ဦးစိန်ဝင်း နဲ့ မီဒီယာခေတ်

19Apr11

ကနေ့ လူထု ၆၅၊ မြန်မာပြည် ကုလသမဂ္ဂဝင်တာ ၆၃ ပြည့်တဲ့နေ့မှာ လူထုစိန်ဝင်း (ရွှေဥဒေါင်းတူ)အကြောင်း သူ ၇၀ ပြည့်ချိန်မနှစ်က မဇ္ဈိမမှာရေးခဲ့တာ ပြန်တင်ပေးလိုက်ပါတယ်။ လူတွေက လူထုစိန်ဝင်းနဲ့ အမျိုးတော်လားမေးရင် သူ့မန်ကျည်းတုံက တူနဲ့ ဝင်းမော်ဦးစာပေက ကျနော့အမဝမ်းကွဲ (ရန်ကုန်လူထုတိုက်ခွဲမန်နေဂျာ ညောင်လေးပင် ပမညတအမတ် ဦးတင်မောင်သမီး)ရတယ်လို့ ရှင်းပြရတယ်။ လူထုထွက်တွေထဲမှာတော့ တိုက်အပေါ် အကြည့်ဆုံး အားကိုးအားထားအပြုရဆုံးပါပဲ။ ခေတ်ပျက်ကြီးထဲမှာ စာနယ်ဇင်းလောက နိုင်ငံရေးလောကနဲ့ တိုင်းပြည်အပေါ် ပြောနိုင်သရွေ့ပြောဆိုနေတာပဲ ကျေးဇူးတင်ရပါတယ်။ ဦးစိန်ဝင်းရေးတာတွေ ထပ်နေပီ၊ ဘာမှမယ်မယ်ရရမရှိဘူး၊ အတိတ်ကိုတမ်းတနေတာပဲ ပြောတဲ့အုပ်စုတွေ ဂျာနယ်ခေါင်းကြီး ဆောင်းပါးတွေနဲ့ ထိုးနှက်တဲ့သူတွေလဲ ရွေးကောက်ပွဲအပီးမှာပဲ သရုပ်မှန်တွေ ပေါ်သွားပါပီ။ မီဒီယာအသုံးချ အန်ဂျီအိုထောင် ပရောဂျက်ရှာ လူများလက်ကိုင်တုတ်လုပ်ပီး တိုင်းပြည်ကိုချောက်တွန်းတဲ့သူများဇာတ်သိမ်းဟာ ဂဠုန်စော၊ ဘကြီးဘဘေ၊ သိန်းဖေမြင့်တို့ဇာတ်သိမ်းနဲ့ တယ်ကွာလှမှာမဟုတ်ပါဘူး။ သာကူးဆိုတာ ကြာကြာမလိမ်နိုင်ပါဘူး။

(၁)

အဘ ၇ဝ ပြည့်ပီတဲ့လား။ စိတ်ထဲမှာတော့ ကျွန်းပေါ်မှာ ထောင်ထဲမှာ သူခံခဲ့ရတဲ့ဒဏ်တွေ ဆေးလိပ် ဒဏ်တွေကြောင့် ၇၅ လောက် ထင်နေမိသလို မြန်မာပြည်မှာ အဘရရှိထားတဲ့ မီဒီယာ နိုင်ငံရေး လူမှုရေးပြောပိုင်ခွင့် ဂုဏ်နဲ့ဝါအရ သူဟာ ထိပ်ဆုံးတန်းရောက်နေတာ ဆယ်စုနှစ်နဲ့ ရှိနေပီဆိုတော့ ၈ဝကျော် ၉ဝတန်း လူကြီးတွေနဲ့ တရွယ်ထဲဘဲ မှတ်နေမိတော့တယ်။ အဘတို့ အရွယ်တန်း မန္တလေးသား နာမည်ကြီးတွေထဲက နောက်တယောက်က ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာကျော်မြင့် (ဆေးလောကမှာ ဆရာဟယ်ရီ)ပါ။ တသက်လုံး ဘယ်တုံးကမှ နိုင်ငံရေးနှုတ်ခမ်းမသီခဲ့ဘူးတဲ့ ဆရာဦးကျော်မြင့် ရွေးကောက်ပွဲဝင်မယ်သတင်းမွှေးနေချိန်မှာ နိုင်ငံရေးသတင်းစာဆရာစစ်စစ် အဘက ရွေးကောက်ပွဲနီးမှ ဒီမိုကရေစီရာသီစာမရေးချင်တော့ဘူးဆိုတော့ … ကိုင်း မန္တလာ၏ သမိုင်းတခေတ်ပြယုဂ်ပဲလို့ ပြောကြရုံ ရှိတာပဲ။

မှတ်မိပါသေးတယ်၊ မန္တလေးနွေညချမ်းတွေမှာ အိမ်ရှေ့ ဧည့်ခန်းထဲ ယပ်တဖျတ်ဖျတ်ခတ် ခြင်ယမ်းရင်း အဖွားဆီ လူနာမေးလာ၊ မွေးနေ့ပွဲလာတတ်တဲ့ အဘနဲ့ သတင်းလောကအကြောင်း ရှေးမန္တလေးအကြောင်း မေးမိပြောမိကြပါတယ်။ မေမြို့ က တတိယသမီးတော်ကြီးဆီ အဘအဖိုးအဖွားတွေနဲ့အတူ အခစားဝင်ရတဲ့အကြောင်းမျိုးပေါ့။ မဘုရားကြီးခန်းဆောင်ထဲကို ဒူးတွား မိချောင်းတွားတွား ဝင်ပီးခစားရတဲ့အကြောင်း ပြောပြရင် အဘဟာ သူ့ဦးကြီး ရွှေဥဒေါင်းလိုပဲ မင်းတောစိုးတောကြီးပေမယ့် ဒါတွေဘာမှမဟုတ်မှန်းသိလို့ ပဒေသရာဇ်စော်မနံတာပဲလို့ အောက်မေ့မိပါတယ်။ ဒီခေတ်မှာ မျိုးချစ်စိတ်အကြောင်းပြပီး ပဒေသရာဇ်ရူးကြတဲ့သူတွေက နိုင်ငံပိုင်မီဒီယာတွေမှာကို ပေါ်ထင်ကြီးမဟုတ်လား။ ရတနာဆင်ဖြူဟာ အဖော်ဆင်တွေနဲ့ ပျော်ရွှင်တယ်ဆိုတာ တနေ့ကတင် တွေ့လိုက်သေးတယ်။ သတင်းလောက က လူဟောင်းတွေအကြောင်းပြောမိကြတဲ့အခါ တချို့ လူရှုပ်ကြီးတွေကို ဘာမှမသိရှာတဲ့ ခုခေတ်လူတွေက မီဒီယာဂုရုတွေအမှတ်နဲ့ စင်ပေါ်တင်နေကြတဲ့အကြောင်း ပြောရင် ရင်လေးမိပါတယ်။ ဒါသတိရလို့ တလောက အန်ကယ်ဦးဝင်းတင် မွေးနေ့ဆောင်းပါးမှာ အောင်ဗလကို မသိမသာထည့်ဆော်ပေးလိုက်တာ အဘ သဘောကျတယ်လို့ ပြန်ကြားမိတယ်။ အင်း ခုတော့ သာဂဒိုး အောင်ဗလတို့ထက် ရှုပ်တဲ့ မြတ်ခိုင် ကိုကို နေဝင်းမောင်စတာတွေ ပေါ်နေပါပီ။ ဗမာသတင်းလောကဟာ ပညာပိုင်းအရသာ အနောက်တိုင်းနဲ့ အိန္ဒိယကို မီအောင် မကြံဆတတ်မယ်၊ ကလီကမာအရာမှာတော့ ရှေးရော ယခုပါ ပြောင်မြောက်ကြ အရှက်မဲ့ကြတယ်လို့ မှတ်ရမှာပါပဲ။

နောက်ရန်ကုန်မှာ အဘဆီလာတဲ့ ဂျာနယ်ပေါင်းစုံ သွားဖတ်တဲ့အခါ ခေတ်စားစပြုနေတဲ့ အန်ဂျီအိုလောကထဲ ခုန်ဆင်းချင်နေတဲ့ တပည့်တွေအကြောင်း ပြောတာ ခုထိ နားထဲ ကြားနေတုန်းပါပဲ။ “ကွာ… ကိုယ့်လူတွေကလဲ ပြောလို့မကောင်းပါဘူး၊ ဒီလုပ်ငန်းအကြောင်းပြုပီး ဒေါ်လာရှာချင်နေကြတာ ခက်တယ်၊ အာဖရိကလို ကမ္ဗောဒီးယားလိုဖြစ်မှာ စိုးတယ်၊ တိုင်းပြည်လဲ ဘာမှအကျိုးမထူး၊ လူတွေ စာရိတ္တပျက် တောင်းစားချင်တဲ့စိတ်တွေ အဖတ်တင်ကျန်တာ ရှိတယ်”။ နာဂစ်ပီးနောက် ဒေါ်လာဘီလျံနဲ့ချီပွလိုက်တဲ့ အန်ဂျီအိုဆိုတာတွေ နိုင်ငံရေးယောင်ယောင်နဲ့ လူတတ်ကြီးလုပ်ချင်သူတွေ ကက်ပီတိုလ်နဲ့ ဝက်စမင်နစ်စတာနန်းရင်ပြင်ထိ ရောက်လာတဲ့အခါ အဘရေ ဓာတ်ခိုက်နဲ့ နတ်ကြိုက်ပဲဗျို့ လို့ပဲ ပြောချင်မိပါတယ်။ မြန်မာပြည်မှာ ဘာမှပြောင်းမှာမဟုတ်မှန်းသိလျက်နဲ့ လူကြားကောင်းအောင် ပြည်သူတွေကို ဗုံကြီးသည်နဲ့လှော်ပေးပီး နားချဲ့ခိုင်းနေတဲ့ နိုင်ငံကြီးများက ပုဂ္ဂိုလ်ကြီးတွေနဲ့ လက်စွဲအဖွဲ့ကြီးတွေကို တွေးမိတိုင်း စက်ဆုပ်ပါရဲ့။

(၂)

အပြင်ရောက်တော့ အဘက မီဒီယာမှာ ပိုပီး စူပါဖြစ်လာပါတယ်။ ဦးဝင်းတင် ထွက်မလာခင်အထိ နိုင်ငံရေးနဲ့ ပတ်သက်လာရင် လက်ဝဲသတင်းသမားတို့အမြင်နဲ့ ပြတ်ပြတ်သားသား အဘဦးဆောင်ပြောနေတာတွေ မြင်တိုင်းကြားတိုင်း သတင်းလောကအတွက် ဂုဏ်ယူမိသလို နိုင်ငံရေးမစွက် ဘက်မလိုက်တဲ့ မီဒီယာအသံဟစ်ပီး နိုင်ငံရေးကို ဖြစ်ဖြစ်မြောက်မြောက်မသိ၊ သိအောင်လဲ အားမထုတ် စိတ်လဲမသန်ဘဲ တော်အိလျော်အိနဲ့ အများကြိုက် ဖြီးနေကြတဲ့ မီဒီယာသမားဆိုသူတချို့ ကို ပိုစိတ်လေသွားပါတယ်။ ခုလို နိုင်ငံရေး ခေတ်ပျက်တဲ့ကာလမျိုး (ဂျီစီဘီအေပျက်ချိန်၊ ၁၉၆၄ ပါတီတွေဖျက်ရချိန်၊ NLD ဘေးကျပ်နံကျပ်ကျချိန်)မှာ ပြည်သူတွေကို ရှေ့ ဆက်ရမယ့်ခရီးကြမ်းအပေါ် အမြင်မှန်ပေးနိုင်တဲ့ သတင်းသမားဆိုတာ ပြည်တွင်းပြည်ပ လက်ချိုးရေလို့ ရပါတယ်။ မီဒီယာနာမည်ခံပီး နိုင်ငံရေးပိုစတာကပ်တဲ့ မော်စီတုန်း ဂျာနယ်လစ်၊ ပွဲတကာတက်ပီး ကြော်ငြာသတင်းရေးပေးတဲ့ ပွဲကြိုက်ခင်၊ သံရုံးအကြိုက် အန်ဂျီအိုအကြိုက် ကုမ္ပဏီအကြိုက် ဗိုလ်ချုပ်ကြီးများအကြိုက် ပြည်သူများနဲ့မထိုက်တဲ့ ဇွန်းခြစ်အထိုးခံဂျာနယ်လစ်တွေနဲ့တော့ စတုတ္ထမဏ္ဍိုင် ပီပီမြည်မြည် အခေါ်မခံထိုက်သေးပါဘူး။ ဂျာနယ်ကျော်လို၊ ကြေးမုံလို သတင်းသမားတွေ ဦးစီးပီး ခေတ်ကိုရှေ့ ဆောင်တဲ့ မီဒီယာမျိုး နိုင်ငံရေးဇာတ်မရှုပ်တဲ့ ဂျာနယ်လစ်မျိုးတွေ များများမြန်မြန်ထွက်လာဘို့ပဲ မျှော်ပါတယ်။

အဘက သူ့ဦးကြီးလိုပဲ ချစ်ခင် ကြည်ညိုသူများသလို မုန်းသူလဲ မရှားပါဘူး။ အထူးသဖြင့် နာမည်ကြီး အချင်းချင်း မုန်းတာ ပိုခံရပါတယ်။ သတင်းလောကမှာ နှာစေးမနေချင်ရင် မေတ္တာတုံးတော့ လုပ်ကြရ ထင်ပါရဲ့။ ဒီလိုနဲ့ အဘနဲ့ တချိန်က ခင်ခဲ့ ယုံကြည်ချက်တူခဲ့သူများနဲ့လဲ ကွဲကြ၊ စာမျက်နှာတွေပေါ်မှာ အပြန်အလှန်ထေ့ကြ ငေါ့ကြတွေ တွေ့ရတာ စိတ်မကောင်းပါဘူး။ ဗမာပြည်အပြင်မှာ တခါက ဆုံဖူးတဲ့ ဘာသာပြန် ပညာရှိတယောက် ပြောသွားတာများ “ကိုစိန်ဝင်းဗျာ.. သူ့ကလေးတွေကျ နိုင်ငံခြားပို့ပီး သူများ သားသမီးကို လမ်းပေါ်ထွက် အသေခံခိုင်းတယ်” တဲ့။ အင်း အဘက နိုင်ငံရေးမှာ အနာမခံဘဲ အသာမစံရဘူးလို့ ပြောတာပါ။ လူငယ်တွေကို ဘိန်းကျွေးပီး ကျွန်ခံတော့ မခိုင်းပါဘူး။ ဘာပြောပြော ဗမာလောကမှာ အင်မတန် မွှေတဲ့ တတိယချီးထုပ်လမ်းကို မီဒီယာပေါ် ဒိုင်ခံဖြန့်တဲ့ နေစူးကျော်ဂိုဏ်းကို ပုအောင်ထုနိုင်တာ အဘပဲရှိပါတယ်။ NLDညံ့ကြောင်း၊ အမေရိကန်မကောင်းကြောင်းရေးလို့ မကြိုက်တဲ့သူများလဲ ရှိပါသေးတယ်။ အနောက်ကြိုက်မလိုက်ပဲ ကိုယ်မြင်တာ ရဲရဲဝံ့ဝံ့ မိုးခါးရေမသောက် ပြောတာကတော့ လေးစားသင့်ပါတယ်။

အဘကို အနီသတင်းစာဆရာဆိုပီး မုန်းတဲ့သူတွေအပြင် နောက်မုန်းကြသူများက အန်ဂျီအိုမကောင်းကြောင်းရေးလို့၊ ရိုးရာဖက်တွယ်ပီး မော်ဒန်ယဉ်ကျေးမှုကို ဝါးလုံးသိမ်းပစ်ပယ်လို့၊ မန္တလေးကောင်းကြောင်း အညာကောင်းကြောင်းတွေပဲ စန်းတင်လို့ စသဖြင့် အမျိုးစုံရှိလေရဲ့။ ခက်တာက ဗမာလူမျိုးဟာ စာကို ပုတ်လောက်ကြီးရေးပြတောင် ရမ်းသန်းအနက်ကောက်တဲ့အကျင့်က ကမ္ဘာနာလို စွဲနေဒါပါ။ ပရောဂျက်နောက်လိုက်ပီး အန်ဂျီအိုရူးမထဘို့ ကိုယ့်အားကိုယ်ကိုးပရဟိတလုပ်ဖို့ ခြစားတဲ့ ကိုယ်ကျိုးရှာတချို့ နမူနာပြရေးလိုက်ရင်ပဲ ဒေါ်လာမြင်မှ အကျိုးတော်ဆောင်ချင်တဲ့ မြို့ ကြီးသား ဆီဥထောပတ်စားတဲ့တသိုက်နဲ့ ပြည်တွင်းပြည်ပလက်ဝေခံတွေက ဆတ်ဆတ်ခါကြပါတယ်။ ဆရာအော်ပီကျယ်ရေးတဲ့ “အင်္ဂလိပ်စာတတ်သူမှလွဲ၍ ဘာမှမတတ်သူများအလိုရှိသည်”ဆိုတဲ့ ဆင်ဆာထိ ကာတွန်းတကွက်လိုပဲ မြန်မာလောကမှာ ဘိုစာတတ်လူနပ်တွေက သားစဉ်မြေးဆက်အုပ်စီးထားကြတာ ကြာပါပီ။

နောက် ယဉ်ကျေးမှု မြန်မာမှုကိစ္စပြောတာဆိုတာကလဲ ဒီလိုမှမပြောရင် မဟုတ်တဲ့နေရာမျက်စိပွင့်နေတဲ့ လူထုကို ရေဆိုးမြောင်းထဲ ဆွဲချသလိုဖြစ်မှာပေါ့။ ရန်ကုန်မှာ မိန်းကလေးတွေ ဝတ်စားနေတာ ကြက်လိုဖြစ်ကုန်ပီဆိုတာကို ကောင်းပါတယ် ပွင့်ပွင့်လင်းလင်း နိုင်ငံတကာစံချိန်မီတာပေါ့လို့ ထောက်ခံရေးရမှာလား။ နိုင်ငံတကာပခြုပ်သယ်စံချိန်ပဲ မီမှာပေါ့။ ကမ္ဘာအရပ်ရပ်မှာ သူ့နေရာနဲ့သူ ယဉ်အောင်ဆန်းအောင် ဂိုက်ကျအောင် ဝတ်နည်းမျိုးစုံရှိရာမှာ အာရှ ဒစ္စကိုယဉ်ကျေးမှုအပေါစားတွေ အဟုတ်မှတ်ပီး လျှောက်တုနေတာ အကောင်းမှတ်လို့ လူကြီးတွေက လက်ခုပ်တီးပေးရမှာလား။ မရှိတော့တဲ့လူကြီးတွေသာ ဒါတွေမြင်ရကြားရရင် ဘယ်လိုများ ပြောမှာပါလိမ့်၊ ပြောစရာရှိတာ တားစရာရှိတာမတားတဲ့ ခုလူကြီးတွေကိုပဲ အရင်အပြစ်ဆိုမယ် ထင်ပါတယ်။ ဒိပြင် ဗမာစာနဲ့စကားစံချိန်မီအောင် မရေးတတ်မပြောတတ်တော့တာ၊ မူးယစ်သေစာသောက်စားတာ၊ ဘဝကို အလေးအနက်မရှိတာ၊ ပညာကို အလေးမထားတာ ဒါတွေအားလုံး ခေတ်စံနစ်အကျိုးဆက်လို့ မည်သို့ဆိုစေကာမူ မျိုးဆက်တဆက်ချင်းစီ ညံ့လာချာလာအောင် စံနစ်တကျဖျက်ဆီးနေသူကို ဆန့်ကျင်ပီး မီးမောင်းထိုးပြရမှာက ပညာတတ်တွေ မီဒီယာတွေအလုပ်ပါပဲ။ ဗမာယဉ်ကျေးမှု တိုင်းရင်းသား ရိုးရာတွေ ဘယ်လိုရှိတယ် မြတ်နိုးထိန်းသိမ်းသင့်တာ ဘာတွေရှိတယ်၊ ထားပစ်ခဲ့ရမှာက ဘာတွေ၊ နိုင်ငံတကာမှာ အတုယူစရာကောင်းတဲ့အမူအကျင့်တွေက ဘာတွေဆိုတာ အင်္ဂလိပ်စာ အနှစ်၂ဝ သင်လာတဲ့ ဦးစိန်ဝင်းရေးသားနေကျအကြောင်းရပ်တွေပါပဲ။ ပတ်ဘလစ်မှာ ပေါ်ပျူလာဖြစ်အောင် လစ်ဗင်းတူဂဲသားနေတာ တဖွဲ့တနွဲ့လုပ်ပီး မကြားဘူးတဲ့ကလေးတွေကို အတတ်ဆန်းသင်ပေးမလား၊ စောင့်စည်းသင့်တဲ့ သစ္စာဣနြေ္ဒတွေအကြောင်း မအိမ်ကံမှာ ခင်ခင်ထူးဖွဲ့သလိုရေးမလားဆိုတာက ဗမာစာရေးဆရာတွေ ရွေးရမယ့်လမ်းပါ။ သေချာတာက ဦးစိန်ဝင်းဟာ တချို့ စွပ်စွဲသလို အမျိုးသားရေးမှိုင်းတိုက်ပီး နိုင်ငံရေးသြဇာထူမယ့်သူမျိုးမဟုတ်ဘူးဆိုဒါပါပဲ။ စွပ်စွဲသူတွေကိုယ်နှိုက်ကကော ဒီမိုကရေစီမှိုင်းတိုက်ပီး တိုင်းပြည်ကို စစ်ဖိနပ်အောက် တွန်းပို့နေတာပဲလေ။

(၃)

အဘရဲ့ တခုတည်းသော ချွို့ ယွင်းချက်က အပြောရမ်းတာနဲ့ သူ့အောက်ကြို့ လာသူများ ပြောစကားကို ယုံတတ်တာလို့ ထင်ပါတယ်။ ပြောစရာရှိတာ ပြောရာမှာ ပိဿလေးနဲ့ ထုမိလို့ တချို့ ပရိသတ်ကို မသိမ်းသွင်းနိုင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဥပမာ- အန်ဂျီအိုကိစ္စမှာ မကောင်းကြောင်း ချဲ့ကားပြောတဲ့ သတင်းထောက်ငတ နိုင်ငံရေးလအ တချို့ စကားကို စွတ်တင်ခဲ့လို့ စေတနာနဲ့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များ လူငယ်များရဲ့ အငြိုအငြင်ခံရပါတယ်။ ဗမာလူမျိုးတွေ ဖက်ဆစ်နယ်ချဲ့ အောက်နေလာ ခေတ်ဆိုးတွေ ဖြတ်လာလို့ နိုင်ငံရေး ပါးဝလှတယ်ဆိုတဲ့ စကားကလဲ ဟုတ်သလိုလိုနဲ့ တကယ်တော့ မဟုတ်ဘူး ပြောရမယ်။ ဝနေတာက ခံရတဲ့ဒုက္ခ၊ ဒုတ်ပြတာနဲ့ ပြေးတဲ့မျောက်ကလေးလိုပဲ နိုင်ငံရေးဟေ့ဆိုတာနဲ့ ဗမာတွေလဲ ရှေ့ ဆုံးက ပြေးတာပါ။ ဖိနှိပ်သူကို နာကြည်းစိတ် တောင်လိုပုံလာတာကလွဲရင် ကျနော်တို့လူမျိုးမှာ ဘာမှဆောက်တည်ရာ နိုင်ငံရေးစိတ်အခံမရှိသေးဘူးထင်ပါတယ်။ ယဉ်ကျေးမှုကလဲ ပဒေသရာဇ်နဲ့ အမျိုးသားရေးမှိုင်းလုံးတွေအောက် ပိနေတော့ လွတ်လပ်တဲ့နိုင်ငံရေးလူမှုရေးဓလေ့တခုအထိုင်ကျဘို့ အတော်မလွယ်သေးတဲ့ကိစ္စပါ။ ဒါကြောင့် မနီးတဲ့ ရှေ့ ခရီးအတွက် အဘဆီက အားတင်းစာ မီးထိုးစာ ဝေဘန်စာတွေ အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ရေးမှာကို ဆက်ဖတ်ရဖို့ မျှော်သလို အဘရဲ့ ကိုယ်ရေးမှတ်တမ်းလဲ ဦးကြီးလိုလက်စွမ်းပြရေးမှာကို ဖတ်ချင်လှပါရဲ့။ စစ်အေးခေတ် မြန်မာလက်ဝဲသတင်းသမားတယောက် အသက်၃ဝမရှိခင်မှာ တကျွန်းမှာ ဘယ်လိုရှင်ကျန်အောင် တိုက်ပွဲဝင်ခဲ့ရတာ၊ဒုက္ခိတဘဝနဲ့ ပြန်ထူနိုင်အောင် ကြိုးစားရင်း စာရေးခွင့်မရချိန်မှာ စာသင်ရင်း တံခါးပိတ်ခေတ်က လူငယ်တွေကို မျက်စိဖွင့်ပေးတာ၊ စာတွေ လှည့်ထုတ်သလိုရေးပီး မီဒီယာကို အဖိနှိပ်ဆုံးခေတ်မှာ ပြည်သူတွေကို ထွက်ရပ်လမ်းအစစ်ကို မြင်အောင် ကျန်းမာရေးမကောင်းတဲ့ကြားက အားတင်းပြခဲ့တာ ဒါတွေဟာ ဗန်းမော်တင်အောင်ဝတ္ထုထဲက မဟုတ်တဲ့ သူလိုလူတယောက်ရဲ့ စီဗီကောင်းရုံသက်သက်ရေးမထားတဲ့ ဘဝဇာတ်လမ်းတွေ မဟုတ်ပါလား။

လူထုလက်သံနမူနာ

ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့ – လူထုစိန်ဝင်း

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အခု ၂၀၁၀ ပြည့်နှစ်မှာ သန်း ၆၀ နီးပါး ရှိနေပြီလို့ သိရတယ်။ ၁၉၆၀ ခုနှစ်ဆီလောက်က လူဦးရေ သန်း ၂၀ ကျော် ရှိရာကနေ နှစ်ပေါင်း ၅၀ အတွင်းမှာ သန်း ၄၀ တိုးတက်လာတဲ့ သဘောဖြစ်တယ်။

သမိုင်းမှာ အများဆုံးပဲ

စီးပွားရေးသမားမဟုတ်လို့ ငါးရှဥ့် ဘယ်လောက်ပို့တယ်၊ ကဏန်း ဘယ်လောက်ရောင်းရတယ် ဆိုတဲ့အကြောင်းတွေ ရေးမလို့ မဟုတ်ပါဘူး။ စာနယ်ဇင်းသမား တစ်ယောက်ဖြစ်လို့ စာနယ်ဇင်းတွေအကြောင်း စဉ်းစားမိတာပါ။ ဒီနေ့ ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်းစုံ ၁၅၀ ၀န်းကျင် ရှိသလို၊ မဂ္ဂဇင်း “သဗ္ဗနံ”ပေါင်းစုံလည်း ၁၅၀ ၀န်းကျင် ရှိတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်းမှာ ဘယ်ခေတ် ဘယ်အခါကမှ ဒါလောက် များပြားတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း မထွက်ဖူးလေတော့ အရေအတွက် အနေနဲ့တော့ အားရစရာ အလွန်ကောင်းတယ်။ ၀မ်းသာစရာ ဖြစ်တယ်။ ဒါပေမယ့် အရည်အသွေး အနေနဲ့ ပြောရရင်တော့ ၀မ်းသာလောက်တဲ့ အနေအထားထိ မရောက်သေးဘူးလို့ ပြောရလိမ့်မယ် ထင်ပါတယ်။

၅၀၀ ကုန်အောင် မရောင်းရ

ဘာကိုကြည့်ပြီး ဒီလို ပြောတာလဲဆိုတော့ ဂျာနယ် မဂ္ဂဇင်းတွေ ရောင်းရတဲ့စောင်ရေကို ကြည့်ပြီး ပြောတာပါ။ မဂ္ဂဇင်းတွေကို အရင်ဆုံး ပြောပါမယ်။ အရေအတွက်အားဖြင့် ၁၅၀ လောက် ရှိပေမယ့် အဲဒီထဲက ငါးပုံလေးပုံမကတဲ့ မဂ္ဂဇင်းတွေဟာ စောင်ရေ ၁၀၀၀ တောင် ကုန်အောင် မရောင်းကြရပါဘူး။ အုပ်ရေ ၅၀၀ ပဲ ရိုက်ပြီး လက်ဆောင်ပေးတာ အပါအ၀င် အုပ်ရေ ၂၀၀ လောက်ပဲကုန်တဲ့ မဂ္ဂဇင်းတောင် ရှိပါတယ်။ လုံးချင်းစာအုပ်တွေလည်း အလားတူပါပဲ။ ၆၀ ခုနှစ်၊ ၇၀ ခုနှစ်တွေ အတွင်းကလို ဘာစာအုပ်ပဲရိုက်ရိုက် အနည်းဆုံးအုပ်ရေ ၂၀၀၀ ရိုက်တဲ့ခေတ် မရှိတော့ပါဘူး။ အုပ်ရေ ၁၀၀၀ ပဲ ရိုက်ကြတော့တယ်။ တချို့ အုပ်ရေ ၅၀၀ ပဲ ရိုက်ကြတယ်။ ဒါတောင် ကုန်အောင်ရောင်းရတာ မဟုတ်ဘူး။

လူတစ်ရာ တစ်ယောက်ဝယ်ရင် ၆ သိန်း

ဂျာနယ်တွေလည်း သိပ်မထူးပါဘူး။ အများစုက ထောင်ဂဏန်းလောက်သာ ရိုက်ကြရပါတယ်။ အများဆုံး ရောင်းရတယ်ဆိုတဲ့ ဂျာနယ်တွေတောင် ၁ သိန်း ရိုက်ရတယ်လို့ မရှိသေးပါဘူး။ လေးငါးခြောက်သောင်းလောက်ပဲ ရောင်းရပါတယ်။ အများစုက ကြော်ငြာကို မျှော်ကိုးပြီး မှေးလုပ်နေကြတာ ဖြစ်တယ်။ မျှော်ရင်းမျှော်ရင်းနဲ့ ကြော်ငြာမရလို့ ဆယ့်လေးငါးစောင်ထုတ်ပြီး ရပ်သွားတာတွေလည်း မနည်းတော့ပါဘူး။ လူဦးရေ သန်း ၆၀ လောက် ရှိတဲ့နိုင်ငံမှာ စောင်ရေ ၆၀၀၀၀ လောက်ပဲ ရောင်းရတယ်ဆိုတော့ အတော့်ကို နည်းပါတယ်။ လူ ၁၀၀ မှာ ၁ ယောက်နှုန်း ၀ယ်ဖတ်တယ်ဆိုရင်တောင် သန်း ၆၀ ဆိုရင် စောင်ရေ ၆ သိန်းလောက် ထုတ်ရမှာဖြစ်တယ်။ အခု စောင်ရေ ၆ သောင်းလောက်ဆိုတော့ လူ ၁၀၀ မှာ ၀ယ်ဖတ်သူဟာ ဒသမ ၀၁ သာ ရှိတဲ့သဘော ဖြစ်ပါတယ်။ စိတ်မကောင်းစရာပါပဲ။

လက်တစ်ဆုပ်စာအတွက်သာ လုပ်လို့

အကြောင်းတွေကတော့ အများကြီး ရှိမှာပါ။ အဲဒီထဲက တစ်ခုကတော့ ဂျာနယ်မဂ္ဂဇင်းတွေက တိုင်းပြည်ရဲ့ လူများစုကြီးအတွက် ဦးတည်ရည်စူးပြီး ထုတ်တာမဟုတ်ဘဲ မြို့နေပညာတတ် လက်တစ်ဆုပ်စာအတွက်ပဲ ရည်ရွယ်ထုတ်ဝေတဲ့သဘော ဖြစ်နေတာလို့ပဲ ထင်မြင်ယူဆတယ်။ လက်တစ်ဆုပ်စာအတွက်ပဲ လုပ်တဲ့အတွက် လက်တစ်ဆုပ်စာလောက်ကပဲ ၀ယ်ဖတ်ကြတာ နေမှာပေါ့။ လက်တစ်ဆုပ်စာအတွက်ပဲ ရည်ရွယ်တယ်လို့ ပြောရတာက ဒီလိုပါ။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မြို့ငယ်လေးတွေနဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ ဒါမှမဟုတ် သီးနှံကုန်သွယ်ရေး လုပ်ငန်းနဲ့ အသက်မွေးကြသူတွေ ဖြစ်ပါတယ်။

ဖိနပ်ဝယ်တာ၊ စကတ်ဝယ်တာ

ကျေးလက်ဒေသနေ လူတွေက မော်ဒယ်တွေ ဖိနပ်ဝယ်ထွက်တာ၊ စကတ်ဝယ်ထွက်တာမျိုးတွေကို စိတ်မ၀င်စားပါဘူး။ အလှူမှာ ရှင်လောင်းလှည့်ဖို့ မြင်းငှားရင် ဘယ်ဈေးရှိတယ်၊ ဆင်ငှားရင် ဘယ်ဈေးပေါက်တယ်၊ ဘယ်သူ့အလှူမှာ ဘာကျွေးပြီး ဘယ်ဆိုင်းငှားမယ်၊ ဘုရားပွဲကျရင် ဘယ်အငြိမ့်၊ ဘယ်ဇာတ် ငှားမယ်ဆိုတာမျိုးတွေပဲ သူတို့အတွက် အရေးကြီးတာပါ။ လေးဖြူတို့၊ ဖြူဖြူကျော်သိန်းတို့ကို သဘောကျပေမယ့် သူတို့ဆီ ရောက်တာမှ မဟုတ်တာ။ ငှက်ပျောတောမင်းသားနဲ့ ဆိုင်းမင်းသမီးကိုပဲ သူတို့က မျှော်ကြတယ်။

မအပ်မရာတွေ

ဂျာနယ်တွေထဲမှာပါတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း သူတို့နဲ့ မအပ်မရာတွေဆိုတော့ ၀ယ်ဖတ်ပြီး ဘာလုပ်ရမှာလဲ။ သူတို့ စိတ်ဝင်စားတာက မြေဆီဈေး၊ ပိုးသတ်ဆေးဈေး၊ ကောက်စိုက်သမဈေး၊ ရေစုပ်စက်ငှားခဈေး၊ နွားဈေး၊ ကျွဲဈေး၊ ဆိတ်ဈေး၊ ၀က်ဈေး။ ဂျာနယ်တွေထဲ ပါတာက LED တီဗီ၊ Flat TV ၊ လေအေးစက်၊ အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ၊ ဒစ်ဂျစ်တယ်ကင်မရာ၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ မိုဘိုင်းဖုန်း ဆိုတာတွေရဲ့ ဈေးနှုန်းတွေချည်းပဲ။ ၀ယ်ဖို့၊ စိတ်ဝင်စားဖို့ ဆိုတာထား LED တို့ Flat တို့ ဆိုတာတွေဟာ ဘာမှန်းတောင် သိတာမဟုတ်ကြဘူး။

ခေါင်းစဉ်က စ မဖတ်တတ်

တခြားသိစရာတွေ ပါတယ်ဆိုပေမယ့် ခေါင်းစဉ်ကစပြီး ဘာတွေမှန်းမသိတော့ ဖတ်ချင်စိတ် ဘယ်ရှိမှာလဲ။ “UMFCCI နဲ့ JICA တွေ့ဆုံဆွေးနွေး” တဲ့။ “Designer Juliet နဲ့ One Second Interview” တဲ့။ “ဂရပ်စ်ရု(တ်)ကို အရောက်သွားပါ” တဲ့။ “Infrastructure တွေ မပြည့်စုံသေး” တဲ့။ ကဲ အဲဒါတွေက ဘာတွေလဲ။ မြန်မာအများစု နားလည်ပါ့မလား။ မြို့က ပညာတတ်တစ်ယောက်တောင် စီးပွားရေး လောကထဲက မဟုတ်ရင် UMFCCI ဆိုတာ ဘာမှန်း သိမယ်မထင်ဘူး။ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်ကြီးများအသင်းကို မြန်မာလို အတိုကောက်ရေးလို့ မရဘူးလား။ သူတို့အသင်းက ပေးမထားလည်း စာနယ်ဇင်းတွေက ပေးလိုက်ပေါ့။ ရှေးက ဖဆပလတို့၊ မဆလ တို့ဆိုတာ သတင်းစာတွေက ရေးရင်းနဲ့ တွင်သွားကြတာတွေပဲ။ UMFCCI ကို “ကစလသ” လို့ ပေးလိုက်ရင် မဖြစ်ဘူးလား။ ဒါမှမဟုတ်လည်း “ကုန်သည်ကြီးများနဲ့ ဂျပန်အဖွဲ့ တွေ့ဆုံဆွေးနွေး” လို့ ရေးရင် လူတိုင်း နားလည်နိုင်တာပေါ့။

မန်းလေပြဲလေဂျာနယ်နာမည်တွေ

ဘိုလိုမှည့်ကြတာကို ရေးရင်းရေးရင်းနဲ့ အခုဆို သတင်းခေါင်းစဉ်တွေအထိ ဘိုလိုရေးပြီး တပ်ကုန်ကြပြီ။ “ပြောလေကဲလေ၊ မန်းလေပြဲလေ” ဆိုတဲ့ကိန်း ဆိုက်နေပြီ။ ဒါလောက် ဘိုဖြစ်ချင်ကြရင် တစ်စောင်လုံး ဘိုလိုရေးပြီး ထုတ်ကြပါတော့လား။ ပြောတဲ့လူကပဲ လွန်သလား။ ကြည့်ပါဦး။ “ဂရတ်စ်ရု(တ်)” တဲ့။ ရေးထားပုံက။ အမှတ်တမဲ့ ဖတ်ပြီး ကြောင်သွားတယ်။ နောက်မှ grassroots ဆိုတာကို မြန်မာအသံထွက်ပြီး ရေးလိုက်တာပါလားလို့ သိလိုက်တယ်။ အခြေခံတို့၊ အောက်ခြေတို့ ရေးလို့မရဘူးလား။ မြန်မာစာ သတ်ပုံမှားတာတွေတောင် ပြောမကုန်နိုင် ဖြစ်နေတဲ့အထဲ အင်္ဂလိပ်စာလုံးပေါင်းတွေပါ သတ်ပုံမှားကြတော့ ဘာအဓိပ္ပါယ်မှကို မှန်းကြည့်လို့ မရနိုင်တော့ဘူး။

ဘိုယိမ်းကနေကြလို့

နာဂစ်ဘေးဆိုးကြီး ကြုံတွေ့ရပြီးနောက်ပိုင်းမှာ ရေကြောင်းကူးသန်း သွားလာနေသူတွေနဲ့ ကျေးလက်ဒေသက တောင်သူလယ်သမားတွေ၊ ရေလုပ်သားတွေဟာ မိုးလေ၀သ သတင်းကို ရေဒီယိုကတစ်ဆင့် မပျက်မကွက် နားထောင်လာကြတယ်။ အဲဒီမတိုင်ခင်ကဆိုရင် မိုးလေ၀သ သတင်းကို ဘယ်သူမှ စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အခုတော့ မိုးလေ၀သ သတင်းဟာ နားထောင်ဖို့ လိုအပ်တယ်ဆိုတာ သိလာကြတဲ့အတွက် နားထောင်လာကြတယ်။ မြန်မာစာဖတ် ပရိသတ်က ဂျာနယ်တွေအပေါ်မှာ မိုးလေ၀သ သတင်းလောက် စိတ်ဝင်စားလာကြပြီဆိုရင် စောင်ရေ ၆ သိန်း ထုတ်ရဖို့ မခက်တော့ပါဘူး။ ဒါပေမယ့် အခုလို ဂျာနယ်တွေ ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေလို့ကတော့ ဒသမ ၀၁ ကနေ တက်လာစရာအကြောင်း မမြင်မိပါဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။

[ပေါ်ပြူလာနယူးစ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၈၊ စက်တင်ဘာ ၃၀၊ ၂၀၁၀၊ Supplement-A] 



4 Responses to “ဦးစိန်ဝင်း နဲ့ မီဒီယာခေတ်”

  1. 1 soe

    ကောင်းလိုက်တဲ့ဆောင်းပါးပါ။ကျေးဇူးတင်ပါတယ်။ ဆက်ရေးဘို့အားပေးပါတယ်။

  2. 2 soe

    ကောင်းလိုက်တဲ့ဆောင်းပါးပါ၊ ဆက်ရေးဘို့အားပေးပါတယ်။

  3. 3 မောင်ဖိုးမာ

    အဘိုးကြီးရေးတာတွေကိုရာနှုန်းပြည့်မဟုတ်တောင်၉၀%လောက်ထိကြိုက်တယ်ဗျ။
    အပြင်မှအရှင်လတ်လတ်တွေ.ဖူးချင်လို.ဆေးကုတဲ့ဆရာလေးနဲ.တစ်ခါကလိုက်သွားတော့အောက်ဆီဂျင်ပိုက်တန်းလန်းနဲ.စကားသိပ်မပြောနိုင်ရှာတာမြင်ရတော့ဒီလိုအခြေနေကြီးနဲ.ကျနော်တို.တိုင်း
    ပြေအတွက်တတ်နိုင်သလောက်ရေးသားထောက်ပြပေးနေသေးတာကိုပဲကြက်သီးထမတတ်အံ့သြမိပါတယ်။ ရှင်သာရိပုတ္တရာ ဂိုဏ်းသားဟောင်းမို. အမေရိကန်မုန်းတာနားလည်ပေးနိုင်ပေမယ့်ဟိုမင်း
    သမီးကိစ္စ၀င်ပြောတာမျိုးကြတော့ ကျနော်ရယ်ချင်သလိုလိုဖြစ်မိတာ အမှန်ပါပဲဗျာ။🙂

  4. 4 littlebrook

    သူကလွဲရင် ဘယ်သူမှ အဲ့လိုမပြောတာတော့ အမှန်ဗျ … များသောအားဖြင့် ယုန်နှာစေးနေတာကများတယ်😀


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: