ရာဇဝင်ကိုဖြတ်သန်းခြင်း ၈ အင်တာနက်ပေါ်က မြန်မာသမိုင်း

07Apr11

လွတ်လပ်တဲ့အာရှအသံ ကြာသပတေးမနက်

မင်္ဂလာပါခင်ဗျာ ဒီတပတ်တော့ ခေတ်မီဆက်သွယ်ရေးနည်းပညာတွေကြောင့် သမိုင်းရင်းမြစ်တွေ ဘယ်လိုတိုးပွားလာတယ်ဆိုတဲ့အကြောင်း တင်ဆက်ပါမယ်။ မနှစ်နွေက ပြင်သစ်တောင်ပိုင်း မာဆေး ဆိပ်ကမ်းမြို့မှာ ကျင်းပတဲ့ မြန်မာရေးရာ နှီးနှောပွဲမှာ ဖတ်ဖို့ စီစဉ်ခဲ့တဲ့ ယူကျု ဖေ့စ်ဘွတ် ဇော်ဂျီဖောင့်နဲ့ အင်တာနက်မှာ မြန်မာမှုတွေ ရှာဖွေနည်းဆိုတဲ့ စာတမ်းဖတ်ဖို့ ကျနော် ပြင်ခဲ့ပီး မဖတ်ခဲ့ရတဲ့အကြောင်းပါ။

ခေတ်သစ် နည်းပညာတွေ အခမဲ့နီးပါး အင်တာနက်ဝန်ဆောင်မှုတွေ မီဒီယာမျက်နှာစာသစ်တွေကနေ ကျနော်တို့ မြန်မာမှု မြန်မာသမိုင်းလေ့လာရေးမှာ ဘာတွေ အကျိုးအမြတ်ရနိုင်လဲ။ စိတ်ဝင်စားစရာပါ။ ဒီခေတ်မှာ ဟိုတုန်းကလို စာအုပ် ဖလင်ပြား စီဒီချပ် ဓာတ်ပုံကားစတဲ့ ၂၀ ရာစုနည်းပညာသုံး ဝန်ကျယ်တဲ့ အထောက်အထားတွေက သမရိုးကျရှာဖွေတာကနေ လွယ်ကူသေးငယ်ပီး ရှာဖွေရပိုလွယ်တဲ့၊ နည်းပညာသစ်တွေရဲ့ကျေးဇူးက ထွက်ပေါ်ခေတ်စားလာတဲ့ အမ်ပီသရီးအသံဖိုင် ယူကျုခေါ် အင်တာနက်ဗီဒီယို ဝက်ဆိုက် ဘလောက်စာမျက်နှာတွေ ဖေ့စ်ဘွတ် တွတ်တာစတဲ့ အင်တာနက် လူမှုမီဒီယာသစ်တွေကို အသုံးပြုရှာတာ မြန်မာဖောင့်သုံးပီး အင်တာနက်ထဲမှာ လိုချင်တဲ့အချက်အလက်ကို မြန်မာလိုရှာဖွေတာစတဲ့ သုတေသနလမ်းကြောင်းသစ်တွေ ပေါ်လာပါတယ်။

တကယ်တော့ ဘလောက်ဆိုတဲ့ အင်တာနက်စာမျက်နှာကို ပြည်ပရောက်မှ ကျနော်တွေ့ဘူးတာပါ။ မြန်မာဝက်ဆိုက်တွေကိုလဲ ပြည်တွင်းမှာ မကြည့်ဘူးပါဘူး။ အပြင်ရောက်မှ သံဃာအရေးအခင်းသတင်းတွေနောက်လိုက်ရင်း သိကျွမ်းရှာဖွေတတ်လာတာပါ။ ဒီလိုနဲ့ အင်တာနက်မှာ ရှာရင်းဖွေရင်း တွေ့လာတာက ရှေးခေတ်မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံအထောက်အထားတွေကို စတွေ့လာပါတယ်။ ဗြိတိသျှပြတိုက်ဝက်ဆိုက်မှာ အာရှပစိဖိတ် အာဖရိကဓာတ်ပုံဖိုင်တွေထဲမှာ အမရပူရ တောင်သမန်တံတားပုံနဲ့ ဖိုင်တခုကို လိုက်ရင်း မတွေ့ဘူးသေးတာများတဲ့ မန္တလေးပုံတွေ တရာကျော်လောက် တွေ့ရပါတယ်။ ၁၉ ရာစုတွင်းက မြန်မာပြည်ကို လာခဲ့ကြတဲ့ သံတမန်တွေ မြန်မာပြည်သိမ်းပီးရောက်လာတဲ့ သတင်းထောက်တွေ ရိုက်သွား ရေးဆွဲသွားတဲ့ ဓာတ်ပုံနဲ့ ပုံတူတွေပါ။ ဒီဓာတ်ပုံတွေကို ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ စပီး ကူးယူဖြန့်ချိပေးပါတယ်။ အရင်က စာအုပ်ဟောင်းတွေမှာ တချို့ပုံတွေ တွေ့ဘူးပေမယ့် ပုံအရည်အသွေးကောင်းကောင်းနဲ့ ရှင်းပြချက်စုံစုံလင်လင်ကို ခုမှတွေ့ရတာပါ။ အခုတော့ ဒီရှားပါးပုံတွေ ပြည်တွင်းစာနယ်ဇင်းတွေ မြန်မာဝက်ဆိုက်တွေမှာ တော်တော်ပျံ့နေပါပီ။

ဒိနောက် မြန်မာပြည်ကို အထူးပြုလေ့လာတဲ့ တက္ကသိုလ်တွေရဲ့ ဝက်ဆိုက်တွေမှာ မွှေနှောက်ရင်း မြောက်အီလီနွိုင်းတက္ကသိုလ်က မြန်မာပြည်လေ့လာရေးစင်တာ ဝက်ဆိုက်၊ မြန်မာသမိုင်းဆိုင်ရာ ရှားပါးအီလက်ထရောနစ်စာအုပ်တွေ မှတ်တမ်းကားတွေ ရှာဖွေနိုင်တဲ့ http://www.archive.org/ လို ဆိုက်မျိုးတွေတွေ့လာတယ်။ ရှာဖွေရတာ အထူးတလည် ခဲရာခဲဆစ်တော့ မရှိပါဘူး။ ဘားမား ဘားမိစ်စတဲ့ မြန်မာနဲ့ဆိုင်တဲ့ စကားလုံးကို ကိုယ်သိလိုရာတွဲစပ်ပီး ဂူဂယ်လ် အင်တာနက်ရှာဖွေတဲ့ဆိုက်မှာ မွှေကြည့်တာပါပဲ။

နောက် ဒေလီက မြန်မာတွေလုပ်တဲ့ နည်းပညာနဲ့ မြန်မာကွန်ရက်မော်ကွန်းတိုက်လို ဆိုက်တွေ၊ မြန်မာဘာသာအီးဘွတ်တွေ တင်တဲ့ဆိုက်တွေ ။ 20th Century Impressions of Burma and Siam လို ကျနော့အဖွား လူထုဒေါ်အမာ မန္တလေးအကြောင်းရေးရင် ကိုးကားတတ်တဲ့ အနှစ်တရာက စာအုပ်မျိုး အင်တာနက်မှာ ဖတ်ရတော့ အဖွားကို ခေါ်ပြချင်ပါတယ်။ ဖတ်တဲ့သူတွေသာ မျိုးဆက်နဲ့ချီသွားမယ်၊ ဒီစာအုပ်တွေက အသုံးကျတုန်းကိုး။ လူ့မိတ်ဆွေတွေ၊ လောကကို အလင်းဆောင်မယ့် ပညာတွေကို စာမှာပဲ သိုမှီးရှာဖွေရတာက ဘယ်ခေတ်မှ ပျောက်သွားမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ စာကြည့်တိုက်တွေ မသွားရဘဲ အိမ်ကနေ ကွန်ပျူတာရှေ့ကျောက်ချပီး ဗမာပြည် ဗမာလောကအကြောင်း စူးစမ်းလေ့လာလို့ ရနေပါပီ။ ပီးတော့ ကမ္ဘာ့ယဉ်ကျေးမှုသုတအထွေထွေကိုလဲ စိတ်ဝင်စားမှုပေါ်မူတည်ပီး အချိန်ပေးနိုင်သလောက် ဆည်းပူးနည်းယူနိုင်တဲ့ခေတ်ကို ရောက်နေပီလို့ပဲ ပြောချင်ပါတယ်။ မြန်မာပြည်သူတွေလဲ အင်တာနက် လွတ်လပ်စွာသုံးခွင့် ပညာရှာမှီးခွင့်တွေ ဒီမိုကရေစီခေတ်ကြီးမှာ တိုးမြှင့်ခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ရှေ့အပတ်မှာ တခြားခေတ်ပေါ်ဆက်သွယ်ရေးနည်းပညာတွေက အချက်အလက်ရှာဖွေပုံကို ပြောပါ့မယ်။ နားထောင်တဲ့အတွက် ကျေးဇူးပါ။



No Responses Yet to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၈ အင်တာနက်ပေါ်က မြန်မာသမိုင်း”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: