ဘဝချင်းမတူတော့သည့် တရုတ်ပြည်

30Apr11

ဒီမိုကရက်တစ်တိုင်းပြည်သစ်ကျပ်ချွတ်ကြီးထဲ မြောက်ကတောင် ဝင်ရိုးစွန်း ၂ ခုကြားက ရှိသမျှ ငွေရှင်တိုင်းပြည်တွေ မဟားဒယားဝင်စည်းပွားချင်နေကြတာတွေ့တော့ တရားလဲကျမိ၊ လိမ်တယ်ဆိုတာ ဘယ်လောက်ပိရိပစေ မပေါ်မဟုတ်ပေါ်တာပဲဆိုတာတွေးမိလို့ ဒါလေးပြန်တင်လိုက်ပါတယ်။ သန့်မြင့်ဦးညှော်မိနေတဲ့ ကိုတာတို့ကတော့ တရုတ်ကိုချတယ်ဆိုပီး ကြိုက်လို့ ချင်းတွင်းမှာ ထဲ့ညွှန်းတာတွေ့တယ်။

ကောင်းကင်ကပါ။

(၁)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တနည်း တရုတ်နီဟုလဲသိကြသော နိုင်ငံထူထောင်သည်မှာ အနှစ်၆၀ရှိပီ ဆိုသော်ငြား မြန်မာပြည်တွင်ကား ဤ ၆၀ပြည့်ပွဲကို စိတ်ဝင်တစား ဝမ်းပါးမည့်သူ အလွန်ရှားပါးပါလိမ့်မည်။ အိုဘားမားနန်းတက်ပွဲ ပရိသတ်နှင့် လားလားမှ မဆိုင်ဘဲ ဘဝချင်းမတူတော့သည့် တရုတ်ပြည်ကို စီးပွားရေးနယ်ချဲ့တမျိုးဟု မြင်သူသာ များပါ၏။ ဆွေမျိုးပေါက်ဖော်ဟု မည်သို့ပင်ဆိုစေကာမူ စင်စစ် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေးမှာ ဝါဒချင်း ပြိုင်ရုံသာမက ကြီးနိုင်ငယ်ညှဉ်းလက္ခဏာ ဆောင်သည့်ကာလများလဲ မကင်းခဲ့။ ပမာဆောင်ရလျှင် မြို့သား လူလည်က တောသားကို အညွန့်ခူးစားသည့်ပမာတည်း။

ထိုတိုင်းပြည်နှင့်ပတ်သက်၍ ခေတ်အဆက်ဆက် မြန်မာပညာတတ်လူတန်းစား၏ ထင်မြင်ချက်ပြောင်းလဲလာပုံကိုလဲ ပြန်ပြောင်းမြင်ယောင်မိပါ၏။ တရုတ်နီဟုမဖြစ်ခင် အနှစ်လေးဆယ်လောက်ကပင် သူရိယစသည့် ခေတ်သစ် သတင်းစာများ ကျေးဇူးဖြင့် မန်ချူးပဒေသရာဇ်ကိုတော်လှန်ပီး တရုတ်သမ္မတနိုင်ငံ(ကိုမင်တန်)ဟူ၍ ဆွန်ယက်ဆင်က တိုင်းသစ်ပြည်သစ်ထူထောင်ပုံကို သိခဲ့ကြလေပီ။ စစ်မင်းများ ဗိုလ်လုနေကြသဖြင့် ချိနဲ့နေသော ထိုနိုင်ငံသစ်ကို ဖက်ဆစ်ဂျပန် ကျူးကျော်ခြင်းမှတဆင့် စစ်ကူအဖြစ် အင်္ဂလိပ်က တရုတ်-ဗမာလမ်းမကြီး ဖောက်လေရာမှ မြန်မာပြည်နှင့် ပို၍ ယှက်နွယ်လာတော့သည်။ ထိုချိန်တွင် နဂါးနီစာအုပ်အသင်းက ဆွန်ယက်ဆင်၏ သဘောတရားများကို မြန်မာလို ပြန်ဆိုထားပီး အမေရိကန်သတင်းစာဆရာ အဂ္ဂါစနိုး၏ တရုတ်ပြည်ပေါ်မှ ကြယ်နီစာအုပ်ကလဲ လက်ဝဲဝါဒစိတ်ဝင်စားသော တို့ဗမာသခင် ကျောင်းသားများအကြား ‘ပေါက်’ လှသည်။

သခင်နု၏ ဂန္ဓာလရာဇ် (၁၉၄၀)ကို ပြန်ဖတ်လျှင် စစ်တွင်းမြို့တော် ချုံကင်းရှိ ဂျင်နရယ်လစ်ဇီမို ချန်ကေရှိတ်၏ အမျိုးသားရေးဝါဒီ အစိုးရထံသို့ ဦးစွာ ပထမသွားရောက်သော သခင်နု၊ ဒီးဒုတ်ဦးဘချို (ဖေဘီယန်ဆိုရှယ်လစ်)၊ ဒေါ်မြစိန်တို့ ချစ်ကြည်ရေးမိတ်ဆက်အဖွဲ့၏ လှုပ်ရှားမှုကို တွေ့ရလိမ့်မည်။ တို့ဗမာအစည်းအရုံးညွှန်ကြားချက်အရ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံး၊ချူတေးတို့နှင့် တွေ့ရန် သခင်နုကြိုးစားသော်လည်း တွေ့ခွင့်မသာခဲ့ပုံကို ထိုစာအုပ်၌ အတိအလင်းပင် ဖော်ပြထား၏။ ထို့နောက် တရုတ်ပြည်တွင် စာသင်နေသော ဖျာပုံသား တရုတ်သခင်တဦးမှတဆင့် တရုတ်ကွန်မြူနစ်နှင့် ဆက်ရန် လက်ဝဲသခင်များ ကြိုးစားခဲ့ပြန်သည်။နောက်ဆုံး သခင်အောင်ဆန်းတို့ ဂျပန်အောက်ကျနေသည့် အမွိုင်တွင် တရုတ်ကွန်မြူနစ်နှင့် ဆက်သွယ်ရန် ကြိုးစားရင်း ဗမာ့ထွက်ရပ်ဂိုဏ်းဝင် ဒေါက်တာဘမော်၏ လက်ျာအုပ်စုမှတဆင့် ဗိုလ်မိုးကြိုးနှင့်တွေ့ကာ ဂျပန်သို့ပါသွားလေ၏။

စစ်တွင်းက သခင်သိန်းဖေ(မြင့်)ခေါင်းဆောင်သည့် မြန်မာလက်ဝဲသမားများ အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွမ်းသင့်ခဲ့သော်လဲ တရုတ်ဘက်နှင့် ပြောစမှတ်ဖြစ်စရာ ကူးလူးမှု မရှိခဲ့ပေ။ စစ်ပီးခေတ် ဗမာပြည် ကွန်မြူနစ်ပါတီက ဘရောက်ဒါဝါဒလက်ခံသည်မှအစ ပြည်တွင်းစစ်လမ်းစဉ်ကို လက်ခံသည်အဆုံး အိန္ဒိယသြဇာ ကြီးခဲ့လှ၏။ လွတ်လပ်ရေးရစကပင် နန်ကင်းရှိ ကိုမင်တန်အစိုးရနှင့် သံဆက်ခဲ့သော်လဲ ကွန်မြူနစ်ကို စစ်ရှုံးပီးရင်း ရှုံးနေသော ကိုမင်တန်မှာ မြန်မာပြည်က အာဏာရ ဖဆပလနှင့် ပုန်ကန်နေသည့်ကွန်မြူနစ်များအဖို့ နယ်ချဲ့ နောက်မြီးဆွဲသာ ဖြစ်လေသည်။ ဂန်သာစတိန်းစသည့် အနောက်သတင်းစာဆရာများ၏ သုံးသပ်ချက်များကိုဖတ်ပီး ကွန်မြူနစ်တက်လာမည်ကို သိနေကြပီးဖြစ်သည်။

(၂)

ထို့ကြောင့် ၁၉၄၉ မော်စီတုံး ကွန်မြူနစ်အစိုးရတက်လာပီး လပိုင်းအတွင်းမှာပင် မြန်မာဆိုရှယ်လစ် (ဖဆပလ)အစိုးရက အသိအမှတ်ပြုလိုက်လေသည်။ ကွန်မြူနစ်ပုန်ကန်မှုနှင့် ရင်ဆိုင်နေရသည့် မြန်မာအစိုးရအဖို့ အနောက်အုပ်စုအကြိုက် တရုတ်နီကို ဥပေက္ခာပြုရန် မဝံ့ပါချေ။ ထိုထက်ဆိုးသည်ကား စစ်ရှုံးလာသော တရုတ်ဖြူ တပ်ပြေးများ ရှမ်းပြည်နယ်နှင့် ထိုင်း-လာအိုနယ်စပ်များတွင် အခြေချကာ တရုတ်ကွန်မြူနစ်ပြည်သစ်ကို ပြန်လည် ထိုးစစ်ဆင်ရန် အစပျိုးလာခြင်းပင်တည်း။တရုတ်ဖြူကို ဘယ်သူတွေ ထောက်ပံ့ညွှန်ကြားနေသည်ကို သိလျက် ကုလသမဂ္ဂ၌ ဤကျူးကျော်မှုကို တိုင်ကြားသောအခါ အမျိုးအမည်မဖော်ပြနိုင်သော နိုင်ငံခြားတပ်များ ကျူးကျော်မှုကို ရှုတ်ချကြောင်း အထွေထွေညီလာခံဆုံးဖြတ်ချက်နှင့်သာ ချောင်ထိုးခံခဲ့ရလေသည်။ အမေရိကန်၏ ကွန်မြူနစ် ပိတ်ဆို့ရေး ပေါ်လစီအောင်မြင်ရန် အလို့ငှာ ဒုတိယကိုရီးယား အဖြစ်မခံလိုသည့် မြန်မာအစိုးရအဖို့ ကုန်းဘောင်ခေတ်က မန်ချူးစစ်ကိုနိုင်ခဲ့သော တိမ်ကြားမင်းခေါင်ထုံးနှလုံးမူပီး စစ်အင်အားတိုးချဲ့ကာ တရုတ်ဖြူကို နိုင်အောင်တိုက်ဖို့သာရှိတော့သည်။

တဖက်ကလဲ တရုတ်နီက သခင်နု၏ဖဆပလကို ဖောက်ပြန်ရေးသမား နယ်ချဲ့လူဟု သမုတ်နေ၏။ ပြည်တွင်းက လက်ဝဲပညာတတ်များကလဲ ကိုယ်တွေ့တရုတ်ပြည်သစ်၊ နေရစ်တော့ခေတ်ဟောင်းစသည့် ခရီးသွား မှတ်တမ်းများဖြင့် တရုတ်နီကို အာရှတိုက်၏အလင်းရောင်အဖြစ် သိဒ္ဓိတင်နေကြချိန်ဖြစ်သည်။ ၁၉၅၀-၆၀ ပြည့်နှစ်များတခိုက ဗီယက်နမ်၊လာအိုစသည့် အရှေ့အိမ်နားနီးချင်းများဆီ၌
တရုတ်နီစစ်ကူနှင့် အမေရိကန်ထီးရိပ်က ဆီးတိုးတပ်များ ထိပ်တိုက်တွေ့နေကြချိန်မို့ မြန်မာဆိုရှယ်လစ်အာဏာပိုင်များအဖို့ နိုင်ငံတွင်း၌ မည်သည့်အင်အားကြီး နိုင်ငံကိုမှ မကြီးစိုးစေလိုပေ။ ထို့ကြောင့် ခင်နှင်းယု၏ ပန်းတိုင်းပွင့်သောတိုင်းပြည်၊ အိုင်စီအက်စ်ဦးကျော်မင်း၏ သံကန့်လန့်ကာတွင်းသို့ နောက်ဖေးပေါက်မှ ဝင်ခဲ့စဉ်က (အင်္ဂလိပ်လို)စသည့် စာပေများ ထွက်လာခဲ့သည်။

တရုတ်ဖြူစစ်ဆင်ရေးအတွက် တိုးချဲ့ရသည့် ဗမာစစ်တပ်ခိုင်ဖီးလာချိန်နှင့် နိုင်ငံရေးသက်လုံကျလာသည့် ဖဆပလ ပြိုကွဲချိန်တို့ တိုက်ဆိုင်လာ၏။ ထို့ပြင် ၁၉၅၅ ဘန်ဒေါင်းညီလာခံတွင် ကြားနေရေးဝါဒကို ဦးဆောင် နိုင်ငံတခုအဖြစ် တရုတ်နီနှင့် ပူးတွဲကြေညာခဲ့သော မြန်မာကို အမေရိကန်က နိုင်ငံတကာ ကွန်မြူနစ် ဆက်သွယ်ရေးအကျိုးဆောင်ဟုသာ သဘောပိုက်လေသည်။ သို့အတွက် ဖဆပလအကွဲကြောင့်
ကွန်မြူနစ်လိုလားသော အတိုက်အခံ ပမညတ သြဇာတက်လာသည်မှ အစပြုကာ ကွန်မြူနစ် ဆန့်ကျင်ရေး စစ်တပ်၏ ၁၉၅၈ အာဏာသိမ်းအစိုးရ ပေါ်ထွက်လာသည်။ ဒိနောက် ရွေးကောက်ပွဲပြန်နိုင်သည့် ဦးနု၏ ကချော်ကချွတ်ခေါင်းဆောင်မှု၊ စစ်တပ်နှင့်လူမျိုးစုများအကြားပဋိပက္ခစသည်တို့ကြားတွင် ဝရုန်းသုန်းကား ဒီမိုကရေစီခေတ် ကသောကမျော နိဂုံးချုပ်ကာ စစ်ဆိုရှယ်လစ်ခေတ်ရောက်ခဲ့တော့သည်။

(၃)

တရုတ်နီကို အဓိကအန္တရာယ်အဖြစ်သတ်မှတ်ထားသည့် စစ်အစိုးရကို နေဝင်းဖက်ဆစ်ဟု ပီကင်းက ခေါ်ဝေါ်လာချိန်သည် တရုတ်-ဆိုဗီယက်အကွဲတွင် ဆိုဗီယက်လမ်းကြောင်းလိုက်သည့် ပမညတနှင့် လက်နက်ချ ကွန်မြူနစ်များ မဆလတွင်းဝင်ပူးချိန်နှင့်တိုက်ဆိုင်နေတော့သည်။ ဗကပက တရုတ်နှင့်ပိုနီးကပ်လာပီး ပဲခူးရိုးမသို့ ယဉ်ကျေးမှုတော်လှန်ရေးဂယက်ရိုက်နေချိန်တွင် မြို့ပြ၌ တင်ထွေး၊ဒေါ်အမာ၊မြသန်းတင့်စသူတို့၏ တရုတ် ကွန်မြူနစ် လှုပ်ရှားမှုမှတ်တမ်းများ ရေပန်းစားလာမှုကို တန်ပြန်ရန် တရုတ်-ဗမာအရေးအခင်းကို စစ်အစိုးရက ဖန်တီးလိုက်ခြင်းသည် ပဒူအုံကို တုတ်နှင့်ဆွသည်ထက် ဆိုးလှ၏။ တရုတ်နီနှင့်ဗကပ၏ အရှေ့မြောက်ပိုင်း ထိုးစစ်များက အရှေ့တောင်အာရှ စစ်မီးလျှံများ မြန်မာပြည်ကို မကူး စေလိုသဖြင့် တံခါးပိတ်ထားသည့် မြန်မာစစ်တပ်၏ မူဝါဒကို မွမွကြေစေတော့သည်။ အနှစ် ၂၀ အတွင်း တရုတ်အဖြူနှင့် အနီ၏ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံလိုက်ရသော စစ်တပ်အတွက် လူမျိုးခြားမုန်းတီးသည့် ကျဉ်းမြောင်းသော အမျိုးသားရေးစိတ်ဓာတ်ကို ပိုပျံ့ပွားစေသကဲ့သို့ ရှိလှသည်။ တရုတ်အလိုတော်ကျ စေ့စပ်ချုပ်ဆိုခဲ့ရသည့် နယ်နိမိတ်စာချုပ်မှာလဲ ပင်လုံစာချုပ်ကို စစ်တပ်ဖျက်ခဲ့သကဲ့သို့ စက္ကူစုတ်ဖြစ်ခဲ့ရသည်။

အထွေထွေရှားပါးဖိနှိပ်မှုများကြောင့် ပညာတတ်၊ လယ်သမား၊တိုင်းရင်းသား ဘယ်လူတန်းစား၏ ထောက်ခံမှုကိုမှ မရနိုင်သည့် မဆလစစ်အစိုးရအဖို့ ဗီယက်နမ်စစ် အပစ်အခတ်ရပ်ချိန်လောက်မှစကာ နစ်ဆင် မျက်နှာရိပ် မျက်နှာကဲကြည့်ပီး ပီကင်းကို ပြန်ဒူးထောက်ရန်မှတပါး အခြားမရှိပီ။ မော်စီတုန်းတရုတ်နှင့် အချုပ်အချာ အာဏာ စသည့်စာများနှင့် ပီကင်းဆန့်ကျင်ရေးအလံထူခဲ့သော ဦးသိန်းဖေမြင့်စသည့် လက်ဝဲ ပညာတတ်များလဲ မဆလတွင် ပစားပေးမခံရတော့။ မော်အလွန် တိန်ခေတ်မှစ၍ တရုတ်-မြန်မာ ဆက်ဆံရေး ပြန်လည် သွေးနွေးလာသော်လဲ မဆလ-ဗကပ ပြန်လည်ရင်ကြားစေ့ရေး (ဖဆပလ ပြန်လည်ဆန်းသစ်ရေး) ပီကင်း၏ ကြိုးပမ်းချက်မှာ အရာမရောက်ခဲ့။ အကျဘက်ကို ရှေးရှုနေသော မဆလစစ်တပ်အဖို့ ၁၉၈၈အုံကြွမှုကို ဗကပမြို့သိမ်းထိုးစစ်အဖြစ် ချေမှုန်းလိုက်ပီးနောက် အနောက်အုပ်စုနှင့် ခွာပြဲကာ တရုတ်ဆီ ငွေချေးရသည်ကအစ တရုတ်သြဇာခံ တိုင်းရင်းသားတပ်များနှင့် အပစ်ရပ်ကာ တရုတ်ကုန်သွယ်ဖို့ ဈေးဖွင့်လမ်းဖောက်၊ သယံဇာတ ခုတ်ခွာခွင့် ပေးသည်အဆုံး မာန်ချဒူးထောက်ခဲ့ရသည်။

ဤတွင်ရွေ့ စစ်အေးခေတ်အပီးတွင် ဗကပနွယ်သော မနွယ်သော မြန်မာပညာတတ်အပိုင်းတခုလုံးတွင် တရုတ်မျှော်ဝါဒ ထိုးကျသွားပီး အနောက်မျှော်ခေတ် ဆန်းသစ်လာသည်။ ဝါဒရေးအရတွင်လဲ တရုတ်က စီးပွားရေးဇောနှင့် ရုပ်ပြမလှချိန်ရောက်နေပီး အတိုက်အခံလှုပ်ရှားမှုကို ထောက်မပေးသော အနောက်အုပ်စု၏ လစ်ဘရယ်ဒီမိုကရေစီက ဒီရေမြင့်သစ်ရောက်နေတော့သည်။ မကြာခင်က ကိုးကန့် အရေးအပီး တရုတ်ကို မြန်မာစစ်တပ်က ကန်ကာ အမေရိကန်နှင့် ပြန်ပေါင်းထုပ်တော့မည်ဟု ယူဆမှုများရှိခဲ့သော်လဲ ဖြစ်တန်ရာသော အခင်းအကျင်းသစ်မှာကား ၁၉၇၀ကျော် ကကဲ့သို့ အမေရိကန်-တရုတ်-ရပ်ရှားနှင့် ဂျပန်၊အိန္ဒိယ၊ အာစီယန် ရှိရှိသမျှ တာဝတိံသာအင်အားကြီးများထံမှ မြှူချော့မြှိုက်ချစားမည့် မူလလက်ဟောင်း ဖော်နည်းကားကြီးကိုပင် ဒီမိုကရေစီ သကာရည်ဆမ်းပီး တဖုံတလွဲ ပြုစီရင်ကာ ပွဲတိုးဖို့ ကြံလိမ့်ဦးမည်ထင်ပါ၏။ တရုတ်-အမေရိကန်၊ တရုတ်-ဆိုဗီယက် စသည့် ကျွဲကြီးများအကြားမှ ပင်မြက်မြေဇာ ပြည်မြန်မာ၏ဘဝမှာ ရွှေငုံးမင်း အမြီးမျှော်သလို ခရီးတော်ပုံစခန်းက ဝေးလွန်းလှပါဘိတော့တကား။

ဂန္ဓာလရာဇ်တွင် သခင်နု ကြိုတင်တွက်ဆသကဲ့သို့ တရုတ်တွေ မြန်မာပြည်ထဲ အကြိမ်ကြိမ်ဝင်ခဲ့ကြ အခြေချ နေကြလေပီ။ စိနဗေဒပညာရှင်များ ခေတ်ပေါ် မန္တလေး စာရေးဆရာများ၏ လက်ရာများကို ဖတ်ရှုသုံးသပ်ကြလျှင် ပိုကောင်းမည်။ အဆုံးတနေ့တွင် မြန်မာသည် တရုတ်လက်အောက်ကျလိမ့်မည် ဆိုသော ဖာနီဗယ်၏ မှန်းကိန်း လွဲပါစေဟုသာ ဆုတောင်းရပါ၏။



2 Responses to “ဘဝချင်းမတူတော့သည့် တရုတ်ပြည်”

  1. “သန့်မြင့်ဦးညှော်မိနေတဲ့ ကိုတာတို့ကတော့ တရုတ်ကိုချတယ်ဆိုပီး ကြိုက်လို့ ချင်းတွင်းမှာ ထဲ့ညွှန်းတာတွေ့တယ်။”

    အဲဒါကြီး နားမလည်ဘူး… ကိုဘိုဘို.။ (ဒေါ်အမာ မြန်မာပြန် စာအုပ် အဖုံး ဓာတ်ပုံ နဲ့ အောက်က ကိုဘိုဘို ရေးထားတဲ့ ဆောင်းပါး ကို ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘူး ဖြစ်နေတယ်…း)

    ကျွန်တော့်အမြင်ကိုက တွဲလျက် ဖြစ်နေလို့လား မသိဘူး…။ (ကောင်းကင်မှာကတည်းက ဖတ်ဖူးပါတယ်။ )

  2. 2 bobolansin

    ကိုတာက ဒီဆောင်းပါးဟာ တရုတ်အန်တရာယ်ကို ပြနေတာဆိုပီး သဘောကျတယ်။သူတို့က ဗမာပြည်ထဲ အနောက်အုပ်စုဝင်လာမှ တရုတ်ကို တန်းညှိနိုင်မယ် ထင်နေတယ်။

    စာအုပ်ဖုံးက ဒီစာအုပ်ကလာတဲ့ ဆင့်ပွားခေါင်းစီးမို့ ပြန်တင်တာပဲ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: