ပြည်သူတို့၏ သမားတော် (ဝါ) ဆေးဘက်အနုပညာမီးအိမ်

20Apr11

(ဓာတ်ပုံ-ဦးသန်းဝင်း)

သင်္ကြန်ထက် ဒီချိန်ပေါ်တဲ့ မန္တလေးသရက်ကို ပိုလွမ်းလို့ မန္တလေးဆရာဝန်အကြောင်း တင်လိုက်တာပဲ။ မန္တလေးစာပေ (ရွှေဥဒေါင်း)၊ မန္တလေးသတင်းစာ (ဦးလှ-ဒေါ်အမာ၊ ဦးစိန်ဝင်း)၊ မန္တလေးဆရာ(ဒေါက်တာသန်းထွန်း၊ဒေါက်တာဖေသိန်း)၊ မန္တလေးသင်္ကြန် (ဒေါ်ဦး)တွေလဲရေးပီပီ။ မန္တလေးဂီတ (လေဘာတီ၊ မြို့မငြိမ်း၊ မေရှင်၊ ကိုအံ့ကြီး)၊ မန္တလေးရုပ်ရှင် (ဝင်းလိုက်၊ ဘဝသံသရာမှ ဒဏ္ဍာရီ) ၊ မန္တလေးအစား(ထိုင်း၊တရုတ်၊ကသည်း၊အိန္ဒိယနဲ့ နန်းတွင်းပေါင်းစပ်)၊ မန္တလေးပညာတတ်(ဒေါ်အုန်း၊ ဒေါ်တင်လှ၊ ဒေါက်တာခင်မောင်ညွန့်)၊ မန္တလေးပဒေသရာဇ်(ပျဉ်းမနား၊မက္ခရာ၊ မောင်မောင်ကျော်)၊ မန္တလေးဘုန်းကြီး (မစိုးရိမ်၊ ရွှေကျင်၊ ရဟန်းပျို)၊ မန္တလေးနိုင်ငံရေး (ကင်းဝန်မင်းကြီး၊ စီပီခင်မောင်၊ ဗိုလ်ခင်မောင်ကလေး၊ ကိုမှိုင်း)၊ မန္တလေးယဉ်ကျေးမှုထိန်းပုံ(စကား၊ ခေတ်နောက်ကျသောအဝတ်၊ ဘာသာရေး၊ သာရေးနာရေး) ၊ မန္တလေးသူဌေး(လေဘာတီမောင်ကလေးနဲ့ ဘုရားထူးခံ ဘုရားအမများ၊ အရီးတောင်း၊ ဗြဟ္မစိုရ်) စသဖြင့် ရွှေမန်းစာဆိုစရာတွေ ရှိသေးတယ်။ မန္တလေးအားကစား (ကျားဘငြိမ်း၊ ခြင်းဦးဘသိန်း၊ ဘောလုံးအေးမောင်လေး)၊ မန္တလေးကွိတ် (ခြင်္သေ့ဦး၊ကျောက်သပိတ်မှ သမန်းကုန်း) ၊ မန္တလေးရောဂါသည် (အနူပေါ့ ရိုင်းရိုင်းပြောရင်၊ စိတ်နှလုံးကိုမွေ့လျော်စေသောမနောရမ္မံ)၊ မန္တလေးဘိန်းလောက (အစဉ်အဆက် ဘိန်းနဲ့ ဖင်စီဒိုင်းလမ်းကြောင်း)၊ မန္တလေးစိန်လောက(ရွှေဆိုင်တန်း၊ ဝါးတန်းသူဌေးများ၊ ဒေါ်ဆယ်နှင့်အခြား) အဲဒါတွေတော့ ဆိုင်ရာတွေက ပြောရင် ပိုကောင်းမယ်။

(၁)

မာမီ ဒေါ် မြင့်မြင့်ခင်တယောက် အရင်တပတ်ကဘဲ ၈၅နှစ်ပြည့်ခဲ့ပီ။ ဖျတ်လတ်ထက်မြက်ဆဲ စိတ်ကြီးဆဲ အော်ဆဲဆူမြဲမို့ မာမီ့ကို ၇၀လောက် ထင်နေမိတုန်းပါပဲ။ မာမီ့အကြောင်းတစေ့တစောင်းရေးဘို့ စိတ်ကူးမိသော်လဲ ထိုအပတ်က လန်ဒန်တွင် နာဂစ်ပြဇာတ်ကို မြန်မာတွေကသည့်အထဲ ဝင်အသုံးတော်ခံနေလိုက်သဖြင့် မရေးမိခဲ့။ အနုပညာစိတ်ကြီးသော မာမီက ပြဇာတ်ဆိုတာနော် အင်မတန်အဆင့်အတန်းရှိတာ၊ ဗမာတွေ ဘယ်လိုကကြသလဲဟု စိတ်ဝင်စားနေပါလိမ့်မည်။ ဟိုအနှစ်၂၀လောက်က သူ့ခြံထဲ လာဆော့နေသော ကောင်ပေါက်ကလေးက ဒီထဲပါတယ်ဆိုတော့ ပိုလို့ပင် အံ့သြပါလိမ့်မည်။

မှတ်မိသေးတော့၊ အိမ်တွင်ရှိသော ပုံဟောင်းလေးတခုထဲမှ ဒေါ်ဒေါ်စဝ်မြအေးကြည် ၁၉၆၇ မန္တလေး နောက်ဆုံးအခေါက်လာတုန်း လူထုတိုက်တွင် ဂီတမယ် လှကလေးစိန်၊ စန္ဒရားဦးဘသိန်းတို့နှင့် ဆိုကြတီးကြစဉ်က မာမီတို့ သားအမိ၊ အဖွား၊ ဦးမောင်(အဉ္စလီမောင်မောင်)တို့ သားအမိတတွေ ဝိုင်းထိုင်နားထောင်ကြသည်ကို ပြန်မြင်မိပီး ၁၉၇၀ကျော်က ဆရာကျော်ဝင်းတို့ ဆေးကျောင်းအငြိမ့်များတွင် ရှေ့ဆုံးက ထိုင်အားပေးဝေဖန်သော မာမီ့အကြောင်းကို အမှတ်ရသည်။

မာမီကြီးဟု ဆရာဝန်လောကတွင် သိကြသော ဒေါ်မြင့်မြင့်ခင်ကို ပထမဆုံးမြန်မာအမျိုးသမီး သမားတော်ပါမောက္ခ ပြည်သူ့ကျန်းမာရေး ဆေးပညာရှင် စသည့် ဂုဏ်ထူးဝိသေသများနှင့်သာမက စာရေးဆရာကျော်တယောက်အဖြစ်လဲ လူသိများပါသည်။ မာမီ့အရိုက်အရာကို ဆက်ခံသော မန္တလေးဆေးရုံကြီးမှ ဆေးပါမောက္ခ ဌာနမှူး တပည့်ဟောင်း နှစ်ယောက်ဆက်တိုက် အက်ဆေးရေးဆရာအဖြစ် နာမည်ကျော်သည်အထိ မာမီ့လမ်းစဉ်ကို လိုက်ကြသည်။ မန္တလေးဆေးကျောင်းမှ စာရေးကောင်းတဲ့လက်တွေ ထွက်သည်ဆိုရာတွင် ဒေါက်တာထင်အောင့်တပည့် ဒေါ်မြင့်မြင့်ခင် (ဝိဇ္ဇာဘွဲ့၊အင်္ဂလိပ်စာ)၏ အနုပညာ ထုံမွေ့ခြင်း အရိပ်က တစုံတရာ တွန်းအားဖြစ်တန်ရာပေသည်။

ငယ်စဉ်ဘဝ နန်းတော်ရှေ့က မာမီ့အိမ်ရောက်သွားလျှင် အမေရိကန်ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေထဲက ဟာဝိုင်ယီကျွန်း ပေါ်ရောက်သွားသလို ရှိလှသည်။ ပါတိတ်ခန်းဆီးများဖြင့် ဧည့်ခန်းပြတင်းဝတွင် အလှဆင်ထားသလို ရိုးရာ လက်မှုပစ္စည်း ဘုစုခရုလေးများနှင့်တကွ ပေါ်ဦးသက်စသည့် ပန်းချီကျော်များ၏ ပုံကားအလှများကြောင့် စတီးချိုင့်၊မယ်လ်မင်းပန်းကန်စုံများကို ရှိုးကေ့စ်မှန်ဗီရိုနှင့်ပြတတ်သော သာမန်အိမ်များနှင့်မတူမှန်း သတိထားမိစေသည်။ ခြံဘေးပတ်ပတ်လည်မှ မြက်ခင်းအိအိပေါ် လှဲအိပ်ရင်း ကောင်းကင်ကို မော့ကြည့်ရသည့်အရသာကို ခုတိုင် အောက်မေ့မိသလို စမ်းချောင်းလေးနှင့် ဥယျာဉ်ကို အကွက်ချ ပြုပြင်ထားသည်မှာ Landscaping ဆိုတာကို မကြားဘူးသေးသော်လဲ လှမှန်း ဖြစ်ကတတ်ဆန်းမဟုတ်မှန်းကတော့ သိနေသည်။ အိမ်ရှင်ဖြစ်သည့် မာမီမှာ ထိုစဉ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် သွားရောက်ထမ်းဆောင်ခါနီး မန္တလေးဆေးတက္ကသိုလ်မှ ပင်စင်ယူထားစ မုဆိုးမပူပူနွေးနွေးဘဲ ရှိပါသေးသည်။ မုဆိုးမဆိုသော်လဲ တပည့် ယောကျာ်းသားဆရာဝန်ကြီးများအပေါ် သြဇာညောင်းလှသော မာမီနှင့် သူ့အနားက သမားတော်အငယ် ဆရာဝန်မများ (အန်တီများ) ဒွတ်ဒက်ရွှတ်ရှက်တွေပြောနေပုံကို ပြန်သတိရတိုင်း ပညာကြောင့် ရဲရင့်ခြင်းပဲဟု အောက်မေ့ရင်း ကျားမတန်းတူဖြစ်ရေးဆိုသည့်စကားကို ၁၉၈၀ကျော်ကထဲက သိခဲ့ရပါလားဟု ကျေနပ်မိပါသေး။ နောင် မာမီကြီးနှင့်တွေ့တိုင်း သပ်ရပ် အနုပညာဆန်ပီး ခံ့ညားတက်ကြွသည့် ဤပုံရိပ်ကို ထိတွေ့မိစမြဲပင်။

(၂)

မာမီကဲ့သို့ အစောပိုင်း မြန်မာဆရာဝန်မကြီးအများစုမှာ အရာရှိကြီးနှင့်သူဌေးသားသမီးများဖြစ်လေ့ရှိပါသည်။ မြန်မာအမျိုးသားဆရာဝန်ပင် သိပ်မထွက်သေးခင်က မိန်းကလေးကို ဆေးပညာသင်ခွင့်ပေးဘို့နှင့် ငွေကုန်ကြေးကျခံနိုင်ဘို့မှာ ထိုသို့သော လူကုံထံပိုင်းကမှ ဖြစ်နိုင်ပေလိမ့်မည်။ မာမီ့အဖို့မှာကား ပညာရေးဟူသော လှေကားကိုထောင်၍ ဓူဝံကြယ်ကိုဆွတ်ခဲ့ရသည့် မိန်းမရည်ချွန်တဦးပါပေ။ စစ်အတွင်း မိဘများပျက်စီးခဲ့သော်ငြား စိန်ဂျွန်းကောလိပ်ကျောင်းဝင်း အဆောင်တခုတွင် ဆေးကျောင်းသူကျောင်းသားအချင်းချင်း စောင့်ရှောက်နေကြရင်း ခေတ်ဆိုးကြီးထဲတွင် ကျောင်းတက်၊ ဆရာမရှိဘဲ စာအုပ်ဖတ် အလောင်းခွဲခဲ့ကြရုံမက မာမီ့စကားအတိုင်း လူငယ်တို့၏ ရုန်းကန်ရဲသည့်သတ္တိ၊ မျှော်လင့်ချက်တို့ကြောင့် ဆရာဝန်ဖြစ်ခဲ့၊ ဘိလပ်ပြန် အမေရိကန်ပြန် သမားတော်ဖြစ်ခဲ့တော့သည်။ ပညာလိုသူကို ထောက်မပေးသည့် ပညာရေးရပ်ဝန်းကောင်းနှင့်ကြုံခဲ့ရခြင်းသည်လဲ မာမီ့ကုသိုလ်ပင်ဖြစ်တော့သည်။

မာမီ မန္တလေးတွင် အနှစ်၃၀နီးပါး စာသင်ဆေးကုသွားသည်မှာ အထက်မြန်မာပြည် ကျန်းမာရေးလောက အထူးသဖြင့် မန္တလေးမြို့အတွက် ကျေးဇူးကြီးခဲ့ပါသည်။ မင်းစိတ်စိုးစိတ်နဲသော တနည်း စာရေးမ လုပ်ဘူးသော ဆရာဝန်မကြီးတယောက်က ဆေးခန်းမဖွင့်ဘဲ ဆေးရုံတွင် အချိန်ပြေ့နီးပါး ရှိနေခြင်းသည် မြတ်သော မင်္ဂလာမည်ပါပေ၏။ တနည်း ကုန်ဈေးနှုန်းအတက်နဲနဲနှေးသော ဝန်ထမ်းခံစားခွင့်ရှိသော မဆလခေတ်ကျေးဇူးလဲဖြစ်ပါသည်။ ထိုခေတ်က စာရေးဆရာဒေါက်တာထွန်းရွှေကဲ့သို့ နာမည်ကျော် ဆေးခန်းဆရာဝန်များပင် ပိုက်ဆံယူကြမ်းသည်ဟု သမုတ်ခံရခြင်း ရွှေမန်းတွင် နဲပါးပါသေးသည်။

လမ်းစဉ်ပါတီမဝင်သောကြောင့်၊ ပညာရေးအစည်းအဝေးများတွင် ထက်ထက်မြက်မြက် ဝေဖန်တတ်သောကြောင့် မာမီတယောက် မန္တလေးဆေးတက္ကသိုလ် ဆေးပညာဌာနမှူးအဖြစ်မှ ဘယ်တော့မှ ရာထူးမတိုးခဲ့ကြောင့်လည်း ဆိုရှယ်လစ်ခေတ်ကြီးမှာပင် ဆေးပညာဌာနရွှေခေတ်ဟု ခေါ်နိုင်လောက်သည့် ပညာရေးစံချိန်စိုက်နိုင်ခဲ့လေသည်။ ဌာနတွင်းက စိတ်နုသော၊ သူနှင့်လိုက်ပြိုင်တတ်သော ပညာကျော်တချို့ကို သည်းညည်းခံပီး ဌာနကောင်းကျိုး လက်တွဲလုပ်ချင်စိတ်ပေါက်လာအောင် ဆွဲဆောင်တတ်သည်မှာ မာမီ့၏ ရင့်ကျက်မှုပါပေ။ ၁၉၇၀ကျော်က မာမီ အစည်းအဝေးသွားတက်ခိုက် အက်ဒင်ဘာရာရဲတိုက်ကြီးပုံပို့စကဒ်နောက်ကျောတွင် တဌာနလုံးကို လှမ်းညွှန်ကြားရင်း မောင်…..အဝတ်အစားတွေ လျှော့ဝယ် ဆိုသည့်စာကြောင်းမှာ ယခုထိ ကျော့ကျော့လေးဝတ်တတ်သည့် ဆရာဦး…နာမည်ကို ကြားတိုင်း ပြန်မြင်နေမိပီး ဒါကြောင့်လဲ မာမီကြီးလို့ ဆရာဝန်အားလုံးက သတ်မှတ်ကြတာကိုးဟုသာ ပြောရပါမည်။

(၃)

မာမီ၊ အဖွားနှင့် ဒေါက်တာသန်းထွန်း၊ ဦးသက်ထွန်းစသည့် ပညာတတ်လူကြီးတချို့တွင် အထူးအားကျမိသည့်အချက်မှာ ဇရာကိုအံတုပီး အချိန်ရှိသရွေ့ တိုင်းပြည်ကောင်းကျိုး ပညာရပ်အကျိုးကို ဆောင်ဘို့ အားထုတ်နေကြခြင်းပင်။ လာဘ်လာဘ၊ ပကာသနဘာတွက်မှ မဟုတ်ဘဲ လုပ်စရာရှိတာကို လုပ်သွားကြခြင်း လုပ်နေကြခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် မာမီ ဗမာပြည်ပြန်လာပီးနောက်မှ အေအိုင်ဒီအက်စ်၊ ကင်ဆာ၊ ဆေးလိပ်၊ အစားအစာစသည့် အရင်းရှင်မစစ်တစစ်ခေတ်သို့ ပြန်အကူးတွင် မြန်မာလူမျိုးများ သတိမူစရာ ကျန်းမာရေးပြဿနာ အဖုံဖုံကို အစိုးရ ပြည်သူ့ကျန်းမာဘက်ဆိုင်ရာတို့ထက် ပိုပီး လုံ့လစိုက်ထုတ် နှိုးဆော်ခဲ့ပါသည်၊မာမီ့စကားနှင့်အညီ လူတိုင်းအတွက် ခေါင်းလောင်းတွေ ထိုးပေးခဲ့ပါသည်။ ပြင်ပအမအစပါသည်ဟုလဲ သဲ့သဲ့မျှမကြားမိပါ။ မှတ်မိသေးသည်၊ သူ့ပိုက်ဆံနှင့်ထုတ်ရသည့် သူ့စာအုပ်တွေ အချိန်မီ မထွက်နိုင်သဖြင့် လူထု စက်ကြာပုံနှိပ်တိုက်ကို မကြာခဏ လောပေးလေ့ရှိခြင်းကိုတည်း။

ပြည်သူပေါ် ထားသည့် မာမီ့စေတနာ၊ ဆေးပညာကို ခေတ်နှင့်အညီ လေ့လာမှုမပြတ်ခြင်း၊ စာပေတတ်ကျွမ်းမှု တနည်း ခွန်အားရှိသော အရပ်ပြော စကားပြေကို ကျေညက်မှု (ခေတ်ဟောင်းမီသော ရွှေမန်းလူထုနှင့် ထိတွေ့ခဲ့မှုအာနိသင် မှတ်ပါသည်)စသည့် လူထုကျန်းမာရေးနှင့် စပ်လျဉ်းသော စာကောင်းတို့၏ ဂုဏ်ကြန်အင်တို့နှင့် ပြည့်ဝလှသဖြင့် မာမီမှာ ၇၀ကျော်မှ စာရေးဆရာကြီးဖြစ်ခဲ့ ပြန်တော့သည်။ စဖိုဗေဒကို လိုက်စားသော၊ လမ်းဘေးသရေစာကို နှစ်သက်စွာသုံးဆောင်တတ်သော ပါမောက္ခကြီးအကြောင်းကိုသိသဖြင့် မာမီရယ် ဗမာအစားအသောက်လေးတွေအကြောင်းရေးပါအုံးဟု တိုက်တွန်းမိလေရာ ကျနော် ရွက်နုဝေတွင် အယ်ဒီတာလုပ်စဉ်က ပရစ်ကြော်၊ ခိုတောင်မုန့်တီ၊ မုန့်ဟင်းခါးစသည့် ခဲဘွယ်များအပေါ် သူ၏ စွဲလမ်းမှုကို ဆေးဘက်အမြင်ပါရောပီး ကျကျနနရေးပေးပါသည်။ မြန်မာအစားအသောက်မနုဿဗေဒကို ထူထောင်ရာတွင် ဤစာစုများမှာ ချွင်းချန်ထားခဲ့လို့ ရမည်မဟုတ်ပါ။

လူငယ်များ အင်တာနက်ခေတ်ပညာရေးကို လက်လှမ်းမီနိုင်စေရန် ဇွဲနဘဲနှင့်လိုက်စားချင်ကြစေရန် အလို့ငှာ ဆောင်းပါး အင်တာဗျူးများမှ တွင်တွင်ကြီး နှိုးဆော်ခဲ့သည်ကို လူထုကြားတွင် မည်မျှပေါက်ရောက်မှုရှိသည်ကိုကား မပြောတတ်ပါ။ ပညာရွှေအိုးခေတ်ကြီးပေမို့ တခါက ပညာလိုက်စားခဲ့သော မြန်မာလူမျိုးတို့အနေနှင့် နောက်မျိုးဆက်ကို မည်သို့ပျိုးထောင်ပေးရမည် ဆိုသည့်အရေးမှာ ခါချဉ်ကောင်မာန်ကြီးရှိလှပါသည်။ ထိုထက် မာမီအလေးတယူပြု နှိုးဆော်သည့် ပညာရပ်မှာ ဆရာဝန်ကျင့်ဝတ်ပင်ဖြစ်တော့၏။ မှတ်မိနေသည်မှာ ၂၀၀၄က မန္တလေးဆေးသိပ္ပံ ရွှေရတုတွင် တခြားဆရာဟောင်းများလို ရှေးဖြစ်ဆွေးတွေ ပြန်မလှန်ဘဲ ၂၁ရာစု ဆေးပညာလောကနှင့်စပ်လျဉ်းသည့် သတိမူစရာများကို ပါဝါပွိုင့်နှင့် ဟောပြောခဲ့ခြင်းပင်။ ဆေးကျောင်းတွင် လစ်ဘရယ်အတ်ခေါ် လူရေးလူမှုပညာများ တိုးချဲ့သင်ဖို့ကိုလဲ မာမီ ပြောခဲ့ဘူးပါသည်။မာမီတပည့်ဆရာဝန်ကြီးများကား ဈေးကွက်မာရ်နတ်၏ မြူချော့မှုကောင်းလွန်း၍လားမသိပါ၊ ခလုတ်ထိမှ လူနာဂုဏောကို သိကြပါတော့သည်။ မြန်မာလူ့ဘောင်မှ အသက်သခင်အဖြစ် တန်ဖိုးသတ်ခဲ့သည့် သမားဂုဏ်ရည်မယုတ်လျော့ရအောင် ရှေ့ဆက်စိုက်ထုတ်ကြဖို့ ကောင်းလှတော့သည်။ သို့မှသာ မြန်မာဆိုတာ ကျန်းမာရေးအရည်အသွေး နိမ့်ကျလှပေမဲ့ အာဖရိကလို လက်တင်အမေရိကတိုင်းပြည်
တချို့လို လူမှုကျင့်ဝတ်ပျက်သုဉ်းပီး ကူရာကယ်ရာမဲ့နေတာမဟုတ်၊ ဆရာဝန်များက ရှိသမျှနှင့် ပြည်သူကို ကိုယ်နှင့်ထပ်တူ စောင့်ရှောက်နေတဲ့တိုင်းပြည်ဟု ဆိုစမှတ်ဖြစ်စေချင်တော့သည်။

(၄)

မာမီ အရင်လက မန္တလေးတွင် တပည့်တွေဧည့်ခံသည့် မွေးနေ့လာရင်း သက်ကြီးဆရာဝန်ထောက်ပံ့ရေး ရန်ပုံငွေအတွက် သိန်း နှစ်ရာလောက် အလှူခံရသွားသည်၊ ထိုအထဲ တပည့်ဟောင်း စီးပွားရေးသမားတယောက်ထဲက သိန်းတရာကျော် လှူသည်ဆိုသည့် သတင်းကောင်းများ ကြားရသဖြင့် လှိုက်လှဲ ဝမ်းသာရှိလှပါဘိ။ ဆရာဝန်တွေ ငွေမက်အကျင့်ပျက်သည်ဟု နာမည်ဆိုး ထွက်လှသည့်ခေတ်တွင် ဆရာဝန်အိုကြီးများ မည်မျှ ကျပ်တည်းဆင်းရဲစွာ ရုန်းကန်ရပ်တည်နေရသည်ကို လူအများ သိနားလည်နိုင်မည်မဟုတ်ပါ။ ဝန်ကြီးဟောင်း ဆရာကြီးဦးဖေသိန်းတို့စုံတွဲသည်ပင် အနှစ်သုံးဆယ်ခန့် အုပ်ချုပ်ရေးလောကတွင် ပြင်ပဝင်ငွေမရှိဘဲ နေခဲ့ရသဖြင့် ဒေါ်လာနှင့် စပ်ဝယ်ရသောဆေးဘိုးကို မခံနိုင်တော့ပေ။

ရန်ကုန်အပြန် လေဆိပ်အဆင်း မျက်ပါးရပ်ကုန်တိုက်တခုတွင် သစ်သီးဝင်ဝယ်ရင်း လမ်းဘေးတွင်တွေ့သည့် ငါးရေခွံကြော်ကို မျက်စိကျသဖြင့် ခြောက်ဆယ်ကျော် တပည့်ကြီးများက ဝမ်းသာအားရ ဝယ်ပေးလိုက်ကြသည်ဆိုသည့် စကားကို ကြားရသည့်အခါ ဒါမာမီ့ရဲ့ မတုပနိုင်သော ဝိသေသလက္ခဏာပဲ၊ အသက်ရှည်ရှည်နဲ့ မြန်မာ့ကျန်းမာရေးနဲ့ အစားအသောက်အနေအထိုင် အလေ့အထကို အကဲခတ်စာတွေ များများရေးပီး ခေတ်ကျပ်ကြီးမှာ လူတွေအသက်ရှည်ချင်အောင် စည်းရုံးနိုင်ပါစေ၊ ကျန်းမာရေး ပညာရေး မူဝါဒကောင်း အလုပ်ကောင်းတွေ မြန်မာပြည်တွင် အမြန်အထမြောက်ပါစေ ဟုသာ မှန်းဆ ဆုတောင်းမိပါတော့သည်။

ဘိုဘိုလန်းစင်မှာ မန္တလေးဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့၊ လန်ဒန်တက္ကသိုလ်မှ သမိုင်းမဟာဝိဇ္ဇာဘွဲ့များ ရယူထားပီး မြန်မာပညာတတ်အလွှာ၏ သမိုင်းတွင် ဦးဆောင်သည့်ကဏ္ဍကို အထူးလိုက်စားသည်။

(ဧရာဝတီမှ)



No Responses Yet to “ပြည်သူတို့၏ သမားတော် (ဝါ) ဆေးဘက်အနုပညာမီးအိမ်”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: