ရင်ခုန်သံဆရာကြီးအတွက်

04May11

Update from Rangoon,

Dear BB

DTY confirmed that BNW didn’t say such things to him at CNW’s funeral. BTY and BNW belonged to the thirty comrades and they never lost contact.

Saya Ta is impressed with your works and believes you’ll go far, the sentiment which I also share.

Sincerely

ဒဂုန်တာရာဟာ ပရောဂျက်နဲ့ စာပေသစ်ခဲ့တာမဟုတ်ဖူး။ သူနဲ့ခေတ်ပြိုင်တချို့ သံရုံးစာအုပ်ရိုက်ရောင်းတာမျိုး သူမလုပ်ဖူး။ သူ့ထက် နိုင်ငံရေးဝါရင့် ပညာပိုတတ်တဲ့ လက်ဝဲသမားတွေ (သိန်းဖေမြင့်၊ ဒေါက်တာညီညီ) မဆလခြေတော်ရင်းဝပ်ဆင်းတာမျိုး သူမလုပ်ခဲ့။ သူယူတတ်ရင် စစ်တွင်းကထဲက ဗိုလ်ချုပ်အောင်ဆန်းခန့်တဲ့ တပ်ဝါဒဖြန့်ဌာနမှူးအလုပ်ကနေ ကြီးပွားခဲ့နိုင်တာပဲ။

ကဗျာမှာလဲ ကာရံမဲ့ချင်မဲ့ အဘိဓမ္မာမမဲ့ဘို့ ကြိုပြောခဲ့သူပါ။ အခု ပို့စ်မော်ဒန်အရေခြုံစာယောင်ပေယောင်တွေကို သူ့သဘောထားမေးစရာလိုတော့မယ်မထင်ပါ။ လမ်းခွဲချင်သူတွေလဲခွဲ၊ ခြံဝင် နွားပါကြဘို့ အနှစ်အသားဆိုတာ ဘာမှန်းသိကြရင် ပီးတာပါပဲ။ နှမ်းဖတ်ချဉ်ကြိုက်သူနဲ့ ခွေးချီးမြုံ့လိုသူများရဲ့ ရသာဖုချင်း တူနိုင်မယ်မထင်။

* * *

ကျနော်၏ ထူးဆန်းသော ကလောင်နာမည်နှင့်ပတ်သက်၍ မေးမြန်းလာသမျှကို အကြိမ်ရေများစွာ ရှင်းပြရာ၌ ဒဂုန်တာရာ၏ “မြမြလန်းစင်” ဝတ္ထုကို ကြိုက်သည်မှအစ ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့ထိ ရှင်းပြရပါသည်။ ကျနော်၏ ပထမဆုံးပုံနှိပ်စာမှာ “တာရာ၊ ဒိုရာ၊ မေနှင့် တိမ်ခိုးမျှင်”။ ဤကားစကားချပ်။

ရှင့်ကဗျာဆရာ

အင်တာနက်ပေါ်တွင် စာဆိုပျံသင်များက ဘာသာဘာဝ အချစ်ကဗျာ ခံစားမှုကဗျာများ ရေးကြဖတ်ကြတွေ့ရသောအခါ ဒဂုန်တာရာ၏ “ရင်ခုန်သံကဗျာများအတွက်” ဆိုသည့် ၁၉၆ဝ က ဝတ္ထုတိုကို သတိရမိသည်။ နာမည်ကျော် အချစ်ကဗျာဆရာတယောက်ကို စာဖတ်ပရိသတ် ကဗျာရူးစာရူး အမျိုးသမီးတဦးက ကာမဘုဉ္ဇာဟိ ဖိတ်ကြားဧည့်ခံပုံ အချစ်ကဗျာများကို သရော်သည့် ဝတ္ထုကလေးပါ။

“ကျနော်သည် စာပေဝေဖန်ရေးသမားဘဝမှ လျှောကျ၍ ခင်ဥမ္မာ၏ အလှဘွဲ့ကဗျာများ စပ်ဆိုသော ပျော်တော်ဆက် ဖြစ်နေရပေပြီ။ …

“နုကတော့ ဆရာ။ ကဗျာကို နှလုံးခုန်သံနဲ့ စည်းချက်လိုက်ပြီး ရေးတယ်။ ကဗျာဟာ အသဲနှလုံးရဲ့ ဘာသာစကားပဲ မဟုတ်လားဆရာ။ ဟင်”

“… သူမသည် ခေါင်းစဉ်ဆန်းဆန်းများ တပ်လေ့ရှိသည်။ လျှော့ပါဦး ချစ်သူပင့်ကူရယ်၊ သွေးစိမ် အသဲတခြမ်း၊ ကျမ သေသောအခါ၊ ကျားကို ရင်ဝယ်ပိုက်လိုသည်၊ ခေါင်းလောင်းထိုးသံနှင့် ရှိုက်သံ။…

“.. ကျနော် လူငယ်တွေကို အားပေးပါတယ်။ ဒါပေမဲ့ မြီးကောင်ပေါက်ကလေးတွေကို ပညာမပေးဘဲ စာဖတ်ပရိသတ် တိုးအောင် အားပေးနေခြင်းမျိုးကတော့ မသင့်လျော်ဘူးလို့ထင်ပါတယ်။ ဒါဟာ အညွန့်အညှောက်ကို ပျိုးထောင်ပြုစုပေးရာမရောက်ပါဘူး။ အခုခေတ်က လမ်းသရဲ၊ ဖုန်းသရဲတင် ရှိတာမဟုတ်ဖူး။ ကဗျာသရဲ၊ စာသရဲတွေလည်း ရှိနေပြီ။ …”

တကယ်တော့ ဒဂုန်တာရာသည်လည်း အချစ်နှင့်ကင်းပြီး စာဆိုခဲ့သူ မဟုတ်ပါ။ တဟီတီသွားရအောင်၊ ငွေလှေပေါ်က အနမ်း စသည့် နာမည်ကျော် ခံစားမှုကဗျာများကို အတွေးသစ် အရေးသစ်ဖြင့် ဖွဲ့သီခဲ့သူပင်။ သူ့လမ်းကြောင်းကို ချဲ့ထွင်စပ်သည့် ကြည်အေး၊ ချစ်ဒါလီ၊ နောင် စသည့် လူငယ်များ၏ တခေတ်ပင် ရှုမဝမဂ္ဂဇင်းမှ ထွန်းကားခဲ့သေးသည်။ သို့သော် ဒဂုန်တာရာသည် စစ်မဖြစ်ခင်ကပင် လောကအမွန်လို ဆိုရှယ်လစ်ကဗျာမျိုးဖြင့် ဒဂုန်-ခေတ်စမ်း အုပ်စုမှ ခွဲထွက်လာခဲ့သည်။ မတ်လတော်လှန်ရေးက စာပေသစ်အစဟု ဆိုနိုင်သည်။ ဥက္ကလာပ၊ အိုဘယ့်သုခမိန် အသို့နည်း၊ မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း၊ မုန်းမှ ကယ်လီဖိုးနီးယားသို့ စသည့် ယနေ့အထိ ဖွဲ့စပ်လာသမျှ ကဗျာများတွင်ကား ငြိမ်းချမ်းရေး၊ ညီညွတ်မျှတရေး ခံစားချက်တို့က ပိုကဲနေသည်ကို စာဖတ်သူများ သိကြပါသည်။ ဒဂုန်တာရာ၏ ကဗျာသည် အာရုံကြောပျက်ပြားသည့် ကဗျာ၊ လိင်စိတ္တဇထကြွ၍ မရှက်မကြောက် ညကြီးမင်းကြီးထိုင်ပြီး ဖွဲ့သည့် ကြာခြည်ဘာဝများ မဟုတ်ပါ။ (ငယ်ငယ်က ရဲရဲတောက်သလောက် ကြီးခါမှ “သားဖောက်” ကဗျာတွေ တွင်တွင်စပ်သွားသည့် ဆရာကြီးတဦးကို စိတ်ပျက်စရာ တွေ့ခဲ့ဖူးပါသည်။)

ယဉ်ကျေးမှု၏ ရထားမှူး

ကိန်းဘရစ်ခ်ျက ပါရဂူပေါက်စတယောက် ဒဂုန်တာရာနှင့် တွေ့ဖူးစဉ်က အင်္ဂလိပ်လို ဘယ်လိုရေလည်စွာ ပြောပုံကို အထင်တကြီး ပြောသည်ကို မှတ်မိနေပါသည်။ ဒဂုန်တာရာသည် လူတွေသိသော “ပန်းနုရောင်အို” လက်ဝဲစာဆိုမျှ မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် အာရှကိုလိုနီ မြို့ကြီးများတွင် ထွန်းကားခဲ့သော ဂလိုဘယ် ကပြားယဉ်ကျေးမှုတရပ်၏ သက်ရှိအမွေလည်း ဖြစ်ပါသည်။ စန္ဒရားဆရာသည် ကြေးနန်းရုံး ရန်ကုန်အသံလွှင့်ရုံမှ လွှင့်တတ်သော ပူစီတူရိယာဝိုင်းစသည့် ကြေးရတတ်သားသမီးများ၏ အပျော်ထမ်းတီးဝိုင်းများ၏ လက်စွဲဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရန်ပုံငွေအတွက် ထိုခေတ်က ဘိုအဆန်ဆုံး အဆိုတော် ဘိလပ်ပြန်သန်းနှင့် ချစ်ဒုက္ခကို ရုပ်ရှင်တင်ရိုက်ဖို့ ကြံခဲ့သူတွေထဲ သူလည်း ပါသည်။ ထိုခေတ်က “အမှတ်တရ” ဆိုနိုင်သည့် အထက်တန်းစား အရပ်ပျက်မလေး “မေ” ကို ချစ်သနား ကျန်ရစ်အောင် ဇာတ်လိုက်လုပ်ရေးခဲ့သူပင်တည်း။ “သူသည် ကားကို ဖိတ်ခေါ်လေသည်။” (တရေးရေး၊ ၁၉၃၉) မှာ ထိုခေတ်က မော်ဒန်အရေး။

၁၉၄ဝ-၅ဝ ကျော်က ဝေါ့ဒစ္စနေအပြာ၊ ရီတာဟေးဝပ်အပြုံး၊ ဘက်တီဂရေဘယ်၏ ပေါင်တံအကား စသည့် အမေရိကန် ကုန်သည်အနုပညာ ဖလင်ပုံရိပ်တွေ အင်တာနက်မှာ ဖောဌေးအောင် တွေ့ရတော့ သူမမြင်တော့သည့်တိုင်အောင် ကြားမိစေချင်သည်။ မှတ်မိသေးတော့၊ မန္တလေးတွင် မျက်စိလာပြသည့် အခေါက်က ကုသိုလ်တော်ဘုရားနား ခေါ်သွားကြရာ ဘုရားရှေ့က ရေကန်ကို ဘာအရောင်လဲဟု မေးသည်ဆို၏။ ဝင်းဝင်းမြင့် (နန်းတော်ရှေ့) က “စိမ်းပုပ်ကြီးပါ ဆရာရယ်” ဟု ဆိုတော့ “မြစိမ်းရောင်ပေါ့ဗျာ” ဟု ပန်းချီဆရာက ဆိုလေသည်။ သူခံစားတတ်သလို စာဖတ်ပရိသတ် မြင်လာအောင် ဖွဲ့နွဲ့ပြရာတွင်လည်း တဖက်ကမ်းရောက်သူပါ။ သူ၏ အနုစိတ်အရေးအတွေးကြောင့် လောကအလှကို မြင်တတ်၊ ယဉ်ကျေးမှုသဘောကို ထင်ဟပ်လာနိုင်သော အနုပညာသည်ပေါင်းလည်း မနည်းတော့။ ကမ္ဘာ့ယဉ်ကျေးမှု အမွေစုကို မြန်မာ့တိုင်းရင်းသားရိုးရာနှင့် စနယ်ပြီး လွတ်လပ်သော အမျိုးသားယဉ်ကျေးမှုသစ် ပေါ်ထွက်အောင် တာရာခေတ်တွင် သူပျိုးကြဲခဲ့သည်။

ညှိထွန်းရွှေတိုင်

ဟိုတလောက လူထုစိန်ဝင်းက တိုင်းပြည်တခုကို ထူထောင်တော့မယ်ဆိုရင် သဘောတရားပါတဲ့ ဝတ္ထုကြီးတွေ လူတွေဖတ်စရာ ရှိရတယ်၊ ခုခေတ် စာပေတွေမှာ ၁၉၅ဝ ကျော်က လက်ဝဲဝတ္ထုကြီးတွေလိုမျိုး လူထုကို လှုံ့ဆော်နိုင်တာမရှိတော့ဟု ဆော်သြသည်ကို ဖတ်လိုက်ရသည်။ ဤခေတ်တွင် အန်ဂျီအိုလိုင်းချ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝတ္ထု၊ လူငယ်ပညာပေး၊ တောသဘာဝ မနောအထာကျလောက် ရေးတတ်လျှင် ကြက်ဆူတောအလယ် ဇော်ဆွဲနိုင်အောင် စာပေက ခေတ်ပျက်နေရာ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ နတ်နွယ်ထားဘိ၊ မောင်ထင်၊ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယုလောက်ပင် လူသူလေးပါး လေးစားစရာက အသက် ၆ဝ အောက်တန်းတွေမှာ မကျန်လှတော့ပါ။

ထိုဒီရေနိမ့် ရေသေထဲမှနေ၍ စာပေသည် ပြည်သူ့အတွက်ဟု ယုံကြည်ရာကို ရဲရဲကြီးချပြကာ နိုင်ငံရေးအတွေးအခေါ် ရသအဖွဲ့ လောကအမြင် အဆင့်မြင့်မြင့် ရေးခဲ့ကြသည့် တခေတ်နှင့် ထိုခေတ်အစ တာရာမဂ္ဂဇင်းဖခင် ဒဂုန်တာရာ၏ ကျေးဇူးကို အထူးအောက်မေ့ရတော့သည်။ သူ့ဝတ္ထုတွေက ပေးသည့် အနီးအဝေး သမိုင်းဖြတ်သန်းမှု ကားချပ်တွေကလည်း ယခုခေတ်ထိ ချိန်ထိုးအကဲဖြတ်လို့ရသေးသည်။ ကိုင်းနေသောပေါက်ပင်များ၊ လက်လက်လော ရွှေရောင်လော၊ ဆယ်နွေဆယ်မိုး၊ သခင်ကြက်သွေး၏ ကျဆုံးခန်း၊ ပိုစတာကပ်သူ၊ သေနတ်သံ။ ၁၉၅ဝ-၆ဝ တွင်း ကမ္ဘာ့စစ်အေးဂယက်နှင့် လက်ဝဲလက်ျာအပြိုင် သြဇာလုချိန်မို့ စာပေသည် အနုပညာအတွက် လိုင်းကလည်း ပရိသတ်ကို လွှမ်းမိုးနိုင်ရန် ပြောင်မြောက်သော အနုပညာများ ထုတ်လုပ်ခဲ့သည်။ မောင်ထင်၊ ခင်နှင်းယု၊ သော်တာဆွေ၊ ထင်လင်း၊ စိန်စိန်.. ။ ဟိုတုန်းက ရှုမဝပါတကား။

ဒဂုန်တာရာသည် နိုင်ငံရေးမလုပ်သော်လည်း နိုင်ငံရေးသွေးကြဲသူမဟုတ်။ ခေတ်အဆက်ဆက် အချိုးအကွေ့များတွင် “မှန်နန်းအသုံးခံ” အဖြစ် နိုင်ငံရေးသီလ ပြောက်ကျားခံခဲ့သူလည်း မဟုတ်။ ဆရာမှိုင်းစကားနှင့်ဆိုလျှင် “ကျွန်ဝယ်ရာ သူအဆစ်မပါခဲ့”။ နိုင်ငံရေးတွင် စာပေ၏ ကဏ္ဍကို ပြောင်မြောက်စေခဲ့သူ၊ စာပေက နိုင်ငံရေးနောက်မြီးဆွဲ မဟုတ်ဘဲ ခေတ်ကို လမ်းညွှန်နိုင်ခဲ့သူ ပတ်ကားစာရေးဆရာ၊ ရဲဘော်ဗဟိန်း၏ သစ္စာရှိလှစွာသော ချစ်ဆွေ။

သမိုင်းသည်မဆုံး

မန္တလေးတွင် သူနှင့် ဖုန်းပြောလေ့ရှိစဉ်က ဟိုတယ်မယ်က ဆရာ့ကိုယ်တွေ့လား… “ဒီလိုမေးမြန်းရေးရတာပေါ့ဗျာ ဟဲဟဲ”၊ ဘယ်ဝတ္ထုက ဘယ်ဇာတ်ကောင်ဟာ အပြင်မှာ ဘယ်သူ့ကို ကြည့်ရေးတာ မဟုတ်လား စသည်ဖြင့် လူကြီးသဘောကောင်းသလောက် စပ်စုမိလျှင် သူက ပြုံးမြမြနှင့် “ခင်ဗျား တော်တော်သိတာပဲ” ဟု ပြန်ပြောတတ်ပုံကို ခုထိ ခဏခဏ သတိရနေမိသည်။ လူငယ်တွေ ခေတ်ကိုသိအောင် အားထုတ်သည့် ရှားပါး မြန်မာလူကြီးတယောက်ထံမှ လူကြီးတွေ ဖြတ်သန်းခဲ့ပုံကို သိလိုစိတ်နှင့် ဖလှယ်မိခြင်းသာ ဖြစ်သည်။ ရန်သူမရှိ မိတ်ဆွေသာရှိဟု ရေးပြောနေကျ သူ့ထံမှ ပြည်သူအများစုကြီးနှင့် ထပ်တူခံစားတတ်သည့် အမြင်စကားတွေကိုလည်း ကြားဖူးသည်။

သြော် မေ့လို့။ ဆူးငှက်ထံမှ ကြားဖူးသော ဒဂုန်တာရာပုံပြင်တခုက ကောလိပ်ဂျင်နာရေးတွင် ဥက္ကဋ္ဌကြီး ဦးနေဝင်း လာမေးစဉ် ပြန်ခါနီး သူ့ကို “ ခင်ဗျား မုဆိုးဝတ္ထုတွေ ရေးသေးလားဗျ” ဟု နှုတ်ဆက်သွားသည် ဆိုသည်။ အိုဘယ့် ဒဂုန်(ဗိုလ်)တာရာ။ ရာကျော်သက်ရှည်ပြီး ပြည်သူ့ရင်ခုန်သံ ဆန္ဒပြည့်ဝအောင် အားပေးပါဦး။

(မေ ၁ဝ ဒဂုန်တာရာ ၉၂ နှစ်ပြည့်သို့)



4 Responses to “ရင်ခုန်သံဆရာကြီးအတွက်”

  1. ဟီးဟီး… ဘ၀ရှင်မင်းတြားကြီးက သူ့သွေးသောက်ဖော် ဗိုလ်တာရာ မှတ်နေသလား.. အင်း သူတို့ လာခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ဘ၀က ကွာလေတော့ ဘယ်သိရှာမလဲလေ.။။။ ၀ဲသာ မကောင်းရင် ဖြုတ်လဲလေဆိုတဲ့ လူကြီးမျိုးတွေပါပဲ..။

  2. 2 စောသက်လင်း

    ကျွန်တော်ဆို ပါဠိစကားလုံးတွေကိုတောင် မရိုက်တတ်ဘူး။ မြန်မာစာ သတ်ပုံကျမ်း ဆိုဒ်ကနေ ကော်ပီတွေကူးပြီး စုထားရတယ်။

  3. 3 စာချစ်သူ

    ထဲထဲဝင်ဝင၊်စေ့စေ့စပ်စပ်၊ကန်ကန်ကြောက်ကြောက်၊ရေးတတ်လှစွာသော(ဦးလေးဖိုးသံချောင်း ခြေကျ၊အဖိုးအဖွား အပထား) ဘိုဘိုရဲ့စာတွေဖတ်ရတော့၊ခြင်းထဲကမွေးကျွတ်ကြက်များနဲ့ ရေဆိုးတွင်းထဲကဖါးမင်းဆွေဖွားဖက်တော် စာနယ်ဇင်းသ္မားများသတိပြုဖွယ်ရာပင်။

  4. 4 ထွန်း

    ကျနော်က လမ်းစဉ်လူငယ်ကို သရော်တဲံ့အနေနဲ့ မှည့်ထားတဲ့ကိုယ်ပိုင်နာမည်ထင်နေခဲ့တာ
    ကိုဘိုဘိုရဲ့ဝမ်းကွဲတယောက်ကလည်းနာမည်ဆန်းနဲ့ဆိုတော့


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: