ရာဇဝင်ကိုဖြတ်သန်းခြင်း ၉ ရုပ်မြင်သံကြားခေတ်ရာဇဝင်

15Apr11

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ။ အရင်အပတ်က နိဒါန်းပျိုးခဲ့တဲ့ ဆက်သွယ်ရေးနည်းပညာသစ်တွေနဲ့ မြန်မာသမိုင်းသုတေသန အကြောင်း ဆက်လက်တင်ပြချင်ပါတယ်။

ကွန်ပျူတာဝက်ဆိုက်တွေ၊ ဘလောက်တွေထဲက မြန်မာသမိုင်းနဲ့ပတ်သက်ပြီး ရှာဖွေရယူ နိုင်တာ တွေထဲမှာ ကျိုင်းတုံစော်ဘွားမိသားစုရဲ့ Mangrais of Kengtung ဘလောက်လိုမျိုး မိသားစုဓာတ်ပုံ သမိုင်းဝင်ရှားပါးပုံတွေ ထုတ်ပြတဲ့ဘလောက်တွေမျိုးလဲရှိပါတယ်။ ဇင်းမယ်-ကျိုင်းတုံမင်းမျိုးတွေရဲ့ မျိုးရိုးနာမည် Mangrai နဲ့ ရှာရင်တွေ့နိုင်ပါတယ်။ မြန်မာပြည်မှာ သာသနာပြုသွားတဲ့ ကက်သလစ် ရဟန်းတော်တွေနဲ့ သူတို့တပည့်ကျောင်းသားဟောင်းတွေရဲ့ဝက်ဆိုက်၊ ရန်ကုန်မက်သဒစ်အင်္ဂလိပ်အထက်တန်းကျောင်းဝက်ဆိုက်စတာတွေကလဲ လူမှု ပညာရေးသမိုင်းအတွက် အသုံးကျပါတယ်။

http://www.elibrary.com.mm/ လို ရန်ကုန်က တက္ကသိုလ်များဗဟိုစာကြည့်တိုက်နဲ့ ကြံ့ခိုင်ရေးလူငယ်တို့ ပေါင်းတင်ထားတဲ့ စာကြည့်တိုက်ဆိုက်က ရှားပါးစာနယ်ဇင်းနဲ့ စာအုပ်စာတမ်းတွေ အင်တာနက်ပေါ် ရောက်လာပါတယ်။ ကွယ်လွန်သူစာရေးဆရာမ ဒေါ်မီမီခိုင်ရဲ့ မထုတ်ဝေရသေးတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိထဲက ၁၉၃၆ တက္ကသိုလ်သပိတ်နဲ့ ပတ်သက်တာမျိုး သိချင်ရင်လဲ အလွယ်တကူ ဖတ်နိုင် အောင် ကျန်ရစ်သူမိသားစုက ဘလောက် လုပ်ပေး ထားပါတယ်။ Jon Fernquest လို ပြင်ပပညာရှင် တွေ ရဲ့ The U Nu Era of Civilian Rule in Burma ဦးနုခေတ် အရပ်ဘက်အုပ်ချုပ်ရေးကာလ လို မြန်မာ့သမိုင်းတစ်ကန့်နဲ့ပတ်သက်တဲ့ စာတိုပေစတွေ၊ အတွေးအမြင်တွေ၊ ရာဇာဓိရာဇ်အရေးတော်ပုံ ဘာသာပြန်မျိုးတွေလဲ အင်တာနက်မှာ ရှိနေပါတယ်။ တခုတော့ ရှိပါတယ်။ ဘလောက်တွေကို ကိုးကားမယ်ဆိုရင် အာဘော်ခိုင်မာမှု နဲ့ ပညာရှင်အများရဲ့ အသိအမှတ်ပြုမှု အတိုင်းအတာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။

မြန်မာကျူးပစ်လို လူမှုဖိုရမ်တွေမှာတော့ ရှားပါးသီချင်း၊ စာပေ၊ ချက်နည်းပြုတ်နည်း နဲ့ နိုင်ငံရေး သတင်း ဖလှယ်တာမျိုးတွေဆီကလဲ အထောက်အထားတွေ ရနိုင်ပါသေးတယ်။ ရေဒီယိုသီချင်း ဟောင်းတွေ၊ ၁၉၆၀- ၇၀ ကျော်က မြန်မာရုပ်ရှင်သီချင်းတွေ မျှဝေပေးတဲ့စေတနာရှင်တွေကို ကျေးဇူးတင်ရပါတယ်။

နောက် အရေးကြီးတဲ့ရင်းမြစ်တခုက ယူကျုခေါ် အင်တာနက်ဗီဒီယိုတွေပါပဲ။ အများပရိသတ်ကို ဖလှယ်ချင်တဲ့ သတင်းဗီဒီယို သီချင်း မေးမြန်းခန်းစတာတွေကို အင်တာနက်မှာ အခမဲ့လွှင့်တင်၊ အခမဲ့ကြည့်ရှုခွင့်ရတာမို့ ဗဟုသုတရှာဖွေရာမှာ အင်မတန်အရာဝင်ပါတယ်။ ခေတ်ဟောင်းသီချင်း ရုပ်ရှင်တွေလဲအများကြီးမို့ လူကြီးတွေလဲ အကြိုက်တွေ့မှာပါ။ မင်းသားမောင်တင်မောင်ဆိုတဲ့ ဘရဏီလို လူသိများတဲ့ အနောက်တေးသွား မှီးယူစပ်တဲ့သီချင်းမျိုးတွေကို သူတို့မူရင်းသီချင်းတွေ လိုက်ရှာနားထောင်ရင်း တခြားခေတ်ဟောင်းတေးတွေရဲ့ မူရင်းသီချင်းတွေကိုပါ သိလာရတာမျိုးကလဲ ပျော်စရာပါပဲ။ ပြည်လှဖေရဲ့ ရွှေတံငါရဲ့ မူရင်းဟာ ခေတ်ဟောင်းအင်္ဂလိပ်သီချင်း Kitty from Kansas City ၊ သုမောင်ရဲ့ ပန်းတွေနဲ့ဝေဟာ With a Song in My Heart ၊ ဘိလပ်ပြန်သန်းရဲ့ မြပန်းခွေမူရင်းက ဘာဆိုတာမျိုးတွေပေါ့။ နောက် မြန်မာတွေ ကူးယူမှီငြမ်းတတ်တဲ့ အနောက်တိုင်း ရုပ်ရှင်ကားတွေ လည်း ယူကျုမှာရှိပါတယ်။ ချစ်အမျှ၊ ဂုဏ်ရည်မတူ၊ ဒေါက်တာအောင်ကျော်ဦး၊ မာလာရီ၊ ဖိုးပြုံးချို စတဲ့ တခေတ်တခါက မြန်မာပြည်မှာ လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကားတွေရဲ့ မူလအမေရိကန်ကား၊ ကုလားကား၊ အမှီး လမ်းကြောင်းတူတဲ့ ထိုင်းကား၊ ဂျပန်ကား၊ ဟောင်ကောင်ကားစတာတွေပါ ယူကျုလို ဗီဒီယိုဆိုက် တွေမှာ နှိုင်းယှဉ်ကြည့်နိုင်ကြပါတယ်။

ရုပ်ရှင်တွေမှာလဲ မြန်မာအမျိုးသမီး ဝင်းမင်းသန်း အမေရိကန်ရုပ်ရှင်မင်းသားကြီး ဂရေဂရီပက် နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ ခရမ်းရောင်လွင်ပြင် Purple Plain လို၊ ရှားပါးတဲ့ Burmese Harp မြန်မာ့စောင်းလို ဂျပန်ကားတွေ၊ ဒုတိယကမ္ဘာစစ်မှတ်တမ်း သတင်းကားတွေ၊ Who Killed Aung San? လို ဘီဘီစီမှတ်တမ်းကားတွေ၊ ဆရာမင်းသုဝဏ် ဒဂုန်တာရာစတဲ့ မြန်မာစာရေးဆရာကြီးတွေနဲ့ တွေ့ဆုံခန်းတွေကိုလဲ ယူကျုမှာ ကြည့်နိုင်ကြပါတယ်။ အလားတူ သင်္ကြန်မိုး၊ မောင်တို့ချယ်ရီမြေ၊ ပန်းပန်လျက်ပါလို နာမည်ကြီးမြန်မာရုပ်ရှင် ကားဟောင်းတွေအပါအ၀င် ၁၉၈၀ကျော်က မြန်မာ့ ရုပ်သံအစီအစဉ်ဟောင်းတွေ၊ ကြော်ငြာဟောင်း တွေကအစ တင်ပေးနေတဲ့ မြန်မာယူကျုသမား တွေလဲရှိပါတယ်။

ခုခေတ် ဒေါ့ကူမန်ထရီခေါ်တဲ့ရုပ်ရှင်ကားတွေကို ကျနော်တို့ဆီမှာ ရှေးက မော်ကွန်းကား၊ သတင်းကားလို့ခေါ်သဗျ။ တလောကပဲ ဦးနုရဲ့ လူထုအောင်သံပြဇာတ်ကို ရုပ်ရှင်ရိုက်ခဲ့ကြတဲ့ အမေရိကန် အဖွဲ့တွေက ဗိုလ်ဗကို၊ ဦးအောင်ဖော်ဇံတို့နဲ့ ရိုက်သွားတဲ့ မြန်မာပြည် အကြောင်း မှတ်တမ်းကားတွေ တွေ့မိပါသေးတယ်။

မှီငြမ်းနည်းယူခြင်း တီထွင်ဆန်းသစ်ခြင်းသဘော၊ စုတုပြုရဲ့သဘောကို ဂီတ ရုပ်ရှင်တွေက တဆင့် သိရတော့ တယူသန်မျိုးချစ်အမြင်နဲ့ ပြင်ပကလာသမျှ ဆန့်ကျင်တာ၊ အဟောင်းကို အသေကုပ်တွယ် ထားတာ၊ နိုင်ငံခြားအထင်ကြီးလွန်စိတ် အနုံ့စိတ်ကြောင့် အပြင်ကလာတဲ့ စာပေပညာ သဘောတရား အနုပညာဆိုတာတွေကို သိမ်းကျုံးလက်ခံတာ၊ ကိုယ့်တိုင်းပြည် လူမျိုးရဲ့ ပညာအခံပမာဏကိုမသိ၊ အထင်သေးတာစတဲ့ မျက်မှောက်ခေတ် မြန်မာပြည်နဲ့ အဝေးရောက်မြန်မာပညာတတ်လောကမှာ တွေ့နေရတဲ့သဘောလေးတွေကို ဆဝါးမိပါတယ်။

ရှေ့တပတ်မှတော့ ဒီကနေ့ ရေပန်းစားနေတဲ့ ဖေ့စ်ဘွတ်ကွန်ယက်ပေါ်က သမိုင်းစုံထောက်နည်းတွေ ကို မြည်းစမ်းကြတာပေါ့။ နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။



No Responses Yet to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၉ ရုပ်မြင်သံကြားခေတ်ရာဇဝင်”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: