အနှစ် တရာက အောက်ပြည်အောက်သား စာနယ်ဇင်းသမား

17Apr11

ဧရာဝတီမှာ ဦးလှရာပြည့်ရေးခဲ့တာ အခု ဧပြီ ၁၉ လူထုသတင်းစာ ၆၅ နှစ်ပြည့်အမှတ်တရ တင်ပေးလိုက်တယ်။ မနေ့ကပဲ အမေရိကန်သူငယ်ချင်းတယောက်က မြန်မာပြည်မှာ သြဇာကြီးတဲ့ ဂျာနယ် သတင်းစာ ၁၀ စောင်လောက် ရေးပေးပါဆိုတော့ သူရိယ၊ မြန်မာ့အလင်း၊ ဒီးဒုတ်၊ ဂျာနယ်ကျော်၊ နဂါးနီ၊ ဗမာ့ခေတ်၊ ဟံသာဝတီ၊ လူထု၊ နေးရှင်း၊ ကြေးမုံ၊ ထွန်းနေ့စဉ်၊ ဗိုလ်တထောင်လောက်ပဲ ခေါင်းထဲဝင်လာတယ်။ သတင်းဂျာနယ်လို အဝါရောင်ပြူးတူးပြူးတဲဂျာနယ်မျိုးလဲ မထဲ့ချင်ဘူး။ အခုခေတ်မှာတော့ အလဲဗင်းနဲ့ ပြည်သူ့ခေတ်ဂျာနယ်များက သြဇာရှိတယ်ပြောရမယ်။ ဗွိုက်စ်ကတော့ ဗိုလ်တထောင်လမ်းစဉ်လိုက်ပီး တွင်းဆုံးကျသွားပါပီ။ ကျန်တာများက ပဲစိပဲလှော်။

(၁)

မန္တလေး ကျနော်တို့ အပြထဲတွင် တခေတ်ထဲပေါ်ခဲ့သော ထင်ရှားသူ လေးယောက်မှာ ၁၉၆၉တွင် ဇာတ်ဆရာ ရွှေမန်းတင်မောင်မှစ၍ ၁၃နှစ်စီခြားပီး ဆုံးပါးဖူးရာ နောက်ဆုံးကွယ်လွန်သူမှာ ကျနော့အဖွား (၂၀၀၈ခု) ဖြစ်ပါသည်။ ၁၉၈၂တွင် အဖိုးဆုံးစဉ်က ကျနော်မှတ်မိသမျှမှာ ဧည့်ခန်းထောင့်တွင် ပုံထားသော လွမ်းသူ့ပန်းခွေများနှင့် လူတရုံးရုံးပင်ဖြစ်သည်။ အပေါ်ထပ် ဝရံတာအလံတိုင်မှနေပီး အိမ်ရှေ့က ထွက်သွားသော အသုဘကားတန်းရှည်ကြီးကို ဆွေမျိုးတယောက်ယောက်လက်ပေါ်မှနေ၍ ငေးကြည့်ခဲ့မိသည်သာ အဖိုးနှင့် ပတ်သက်ပီး မှတ်မိသမျှ အပိုင်းအစ ဖြစ်ပါ၏။ ထို့နောက် အဖွားမဆုံးခင်က ကားနှင့်တနေရာသွားရင်း ဆေးရုံဘေးက ဖြတ်သွားရာတွင် ဒါ မင်းအဖိုးဆုံးတဲ့အဆောင်ဟု ခွဲစိတ်ရုံ (၂)ကို ပြဘူးသဖြင့် နေရာအတိအကျ အမေ့ကို မေးကြည့်ခဲ့ပါသည်။ ထိုခွဲစိတ်ရုံနှင့် သံဃာ့ဆေးရုံအပေါ်ထပ်ကူးသည့် ဆောင်ကူးတံတားထိပ်ထောင့်ချိုးက အဖိုးဆုံးသည့် ကုတင်နေရာမှာပင် နောက်ဆုံးနှစ်ဆေးကျောင်းသားအဖြစ် ကျနော် စာသင်ဘူး လူနာကေ့စ်ယူခဲ့ဘူးပါသည်။

သူနှင့်ပတ်သက်သမျှ မိသားစုတွင် အဓိက ပြောပြလေ့ရှိသူများမှာ အဖွားနှင့်အမေဖြစ်ပါ၏။ အဖွားတွင် သူ့စံပြလင်ကို ပမာပြကာ မြေးတွေလိမ္မာရေးခြားရှိစေဘို့ ဗျူဟာစုံရှိပါသည်။ မင်းတို့အဖိုးက အရက်တို့ ဆေးလိပ်တို့ဆိုတာ အနံ့တောင်ခံတာမှုတ်ဖူး၊ ဖဲရိုက်တာ လောင်းကစားတာများကို အချိန်ဖြုန်းတဲ့အလုပ်ဆိုပီး အင်မတန်စက်ဆုပ်တာကလား၊ မင်းတို့စာရေးရင် စာကြွားတွေ၊ အသိမ်အဖျင်း၊ တက်ထောင်မောင်းနင်းတွေ မရေးလေနဲ့၊ မင်းတို့အဖိုးဟာ အနေအထိုင် အရေးအပြော အင်မတန် ရည်မွန်ပြေပြစ်တာ စသဖြင့် သက်ထက်ဆုံး သွန်သင်ပေးခဲ့ပါသည်။ ဒေါက်တာတန်ဂွမ်လျောင်ကို အဖော်စပ်ပီး အဖိုး အင်းယားဟောလ်ပါလာတွင် သူ့ကို စတွေ့စဉ်က အဖိုးလက်ချောင်းလေးတွေကို သူ့လက်နှင့်ယှဉ်ကာ ရှက်မိပုံ၊ နောက်အိမ်ထောင်ကျမှ ထိုလက်ကလေးတွေက ခြင်ထောင်ကြိုးပင် မချည်တတ်သဖြင့် သူပဲ အလုပ်ရှုပ်ရပုံ၊ အဖိုးကို ဖမ်းထားစဉ်က ဦးကျော်ငြိမ်းနှင့် မည်သို့ အချီအချပြောရပုံ စသည့် ရှေးဖြစ်ဟောင်းတို့ကို မီးပျက်သော နွေညများတွင် ဝရံတာပေါ်က ကွပ်ပျစ်ကြီးပေါ်၌ မြေးတွေကို ယပ်တောင် တဖျပ်ဖျပ်ခတ်ပေးရင်း ပြောပြသံများကို ကြားယောင်ဆဲ ဖြစ်ပါသည်။ သူရေးသည့်စာ အတော်များများတွင် ဦးလှသာရှိရင် ဘယ်လိုပြောမှာဆိုသည်က ပါတတ်စမြဲ။ အမေကလည်း မင်းတို့အဖိုးက သူများတကာကို အင်မတန် ကူတတ်သနားတတ်တာကအစ ဘုရားတရားကြည်ညိုပုံ၊ မြေးတွေကို သံယောဇဉ်ကြီးလှ၍ ဆုံးခါနီးတွင် ကလေးတွေကို ဆေးရုံခေါ်မသွားပုံများကို ပြောပြရင်း ဖေဖေသာရှိရင် ငါ့သားစာရေးတာ အင်မတန် ဝမ်းသာအားပေးမှာဟု ဆိုတတ်ပါ၏။

နောက် ရန်ကုန်ရောက်သည့်အခါ သွင်ရုံအနီးတဝိုက်၊ ၃၇လမ်းထဲ စသဖြင့် အဖိုး လူပျိုဘဝက သခင်ဇင်၊ သခင်အုန်းမြင့်တို့နှင့် ကြီးပွားရေးမဂ္ဂဇင်းထုတ်ခဲ့သည့် တိုက်ခန်းတွေကို မှန်းကြည့်မိပါသည်။ ထို့နောက် စင်္ကာပူ၊ ဂျာကာတာစသဖြင့် သူရောက်ခဲ့ရာနေရာတွေ ရောက်လေတိုင်း သူ့ကို အမှတ်ရနေမိသည်။ တိုက်တိုက်ဆိုင် ဘောရောဗုဒေါဘုရားကြီး ရောက်သောနေ့က သူဆုံးတာ ၂၄နှစ်ပြည့်သည့်နေ့ဖြစ်ရကား သူဓာတ်ပုံရိုက်ခဲ့သည့် စေတီထောင့်မှာပင် အမှတ်တရ ဓာတ်ပုံရိုက်ကာ အဖွားကိုပြခဲ့ပါသည်။ လန်ဒန်တွင်လည်း သူတို့ သတင်းစာမစ်ရှင်နဲ့လာစဉ်က တည်းရာ ဟိုက်ပတ်ပန်းခြံဘေးက ဒေါ်ချက်စတာဟိုတယ်နားဖြတ်တိုင်း သူ့ကို အောက်မေ့မိသည်ချည်း ဖြစ်သည်။ Facebook တွင် ရပ်ရှား၊ဂျပန်က မိတ်ဆွေများ ရင်ပြင်နီ၊ ကမာကူရားရုပ်ပွားတော်ကြီးစသည့် သူရောက်ခဲ့ရာ အထင်ကရနေရာများတွင် ရိုက်သည့် အယ်လ်ဘမ်များကိုတွေ့တိုင်း သွားကြည့်ချင်စိတ်က ထိန်းမရပါပေ။
(၂)
စင်စစ် ကျနော်တို့ ငယ်စဉ်က အဖိုးပုံပြင်တွေနှင့် ကြီးခဲ့ရသည်မဟုတ်ပါ။ ၁၉၈၄မီးကြီးတွင် စာအုပ်ဂိုဒေါင်ပါသွားသဖြင့် စာအုပ်ဗီရိုထဲက တိုက်ထုတ်စာအုပ်တွေမှာ ကလေးတွေအတွက် မဟုတ်ပေ။ နယ်တွင် ကောမစ်ကာတွန်းများဖတ်ရင်း သမိုင်း၊ ဗုဒ္ဓဝင်၊ ဝတ္ထု စသဖြင့် စာအုပ်ကြီးတွေကို မမီ့တမီ ဆွဲဖတ်ရင်း စာပါးဝခဲ့ရပါသည်။ ဆယ်ကျော်သက် မန္တလေး ပြန်နေမှ စာအုပ်ဟောင်းတွေ ယူဖတ်ရင်း ဆုံးလေပီဖြစ်သော အဖိုးကို ပြန်တွေ့ရသည်။ နောက် ဆယ်တန်းအပီး ၃နှစ်လောက် ယောင်တောင်တောင်ဖြစ်နေချိန်တွင် ပုံနှိပ်စက်ထပ်ခိုးပေါ်မှ လူထုသတင်းစာဟောင်းတွေ စုချုပ်ထားသည့် စာအုပ်မည်းမည်းကြီးတွေကို ပြန်လှန်မိချိန်တွင် သူ့လက်ရာ သူ့စိတ်ကူး သူ့အသံတွေကို ပိုသိလာရပါသည်။ သူသည် လက်ဝဲသတင်းစာဆရာ ဆိုသော်ငြား သတင်းစာကို နိုင်ငံရေးပိုစတာသာသာ တဖက်စောင်းနင်း မထုတ်ဝေခဲ့ပါ။ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊လူမှုရေး စသည့် ပြည်သူ့ဘဝကို တိုးတက်စေမည့် အရေးဟူသမျှကို ကျွမ်းကျင်သည့်ကလောင်ရှင်များ စုံလင်စွာနှင့် တင်ဆက်ခဲ့သည်။ နိုင်ငံရေးပါမှ သတင်းမှတ်သည့် အစွန်းနှင့် နိုင်ငံရေးကင်းသည်ဟု အထင်ခံလို၍ (တနည်း ဉာဏ်အမြော်အမြင်မရှိ၍) ကြံဖန်ပီး ကြားနေပြခြင်းအစွန်း နှစ်ဖက်လုံးကို ကြဉ်ပီး ပြည်သူအများ ကောင်းကျိုးချမ်းသာရစရာ တိုင်းပြည်တွင် စစ်မက်ကင်းရှင်းပီး ဘယ်နိုင်ငံ ဘယ်အုပ်စုကိုမှ မျှော်မနေရသည့် ကြောက်မနေရမည့် လွတ်လပ်ရေးစစ်စစ်ကို ခံစားနိုင်စရာ နိုင်ငံရေး အနေအထားတရပ် ပေါ်ထွက်လာရေးကိုသာ တောက်လျှောက်နှိုးဆော်လာခဲ့သည်။ ထိုသို့ စေတနာမှန်ခဲ့သော်ငြား အထက်ဗမာပြည်တွင် ကွန်မြူနစ်အားကောင်းတာ လူထုကြောင့်ဟု ဖဆပလထိပ်သီးများက ယူဆခဲ့၍ မိုင်းခွဲဖျက်ဆီးကာ အသက်ရန်ရှာခြင်း၊ ချိတ်ပိတ်အာမခံတောင်းခြင်း၊ အကြိမ်ကြိမ်ဖမ်းဆီးခြင်းတို့ဖြင့် ဖြိုခွဲခဲ့လေရာ ဖဆပလသာ သူ့ကိုယ်တွင်းပယောဂ ဂိုဏ်းဂဏစိတ်ဖြင့် ဟက်တက်ကွဲပီး စစ်အုပ်စု ဝါးမျိုမှုကို ခံခဲ့ရကာ မည်မည်ရရ အမွေအနှစ်ပြစရာမကျန်ဘဲ ပျောက်ကွယ်ခဲ့လေသည်။ လူထုသတင်းစာဟု လှုပ်ရှားမနေတော့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက်အောက်တွင် တိတ်ဆိတ်နေရသော လူထုဘက်က အစဉ်ရပ်တည်သည့် နိုင်ငံသားများ၏ ကြီးပွားတိုးတက်ရေးကိုသာ လိုလားသော သတင်းနှင့် စာပေအတတ်ကို လူထုစာအုပ်များမှတဆင့် မီဒီယာစုံမှတဆင့် လိုက်စား အသုံးချကာ ပြည်ကောင်းအောင် ဆောင်ကာကျိုးလိုသည့် မျိုးဆက်အသစ် ဂျာနယ်လစ်များနှင့် ပညာတတ် ပညာမဲ့လူငယ်များမှာ တခေတ်ပီး တခေတ် ပေါ်ထွက်လာဆဲပါတည်း။

သတင်းသမားအမည်ခံတချို့က သတင်းစာဆရာနှင့် စာရေးဆရာ နယ်ပယ်ချင်း မရောစပ်နိုင်ဟု ကြောင်းကျိုးမဲ့ ပြောဆိုသည်ကို နားနှင့်ဆက်ဆက် ကြားခဲ့ဘူးပါသည်။ ရသမရေးတတ်ရင် စာရေးဆရာမဟုတ်ဆိုသော သုံးသပ်ချက်မျိုးလည်း ကမ္ဘာကျော်မြန်မာမတယောက်ထံက ထွက်ခဲ့ဘူးသည်ဖြစ်ရာ ဤသို့ အလေနတောပြောဆိုသူများက ယခုခေတ် မြန်မာပြည်ကို သတင်းနှင့် စာပေဘက်က ခေါင်းဆောင်နေသည်ဆိုလျှင် တိုင်းပြည်တွင် ကြီးစိုးနေသော ဆင်ခြင်တုံတရားကင်းမဲ့သည့် တယူသန် တွေးခေါ်သည့်အလေ့များ၏ လက်သည်အဖြစ် ထိုပုဂ္ဂိုလ်များကို စာရင်းသွင်းလောက်ပါသည်။ အဖိုးအတွက်ကား မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ၊ စာအုပ်ဆိုသည်များမှာ သူရေးလိုပြန့်ပွားလိုသည်တို့ကို သယ်ဆောင်သည့် ယာဉ်သာဖြစ်၏။ ဆောင်းပါး၊ ပေးစာ၊ ဝတ္ထု၊ ခေါင်းကြီး၊ သတင်းစာကော်လံ၊ ပုံပြင်၊ သမိုင်းကျမ်း၊ ပြန်ပြောင်းပြောချက်ကို မှတ်တမ်းတင်ခြင်း ၊ သတင်းဖြတ်စ စုစည်းမှု၊ ဟောပြောချက် စသည်ဖြင့် ရေးသားမှုပုံသဏ္ဍာန် မျိုးမည်အတော်များပီး ရေးသမျှလိုလိုလည်း အောင်မြင်သည်ကို တွေ့ရသည်။ ပြေပြစ်နူးညံ့ပီး ဟာသအရွှန်းညှပ်တတ်သော၊ ထက်သန်သော စေတနာနှင့် အများအကျိုး နှိုးဆော်မှုကို ခံစားနိုင်သော အရေးအသားပါပေ။ ထိုထက် အဖိုးသည် သတင်းစာနှင့် အချိန်ကုန်သွား၍ ဘာစာမှ ကောင်းကောင်းကန်းကန်း ချန်မထားနိုင်ခဲ့ဆိုသော သတင်းသမားမျိုးမဟုတ်ဘဲ သတင်းစာမိတ်ကို အခြေပြုပီး ရိုးရာပုံပြင်စုဆောင်းခြင်း၊ လူမှုစီးပွားသမိုင်းနှင့် ပြဿနာဇာစ်မြစ်ဖွေရှာလေ့လာ ရေးသားခြင်း (Investigative Reporting) (ဥပမာ ဘိန်းဖြူသမား အမှားကမ္ဘာ၊ စားစရာဆန်) လုပ်ခဲ့သူဖြစ်သည်။ ချောင်ထဲတွင် အမှိုက်ဖြစ်နေသည့် စာနယ်ဇင်းအဟောင်းများ၏ အဖိုးတန်ပုံကို သိသောကြောင့် သတင်းစာများပြောတဲ့ စစ်အတွင်းဗမာပြည်လို ရည်ညွှန်းစာအုပ်ကောင်း၊ သူ့စာတွေကပြောတဲ့ သိပ္ပံမောင်ဝကဲ့သို့ စာပေညွန့်ပေါင်းကျမ်း ပေမီဒေါက်မီမျိုးတွေ ထွက်ပေါ်လာခဲ့သည်။ ခုခေတ် မြန်မာမီဒီယာတွင် အကြိုက်တွေ့နေကြသည့် စကက်ခ်ျခေါ် အညတရရုပ်ပုံလွှာမျိုးကို ဟိုနှစ်ငါးဆယ်ကျော်က အဖိုး၏ ထောင်နှင့်လူသားတွင် ဖတ်ရှုနိုင်သည်။

(၃)

အဖိုးတို့ခေတ် ဒို့ဗမာမျိုးဆက်များသည် သူ့ကျွန်ဘဝမှ လွတ်ရေး၊ ကိုယ့်တိုင်းပြည်ထဲတွင် အောက်ကျလှသည့် တိုင်းရင်းသားတို့၏ စီးပွားရေးအခြေကို မြှင့်တင်ရေးဆိုသည့် နိုင်ငံရေးအမြင်ကို စာသင်ကျောင်းနှင့် သတင်းစာ၊ လူငယ်လှုပ်ရှားမှုများတွင် ရရှိခဲ့ကြသည်က များပါသည်။ သတင်းစာတွေကြောင့် လွတ်လပ်ရေးရတာဟု ထွန်းနေ့စဉ်ဦးထွန်းဖေဆိုဖူးသကဲ့သို့ လူငယ်များကြီးပွားရေးအသင်းကြောင့် ကြီးပွားရေးဦးလှ၊ မောင်ထင်၊ ဦးတင့်ဆွေ စသည့် တိုင်းပြည်ပြုပုဂ္ဂိုလ်များ ပေါ်လာခဲ့သည်မဟုတ်ပါလား။ သို့အတွက် လက်ရှိဖိနှိပ်မှုများအောက်မှာပင် ရသည့်နေရာတွင် လူငယ်တို့စုစည်းမှု၊ ပညာသုတဖလှယ်မှုများ တိုးပွားရင့်ကျက်လာအောင် လူကြီးလုပ်နေသူများက ချီးမြှောက်ထိုက်ပါသည်။ ထိုထက် ထက်သန်မှန်ကန်သော နိုင်ငံရေးခံယူချက်၊ ယထာဘူတကျကျ တွေးခေါ်တတ်သော အလေ့အထ၊ လူရေးလူစ ရင့်ကျက်ပြည့်ဝမှု စသည့် လူတော်လူမြတ်တို့၏ အမူအကျင့်တို့ကို ခံယူကျင့်သုံးတတ်သည့် မြန်မာလူငယ်များ ပေါ်ထွက်လာစေရန် မီဒီယာဆိုသော ဌာနများက အထူးအားစိုက်သင့်ပါသည်။ “လူတလုံး သူတလုံး”ဆိုသည့်စကားမှာ အဖိုးလက်သုံးဖြစ်ပါသည်။ သူ့ဘဝနှောင်းပိုင်းကာလတွင် မြန်မာနိုင်ငံ၏ မတည်ငြိမ် ဆုတ်ယုတ်မှု၊ ခေတ်နောက်ကျ ပြတ်တောက်မှုစသည်တို့၏ လောင်းရိပ်မိသော လူငယ်များကို ထိုအခြေအနေမှ ရုန်းထွက်နိုင်စေရန် ရည်သန်ပီး လူငယ့်အရေးတို့ကို အားစိုက်ရေးသားဟောပြောခဲ့ပါသည်။ ယခုသူ့အသက်ရာပြည့်သော ကာလမျိုးတွင်လည်း မြန်မာသတင်းနှင့်စာပေသမားများက ဦးလှတို့ထက်တော်သော ထက်သော လူငယ်မျိုးဆက်သစ်များဖြင့် တိုင်းပြည်ကို အားသစ်လောင်းကာ ဆင်းရဲတွင်းမှ ရုန်းတက်ဖို့အရေးတွင် ကြီးစွာသော အကူအမဖြစ်စေသင့်ပါလှသည်။



2 Responses to “အနှစ် တရာက အောက်ပြည်အောက်သား စာနယ်ဇင်းသမား”

  1. 1 စောသက်လင်း

    Like Grandfather Like Grandson.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: