ရာဇဝင်ကိုပြန်ကြည့်ခြင်း ၇ လူမျိုးစုံစွာ ပြည်မြန်မာ

31Mar11

လွတ်လပ်တဲ့အာရှအသံ ကြာသပတေး မနက်

ဒီတပတ်မှာတော့ နမူနာအနေနဲ့ ကျနော်တို့ အရှေ့တိုင်းနဲ့အာဖရိကကျောင်းမှာ သင်တဲ့ မြန်မာသမိုင်းသင်ရိုးတွေအကြောင်း ပြောပါ့မယ်။ ဒီလို နယ်မြေဒေသလေ့လာရေးကျောင်းတွေကို ကိုလိုနီနိုင်ငံတွေက သူတို့အုပ်ချုပ်ရေးဝန်ထမ်းတွေ ဘာသာစကားနဲ့ ဒေသအကြောင်းလေ့လာဘို့ နောက် ကိုလိုနီအုပ်ချုပ်ရေးမှာ အကျိုးပြုဘို့ သုတေသနဌာနတွေအနေနဲ့ စတင်ခဲ့ကြတာပါ။ ပြင်သစ် ဂျာမနီ နယ်သာလန် အမေရိကန် ရုရှစတဲ့နိုင်ငံကြီးတွေမှာ ဒီလိုဌာနတွေ ရှိပါတယ်။ မြန်မာစာ မြန်မာမှုကိုလေ့လာတာတွေလဲ ဒီနိုင်ငံ ဒီဌာနတွေမှာ ရှိဆဲပါ။ အထူးသဖြင့် လန်ဒန်အရှေ့တိုင်းကျောင်းနဲ့ ယေးလ်တက္ကသိုလ်ဟာ မြန်မာဘာသာကို စနစ်တကျ သဒ္ဒဗေဒနည်းစနစ်ကို လေ့လာရာမှာ ကနဦးကျပါတယ်။ သမိုင်းဘာသာမှာလဲ လန်ဒန်ကျောင်းရဲ့အရှိန်ဟာ ဒေါက်တာသန်းထွန်းသြဇာကြီးတဲ့ မြန်မာပြည်သမိုင်းလောကမှာ ကျန်နေဆဲပါ။

ဒါကြောင့် မြန်မာပြည်နဲ့ ပဌာန်းဆက်များတဲ့သူတို့သင်ရိုးကို လေ့လာပီး ကျနော်တို့ဆီနဲ့ နှိုင်းယှဉ်ကြည့်ကြဘို့ ကောင်းပါတယ်။ ကျနော်တို့ဆီမှာ ဆရာကြီးတွေ ပြန်လာခါစက မွမ်းမံခဲ့တဲ့ ဆိုရှယ်လစ်ပညာရေးနဲ့အညီ ပြုပြင်ခဲ့တဲ့သင်ရိုးတွေကို စစ်အစိုးရခေတ် မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးမူတွေနဲ့ ပြင်ဆင်သုံးနေရတာ မဟုတ်ပါလား။ သမိုင်းကို ဘာသာရပ်တခုလို ပညာရပ်ဆန်ဆန် လွတ်လွတ်လပ်လပ် ဝေဖန်သုံးသပ်မှုမရှိဘဲ နိုင်ငံရေးအရောင်ခံပီး အစွဲတွေ တထစ်ချအမြင်တွေနဲ့ ကြည့်နေရတုန်းမဟုတ်ပါလား။ ဒီလိုပညာရေးအလေ့အထကစ မပြင်နိုင်ရင် နိုင်ငံရေးလူမှုရေးမှာ ဒီမိုကရေစီစံဘက် ပြောင်းလဲလာဘို့က တော်တော်ခက်ပါ့မယ်။

ကျောင်းရဲ့ ဘွဲ့ကြိုတန်းတွေမှာ The Creation of Modern Burma 1852-C.1941 ခေတ်သစ်မြန်မာပြည်ဖန်တီးခြင်း ဆိုတဲ့ သင်ရိုးတခုရှိပါတယ်။ ပဒေသရာဇ်တိုင်းပြည်ဘဝကနေ ကိုလိုနီစနစ်အောက်မှာ ဘယ်လိုပြောင်းလဲသွားခဲ့တယ်ဆိုတာကို အထူးပြုသင်ပါတယ်။ မြန်မာနဲ့ တိုင်းရင်းသားတွေ တရုတ် အိန္ဒိယနဲ့ အနောက်တိုင်းသားတွေရဲ့ သြဇာရိပ် လုပ်ဆောင်ချက်တွေကြောင့် မြန်မာပြည်ရဲ့ သမိုင်းလမ်းကြောင်း ဘယ်လိုပြောင်းသွားတယ်ဆိုတာပါ။ အထက်တန်းထိ ကျနော်တို့ သင်ရိုးတွေမှာတော့ ကိုလိုနီစနစ်ကို မြန်မာတိုင်းရင်းသားတွေ ဘယ်လိုတွန်းလှန်တိုက်ထုတ်ဆိုတာကို ဦးစားပေးသင်ခဲ့ရတာမို့ တခြားပြင်ပ ပယောဂတွေကို အာရုံစိုက်မိဘို့ခဲယဉ်းပါတယ်။ နိုင်ငံခြားလွှမ်းမိုးမှုမှာ ကောင်းကျိုးဆိုးပြစ်ဘယ်လိုရှိတယ်ဆိုတာ ဝေဖန်နိုင်ရင် တိုင်းပြည်အတွက် အများကြီးအဖိုးတန်တဲ့သင်ခန်းစာရပါမယ်။

နောက် Violence and Disorder in Colonial Burma ကိုလိုနီခေတ်မြန်မာပြည် ဆူပူအုံကြွမှုများဆိုတာကတော့ ဆရာစံလယ်သမား သူပုန်ကြီးနဲ့ အလားတူဆူပူမှုတွေ မြန်မာပြည်မှာ ကိုလိုနီခေတ်က စီးပွားရေးကျပ်တည်းမှုအကျိုးဆက် ရာဇဝတ်မှုခင်းပေါများတာတွေကို သင်ကြားတာပါ။ လက်ရှိခေတ်ကာလအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်ရဲ့ နိုင်ငံရေးလူမှုရေးမတည်ငြိမ်မှုတွေရဲ့ ဇာစ်မြစ်နဲ့ အလေ့အထပုံစံတွေကို ပိုသိရှိလာပါလိမ့်မယ်။ မြန်မာတွေဟာ ထစ်ကနဲရှိ ဒုတ်ဆွဲဓားဆွဲ လက်နက်ကိုင်အကြမ်းဖက်ချင်တယ်ဆိုချင်သူများကလဲ ဘယ်အကြောင်းတွေကြောင့် ဒီလိုလက်ယဉ်အကြမ်းဖက်တဲ့အလေ့ရှိနေတာလဲဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။ ဖိနှိပ်သွေးစုပ်တဲ့ ကိုလိုနီအစိုးရရဲ့ တရားလွန်အမြတ်ထုတ်မှုကို သေမထူးနေမထူးခံနေရတဲ့ လက်အောက်ခံနိုင်ငံတွေမှာ ဒီလိုအုံကြွမှုတွေ ပေါ်ခဲ့တာမဆန်းပါဘူး။ အလားတူပဲ ဖိနှိပ်အုပ်စိုးတဲ့ယန္တရားကို ဆက်ကျင့်သုံးတဲ့ တိုင်းရင်းသားအစိုးရတွေလက်ထက်မှာ ပုန်ကန်မှုန်ဆန်တာတွေ ရာဇဝတ်မှုခင်းတွေ ဆက်ရှိနေပါအုံးမယ်။

ဘွဲ့လွန်တန်းတွေမှာတော့ The State and the Art: Photography and Nation Building in Burma ဆိုတဲ့ စိတ်ဝင်စားစရာ သင်ရိုးငယ်တခုရှိပါတယ်။ ကိုလိုနီခေတ် ဓာတ်ပုံဆရာတွေ ရိုက်ကူးလာတဲ့ မြန်မာနဲ့ အခြားတိုင်းရင်းသားများရဲ့ အလေ့အထဓာတ်ပုံတွေကို မနုဿဗေဒတင်မက သမိုင်းဘက်ကပါ ပြန်ပို့ချတာပါ။ မြန်မာပြည်ရယ်လို့ ကမ္ဘာ့အမြင်မှာ ဘယ်လိုရုပ်လုံးကြွလာအောင် တင်ဆက်မယ်စိတ်ကူးတဲ့ အနုပညာစာသမား သတင်းသမားများ အစိုးရပြန်ကြားရေးတာဝန်ရှိသူများ သိသင့်တဲ့ဘာသာပါ။

Histories of Ethnicity and Conflict in South East Asia မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အာဏာပိုင်နိုင်ငံတော်တွေ ပေါ်ထွက်လာပုံနဲ့ လူမျိုးရေးမျိုးချစ်စိတ်ပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတွေ ဒေသတွေဖြစ်ပေါ်လာပုံပါ။ ဘာသာရေး လူမျိုးရေးနဲ့ နိုင်ငံရေး စီးပွားရေးအကြောင်းတွေကြောင့် လူမျိုးစုပဋိပက္ခတွေ ဘယ်လိုစခန်းသွားခဲ့တယ်ဆိုတာကို မြန်မာပညာရေးနဲ့ မီဒီယာမှာ သေချာပြန်သုံးသပ်ဖို့ ကောင်းပါပီ။ မြန်မာပြည်က မြန်မာ ကရင် ရှမ်း ရခိုင် မွတ်စလင်စတဲ့ လူမျိုးရေး ဘာသာရေးလှုပ်ရှားတောင်းဆိုမှုတွေကို ထိုင်း အင်ဒိုနီးရှား မလေးရှား ဖိလစ်ပိုင် လာအိုစတဲ့ ပြည်နီးချင်းတွေက အလားတူကိစ္စတွေနဲ့ ဘယ်လိုကွာခြားတယ် တူညီတယ်၊ ဖြေရှင်းပုံမှာ ဆောင်ရန်ရှောင်ရန် ဘာတွေရှိတယ်ဆိုတာကို လေ့လာသင့်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပို့ချခဲ့တဲ့ အရှေ့တောင်အာရှလေ့လာရေး မြန်မာပြည်လေ့လာရေး ဘာသာတွေမှာတော့ မည်သို့ပို့ချဆွေးနွေးတယ် ဘယ်လိုပညာတတ်တွေ မွေးထုတ်ပေးတယ်မသိပါ။

Society and Politics in Late Colonial South East Asia မှာတော့ ၂၀ ရာစုဆန်း အရှေ့တောင်အာရှကိုလိုနီတွေမှာ နိုင်ငံရေးလူမှုရေး ဘယ်လိုပြောင်းလဲနိုးကြားလာခဲ့တယ်ဆိုတာကို နှိုင်းယှဉ်ထားပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို နိုင်ငံရေးစွဲမပါဘဲ ပြန်လေ့လာလိုသူများ စိတ်ဝင်စားမှာပါ။ ပိုစိတ်ဝင်စားဘွယ်ကောင်းတာကတော့ World War II, Cold War, and the “War On Terror”: the United States and South East Asia ဒုတိယကမ္ဘာစစ်ကြီးမှသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်အထိ စစ်အေးခေတ်တလျောက် အရှေ့တောင်အာရှတွင်း အမေရိကန်ရဲ့ လွှမ်းမိုးမှုပါ။ အမေရိကန် တရုတ် ဆိုဗီယက် ၃ ပွင့်ဆိုင် အားပြိုင်မှုမှာ ကျနော်တို့ နိုင်ငံငယ်တွေက နိုင်ငံရေးကဏ္ဍတွေ ဘယ်လိုပြောင်းခဲ့တယ် လှုပ်ရှားမှုတွေ ပြည်သူတွေရဲ့ တိမ်းညွတ်မှု ဘယ်လိုပြောင်းလဲခဲ့တယ်ဆိုတာတွေကို ပြန်ကြည့်ပီး လက်ရှိ အရှေ့တောင်အာရှအနေအထား ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးဇာတ်ကို ပြန်ဆင်ခြင်နိုင်ပါတယ်။ နိုင်ငံရေးမှာ ဘယ်နိုင်ငံကိုမှ ယုံပီး မပုံလိုက်ဖို့ မီးစင်ကြည့်ကစားတယ်ဆိုတာ ဘယ်လောက်ခက်ခဲတယ် နောက်ပီး နွားကွဲကျားဆွဲဆိုတာတွေကို တွေ့လာမှာပါ။ ခေတ်အဆက်ဆက် အင်အားကြီးတွေနဲ့ လိုက်လျောညီထွေပေါင်းသင်းပီး ကိုယ့်ပြည်သူတွေ နိုင်ငံရေးပြိုင်ဘက်တွေကို ဖိနှိပ်သွေးစုတ်တဲ့ တိုင်းရင်းသားလက်ဝေခံ အာဏာရှင်တွေအကြောင်းလဲ ပိုသဘောပေါက်လာမှာပါ။

ဒါကြောင့် ကျနော်တို့ သမိုင်းကို အိမ်စာကျေအောင် ပြန်ဖတ်ပီး နိုင်ငံရေးစာမေးပွဲမှာ အောင်ဆုရအောင် ကြိုးစားကြရအောင်လို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးပါ။



No Responses Yet to “ရာဇဝင်ကိုပြန်ကြည့်ခြင်း ၇ လူမျိုးစုံစွာ ပြည်မြန်မာ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: