကပညာရပ်များကျောင်း၊ အမေရိကန်နိုင်ငံက ကော်နဲလ်တက္ကသိုလ်၊ မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်၊ နောက် သြစတြေးလျအမျိုးသားတက္ကသိုလ်စတဲ့ တက္ကသိုလ်များဟာ အထူးကျော်ကြားသလို အခုဆိုရင် စင်္ကာပူအမျိုးသားတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနမှာလဲ မြန်မာသမိုင်းပညာရှင်တချို့ ပို့ချနေကြပါတယ်။ နောက် ဂျပန်တက္ကသိုလ်များဟာလဲ မြန်မာသမိုင်းလေ့လာမှုကို အလေးပေးပီး ယခုထက်တိုင် မြန်မာပညာရှင်များကို ပါရဂူဘွဲ့ရအောင် လေ့ကျင့်ပေးနေလို့ ရန်ကုန်တက္ကသိုလ်မှာ အမှုထမ်းနေတဲ့ ဂျပန်ပြန်ပါရဂူတွေ ရှိနေပါပီ။ ကျနော်တက်နေတဲ့ လန်ဒန်ကျောင်းမှာတော့ မြန်မာအမျိုးသမီးသမိုင်းပါရဂူ ၂ ဦး ဒီနှစ်ပိုင်းအတွင်း ပေါ်ထွက်လာသလို မြန်မာနဲ့ပတ်သက်ပီး သမိုင်းပါရဂူဘွဲ့ယူတဲ့ နိုင်ငံတကာကျောင်းသားတွေလဲ ရှိနေဆဲပါ။ ဒီခေတ်မှာ နာမည်ကြီးတဲ့ သမိုင်းစာအုပ်ရေးသူ သန့်မြင့်ဦးကတော့ လူမှုထောက်ပံ့အဖွဲ့တွေကိစ္စကို ပိုထက်သန်ပုံရပါတယ်။

အနောက်တိုင်းပုံစံ မြန်မာသမိုင်းလေ့လာမှုကို ကမ္ဗည်းကျောက်စာရုံးနဲ့တွဲပီး ဟို အနှစ်တရာကျော် မင်းတုန်းမင်းခေတ်ကထဲက ဗြိတိသျှအောက်မြန်မာပြည်မှာ စတင်ခဲ့တာပါ။ အစောပိုင်း ကိုလိုနီအုပ်ချုပ်ရေးနဲ့ ပညာရေးအရာရှိတွေ သာသနာပြုတွေရေးတဲ့ မြန်မာသမိုင်းစာအုပ်တွေမှာ ဝါဒဖြန့်တွေ တဖက်စောင်းနင်းအမြင်တွေပါလို့ မြန်မာပညာတတ်တွေရဲ့ မကျေမချမ်းတုံ့ပြန်မှုတွေ ရခဲ့ပါတယ်။ တဖက်မှာလဲ ဖာနီဗယ်၊ လုစ်၊ ဒေါ်မြစိန်၊ ဘီအာရ်ပန်းစတဲ့ တက္ကသိုလ်ပညာရှင်တွေရဲ့ ပညာရပ်ချဉ်းကပ်မှုက လေ့လာတဲ့ သုတေသနတွေလဲ ၁၉၁၀-၂၀ ကျော်ကထဲက စတင်အခြေပျိုးနေပါပီ။ လူသိအများဆုံးကတော့ မြန်မာအစ ကျောက်ဆည်က အဆိုသစ်ကို ထူထောင်ခဲ့တဲ့ ဆရာလုစ်ပါပဲ။ အစဉ်အလာမြန်မာမျိုးချစ်ပညာတတ်ပိုင်းရဲ့ အပြင်းအထန်ကန့်ကွက်မှုကို ခံခဲ့ရတဲ့ ခံနေရဆဲအဆိုပါ။ မြန်မာအစ မြန်မာက လူသားမျိုးနွယ်အစ မြန်မာကဆိုပီး ဝါဒဖြန့်မျိုးချစ်သမိုင်းအတုကို ထူထောင်နေတဲ့ စစ်အစိုးရအသိုင်းအဝိုင်းကလဲ လက်ခံမှာ မဟုတ်ပါဘူး။

စစ်ပီးခေတ်မှာတော့ ခေတ်သစ်မြန်မာသမိုင်းလေ့လာရေး ကိုလိုနီမြန်မာပြည်သမိုင်း လွတ်လပ်ပီးစသမိုင်းတွေကို ကေဒီ၊ ဟူးခ်ျတင်ကာစတဲ့ ပညာရှင်တွေက အစပြုလေ့လာခဲ့သလို မြန်မာအစိုးရကလဲ ဒေါက်တာကျော်သက် ဒေါက်တာမသောင်း ဒေါက်တာသန်းထွန်း
ဒေါက်တာရီရီစသဖြင့် မျိုးဆက်သစ် သမိုင်းပါရဂူတွေကို လန်ဒန် အမေရိကန် ဂျော့တောင်းတက္ကသိုလ် ဝစ္စကွန်ဆင်တက္ကသိုလ်စတဲ့နေရာတွေကို လွှတ်ပီး ပညာသင်စေပါတယ်။ ရာဇဝင်ဌာနတွေနဲ့ မြန်မာသမိုင်းကော်မရှင်ကို တိုးချဲ့တည်ထောင်ပေးသလို လန်ဒန် အိန္ဒိယရုံးစာကြည့်တိုက် ဗြိတိသျှပြတိုက်စတဲ့နေရာတွေမှာ သိမ်းဆည်းထားတဲ့ မြန်မာသမိုင်းဝင်ပစ္စည်းမှတ်တမ်းတွေကို ကူးယူမှတ်တမ်းတင်စေပါတယ်။လန်ဒန်မှာ ရန်ကုန်ပြန် အင်္ဂလိပ်ပါမောက္ခကြီးတွေရဲ့ ပညာသိုက်ကို ဆက်ခံဆည်းပူးကြရပါတယ်။

ဒိနောက် ဆိုရှယ်လစ် စစ်အစိုးရခေတ်မှာ ပြည်ပပညာသင်လွှတ်မှုလျော့ကျသွားသလို ပညာရပ်ချုပ်ချယ်မှုတွေလဲ များလာတဲ့အတွက် သမိုင်းပညာဟာ ဆရာအခြေခံကောင်းတွေရှိသလောက် ဖွံ့ဖြိုးမလာနိုင်ခဲ့ပါဘူး။ သုတေသနမှာ နာမည်မရှိတဲ့သူတွေကို အစိုးရရာထူးကြီးတွေမှာခန့်တာ၊ သုတေသနဇောက်ချလုပ်တဲ့ ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုးကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် သုတေသနဌာနကို ဦးစီးခွင့်မပေးတာစတဲ့ သေးသိမ်လွဲမှားတဲ့ လုပ်ဆောင်ချက်တွေ ဝိဇ္ဇာပညာတွေကို နောက်တန်းပို့ခဲ့မှုတွေရဲ့ ရေရှည်ဆိုးကျိုးတွေကို ခုထိတွေ့နေရပါတယ်။ တိုင်းပြည်လူထုရဲ့ သမိုင်းအမြင် နိုင်ငံရေးအသိစတာတွေမှာ မသိလွဲမှားတာ၊ သမိုင်းပညာရှင်မဟုတ်သူတွေ သေချာကျနအောင် မလေ့လာနိုင်သူတွေက သမိုင်းပညာမှာ မင်းမူနေတာ၊ ကမ္ဘာ့တက္ကသိုလ်တွေက မြန်မာသမိုင်းလေ့လာရေး၊ တခြားအိမ်နီးချင်း ထိုင်း မလေးရှား စတဲ့နိုင်ငံတွေရဲ့ ပညာရပ်လောကတွေနဲ့ ယှဉ်ကြည့်ရင် အများကြီးပြတ်ကျန်နေတာစတာတွေပါ။ ပြည်ပ မြန်မာသမိုင်းလောကမှာလဲ မြန်မာအစိုးရဆီက မျက်နှာသာရလိုမှု လူမျိုးရေးအာဃာတကြီးမှုစတဲ့ ပညာရှင်မစစ်တဲ့သူတချို့ကြောင့် သမိုင်းလိမ်သမိုင်းချန် သမိုင်းရောကျော်တွေရဲ့ အန္တရာယ်ဟာ တော်တော်ဆိုးရွားနေပါတယ်။

ဒါကြောင့် အပြင်ဘက်တက္ကသိုလ်တွေမှာ မြန်မာသမိုင်းလေ့လာသင်ကြားပုံတွေကို နည်းယူပီး ပြည်တွင်းမှာ ပြန်လည်ဆန်းစစ်ပြုပြင်ကြဘို့ အချိန်ဟာ အတော်လေးလွန်နေပီလို့ ဆိုရပါမယ်။ မပြင်နိုင်ရင် တိုင်းပြည်ရဲ့ သမိုင်းလောကဟာ ဟို အနှစ် ၅၀ ကျော်ကလို ရန်ကုန်သည်လဲ လန်ဒန် အမေရိကကျောင်းများနဲ့တန်းတူ အရေးပါတယ် အရာရောက်တယ်ဆိုတဲ့ အနေအထားမျိုး ပြန်မရနိုင်တော့ပဲ ဗမာစာတောင် မတတ်တဲ့ နိုင်ငံခြားပညာရှင်ပေါင်းစုံ လက်တည့်စမ်းရေးစရာ လုပ်စားစရာ ဈေးကွက်တခုဖြစ်တော့မှာပါ။ တိုင်းပြည်ရဲ့ ကမောက်ကမအဖြစ်မျိုးစုံကြောင့် ကမ္ဘာ့စိတ်ဝင်စားမှု အထူးရနေချိန်မို့ အစိုးရဝါဒဖြန့်စက်နဲ့ အနောက် အရှေ့နိုင်ငံတွေရဲ့ အလိုတော်ရိပညာရှင်အရေးအသားတွေကြားမှာ ဆေးရောင်စုံဆိုးခံရပီး မြန်မာသမိုင်း၊ နိုင်ငံရေးလေ့လာမှုစတဲ့
မြန်မာပညာရပ်တွေ ရေတိမ်နစ်နိုင်ပါတယ်။ မြန်မာတွေဘက်က ပိုင်နိုင်တဲ့ ပင်ရင်းအရင်းအမြစ်အထောက်အထားတွေ စုံလင်အောင်ရှာဖွေဖော်ထုတ်ပီး နိုင်ငံတကာက ကျင့်သုံးတဲ့ ခေတ်မီသုတေသနအကဲဖြတ်နည်းတွေကို ရအောင်ဆည်းပူးအသုံးချနိုင်ရင် ပြည်တွင်းကလဲ ကမ္ဘာကိုချပြနိုင်တဲ့ သုတေသနစာပေတွေ ပေါ်ထွက်လာမှာပါ။ ကျနော်တို့တတွေ ဇောက်ချလုပ်နိုင်ဘို့ ပညာရပ်ပေါ် သစ္စာရှိဘို့ ယထာဘူတကျအောင် ဆင်ခြင်တတ်ဖို့ပဲ အရေးကြီးပါတယ်။ နားဆင်တဲ့အတွက် ကျေးဇူးပါ။



2 Responses to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၆”

  1. 1 Phyo Win Latt

    Nobody seemed to be interested to comment here. That’s why I have to leave my comment first. I support your views in this article Bo Bo.

  2. 2 bobolansin

    Thank you so much Kerry!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: