ပဒေသရာဇ်ဥခွံထဲက သန္ဓေသူ

11Apr11

ကောင်းကင်မဂ္ဂဇင်းအဖွင့်အတွက်ရေးတဲ့စာ

ကနေ့ ရန်ကုန်က သတင်းစာတွေထဲမှာ အခါတွင်းကို ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့အပြုအမူတွေ မလုပ်ရဆိုတာတွေ့လိုက်တယ်။ သင်္ကြန်က ဗုဒ္ဓဘာသာပွဲလား၊ ပီးတော့ ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုတာ ဘာကိုပြောချင်မှန်းမသိဘူး။ အရည်းကြီးလိုလား၊ မဟာယာနလား၊ တန္တရလား၊ ရှမ်းပြည်က ဝနယ်က ဇောတိဂိုဏ်းလို မြင်းစီး အရက်သောက်တဲ့ ဘုန်းကြီးမျိုးလား။ စကားရပ်တွေအနက်ကို မသိဘဲ ပေါ့ဆဆသုံးတဲ့အကျင့်က အစိုးရမီဒီယာတွေထိကို အရိုးစွဲနေတယ်။

မန္တလေးအကြောင်းရေးရင်လဲ သင်္ကြန်မှာ မန္တလေးသင်္ကြန်က အကောင်းဆုံး အယဉ်ဆုံး အကြီးကျယ်ဆုံးဆိုတဲ့လေတွေက ခုထိမလျှော့ဘူး။ သင်္ကြန်ကြီးကြီးကျယ်ကျယ်လုပ်တာ မန္တလေးမှာ စစ်ပီးမှစတယ်ပြောရင်လဲ ကြိုက်ပမလား။ ဒါ အောက်ပြည်ကလာတဲ့ အရင်းရှင်ကိုလိုနီပုံစံပျော်ပွဲ (ကားတွေ၊ မဏ္ဍပ်တွေ၊ ရေခံအဝတ်ခေါင်းစွပ်တွေကြောင့် ဓာတ်ဆီဘိုး၊ ရွှေလှောင်စက္ကူဘိုး၊ အဝတ်အစားဘိုး နိုင်ငံခြားအရင်းရှင်မှာ အမြတ်ထွက်ပါတယ်။) ကုလားသင်္ကြန်အငွေ့အသက်မကင်းဘူးဆိုလဲ ပြောရမယ်ထင်တယ်။ ယဉ်ကျေးမှုဆိုတာ နိုင်ငံရေး-စီးပွားရေး အဆောက်အအုံရဲ့ လက်အောက်ခံပါပဲ။ မြေရှင်စီးပွားရေးရဲ့ ကုန်စည်ဒိုင်ဘဝကနေ တရုတ်ကုန်သွယ်ရေးလမ်းပေါ်က မြို့ဟောင်းမှာ တောပိုင်းတရုတ်မြို့တွေရဲ့ အသွင်အပြင်ဖြစ်လာတာက လက်မခံလို့မရတဲ့ အပြောင်းအလဲပဲ။ မစိုးရိမ်ရုံအသွင်ပြောင်းခြင်းရှု အင်္ဂလိပ်ခေတ်ရန်ကုန်လို အင်္ဂလိပ် ကုလားမြို့ကြီးဖြစ်ပီး ဗမာတွေက စီးပွားရေးလူမှုရေး လက်အောက်ခံဖြစ်နေတဲ့ဘဝက ရုန်းထွက်ချင်ရင်တော့ ခေတ်မီပြုပြင်ရေးကို ကိုယ့်ဘက်ကလဲ ကြိုးစားရမှာပဲ။ နိုင်ငံတကာနဲ့ ဆက်သွယ်ဖောက်ကားနိုင်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းမှာ တိုင်းရင်းသားတွေ ပိုဝင်လာဘို့၊ ခေတ်နောက်ပြန်ဆွဲတဲ့ အဟောင်းအဆွေးအစွဲအလမ်းတွေ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်သာယာနေတာထက် ခေတ်မီပညာတတ် ဗမာလူရည်တတ်တွေ မြို့မှာတွင်ကျယ်နိုင်ဘို့ ဖောက်ထွက်တွေးကြရမှာပဲ။ မန္တလေးမှာ အရင်က ဗမာတွေများလို့ စည်းလုံးပီး ပျော်စရာကောင်းတာတခုပဲ ရှိပါတယ်။ ရန်ကုန်လို ခေတ်မီတိုးတက်တဲ့ မြို့ပြမဖြစ်ခဲ့ပါဘူး။ ကပ်ဘေး၊ စစ်ဘေး၊ မီးဘေး၊ စီးပွားရေးအကျပ်အတည်းတွေနဲ့ နေမပျော်တဲ့ခေတ်တွေလဲ ရှိခဲ့တယ်ဆိုတာ မေ့လို့မဖြစ်ပါ။

သေချာတာက ပဒေသရာဇ်မန္တလေးအစစ်ဟာ နေပြည်တော် ရွှေ့သွားတယ်။

(၁)

ဦးသန့် က “From My School Window” (ကျွန်ုပ်၏ ကျောင်းပြတင်းပေါက်မှ) ဆိုတဲ့ ခေါင်းစီးနဲ့  ဂန္ထလောကမှာ ၁၉၃၀-၄၀တုန်းက ပင်တိုင်ရေးခဲ့ဖူးပါတယ်။ သူတို့ ခေတ်က စာပေလူမှုရေးရာတွေကို ဝေဘန်သုံးသပ်တဲ့ကဏ္ဍပါ။ခုကျနော်လည်း အင်တာနက်ကြီးပေါ်မှာ နိစ္စဓူဝ ဗမာပြည်အကြောင်း အညာအကြောင်း မန္တလေးအကြောင်း စတာတွေကို ဖြတ်သန်းနေရတဲ့အခါ ‘ကျွန်ုပ်၏ အင်တာနက်တံခါးမှတဆင့်’ ဆိုတာမျိုး ရေးချင်စိတ်ပေါက်လာပါရဲ့ ။ အထူးသဖြင့် မန္တလေး၁၅၀ပွဲကြီးကို ထွက်တော်မူကြီး ဘယ့်နှယ်ခင်းပြီး ကျင်းပမယ်ဆိုတဲ့ သတင်းမျိုး ကြားရတဲ့အခါ ပင်လယ်ဝက လူတွေ မုန်တိုင်းဘေးကြောင့် ပေးစာကမ်းစာ စားနေရချိန်၊ တနိုင်ငံထဲသားတွေ သေကြေပျက်စီးထားတာ နှစ်လည်တဲ့အချိန်မှာ ဒီလိုပွဲမခံသင့်ပါဘူးဆိုတဲ့ အသံမျိုးကို ကြားရတဲ့အခါမျိုးမှာပေါ့။

နှစ်၁၅၀မှ တခါပြည့်မယ့်ပွဲမို့ တဆောင်တယောင်လုပ်ချင်ကြတာကိုတော့ နားလည်ပါတယ်။ သို့ ပေမယ့်လည်း ကမ္ဘာ့စီးပွားရေးကျနေတဲ့ ခုလိုအခါမျိုးမှာ ဒီလို ပိုက်ဆံကုန်ခံလိုက်ရုံနဲ့  တိုးရစ်တွေ ဒလဟောဝင်လာမယ်လို့  တွက်ဆဝံ့သေးတယ်ဆိုရင် အတော်ပဲ အံ့သြဖွယ် ကောင်းပါလိမ့်မယ် (နိုင်ငံရေးမတည်ငြိမ်တာ၊ ခရီးသွားလုပ်ငန်း ခေတ်နောက်ကျနေတာတွေကလည်း အကြောင်းကြောင်းပေါ့)။ တမျိုးသားလုံး ကြေကွဲဖွယ် အဖြစ်ဆိုးကြီးကိုမှ မစာမနာလို့  အပြစ်တင်မခံရအောင်၊ ပွဲပြီးမီးသေ မဟုတ်ဘဲ ရေရှည်ခံ အသုံးကျမယ့် အမှတ်တရလည်းဖြစ်အောင် ဆိုင်ရာများက ကြံဆသင့်တယ်လို့ ပဲ အောက်မေ့ပါတယ်။

(၂)

ကျနော့အဖို့ တော့ မန္တလေးမြို့  ဖန်ဆင်းတည်ထောင်ခြင်းနဲ့  ဖြစ်တည်ခဲ့ခြင်းရဲ့ သရုပ်သကန်ကိုသာ ကြံဆချင်မိပါတော့တယ်။ဘာကြောင့်များ နယ်ချဲ့ တံခါးဝမှာ ပဒေသရာဇ် အစီအရင်တွေ၊ အိပ်မက်တွေကို တမ်းတမ်းစွဲ ဖြစ်နေခဲ့ကြတာပါလဲ။ဟိုးတလောဆီက လန်ဒန်တက္ကသိုလ် အရှေ့ တိုင်းနဲ့  အာဖရိက လေလာရေးကျောင်းမှာ ရှေးဟောင်းသုတေသန ပါရဂူဘွဲ့ ယူ ကျောင်းသားတယောက်က
မန္တလေးမြို့ တည်ချိန်ဟာ အင်္ဂလိပ်လက်အောက် သီဟိုဠ်ကျွန်းကနေ လာတဲ့ ဗုဒ္ဓဘာသာ ပြန့် ပွားရေး လှုပ်ရှားမှု
(လွှမ်းမိုးလာတဲ့ အုပ်ချုပ်သူ လူတန်းစားရဲ့  ခရစ်ယာန် ဘာသာကို တန်ပြန်တာ)နဲ့ ဆက်စပ်နေတယ်လို့ 
စာတမ်းဖတ်သွားတာကို သွားအမှတ်ရမိပါသေးရဲ့ ။ ရွှေဘို၊ အဝ၊ အမရပူရ စတဲ့ ရှေးမြို့ တော်များမှာထက် မန္တလေးမြို့ သစ်မှာ ဘာသာရေး အဆောက်အဦ ပိုပေါပြီး အများစုကို နန်းမြို့ ပြင်မှာ ထားတဲ့အတွက် သာမန်ပြည်သူတွေအတွက် ပိုအရောက်အပေါက်များစေတယ်၊ သာသနာရေးလှုပ်ရှားမှု တွေလည်း ပိုများတယ် လို့ လည်း ဆိုပါတယ်။ ဒါဟာ ခေတ်နောက်ကျ ဆုတ်ယုတ်တဲ့ ပဒေသရာဇ်တွေရဲ့ အရင်းရှင်နယ်ချဲ့ ကို စိတ်ဓာတ်စစ်ဆင်ပုံတမျိုးလို့  ဆိုနိုင်လေမလား။ အခြေခံဝါဒီတွေရဲ့  စဉ်းစားနည်း၊ မျက်မှောက်ခေတ် တံခါးပိတ်နိုင်ငံ၊ မပွင့်တပွင့်နိုင်ငံတွေက မျက်ကန်းမျိုးချစ်တွေနဲ့  ဘာများကွာပါလိမ့်။

သေချာတာကတော့ အရင်းရှင်ခေတ်ရဲ့ နိုင်ငံရေးဘောဂဗေဒကို မသိကျိုးကျွံပြုတဲ့ ၊ခေတ်မီပြုပြင်ရေးတွေကို အလှမ်းမကျယ်တ၊ဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးမျှခြေမရှိဘဲ ဦးသူဆော်တမ်း လုပ်နေကြတဲ့ အညာမင်းဆက်ဟာ နန်းကျရုံတင်မက ခေတ်သစ်လူ့ အဆောက်အအုံမှာ နေရာပျောက်တဲ့ဘဝပါ ရောက်ခဲ့ရပါတယ်။ ယိုးဒယား၊ မလေးယား၊ဂျားဗား နဲ့ အင်ဒိုချိုင်းနားစတဲ့ အိမ်နီးချင်းတွေနဲ့ မတူဘဲ နယ်ချဲ့ ကို ပြန်ရင်ဆိုင်နိုင်မယ့်
ထိပ်သီးအလွှာကိုပါ ဗမာတွေ ဆုံးရှုံးတာပါ။

ခေတ်သစ် လွတ်လပ်ရေး လှုပ်ရှားမှုမှာ ခေါင်းဆောင်ဖို့ တက်လာတာက ရန်ကုန်က ခေတ်ပညာတတ် ကြေးရည်တတ် လူတန်းစားသစ်ပါ။ ဒီလူစုဟာ ခေတ်နောက်ကျပြီး ဆင်းရဲတဲ့ ကျေးတောသားတွေပေါ် မှာ သြဇာမစူးရှပါဘူး။သူတို့ ကိုယ်နှိုက်က လူမျိုးခြားတွေပေါ်မှာ စီးပွားရေးအရ မှီခိုနေရတာပါ။ ကုလားကြီးစိုးတဲ့ ရန်ကုန်ဟာ မြန်မာပြည်သစ်တည်ဖို့  နို့ မဟုတ် ဗြိတိသျှဘားမား ခေါ်တဲ့ နယ်ခြားဒေသနဲ့  ပြည်မလို့  ပိုင်းခြားထားတဲ့ ဒေသကြီးမှာ သီးခြား အမျိုးသားလက္ခဏာသစ်တွေ ပေါ်လာအောင် မရွက်ဆောင်နိုင်ပါဘူး။ ဒီလို ဖော်ဆောင်နိုင်မယ့် ရေမြေကိုလည်း မြို့ တည်သူ ကိုလိုနီအရာရှိများက မထည့်သွင်းခဲ့ပါဘူး။ ရန်ကုန်ကို
ဆန်ပို့ မယ့် ဆိပ်ကမ်းကြီး ဖြစ်လာအောင်ပဲ ရည်ရွယ်ခဲ့တာပါ။ သာသနာ ၂၄၀၀မှာ ဗုဒ္ဓသာသနာ တဖန်ပြန်လည် ထွန်းကားအောင် တည်တဲ့ နေပြည်တော် မဟုတ်ပါဘူး။ဒါကြောင့် ဗမာဗုဒ္ဓဝါဒီ မျိုးချစ်တွေဟာ နောက်ဆုံးပဒေသရာဇ် ယဉ်ကျေးမှု ကြွင်းကျန်ရာ မန္တလေးကိုပဲ ယဉ်ကျေးမှုခံစစ် အနေနဲ့  အမှီသဟဲ ပြုကြရပါတယ်။

ရန်ကုန်ရဲ့ ခေတ်မီပြီး အင်အားကြီးတဲ့ အနောက် သြဇာလွှမ်း အရင်းရှင်လူမှုစံနစ်ကို မတုပနိုင်တဲ့ မန္တလေးဟာ ရှေးဟောင်းအမွေတွေကို တတ်စွမ်းသရွေ့ ဖက်တွယ်ရင်း သီးခြားဖြစ်မှုကို ဖော်ထုတ်ရပါတယ်။ အကျိုးဆက်ကတော့ ပိုပြီး ဆုတ်ယုတ်သွားတာပါပဲ။ ကုန်းဘောင်ခေတ်ဦးက ယိုးဒယားနဲ့  အိန္ဒိယကရတဲ့ ယဉ်ကျေးမှု ပညာရပ်တွေနဲ့  ပွင့်လန်းခဲ့တဲ့ မြန်မာမှုတွေဟာ အသစ်ဝင်လာတဲ့ အနောက်ယဉ်ကျေးမှုကို အုပ်စိုးသူ တိုင်းတပါးသားရဲ့  အလေ့အထလို့ ပဲ မှတ်စွဲ ငြင်းဆန်တဲ့ ရှေးရိုးစွဲ မျိုးချစ်တွေ လက်ထက်မှာ ဒေါက်တာသန်းထွန်းပြောတဲ့ ‘ထုံးမမီ စံမရ’ တွေပဲ ထွက်လာပါတော့တယ်(ရွှေဥဒေါင်း၊ မြို့ မငြိမ်းလို ခြွင်းချက်တွေကလွဲရင်)။မန္တလေးဖြစ် မြန်မာမျိုးချစ်ယဉ်ကျေးမှုဟာ ခေတ်ပညာတတ် လူတန်းစားကို မြန်မာအလေ့မှာ ပျော်မွေ့ အောင်လည်း မသိမ်းသွင်းနိုင်သလို ဘဂဝါစကူးက ထွက်တဲ့ တောသူတောင်သားတွေကိုလည်း ခေတ်သစ် အရင်းရှင် လူမှုစံနစ်မှာ အံဝင်ဂွင်ကျ ဖြစ်အောင် မထောက်မနိုင်ခဲ့ပါ။ (အင်္ဂလိပ် မယ်သီလရင်ကျောင်း သာသနာပြုကျောင်းထွက် ဗမာနဲ့ တိုင်းရင်းသား လူရည်တတ်တွေဟာ ဗမာမှုမှာ တော်တော်လေးဝေးကြပါတယ်။ အလားတူပဲ ဆင်းရဲသား ပြည်သူအများစုဟာလည်း အနောက်တိုင်း
ပညာရေးရဲ့ စက်ရိပ်ကနေ လွင့်ထွက်နေတာပါ)

(၃)

စစ်ပြီးခေတ် အပြောင်းအလဲများတဲ့ နိုင်ငံရေး နဲ့ စီးပွားလူမှုစံနစ်တွေအကြား မြန်မာယဉ်ကျေးမှုရဲ့ သြဇာဟာ
ပိုလို့ သာ ကျဆင်းလာပါတော့တယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ ကိုလိုနီခေတ် မျိုးချစ်ပညာတတ် ပညာမဲ့ နိုင်ငံရေးအုပ်စုတွေက ဆင်းသက်လာတဲ့ အာဏာရ လူတန်းစားဟာ ပဒေသရာဇ်ပုံစံ ဗမာယဉ်ကျေးမှုကို အင်နန် စန်းတင်ပြီး အနောက်ရိပ် ခရစ်ယာန်ငွေ့ သက်ဝင်တဲ့ အနုပညာ လူမှုဟန်ပန်ဟူသရွေ့ ကို ကျွန်စော်နံတယ်ဆိုပြီး ထိန်းကွပ်ဖို့  ကြိုးစားပါတယ်။ ဒီအခါ ဘာသာခြား တိုင်းရင်းသားတွေရဲ့ မနှစ်မြို့ မှုဆီကနေ တဆင့် အုံကြွ ပုန်ကန်မှု (၁၉၆၁ ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြဌာန်းခြင်းနဲ့ ကချင်သူပုန်) ထိဖြစ်လာတာတွေ့ ရပါတယ်။

ဝါဒရေး လူမျိုးရေး ကွဲပြားမှုတွေကို ပဒေသရာဇ်ပုံစံ တပ်တောင်တာဗိုလ်ထုနဲ့ လူစုတိုက်ပြီး ဖြေရှင်းတဲ့ ဓလေ့ကြောင့်လည်း မြန်မာပြည်ထောင်စုရဲ့  လူမှုယဉ်ကျေးမှုရယ်လို့  ကျကျနန ပြလို့ ရအောင် ညီညွတ်တဲ့ နိုင်ငံရေး အခြေခံဟာ ထွက်မလာနိုင်သေးပါ။ နောက်ပြီး ကိုလိုနီခေတ်နှောင်းက စီးပွားပျက်ကပ်ဒဏ်ချက်ကြောင့် အရင်းရှင်ဆိုရင် ကျောတွန့် ချင်တဲ့ ဗမာလူ့ အဖွဲ့ အစည်းမှာ လက်ဝဲဖက်ရှင် ထွန်းကားလာတာမို့  ပြည်ပငွေရင်းကိုလည်း မနှစ်လို၊ တိုင်းရင်းသား ဓနရှင်ကိုလည်း သေချာ မမြှင့်တင်ပေးနိုင်ဘဲ နောက်ပိတ်ဆုံး အစိုးရက အားလုံးချုပ်ကိုင်ထားတဲ့ နိုင်ငံအဖြစ်ရောက်ခဲ့ပါတယ်။ လွတ်လပ်ဝပြောတဲ့ လူ့ အသိုက်အမြုံ ဖြစ်ထွန်းစေဖို့  လိုအပ်တဲ့ ပညာတတ် လူလတ်တန်းစားတွေ တိုးပွားမလာဘဲ အခွင့်ထူးခံအလွှာနဲ့  အခြေခံလူတန်းစားတွေ အကြား ဆန့် ကျင်ကွာဟချက်တွေ ပိုများလာပြီး အပြန်အလှန်
ဖိနှိပ်တွန်းလှန်မှုတွေနဲ့ သံသရာလည်ခဲ့ကြပါရဲ့ ။ မျိုးချစ်ပြည်ချစ်စိတ်ဆိုတဲ့ တံတိုင်းတွေ ခတ်ပြီး
ခေတ်မီဖွံ့ ဖြိုးဆန်းသစ်မှုတွေကို ပထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် မန္တလေးက လက်ဆင့်ပွားတဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ လူမှု ပုံရိပ်တွေဟာ စစ်အေးခေတ်နောက်ပိုင်း အကူးအသန်းများလာတဲ့ခေတ်မှာ တရှိန်ထိုး ဝင်လာတဲ့ ပေါပ့်လို့ ခေါ်တဲ့ ရောင်းကုန်ယဉ်ကျေးမှုရဲ့  အဟုန်ကို ဇက်မချုပ်နိုင်ဘဲ ဆုတ်ယုတ်ပျက်ပြားရတယ်လို့ ပဲ ဆိုချင်ပါတယ်။

ဒါကြောင့် မန္တလေး ၁၅၀မှာ အပေါ်ယံ လူကြီးကြိုက် တပွဲတိုး အလုပ်တွေထက် မြန်မာမှုရဲ့  အမွန်အမြတ်တွေကို လူငယ်တွေကြား ဘယ်လို ဆန်းသစ်တဲ့ အစီအရင်တွေနဲ့  ‘ပေါက်’ အောင်လုပ်ကြမလဲ၊ နိုင်ငံတကာမှာ ကိုရီးယား၊ထိုင်းအလေ့တွေ ခေတ်ထသလို မြန်မာတိုင်းရင်းသားတွေရဲ့ ထွေတလာစုံ အနုသုခုမတွေ ရေပန်းစားလာအောင် ဘယ်လို လှုံ့ ဆော်ပေးကြမလဲဆိုတာကိုသာ အရေးတယူ ပြုကြစေလိုပါရဲ့ ။
ကမ္ဘာ့လူ့ အဖွဲ့ အစည်းရဲ့  အနှစ်သရုပ်တွေကိုလည်း မြန်မာပြည်ထောင်စုထဲ ပိုစိမ့်ဝင် ကိန်းအောင်းစေရမှာပေါ့။

၁၃၇၁ နှစ်ဆန်း ၁



No Responses Yet to “ပဒေသရာဇ်ဥခွံထဲက သန္ဓေသူ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: