အောင်မြင်သော ပင်တိုင်ဆောင်းပါးရှင်

21Mar11

လူထုစာအုပ်တိုက်က လူထုဦးလှ၏ သောင်းပြောင်းထွေလာရေးချင်ရာရာစာအုပ်ကို နောက်တကြိမ်ထပ်မံပုံနှိပ်သည်ဟု ကြားရသောအခါ ကျန်းမာရေး၊ စာပေယဉ်ကျေးမှု၊ ခရီးသွား၊ ဟာသ၊ ပညာရေး၊ လူမှုရေး၊ ပုံပြင်မှအစ ကြောင်းရပ်စုံကို စုတ်ချက်သွက်သွက်ဖြင့် ပြန်ပြန်ဖတ်ချင်အောင် နေ့စဉ်နီးပါး ရေးသွားခဲ့သော ဦးလှ၏ကလောင်စွမ်းကို အားကျမိပေသည်။ အိမ်စောင့်ခေတ်တွင် ချိတ်ပိတ်ခံရသော လူထုသတင်းစာကို ၁၉၆၀တွင် ပြန်လည်ထုတ်ဝေချိန်မှစ၍ ယခုခေတ် အင်္ဂလိပ်သတင်းစာဆိုက်ကြီးအရွယ် ဖတ်စရာကဏ္ဍစုံ သတင်းဓာတ်ပုံဝေဆာစွာဖြင့် တိုးချဲ့တင်ဆက်နိုင်လာသည်။ ခေါင်းကြီး ခေါင်းရံပိုင်းအပြင် စာအုပ်ဘာသာပြန်များ၊ ဒေါ်အမာ၏ လှုပ်ရှားနေသောကမ္ဘာ့ရေးရာများ၊ ရွှေဥဒေါင်း၏ တသက်တာမှတ်တမ်း၊ စာအုပ်ဝေဖန်ချက်စသည့် စုံလင်အားပြည့်သော ကဏ္ဍများတွင် လူမှုရေးနယ်ကျယ်ကျယ်လှုပ်ရှားသော ဦးလှ၏ ကလောင်ရွှင်ရွှင်နှင့် မှတ်စရာ စဉ်းစားစရာတွေပါသော သောင်းပြောင်းထွေလာကဏ္ဍကလည်း အထူးတလည်ကျော်ကြားခဲ့သည်။ လူထုသတင်းစာပါ ဆောင်းပါးများမှ ၃ တွဲအပြင် သတင်းစာပိတ်ခံရပီး ပြည်သူပိုင် ဟံသာဝတီတွင် ရေးသည့်ဆောင်းပါးများကို စုစည်းပီး သောင်းပြောင်းထွေလာ အတွဲ ၄ အဖြစ် ဤနှစ်ပိုင်းက ထုတ်ဝေခဲ့သည်။ ပျဉ်းမနားကိုယ်တော်ကြီးအကြောင်းလို စာအုပ်မဖြစ်သေးသည့် သောင်းပြောင်းထွေလာများလည်း များစွာကျန်နေသည်။

ခေတ်ပြိုင် ကြေးမုံ ဗိုလ်တထောင် စသည့်တိုက်များမှ နာမည်ကျော် ကလောင်ရှင်များ၏ ပင်တိုင်ကဏ္ဍများနှင့် အပြိုင် ပေါ်ထွန်းခဲ့သော သတင်းတခေတ်ကို ပြန်ကြည့်ရင်း သတင်းပိုင်းက ကြိုးပမ်းမှုများသလောက် ဆောင်းပါးကဏ္ဍပါးလျသော ယနေ့ပြည်တွင်းပြည်ပသတင်းဂျာနယ် ဝက်ဆိုက်များကို အားမရဖြစ်မိသည်။ လူထုစိန်ဝင်း၊ မောင်စူးစမ်း၊ ကျော်ဝင်းစသူတို့၏ ဘာသာပြန်ဆောင်းပါး သုံးသပ်ချက်များက ရန်ကုန်တိုက်အတော်များများတွင် တရောင်ထဲချယ်နေသလို ပြင်ပဝက်ဆိုက်များတွင် နိုင်ငံရေးဆောင်းပါးများ၊ ဖွံ့ဖြိုးရေးဆရာတချို့၏ အာဘော်များ သတင်းဆောင်းပါးခေါ် အဖွဲ့အနွဲ့သတင်းရှည်များသာ ဖတ်စရာရှိနေသည်။ ပရိသတ်သိချင်သည့် သတင်းသာမက သိသင့်သည့် အတွေးနှင့် သုံးသပ်ချက်များပေးနိုင်မှ လူထုရှေ့ဆောင်မီဒီယာအဆင့်ရောက်ကြပေမည်။ မောင်သစ်လွင် (လူထု)ရေးခဲ့သည့် ဆောင်းပါးတပုဒ်ထဲကလို သုံးသပ်ချက်ဆိုတာ ဖတ်ထားတဲ့ဝမ်းစာရှိမှ ရေးနိုင်တယ်ဆိုသည့်အတိုင်း စာအုပ်ပေါင်းစုံက စုတုကူးအာဘော်များလောက်နှင့် ပညာရှင် သတင်းစာဆရာအထင်ခံချင်နေကြလျှင်ကား အတန်းမြင့်လိမ့်ဦးမည်မဟုတ်။ ပညာတတ် ပညာရှင်များ၏ လက်ရာဆောင်းပါးများ ပိုထွက်လာအောင် ဆွဲဆောင်သင့်သလို သတင်းသမားများဘက်ကလည်း ပေမီဒေါက်မီ လူရိုသေခံလောက်သည့် ပင်တိုင်ဆောင်းပါးများ လက်စွမ်းပြသင့်ကြပီ။

စာပေနှင့် သဒ္ဒါဖွဲ့ထုံး၊ ကျန်းမာရေး၊ ပညာရေးသမိုင်းစသည့် သိမှတ်စရာအစုံကို တထိုင်ထဲနှင့် ရှင်းရှင်းလွယ်လွယ်သိနိုင်အောင် အားထုတ်မှုတခုကို နမူနာပြပါမည်။ ပညာရှင်တဦး၏ ခရီးစဉ်မှ အများပြည်သူသိမှတ်စရာများကို သတင်းသမားကောင်း ဦးလှက ဤသို့မှတ်တမ်းပြုသည်။

ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာကြီး ရွှေဥဒေါင်း

(ကိုဖိုးသူတော်၏ ရိုက်ကူးမှု)

မန္တလေးသို့လာရောက်ရင်း မန္တလေး တက္ကသိုလ်မြန်မာစာပေဌာနနှင့် ပါဠိဌာနမှ ၀ိဇ္ဖာဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဖာ ဖြေဆိုနိုင်ခွင့် စာမေးပွဲ များကိုကူညီ မေးပေးသော ဆရာကြီး ဦးဖေမောင်တင်နှင့် ဦးဝန်တို့ကို မန္တလေးတက္ကသိုလ် မြန်မာစာပေ ပါမောက္ခ ဦးချမ်းမြက ထွန်းလှဟိုတယ်တွင် မတ်လ ၆ ရက်နေ့ညက ထမင်းစားပွဲတည်ခင်းကျွေးမွေးရာ ဆရာကြီးရွှေဥဒေါင်းနှင့် ကျွန်တော်လည်း တက်ရောက်သည်။ ဆရာကြီးရွှေပြည် ဦးဘတင်လည်း ပါသည်။

ဆရာကြီး ဦးဖေမောင်တင်ကို ကျွန်တော်မတွေ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဆရာကြီးသည် ယခင်ကအတိုင်း သန်သန်မာမာ၊ ကြံ့ကြံ့ ခိုင်ခိုင်ရှိနေသည်။ အရွယ်လည်းကျမသွား၊ ပိန်လည်းမပိန်၊ ၀လည်း မ၀၊ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကနှင့် ဘာမှခြားနားသည်ဟု ကျွန်တော် မထင်။ ဆရာကြီးသည် ငယ်စဉ်ကတည်းက ခါးလည်း စန့်စန့်၊ လည်လည်း မတ်မတ် နေတက်သည်။ ယခုလည်း ထိုအတိုင်းပင်တွေ့ ရသည်။

ဆရာကြီး ဦးဖေမောင်တင် မန္တလေးသို့မရောက်သည်မှာ စစ်ကြီးမတိုင်ကတည်းကဖြစ်သည်။ မိဘဘိုးဘွားအဆက်အနွယ်မှာ အင်းဝကဖြစ်၍ သီပေါမင်းပါတော်မမူလျှင် မိမိသည် မန္တလေးတွင် မွေးရမည့်သူ ဖြစ်သည်ဟု ဆရာကြီးက တပည့်များအား ပြောပြသည်ဟုလည်း သိရသည်။ မိဘဘိုးဘွားများသည် အင်းစိန်သို့ပြောင်းရွှေ့သွားသည်။ ဆရာကြီးတို့လည်း ခေတ်ပညာများ သင်ကြားကြရသည်။

ပါမောက္ခ ဦးချမ်းမြက ကျွေးသော ညစာစားပွဲတွင် ဆရာကြီးရွှေဥဒေါင်းနှင့် ဆရာကြီး ဦးဖေမောင်တင်တို့သည် စာအကြောင်းပေအကြောင်း ဆွေးနွေးကြသည်။ ‘ မှ ’ နှင့် ‘က’ အသုံးအနှုန်းအကြောင်းလည်းပါသည်။ ဆရာကြီးဦးဖေမောင်တင်က ‘က’ နှင့် ‘မှ’ အသုံးအနှုန်းလွဲမှားနေကြသည်နှင့် ပတ်သက်၍ ‘တပ်မတော်မှ လက်နက်များကို ရလိုက်သည်’ ဟုရေးနေကြသည်။ သတင်းစာများတွင်ဤအတိုင်း အရေးများကြသည်။ ‘သူပုန်များ၏လက်နက်များကို တပ်မတော်က ရလိုက်သည်’ ဟု ရေးရမည့်နေရာတွင် ‘မှ’ နှင့် ‘က’ အသုံးလွဲ၍ အဓိပ္ပာယ်တစ်မျိုးဖြစ်သည့် အကြောင်းများ ပြောပြသည်။

ထိုနောက် ဆရာကြီးနှစ်ယောက်သည် စာအရေးအသားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းရှိခြင်း အရေးကြီးပုံများကို ပြောနေကြသည်။ ပါမောက္ခဦးဖေမောင်တင်က ၀ါကျတိုတိုနှင့် ရှင်းရှင်းရေးခြင်းမှာ လွယ်သည်ဟု ထင်ရသော်လည်း ထိုသို့ရေးသားနိုင်ရန်များစွာ လေ့ကျင့်ဖို့လိုသည့် အကြောင်းများကိုပြောပြသည်။ သူ၏ တပည့် သိပ္ပံမောင်ဝ ရေးသားပုံကို ဆရာကြီးအလွန်သဘောကျသည်။ စာရေးလျှင် အထပ်ထပ် ပြန်ဖတ်နေရလျှင် မကောင်း၊ ဘာ ဆိုလိုတာပါလိမ့် ဟု စဉ်းစားနေရလျှင် နေရာမကျ၊ စာဖတ်သူ၏ ခေါင်းထဲတွင် တစ်ခါတည်း ရှင်းသွားဖို့လိုသည်အကြောင်းများကိုလည်း ဆရာကြီး နှစ်ဦးသည် ပြောဆိုနေကြသည်။

အင်္ဂလိပ်စာရေးဆရာများ၏ အရေးအသားနှင့် ပတ်သက်၍လည်း ဆရာကြီးများဆွေးနွေးကြသည်။ အင်္ဂလိပ်စကားပြေအရေးအသား ကောင်းခြင်းမှာ ရေးသားနေကြသည်က နှစ်ပေါင်း ၇၀၀ ခန့်ရှိပြီဖြစ်၍ ကောင်းသည့်အကြောင်းဖြစ်မည်ဟုလည်း ဆိုကြသည်။ စာသည်ရေးနေမှ တိုးတက်သည်။ ရေးလေပို၍ တက်လေဖြစ်သည်။ အသက် ၅၀ ကျော်ခန့်က မိမိစာရေးတော်တော်ကောင်းသည်ဟု ထင်သည်။ ၆၀ ကျော်သောအခါ ပို၍ တိုးတက်လာသည်ကို တွေ့ရကြောင်းနှင့် ဆရာကြီး ရွှေဥဒေါင်းက ပြောပြသည်။

ဆရာကြီးနှစ်ဦးသည် ခင်မင်ရင်းနှီးစွာ စာအကြောင်းပေအကြောင်း သောင်းပြောင်းထွေလာပြောနေကြသည်။ ကျွန်တော်လည်း ဆရာကြီးများအနီးတွင် ထိုင်နားထောင်နေရင်း အားကျမိသည်။ နောက်နှစ်ပေါင်း ၂၀ ကျော်လျှင် ကျွန်တော်တို့လည်း ဤဆရာကြီးများနည်းတူ စာအကြောင်းပေအကြောင်း ပြောဆိုဆွေးနွေးလိုပါသည်။ ဧပြီလ ၇ ရက်နေ့က ဆရာကြီး ဦးဖေမောင်တင်ကို ကျွန်တော်တို့က ညစာ ထမင်းတည်ခင်း ကျွေးမွေးသည်။

ဒေါ်အမာသည် ကျွန်တော့်ကဲ့သို့ပင် ဆရာကြီးဦးဖေမောင်တင်ကို မတွေ့သည်မှာ ကြာပေပြီ။ ထို့ကြောင့် ဆရာကြီးကို တွေ့သောအခါ အံ့ဩနေသည်။’ ၁၉၃၆၊ ၃၇ ခုနှစ်တုန်းကနဲ့ ဘာမှ မခြားဘူးဆရာ ၊ ဆံပင်နည်းနည်းပိုဖြူတာ တစ်ခုပဲ ‘ ဟု ဒေါ်အမာ ကပြောသောအခါ ဆရာကြီး ဦးဖေမောင်တင်က ‘ ဒီလောက်ပဲလား ‘ ဟု ပြန်မေးသည်။ ‘ ဟုတ်ပါတယ် ဆရာ ဘာမှ မခြားပါဘူး ‘ ဟု ဒေါ်အမာက ပြန်ပြောသည်။

ဆရာကြီး ရွှေဥဒေါင်း၊ ဦးဝန်နှင့် ဦးချမ်းမြေ့တို့က ရယ်နေကြသည်။ ဆရာကြီးရွှေဥဒေါင်းက’ ၇၄ နှစ်လို့ မထင်ရဘူး၊ ၆၀ လို့ ထင်ရတယ် ‘ ဟုပင် ရယ်စရာ ၀င်ပြောလိုက်သည်။ ဆရာကြီး ရွှေဥဒေါင်းနှင့် ဆရာကြီး ဦးဖေမောင်တင်တို့ မက်လ ၆ ရက်နေ့ည တွေ့စဉ်က ဆရာကြီး ရွှေဥဒေါင်းသည် ဆေးတံအရိုးအဖြောင့် ကိုသောက်၍ ကျွန်တော်တို့ အိမ်၌ တွေ့ဆုံကြသော အခါတွင် အရိုးကောက်ဆေးတံသောက်သည်ကို တွေ့ရသောကြောင့် ဆရာကြီး ဦးဖေမောင်တင်က ‘ ဆေးတံက နှစ်လုံးလားဗျ ‘ ဟုမေးသည်။ ‘ တုတ်ကောက်က တယ်ပေါ့ပါလား ‘ ဟုလည်း ပြောလိုက်သေးသည်။ တုတ်မှာ ကျွန်တော် ဘိလပ်သွားစဉ်က ဆရာကြီးရွှေဥဒေါင်းအတွက် ၀ယ်ခဲ့သော ဘိလပ်သားတုတ် ဖြစ်သည်။ သစ်သားအမည်ကိုတော့ ကျွန်တော်လည်း မသိပါ။ ဆရာကြီးနှစ်ယောက်သည် အေးသောရာသီ၌ ဆေးတံသောက်၍ ကောင်းသည့်အကြောင်းများကို ပြောနေကြသည်။

ဆရာကြီး ဦးဖေမောင်တင်က အသက် ၂၄ တွင် ရန်ကုန်တက္ကသိုလ်၌ ပါမောက္ခစဖြစ်သော ပုဂ္ဂိုလ်ပင်။ ထိုခေတ်အခါက မြန်မာတစ်ယောက် ပါမောက္ခဖြစ်ရန်မှာ မလွယ်၊ အသက်အရွယ် ဤမျှငယ်ငယ်နှင့် ဖြစ်ရန်မှာ သာ၍မလွယ်ပေ။ ပါမောက္ခဦးဖေမောင်တင်သည် ပုဆိုးအရှည်စည်းပြီး ခေါင်းပေါင်းကြီးနှင့် စာသင်ခန်းများကို သွားရသည်။ ဣနြေ္ဒသိက္ခာကြီးနှင့် သင်ကြားပို့ချရသည်။ ၁၉၁၁ -၁၂ ခုနှစ်က ဖြစ်သဖြင့် အလွန်ရှေးကြပေသေးသည်။ ကျောင်းသားအချို့သည် ပါမောက္ခထက်အသက်ကြီးသည်။ ရန်ကုန်တက္ကသိုလ်တွင် ထိုစဉ်အခါက အင်္ဂလိပ်နှင့် အိန္ဒိယလူမျိုးဆရာများသာ များသည်။ ကျောင်းသားများ ဤခေတ်အခါမှာကဲ့သို့မများသေး။ သို့ရာတွင် ထိုခေတ်က ကျောင်းသားအချို့သည် အိန္ဒိလူမျိုးဆရာများ စာသင်လျှင် မကြာမကြာနောက်ပြောင်ကြသည်။

ထိုကြောင့် ဆရာကြီးဦးဖေမောင်တင် အသက် ၂၄ နှစ်နှင့် ပါမောက္ခဖြစ်လာသောအခါ တက္ကသိုလ်ကျောင်းအုပ်ဆရာကြီးက စိတ်မချချေ။ ပုဆိုးပင် ကောင်းစွာ မစည်းတက်သေး။ ခေါင်းပေါင်းပင် ကောင်းစွာမပေါင်းတက်သေးသော ပါမောက္ခပေါက်စ ကလေးအတွက် စိတ်ပူသည်။ ထိုကြောင့် ဦးဖေမောင်တင် စာသင်သောအခါ လိုက်ပြီးချောင်းကြည့်သည်။ ကျောင်းသားများသည် ပါမောက္ခ ဦးဖေမောင်တင် သင်သော အချိန်များ၌ကား ငြိမ်၍ ကောင်းစွာ မှတ်သားနေကြသည်။ ပါမောက္ခထက် ဣနြေ္ဒက ကြီးနေသည် ဖြစ်သောကြောင့် ကျောင်းသားများသည် ကုလားဆရာများကို နောက်သလို နောက်ပြောင်ခြင်း မပြုကြခြင်း ဖြစ်ပေလိမ့်မည်။

ဆရာကြီး ဦးဖေမောင်တင်သည် အသက် ၃၀ တွင် ဘိလပ်သို့သွားပြီး အောက်စ်ဖို့ တက္ကသိုလ်၌ ပညာသင်ကြားရသည်။ ၁၉၂၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ပြန်ရောက်ပြီး မြန်မာစာ ဂုဏ်ထူးတန်းကို စသည်။ ဦးစိန်တင် ( သိပ္ပံမောင်ဝ ) သည် ၁၉၂၇ ခုနှစ်၊ မတ်လတွင် မြန်မာစာ ပထမ ဂုဏ်ထူးနှင့် ဘီအေအောင်သည်။ ထိုနှစ်မှာပင် အိုင်စီအက်စ် ရွေးချယ်ခြင်း ခံရသည်။

ဆရာကြီး ဦးဖေမောင်တင်၏ ငယ်နာမည်မှာ မောင်တင် ဖြစ်သည်။ စာတမ်းအချို့ကို ထိုနာမည်နှင့် ရေးပြီးဖြစ်သည်။ သို့ရာတွင် မောင်တင်ဆိုသည့် နာမည်များက မောင်မောင် ဆိုသော နာမည်နီးပါး များလွန်းသောကြောင့် ပြောင်းဖို့ကြံရသည်။ အမျိုးမျိုး ကြံကြည့်သည်။ စိတ်တိုင်းမကျ၊ နောက်ဆုံးတွင်မှ အဖေ့နာမည်ကို ရှေ့ကထားပြီး ဖေမောင်တင် ဟု ပြောင်းလိုက်သည်။ သိပ္ပံမောင်ဝ က သူ၏ ဆောင်းပါးအချို့၌ ဆရာတင်၊ ဆရာတင် ဟုထည့်၍ ရေးထားသည်မှာ ပါမောက္ခ ဦးဖေမောင်တင်ပင် ဖြစ်လေသည်။

ဘိလပ်က ပြန်ရောက်ပြီးနောက် ယခင် ပါမောက္ခမောင်တင် ယခု ပါမောက္ခ ဖေမောင်တင်သည် မန္တလေးသို့ လာရသည်။ ထိုအခါ ကျောက်စာဝန် မစ္စတာ တော်စိန်ခို က ဆရာကြီးဦးဖေမောင်တင်ကို အိမ်သို့ဖိတ်ပြီး ချီးမွမ်း စကားများပြောသည်။ အောက်စဖို့စ်တွင် ပညာသင်ကြားရာ၍ ကောင်းစွာ အောင်မြင်သည့် အတွက်သာမဟုတ် နာမည်ပြောင်းလာပုံကို သဘောကျလှသောကြောင့် လက်ဘက်ရည်ပွဲ တည်ခင်းဧည့်ခံခြင်း ဖြစ်လေသည်။

ကျောက်စာဝန် မစ္စတာ တော်စိန်ခိုက….

‘ အဖေ့နာမည်ကို ရှေ့ကထားတာ တရုတ်ထုံးစံပဲ၊ အဖေ့နာမည်ကို ရှေ့ကထားပြီး ခင်ဗျား အောက်စ်ဖို့မှာ နာမည်ပြောင်းခဲ့တာကို ကျွန်တော် အင်မတန် သဘောကျတယ် ‘ ဟု ပြောလေသည်။ ထမင်းမစားကြသေးဘဲ စကားများသာ ပြောနေကြပေသေးသည်။

ဆရာကြီး ဦးဖေမောင်တင်သည် သူ၏ တပည့်မ ဒေါ်အမာနှင့် ပြန်တွေ့သည်ဆိုကာ ၀မ်းသာနေသည်။ ‘ ကောလစ်စာအုပ်တွေကို ဘာသာပြန်တဲ့ ဒေါ်အမာ မဟုတ်လား’ ဟု မေးသည်။ ငါ့တပည့်တွေ မခေဘူး ဆိုသည့် ပီတိမျိုးနှင့် ပြုံးနေသည်။

ထို့နောက် ဆရာကြီး ရွှေဥဒေါင်း သောက်နေသည့် ဆေးတံ အကြောင်းပြန်ရောက်သွားကြပြန်ပြီး ၊ အောက်စ်ဖို့တွင် ဆေးတံသောက်ကြသည်မှာ ဖက်ရှင်ဖြစ်၍ မိမိလည်း သောက်ခဲ့သည်။ အေးသည့် ရာသီ၌ ဆေးတံနွေးနွေးလေးကို ကိုင်၍ ဖွာရသည်မှာ အလွန် အရသာ ရှိသည် ၊ နွေးသွားသည် စသည်ဖြင့် ပြောပြနေသည်။ ဆရာကြီး ရွှေဥဒေါင်းကလည်း မော်စကို လီနင်ဂရက် ဆီးနှင်းများ ကျနေသော ရာသီတွင် မကြာသေးမီက ဆေးတံသောက်ခဲ့ရသည့် အရသာအကြောင်းကို ပြောပြသည်။

ထို့နောက် ဆရာကြီး ဦးဖေမောင်တင် နှင့် ဒေါ်အမာ တို့က ဆေးလိပ်ဖြတ်လိုက်သည့် အကြောင်း၊ ဆေးလိပ်ဖြတ်လိုက်မှ ကျန်းမာရေး ပိုကောင်းလာသည့် အကြောင်းများကို ပြောကြပြန်သည်။ ဆရာကြီး ဦးဖေမောင်တင်သည် ဂျပန်ခေတ်က စ၍ ဆေးလိပ်နှင့် ဆေးတံကို ဖြတ်လိုက်သည်။ ဒေါ်အမာက ၁၉၅၄ ခုနှစ်မှ စ၍ဖြတ်သည်။ ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အတွင်းလောက်မှာ သူများ ဆေးလိပ်သောက်နေတာ မြင်ရင် အာရုံက မပြတ်ဘူး ၊ သောက်ချင်တယ်၊ ကိုယ့်ကိုကိုယ် သနားသလို ဖြစ်မိတယ်၊ တစ်နှစ်က ကျော်သွားတော့ ဆေးလိပ်သောက်တဲ့ လူတွေကို သနားလာတယ် ဟု ဒေါ်အမာက ပြောရာ ဆရာကြီး ရွှေဥဒေါင်းက ဆေးတံ ကောင်းသည့်ဘက်က ပြောစရာတွေ အများကြီး ရှိပါတယ်၊ အင်မတန် အဖော်ရတယ် ဟု ရယ်မောပြီး ပြောလေသည်။

ဆရာကြီး ဦးဖေမောင်တင်က မိမိ အရွယ်တင်သည်၊ ကျန်းမာရေး ကောင်းသည် စသည်ဖြင့် ပြောကြခြင်းမှာအနေအထိုင်အစားအသောက် များကို ဂရုစိုက်၍ ဖြစ်မည်ထင်ကြောင်း၊ နေ့ပိုင်းတွင် အသင့်အတင့် စား၍ ညပိုင်းတွင် မစားသည်က များကြောင်း၊ စားလျှင်လည်း စွပ်ပြုတ်နှင့် ငါးများသာ စားကြောင်း ၊ ည ဧည့်ခံပွဲများကို မသွား၊ အသောက်အစားမပြု၊ အအိပ်မှန်၊ အစားမှန် ၊ အလုပ်ချိန် မှန်သည်ကို ဂရုစိုက်ကြောင်း စသည်ဖြင့် ပြောပြသည်။

ဤ အချက်မှာလည်း မှတ်စရာပင် ဖြစ်ပါသည်။

လူထုဦးလှ

သောင်းပြောင်းထွေလာ ရေးချင်ရာရာ

လူထုသတင်းစာ၊ ၉၊ ၄၊ ၆၂



No Responses Yet to “အောင်မြင်သော ပင်တိုင်ဆောင်းပါးရှင်”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: