ရာဇဝင်ကိုဖြတ်သန်းခြင်း ၁၁ သာကီနွယ်ဇာတ်ထုပ်

28Apr11

လွတ်လပ်တဲ့အာရှအသံ

ဒီတပတ်တော့ သမိုင်းသုတေသနတွေ့ရှိချက်တွေနဲ့ သမိုင်းအမြင် ပြောင်းလဲ မှု တွေ က လူထုအပေါ် သြဇာသက်ရောက်ပုံကို ဆွေးနွေးချင်ပါတယ်။ ခေတ်အဆက်ဆက်မြန်မာသမိုင်းအမြင်အရေးတွေ ပြောင်းလဲလာတာနဲ့အမျှ လူထုအကြား သဘော ထား ထင်မြင်ချက်တွေ ဘယ်လိုပြောင်းတတ်ပါသလဲ။

တကယ်တော့ သမိုင်းဆိုတာ အနိုင်ရသူကရေးလေ့ရှိတယ်ဆိုတဲ့စကားအတိုင်းပဲ သမိုင်းကို ရေးခွင့် သာသူတွေဟာ တိုင်းပြည်ကို တနည်းနည်းနဲ့ ချုပ်ကိုင်လွှမ်းမိုးနိုင်သူတွေ ဖြစ်လေ့ရှိပါတယ်။ သူတို့ ပုံဖော်ဖန်တီးထားတဲ့ သမိုင်းအာဘော်ကို အုပ်ချုပ်ခံပြည်သူတွေအကြား ပြန့်နှံ့ စိမ့်ဝင်ဖို့၊ လူထု ထောက်ခံမှုရဘို့က သူတို့ရဲ့ သမိုင်းရေးတဲ့ရည်ရွယ်ရင်းဖြစ်ပါတယ်။ လူထု ထောက်ခံယုံကြည် မှုရတဲ့ အုပ်စိုးသူလူတန်းစားက အာဏာကို ပိုပြီး ကြီးထွားခိုင်မာအောင် တည်ဆောက်နိုင်တာမဟုတ်လား။

ဒါကြောင့် ခေတ်အဆက်ဆက်ပြန်ကြည့်လိုက်ရင် မြန်မာဘုရင်တွေဟာ ရာဇဝင် လို့ခေါ်တဲ့ သူတို့ရဲ့ မင်းဆက် အစဉ်အဆက်အုပ်ချုပ်ပုံမှတ်တမ်းကို အထူးဂရုစိုက်ပြီး ရေးလေ့ရှိပါတယ်။ မော်ကွန်း၊ ဧချင်း၊ ရဲတင်း၊ သံပိုင်းစတဲ့ ရာဇဝင်မှတ်တမ်းကဗျာတွေစပ်ဆိုတဲ့ စာဆိုတွေကို မြို့စား၊ ရွာစားတွေ ပေးကမ်း ချီုးမြှင့် မြှောက်စားပါတယ်၊ မင်းသား မင်းမြေးတွေရဲ့ ပုခက်တင် မင်္ဂလာတွေမှာ ဘိုးတော်ဘေးတော် တွေ အောင်ပွဲခံ ဘုန်းကြီးခဲ့ပုံကို ဖွဲ့စပ်တဲ့ ဧချင်းတွေ သီဆိုပြီး မင်းစိတ်စိုးစိတ်ကို ထိုးသွင်းပေးပါတယ်။

အလားတူပဲ မြန်မာရာဇဝင်ဆိုတာတွေမှာလဲ ဘုရင်အဆက်ဆက် တန်ခိုးကြီးပုံ၊ နန်းမတက်ခင် ဒါမှ မဟုတ် နတ်ရွာမစံခင်မှာ ဘယ်လို အတိတ်ထူး နိမိတ်ထူးတွေ တွေ့ကြုံရပုံ၊ ပြီးတော့ ခေတ် အဆက်ဆက် မင်းဆက်တွေ ဘယ်လိုပြောင်းပေမယ့် ပထမဆုံးဘုရင်က ဆင်းသက် လာတာ ဆိုတာတွေ ပါလေ့ရှိပါတယ်။ နန်းချခံရတဲ့ ဘုရင်၊ တိုင်းပြည်ကို တည်ငြိမ်အောင် မအုပ်ချုပ်နိုင် တဲ့ဘုရင်မျိုးဆိုရင်လဲ အကွပ်အညှပ် ဖိနှိပ်မှုပြင်းထန်လွန်းလို့ ( သို့မဟုတ် ) ပေါ့လျော့ညံ့ဖျင်း လို့ ဆိုတဲ့အကြောင်းပြချက် တွေနဲ့ ဒီရာဇဝင်ကို ဖတ်ရှုမယ့် မင်းသားမင်းမြေး ဘုရင်လောင်းတွေကို ပညာပေးပါတယ်။ ဒီလိုနဲ့ အုပ်စိုးခံ လူထုကြားမှာ မင်းမျိုးဆိုတာ သာမန်ဆင်းရဲသားပြည်သူ တွေနဲ့ မတူတဲ့ လူပေါ်က လူတန်းစား တရပ် လိုလို၊ လောကသမုတိနတ်လိုလို ၊ နောင်ပွင့်မယ့် ဘုရားလောင်းလိုလို ထင်မြင်လာစေပါတယ်။

ဒါကတော့ ရှေးမြန်မာတွေ ရဲ့ ရာဇဝင်ရေးရိုးရေးစဉ်ပါ။ အဲသလိုရေးရလောက်အောင်လဲ ဒေသတွင်း မှာ မြန်မာက စစ်ရေးအရ အင်အားကြီးခဲ့ဖူးခဲ့ပါတယ်။ ဒီကနေ့ တည်ရှိနေတဲ့ မြန်မာနိုင်ငံ နယ်နမိတ် ဟာ ကုန်းဘောင်ခေတ်ဦးမင်းတွေဖြစ်ကြတဲ့ အလောင်းဘုရား၊ဆင်ဖြူရှင်၊ ဘိုးတော်ဘုရားတို့ထူထောင်ခဲ့တဲ့ နယ်မြေတွေလို့ အကြမ်းသဘောပြောနိုင်ပါတယ်။ ဆင်ဖြူရှင်လက်ထက်မှာ မြန်မာနိုင်ငံဟာ ဒေသတွင်း အနီးတ၀ိုက်မှာ စစ်ရေးအရ အထွတ်အထိပ်ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလောင်းဘုရားလက်ထက်က မအောင်မြင်ခဲ့တဲ့ ယိုးဒယားကို မင်းနဲ့တကွသိမ်းပိုက်နိုင်ခဲ့တာ၊ အင်အားကြီးတဲ့ မန်ချူးကျူးကျော်မှု ကို လေးကြိမ်တိုင်တွန်းလှန်နိုင်ခဲ့တာ၊ မဏိပူရကသည်းကိုအောင်မြင်ခဲ့တာတွေကြောင့်လို့ သမိုင်းပညာရှင် ဒေါက်တာတိုးလှက ဆိုပါတယ်။

ဒါပေမဲ့ ပဒေသရာဇ်ခေတ်ကုန်ခါနီး အင်အားကြီး ခေတ်မီတဲ့ အင်္ဂလိပ်နယ်ချဲ့ရဲ့ကျူးကျော်ခံရပြီးနောက် ဘုရင့်အမိန့်နဲ့ရေးရတဲ့ မှန်နန်းရာဇဝင်တွေမှာတော့ မြန်မာမင်းတွေကို ဂေါတမဗုဒ္ဓနဲ့ ပထမဦးဆုံး အကြိမ် အမျိုးဆက် ပေးထားပါတယ်။ မှန်နန်းအရင် က ရှိခဲ့တဲ့ ရာဇ၀င်ကျော် ၊ တွင်းသင်းရာဇ၀င်၊ ဦးကုလားရာဇ၀င်တွေမှာ ဒါမျိုးမတွေ့ရပါဘူး။

တကယ်တော့ အခုလို မြန်မာမင်းဆက်ကို ဂေါတမဗုဒ္ဓနဲ့ အမျိုးစပ်လိုက်တာဟာ ကိုးကွယ်ယုံကြည်မှုကို နိုင်ငံရေးအတွက် အသုံးချတာပါပဲ။ အရင်ရာဇဝင်ဟောင်းတွေမှာ အကျဉ်းချုံးလောက်သာပါတဲ့ တကောင်း ရာဇဝင်ကို မင်းစဉ်မင်းဆက်စာရင်းအတိအကျနဲ့ သရေခေတ္တရာ ပုဂံခေတ်ထိ အမျိုးဆက်ရေးဖွဲ့ရပါတယ်။ ပုဂံမင်းဆက်အစပိုင်းက ပျူစောထီးမင်းဟာ နဂါးမနဲ့ နေမင်းသားသင့်မြတ်ပီး ဥ အု ရာက ပေါက်တဲ့သား ၊ ဥမျိုးဆိုတဲ့ အရင်ရာဇဝင်ဟောင်းတွေရဲ့ အဆိုကိုလဲ ငြင်းပယ်ရပါတယ်။ ဝါဒဖြန့်ပုံစံသစ်အတွက် မြန်မာမင်းဆက်ဟာ လူမျိုးကပေါက်ဖွားတာဖြစ်တယ်၊ ဥမျိုးမဟုတ်ဆိုပီး ငြင်းချက်ထုတ်ပါတယ်။ ဒါဟာ ဒေသတွင်းအနီးတ၀ိုက်မှာ စစ်ရေးအရ ဗိုလ်ဖြစ်နေရာကနေ အင်္ဂလိပ် ကို စစ်ရှုံးအပြီး ဂုဏ်သိက္ခာကျဆင်းနေတဲ့ တိုင်းပြည်တပြည်အတွက် အားမာန်ပြန်တင်းဖို့ အကောင်း ဆုံး ဝါဒဖြန့်ထိုးစစ်ပဲမဟုတ်လား။

ဒီဝါဒဖြန့်ချက် ဘယ်လောက်ထိ စူးရှတယ်ဆိုတာတော့ ကိုလိုနီခေတ် လွတ်လပ်ရေးအတွက် ရုန်းကန် လှုပ်ရှားတိုက်ပွဲဝင်ကာလအတွင်း နဲ့ လွတ်လပ်ပြီးနောက်ပိုင်း ရေးစပ်တဲ့ ဇာတိမာန်သီချင်း၊ စာပေ၊ ရုပ်ရှင် ဆိုတဲ့ ယဉ်ကျေးမှုမျက်နှာစာအစုံမှာ သာကီဝင် သာကီသွေးဆိုတဲ့စကားလုံးတွေ ဖောဖောသီသီ တွေ့ရသလို တကောင်းအဘိရာဇာ ဒို့ဗမာသာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာအစချီတဲ့ နာမည်ကျော် ဒို့ဗမာ သီချင်းဟာ မြန်မာလူမျိုးများအတွက် နိုင်ငံတော်သီချင်းတမျှ သြဇာညောင်းခဲ့ပါတယ်။ ဒီသီချင်း စပ်ဆိုဂုဏ်တင်ခံရတဲ့ ဒို့ဗမာအစည်းအရုံး သခင်အဖွဲ့ဟာလဲ မြန်မာ့လွတ်လပ်ရေးရှေ့ဆောင် အင်အား အကြီးဆုံး နိုင်ငံရေးအုပ်စုအဖြစ် စစ်ပြီးခေတ်အထိ မြန်မာနိုင်ငံရေးကို လွှမ်းမိုးထားခဲ့ပါတယ်။

ကျနော်ပြောခဲ့တဲ့ ဗမာရာဇဝင်နဲ့ ဆိုင်ရာယေဘုယျလက္ခဏာတွေကို မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား တွေရဲ့ ရာဇဝင်တွေမှာလဲ တွေ့ရမြဲဖြစ်ပါတယ်။ ရှေ့တပတ်မှာတော့ မြန်မာရိုးရာရာဇဝင်တွေရဲ့ အားနည်း ချက်နဲ့ ဒီအားနည်းချက်ကိုထောက်ပြီး ကိုလိုနီ အာဏာပိုင်တွေက ဘယ်လိုဝါဒဖြန့် ရာဇဝင်သစ်တွေ ဖန်တီးခဲ့သလဲဆိုတာ ဆွေးနွေးပါ့မယ်။



2 Responses to “ရာဇဝင်ကိုဖြတ်သန်းခြင်း ၁၁ သာကီနွယ်ဇာတ်ထုပ်”

  1. အရင်ခေတ်တွေထားစမ်းပါဦးလေ…ဒီဘက်ခေတ်ကရော ဘာများထူးနေလို့လဲ…သမိုင်းဆိုတာ မညာရဘူးဆိုတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းကို အသိအမှတ်မှ မပြုတာဘဲ…နိုင်ငံတကာက လေးစားနေလို့သာ ချောင်ထိုးချင်တိုင်း ထိုးလို့မရခဲ့တာမဟုတ်လား…

  2. 2 Okka Aung

    It’s very interesting post, brother. I love to read such kind of post/article viewing from the aspect of realism. Please continue to write it. I will be looking forward your further post.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: