လူသားဆန်သော သစ္စာစွဲမြဲသော လမ်းကြောင်းဖြောင့်ရှင်းသော

02Apr11

အဖွား ၉၄နှစ်ပြည့်တုန်းက ရေးခဲ့တဲ့စာပါ။ ရေးစရာတွေက အကြောင်းဆိုက်တိုင်းပေါ်နေဆဲ၊ သူမရှိမှ သူ့ကိုပိုသတိရစရာတွေက ဒီ ၃ နှစ်အတွင်း ပိုထွက်ထွက်လာတော့ ရေးဖြစ်နေအုံးမှာပဲ။ တိုင်းပြည်နဲ့ ဗမာလောကမှာ ဗူးတောင်းနစ်လို့ ဇောင်ခြမ်းပေါ်တဲ့အဖြစ်တွေက ပိုပိုဆိုးလာတော့ ငတေမာလုပ်ချင်တဲ့ စရိုက်စွဲနေတဲ့ လူမျိုးများဟာ တော်လှန်ရေး တော်လှန်ရေးနဲ့ လေလုံးကြီးရင်း ပျက်စီးတိမ်းပါးအုန်းမှာပဲ။ အခြေခံစရိုက်မှာကိုက ကူလီကူမာအကျင့်နဲ့ အချောင်စံချင်တဲ့လုပ်ပေါက်လေးတွေက ရိုးတွင်းထိလိုက်နေတော့ ပညာနဲ့ အရည်အချင်းနဲ့ ကြိုးစားတည်ဆောက်ယူရတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့က ဝေးနေပါအုံးမယ်။ ၁၉၅၀-၆၀ ကျော်များက ဒေါ်အမာရဲ့ စိန်ဗေဒါလက်သံပြင်းပြင်းနဲ့ အရေခြုံသမားတွေကို ထိုးနှက်ခဲ့တဲ့ လက်စွမ်းမျိုး ခုခေတ်သတင်းသမားတွေမှာ မကျန်တော့ပါဘူး၊ ဦးစိန်ဝင်းနောက်ဆုံးပါပဲ။ နိုင်ငံရေး ကလော်စာနဲ့ ဝေဖန်စာရေးနည်း ဘာကွဲမှန်းမသိတဲ့လူမျိုးတွေ တွင်ကျယ်နေရင် ဒီလိုလူတွေရေးတဲ့စာတွေဖတ်နေရတဲ့ တိုင်းပြည်ဟာ နလံထူမှာ မဟုတ်သေးပါ။

(၁)

“လူရဲ့အမွန်မြတ်ဆုံး လုပ်ဆောင်မှုက ကိုယ်ကျိုးစွန့်ပြီး မေတ္တာစေတနာနဲ့ သူများအကျိုးကို ရွက်ဆောင်ပေးခြင်းပဲဖြစ်တယ်။ ငါ့သားလူဖြစ်ရကျိုးနပ်အောင် တစ်ခုခုတော့ လုပ်နိုင်စေချင်တယ်။ ဘာလုပ်သင့်တယ်၊ ဘာကိုလုပ်မယ်ဆိုတာ သားဖာသာ စဉ်းစားဆုံးဖြတ်ပေါ့။ …..

ဘိုဘိုမှာ အသိပညာတွေ လုံလောက်အောင် စုဆောင်းမိမှာကို အဘွားသံသယမရှိဘူး၊ အဲဒီအသိတွေနဲ့ လူနဲ့လူချင်းအတွက် ဘိုဘိုက အနစ်နာခံဆောင်ရွက်ပေးတဲ့ မွန်မြတ်တဲ့ လူသားတစ်ဦး ဖြစ်လာစေချင်တယ်။ စာအုပ်တွေနဲ့အတူ၊ သက်ရှိလူတွေကိုလည်း ဘိုဘိုစိတ်ဝင်စားစေချင်သေးတယ်။ ဘိုဘိုဦးနှောက်ထဲမှာ ရှိတဲ့ ပညာတွေ အသိတရားတွေကို တခြားလူတွေအတွက် အသုံးချပေးနိုင်တဲ့ မြေးကလေးဖြစ်လာပါစေလို့ အဖွားဆန္ဒပြုပါတယ်။ …”

၇တန်းနှစ်မှစ၍ မွေးနေ့တိုင်းဤသို့ အမှတ်တရစာလေးများရေးပေးလေ့ရှိသည်မှာ နောက်ပိတ်ဆုံး ကျနော်ဘွဲ့ရသည့် ၂၀၀၆ ဖေဖော်ဝါရီလထိပင်တည်း။ အတူနေမြေးငါးယောက်စလုံးကို အစဉ်ပြောဆိုဆုံးမခဲ့ရုံသာမက မှတ်မှတ်သားသားဖြစ်အောင် စာကလေးတွေရေး ဆုံးမခဲ့ခြင်း၏ တန်ဖိုးကို အဖွားမရှိမှ ကောင်းကောင်းသိပါပီ။ သို့ပေမင့် တနိုင်ငံလုံးနှင့် ကမ္ဘာအရပ်ရပ်က မြန်မာစာဖတ် လူငယ်များအတွက် ရည်စူးရေးသားခဲ့သည့် အမေ့ရှေးစကားဆောင်းပါးများ ရေးစက အဖွားက ဘာလို့ အဖွားကြီးလေနဲ့ အမေ အမေဆိုပီး ရေးရပါလိမ့်၊ တသက်လုံး ကျွန်မလို့ ရေးလာတာဘဲဟု ဇလုံးဇခု ဖြစ်မိပါသေးသည်။ ထိုစဉ်ကပင် ၈၀ နားကပ်နေသည့် ကိုယ့်အဖွားကို နောက်နှစ်တွေအကြာကြီး နေအုံးမယ်ဟု ထင်နေခဲ့သည်ကိုး။

(၂)

အဖွားနှင့် လူချင်းမတွေ့ဖူးလိုက်သူများက သူ့ကို အင်မတန့်သိက္ခာကြီးနှင့် ဧရာမအာဇာနည်မိန်းမကြီးလို ခန့်ခန့်ကြီးနေလိမ့်မည်ဟု တွေးကြောက်သည်ကို တွေ့ဘူးပါ၏။ အသက်၈၀ကျော်ထိ တအိမ်လုံးက လူ ၁၅ယောက်လောက်စာ ဈေးဝယ်ပီး ဆိုက္ကားစီးပြန်သည့် အဖွားအကြောင်းပြောပြပီး ကိန်းကြီးခန်းကြီးမနိုင်ရပါကြောင်း ရှင်းပြရသည်။ မမြရင်သီချင်းများ၊ ညွန့်ညွန့်စိန်၏ မှန်ကြိုက်သူ သီချင်းစသည်တို့ကို လိုက်ညည်းနေတတ်သည့် ဟာသတွေ အရွှန်းတွေဖောက်ရင်း ပြုံးနေတတ်သည့် သူ့ရုပ်ပုံကို မျက်စိထဲက ဖျောက်မရပေ။

စာရေးဆရာမဆိုပီး အိမ်မှုကိစ္စတွင် ရှော်သည့် (အဖွားစကားနှင့် ရှော်လကွီး ဂွီး) ဆိုသည့် အစားထဲကလဲ မဟုတ်ပါ။ မန္တလေးပုံစံ အစားအသောက်ကို စုံစုံကောင်းကောင်းနှင့် ရှာရှာဖွေဖွေစီမံစားတတ်ပီး အဆီအအိမ့် ဘိုစာတရုတ်စာတွေထက် တောစာ တောငှက် တောအရွက်တွေကို ခုံခုံမင်မင်ရှိလှသည်ကို အောက်မေ့လှပါ၏။

လူကြီးဆိုပီး သူ့အတွက်သီးသန့်ပြင်ပေးသည့် အစားအသောက်ဟူသမျှကိုလည်း ဟေ့…. မင်း စားပါကွ… ငါမကြိုက်လို့..ဆိုပီး မြေးတွေပန်းကန်ထဲ ထည့်ပေးတတ်သည့် မြန်မာအဖွားတယောက်သာ ဖြစ်ပါသည်။ သူနှင့်နေရသူအားလုံးစိတ်တွင် ဘယ့်တွက်မှ ဇနိုးဇနောင့်မဖြစ်အောင် စဉ်းစားလေ့ရှိပါ၏။

အဆာကျယ် ခြောက်စထောင်သည့် လူကြီးလူကျယ်အပေါက်မျိုး ချိုးသည်ကို ဘယ်ခါမှ သူ့တွင်မတွေ့စဖူး၊ သူ မကျေနပ်လျှင် မကျေနပ်ကြောင်း ပြောပီးသည့်နောက် ရန်ငြိုးအကြွေးထားတတ်သည့်အလေ့ကို အဖွားမှာမတွေ့ရ။ ဖော်ကောင်ဘခက်နှင့် သခင်တင်မြတို့ လက်နက်ချတသိုက်ပေါင်းပီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရေးမည်၊ ကျနော်တို့လဲ ဝင်ကူပေးပါဆိုသည့် တခါကသာ သူမကျေနပ်လွန်းလှသဖြင့် ဒီလူတွေရေးမည့်စာအုပ်သည် ဘယ်လိုမှ ကောင်းမည့်စာအုပ်မဟုတ်ကြောင်း ဝင်မပါဘို့ ပြောဘူးပါသည်။ အဖွားစကား နားထောင်သည့်အနေနှင့် အဘ သခင်တင်မြနှင့် လူချင်းခင်သော်လည်း ထိုကိစ္စဝင်မပါခဲ့မိပါ။ နောက်ပိုင်း သခင်တင်မြ ဗရမ်းဗတာတွေ ရေးနေသည်ကိုတွေ့မှ လူကြီးများ တယ်မြင်တတ်ပါလား အောက်မေ့မိပါသည်။

အယ်ဒီတာ စာအုပ်တိုက်ရှင် တယောက်ပြောဘူးသလို ဒေါ်အမာသည် သူ့ဆီ နည်းမျိုးစုံဖြင့် ချဉ်းကပ်လာသူဟူသမျှ တပြေးညီ ကောင်းမွန်စွာ ဧည့်ခံသည်ဆိုသည့်စကားကို အမှတ်ရပါသည်။ စာပေ၊နိုင်ငံရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ ထိတွေ့ခဲ့ရသူများတွင် ကူလီကူမာ အမြတ်ထုတ်သည့်သူများလည်း မနည်းခဲ့ပါ။ သိပင်သိသော်ငြား ထိုသူများအားလုံးကို လူကြီးပီပီ တည်တည်တံ့တံ့ ဆက်ဆံတတ်ပါ၏။တခါက မေမြို့တွင် အပူရှောင်နေသော အဖွားဆီ သွားလည်ပီး မန္တလေးအဆင်းလမ်းတွင် ဗိသုကာအယ်ဒီတာ ကိုမော်လင်းပြောခဲ့ဘူးသော ဒေါ်အမာ အသက်ရှည်တာ ခေတ်အဆက်ဆက် မျိုးဆက်အသစ် လူတော်လူကျော်တွေနဲ့ ထိစပ်နေခဲ့ပီး ဘဝမှာ စိတ်ဝင်စားစရာ အသစ်အသစ်တွေ တွေ့နေနိုင်လို့ဘဲ ဟူသည့် စကားကိုလဲ ခုတိုင် သတိရမိတော့၏။ ကာတွန်းဘက်ဆိုက ဦးဘဂျမ်း၊ဦးဟိန်စွန်းမှသည် အော်ပီကျယ်၊ ကိုဇော်မောင်ထိ၊ စာပေမှာကား ဂန္ထလောကခေတ်မှ အင်တာနက်မီဒီယာခေတ်၊ နိုင်ငံရေးသမားဆိုလျှင် ၂၁ဦး အညာသားပါတီခေတ်မှ ကျောင်းသားမျိုးဆက် အဆက်ဆက်ထိ။ ဂီတ…လူမှုရေး ပညာရေး အရာရှိ သူဌေး ဘုန်းကြီး စသည့် နယ်ပယ်စုံတွင် ဒေါ်အမာ၏ မိတ်သင်္ဂဟဆိုသူများမှာ ဦးလှမရှိသည့်နောက်တွင်ပင် ယုတ်လျော့မသွားဘဲ တိုးလို့သာ လာသည်ကို သတိပြုမိပါ၏။ မန္တလေးက လက်ဝဲအုပ်စုတွေဆိုပီး ဖာသိဖာသာနေခဲ့ကြသူများပင် ယခုကာလ ဖိနှိပ်ဆုတ်ယုတ်မှုများကြောင့် သံဝေဂရပီး အဝင်အထွက်လုပ်လာသည်ကို တွေ့ရသည်။

(၃)

ဒေါ်အမာဆိုတာ ကွန်မြူနစ်မကြီးပါဟု တိုးတိုး (ဝါ) ပေါ်တင်စော်ကားကြသည်ကိုလဲ (နိုင်ငံရေးအုပ်စုထဲကပင်) ကြုံရဘူးပါ၏။ အထူးသဖြင့် စစ်အစိုးရ အဆက်ဆက် ဝါဒမှိုင်းအောက်တွင် လူဖြစ်ကြသူများအဖို့ ကွန်မြူနစ်ဆိုတာ ဝါးရင်းတုတ်နဲ့ လည်မျိုဆော်တဲ့ဘီလူးတွေဟုသာ ခပ်ဝါးဝါးသိထားကြရာ သူတို့ နှစ်ခြိုက်သည့် စာရေးဆရာမကြီးကို ကွန်မြူနစ်အမေ၊ ကွန်မြူနစ်ဟု လက်ခံချင်ကြပုံမရ။ ကျနော်လဲ ဟိုစဉ်က အဖွားတို့ ဦးစိန်ဝင်းတို့ အမေရိကန် မကောင်းကြောင်းပြောလျှင် သိပ်မကြေလည်လှ။ ဂျွန်ဝက်ဘ်စတန့်လေးတွေမြင်မှ ရှေးသတင်းစာဆရာတွေ တယ်ပါးတာဘဲ၊ ငါတို့တွေ သိပ်အတာဘဲဟုသာ သက်မချမိတော့သည်။ လူမဆန်တဲ့ အရင်းရှင်စံနစ်ကို ငါခုထိ လက်မခံနိုင်ဘူးဟု အဖွား ပြောခဲ့စဉ်က ရီဆက်ရှင်းမလာသေးပါ၊ ဗမာပြည်တွင် ဓာတ်ငွေ့လိုင်းတွေ ဖြတ်မဖောက်သေးပါ။ အဖွားမွေးနေ့တိုင်း လာနေကျ လူထုက စင်တင်ပေးလိုက်သည့် ရဲဘော်ကြီးက အိုင်ဒီယော်လော်ဂျီခေတ်ကုန်ပီ စစ်တပ်ကို မလှန်နဲ့တော့ ဆိုပီး နိုင်ငံရေးပြည့်တန်ဆာဝါဒသစ်တရပ် ထူထောင်နေသည်ကို ဖတ်ရလေသော် အဖွားသုံးတတ်သည့် ဒီပုဆိုးဝတ်ရင် ဒီချီးဘဲပါမည်၊ ဗြိဇုံနဲ့ ဗြုံဇိ စသည့် အလုံးလေးများက ခေါင်းထဲပေါ်လာပါသည်။

အဖွားဖြတ်သန်းခဲ့ရာဘဝကို ပြန်စဉ်းစားလိုက်သော် ၁၉၃၆ သပိတ်ခေတ်မှစ၍ နိုင်ငံရေးနယ်ထဲ ကျွံမဝင်မိအောင် တတ်နိုင်သလောက် အလှမ်းခွာထားတတ်သည်ကို သတိပြုမိပါ၏။ သူ့ဘဝတွင် ပဲ့ကိုင်ရှင် သတင်းစာဆရာကောင်းတယောက်နှင့် လက်ထပ်ခဲ့ခြင်းကြောင့် တချို့စာရေးဆရာမ၊ ပညာရှင်အမျိုးသမီးများလို လိမ့်လိမ့်လဲလဲဘဝမျိုး နိုင်ငံရေးသိက္ခာကျ လူအရင်နာမည်သေသည့်အဖြစ်မျိုး နှင့် မကြုံခဲ့ရပေ။ သူ့ဘဝကို သတင်းစာမှတဆင့် အထက်ဗမာပြည်၊ နောက် တနိုင်ငံလုံးက စာဖတ်ပရိသတ်သို့ ကမ္ဘာ့ရေးရာသုံးသပ်ချက်များပေးပီး စစ်အေးအန္တရာယ်ကို မီးမောင်းထိုးပြခြင်း၊ လူငယ်မျိုးဆက်သစ် သတင်းနှင့် အနုပညာသည်များ မြေတောင်မြှောက်ပေးခြင်း၊ သတင်းစာမရှိသည့်နောက် မြန်မာမှုအနုပညာသမိုင်းထုပ္ပတ်ကို ထိန်းသိမ်းဖော်ထုတ်ခြင်း၊ လူမှုစရိုက် ပညာပေးဆောင်းပါးများ ရေးခြင်းတွင် မြှုပ်နှံသွားခဲ့ပါ၏။ ထိုသို့ နယ်ပယ်စုံတွင် ကလောင်မြူးနိုင်သည့် အားသာချက်ကြောင့် သာမန်လက်ဝဲသတင်းစာဆရာများကြားတွင် စာပေပညာရှင် လူမှုသမိုင်းဆရာတယောက်အဖြစ် တင်ကျန်ခဲ့ပါသည်။ သို့ငြား တိုင်းပြည်တွင် အရေးကြီးလာပီဆိုက ရှောင်သွေမလွှဲဘဲ နောက်က တိတ်တဆိတ်ပါတတ်ပါသေးသည်။ ၁၉၈၈က မန္တလေးထုတ် ၈လေးလုံးသတင်းစာတွင် ခေါင်းကြီးရေး တည်းဖြတ်လုပ်ခဲ့သူဟု ဒေါ်အမာစာစုစာရင်းများတွင် တွေ့ရမည်မဟုတ်ပါ။ အခြေအနေ ဆိုးရွားလာချိန်တွင် မင်းကွန်းဆရာတော်ဆီ လူလွှတ်ပီး ကြားဝင်ထိန်းပေးဘို့ ပြောခဲ့ပါသေးသည်။ သို့သော် ဆရာတော်က နိုင်ငံရေးနားမလည်ဟု ဆိုကာ လက်ရှောင်နေခဲ့သဖြင့် မနီလာပုံစံ နိုင်ငံရေးအပြောင်းအလဲကို မကြုံခဲ့ရပါ။ ဒေါ်ခင်ကြည်မသာတွင် ဗိုလ်ချုပ်ကြီးတင်ဦးက ဒေါ်ဒေါ် ကျနော်တို့အတွက် ဝင်အရွေးခံရမယ်နော်ဟု စကားစသည်ကို ပြုံးနေခဲ့သဖြင့် ဆရာမင်းသုဝဏ်ကြုံရသော ဆင်းရဲဒုက္ခမျိုးမှ ကင်းဝေးခဲ့ရုံသာမက သူငယ်ချင်း အမ်အေဒေါ်အုန်းကဲ့သို့ အောင်ကြီးပါတီမှ ဝင်အရွေးခံမိ၍ အရှက်ကွဲရသည့်အဖြစ်ကိုလဲ မကြုံခဲ့ရ။ လွတ်လပ်သည့် နိုင်ငံရေးသတင်းစာဆရာအနေနှင့် ပညာရှိနှိပ်စက်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်း သိက္ခာရှိသည့် ဒီမိုကရေစီထွန်းကားရေးကို နောက်ဆုံးချိန်ထိ ခိုင်ခိုင်မာမာအားပေးသွားခဲ့သည်။

(၄)

ဆင်းရဲသော ဓမနောက်ပိတ်ခွေတိုင်းပြည်တွင် လူဖြစ်မိသော ကျနော်တို့တွင် ကံကောင်းလွန်းလှစွာ ကာလကြာရှည် အတူနေထိုင်ခဲ့ရသော အဖွား၏ လူ့သက်တမ်းကို မှတ်မှတ်ရရဖြစ်စရာဟု ဗီဒီယိုမှတ်တမ်းများများ ရိုက်မထားနိုင် မစုနိုင်ခဲ့ပါ။ သို့တွက် သူ့လက်ရေးလက်သား စာအုပ်စာတမ်းတွေ့သမျှ အဝေးရောက် ကျွန်တော်တို့အတွက် အမှတ်တရဖြစ်ရသည်။ များမကြာခင်က စင်္ကာပူနေ သမိုင်းပါမောက္ခတယောက်ဆီမှ ၁၉၃၆ မြန်မာ့အလင်းသင်္ကြန်စာစောင်တွင် မအမာ၊တက္ကသိုလ် ဆိုပီးရေးသည့် ဆောင်းပါးလေးတပုဒ်ရတော့ အင်မတန်မှ သူ့ကို အောက်မေ့ရသည်။ ငါရေးခဲ့လားတောင် မမှတ်မိတော့ပါဘူးဟုဆိုကာ ပြုံးနေမည့် သူ့မျက်နှာကိုလည်း မြင်ယောင်မိပါ၏။ သူရေးပီး သားထဲမှ အဖြတ်အတောက်ခံပီး စာအုပ်ဖြစ်မလာသေးသည့် စာများစွာ ကျန်နေပါသေးသည်။ အထူးသဖြင့် ကိုကိုးကျွန်းပို့ခံရသည့်သားအတွက် ခံစားချက် ကြုံတွေ့ရပုံအစုံကို ပြန်လွတ်ချိန်ထိ မှတ်တမ်းတင်ထားချက်များမှာ သမိုင်းတန်ဘိုး ကြီးလှပါသည်။ ပြန်လွှတ်မည့်အကြောင်း မေမြို့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါ်ပြောပီး အိမ်အပြန်တွင် မည်မျှ စိတ်တုန်လှုပ်ခံစားရပုံကို မှတ်သားထားသည်မှာ ဝတ္ထုရေးဆရာများပင် အတုယူလောက်ပါ၏။

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း ဗြိတိသျှစာကြည့်တိုက်မှ ပက်ထရစ်ရှာ ဟားဗတ်ရေးသကဲ့သို့ ဒေါ်အမာကွယ်လွန်ခြင်းသည် ခေတ်ကြီးတခေတ်၏ အဆုံးသတ်ဖြစ်ပါသည်။ အမျိုးသားရေးစိတ်ဖြင့် လူ့ဘောင်သစ်တရပ်ထူထောင်မည်ဟူသော စိတ်ကူးကို အကောင်အထည် မဖော်နိုင်ခဲ့သည့် မျိုးဆက်၏ နိဂုံးလဲ ဖြစ်ပါသည်။ ထိုမျိုးဆက်၏ အလုပ်အမွေကို ပီးမြောက်အောင် ဆောင်ရွက်မည့် လူချွန်လူကောင်းများများ ပေါ်ထွက်လာပါစေ၊ မြေတောင်မြှောက်ပေးနိုင်ကြပါစေဟုသာ မျှော်လင့်ရပါ၏။



6 Responses to “လူသားဆန်သော သစ္စာစွဲမြဲသော လမ်းကြောင်းဖြောင့်ရှင်းသော”

  1. 1 Le. Win Khine

    ကိုဘိုဘိုလန်းစင် စာလာဖတ်သွားပါတယ်။ ကျွန်မက ‌ဒေါက်တာသန်းထွန်းရဲ့ ‌မြေးတစ်‌ယောက်ပါ။

    • 2 bobolansin

      ညီမလေးရေးတဲ့စာတွေ ဖတ်ဖူးတယ်။ ဆက်ရေးဖြစ်လား။ အန်တီနေကောင်းလား။ အားလုံးသတိရပါတယ်။ ဧပြီ ၆ ဆို ဆရာကြီးမွေးနေ့ ၈၈ တောင် ပြည့်သွားပီ။

  2. ကြိုက်လို့ ကျနော့်ဘလောက်လေးမှာ တင်ချင်လို့ကူးယူသွားပါတယ်။ ခွင့်ပြုပေးပါခင်ဗျာ။

    • 4 bobolansin

      ယူပါခင်ဗျ ဒါ ဧရာဝတီမှာ တင်ပီးသားပါ။ ကျေးဇူးပါ။

  3. 5 Khine Khine

    Bo Bo

    I copied on my facebook for these words from above article.

    Sorry for not requesting your approval first.Hope you don’t mind.

    “လူရဲ့အမွန်မြတ်ဆုံး လုပ်ဆောင်မှုက ကိုယ်ကျိုးစွန့်ပြီး မေတ္တာစေတနာနဲ့ သူများအကျိုးကို ရွက်ဆောင်ပေးခြင်းပဲဖြစ်တယ်။”

    Thanks

  4. 6 ကိုမင်းမင်း

    ခင်ဗျား စာတွေ ဆောင်းပါးတွေ သိမ်းထား စုထားချင်လို့ ကူးယူသွားတယ်။
    ဖတ်ခွင့်ရတဲ့အတွက်လည်း ၀မ်းသာတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: