ရာဇဝင်ကိုဖျက်ပစ်ခြင်း ရွှေတိဂုံကိုမြင်လျှင် (နံပါတ် ၁၂)

05May11

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာတော့ မြန်မာရာဇဝင်တွေရဲ့ ခေတ်အမြင်ချို့တဲ့အားနဲချက်နဲ့ ကိုလိုနီဝါဒီတွေရဲ့ မြန်မာရာဇဝင်ပေါ် အသုံးချပုံကို တင်ဆက်ပါမယ်။

တကယ်က ဗမာရာဇဝင်တွေဟာ အစောပိုင်းကာလတွေကလွဲရင် အထောက်အထားခိုင်လုံမှုမှာ အတော်စိတ်ချရပါတယ်။ ပုဂံရာဇဝင် မင်းဆက် ၅၅ ဆက် တကယ်ရှိခဲ့သလားဆိုတာမျိုး သံသယဝင်စရာအချက်တွေရှိပေမယ့် နှောင်းခေတ်ရာဇဝင်တွေမှာတော့ နန်းစံ နန်းတက်သက္ကရာဇ် သက်တမ်းတွေ အတော်ခိုင်လုံပြည့်စုံတာကို တွေ့ရပါတယ်။ ဒါကလဲ တရုတ်ပုံစံ နန်းတွင်းမှတ်တမ်းတွေကို ပိဋကတ်တိုက်တွေမှာ အစဉ်အဆက် သိမ်းဆည်း လာခဲ့တာကြောင့်ပါ။ ပီးတော့ ဗမာပြည်မှာ ရာဇဝင်ရေးဖွဲ့မှုအတွက် ကျောက်စာအထောက်အထားစုဆောင်းတာ ထည့်သွင်းသုံးစွဲတာက ဘိုးတော်ဘုရားအမိန့်နဲ့ တွင်းသင်းအမတ်ကြီးပြုစုတဲ့ရာဇဝင်ကစပါတယ်။ ပါးစပ်ရာဇ၀င်ကနေ အထောက်အထားကို အားပြုတဲ့ ရာဇ၀င်လမ်းကြောင်းဆီ ဦးတည်ခဲ့ပီဆိုရမှာပါ။

ဒါပေမဲ့ သမိုင်းနဲ့ ပုံဝတ္ထုကြားက စည်းမသတ်နိုင်သေးတဲ့ခေတ်မို့ ဗုဒ္ဓကျမ်းဂန်နိပါတ်တွေထဲက ဇာတ်ကြောင်းတွေ ဆင်တူရိုးမှားထည့်တာ၊ အထောက်အထားမခိုင်လုံတဲ့ ယုတ္တိယုတ္တာနဲတဲ့ ရှေးစာတွေကို ယူသုံးတာတွေကလဲ မကင်းနိုင်ပါဘူး။ ဒါကြောင့် ကျေးတောသူသမ္ဘ္ဘ္ဘူလကို ဘုရင်က လက်စွပ်ပေးခဲ့တာကို သားဖွားတော့ လိုက်လာတဲ့ဇာတ်တော်ကို မှီးပီး ကျန်စစ်သားနဲ့ ရာဇကုမာရ်ဇာတ်ကြောင်းပေါ်လာတာမျိုး၊ ဘယ်လိုမင်းဆက်တွေ အနှစ်သောင်းသိန်းချီအုပ်စိုးခဲ့တယ်၊ဘုရားအဆက်ဆက်က ဘယ်မြို့ကို ဘယ်မင်းတည်မယ်လို့ ဗျာဒိတ်ပေးခဲ့တယ်စတဲ့ ယုံတမ်းတွေကလဲ ကိုလိုနီခေတ်မှာ ဗမာပဒေသရာဇ်အနွယ်တွေ ဘုန်းကြီးလူထွက်ပညာရှိတွေ ပြုစုတဲ့ရာဇဝင်တွေထိ ပါတုန်းပါပဲ။ ဥပမာ ကနေ့အထိ လူသိများတဲ့ ရွှေတိဂုံသမိုင်းဆိုရင် တဖုဿ နဲ့ ဘလ္လိက မြန်မာကုန်သည်ညီနောင် မဇ္ဈိမကို ကုန်သွယ်သွားရင်း ဘုရားပွင့်တာနဲ့ကြုံလို့ ဆံတော်တွေရခဲ့ရာက ဘုရားတည်တဲ့အကြောင်း အဲဒီထဲက မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေရှိနေတဲ့အလား ထင်မှတ်စရာ ဖြစ်ရပါတယ်။ ဒါက အိန္ဒိယအရှေ့ကမ်းရိုးတန်း သြရိဿပြည်နယ်က ဘုရားခေတ်ဇာတ်ကြောင်းတခုပေါ် ဆင့်ပွားပေါ်လာတဲ့ထိုးဇာတ်ပါ။ ပီးတော့ ဗုဒ္ဓဟာ (၄၅) ၀ါကာလအတွင်း မဇ္ဈိမဒေသအပြင်ဘက် ခြေတလှမ်းမှ မချခဲ့ပေမယ့် မြန်မာဘုရားသမိုင်းတွေမှာ ဗုဒ္ဓရှင်တော်သည် ဤအရပ်သို့ အကြိမ်ကြိမ်ကြွချီတော်မူ၏ ဆိုတာမျိုး အပြိုင်အဆိုင်ရေးကြ ဘုရားချင်း ဘုန်းကြီးပြိုင်ကြတာတွေတွေ့ရပါတယ်။

ဒါကြောင့် မဟာသမ္ဘဝ စူဠသမ္ဘဝ ဒွတ္တပေါင်စတဲ့ သရေခေတ္တရာပြည်အကြောင်း မှန်နန်းရာဇဝင် အင်္ဂလိပ်ဘာသာပြန်ကိုဖတ်ပီး ဗမာရာဇဝင်တွေကို ယုံတမ်းပုံပြင်တွေလို့ ကမ္ဘာကျော်စာရေးဆရာ အဲလ်ဒက်စ် ဟပ်စလေက မြန်မာပြည်သွားမှတ်တမ်းမှာ ဝေဖန်ခဲ့တာပါ။ ဒီလို ရိုးရာရာဇဝင်တွေရဲ့ ခေတ်အမြင်ချို့တဲ့မှုအားနဲချက်ကိုထောက်ပီး အုပ်စိုးသူအသစ် ကိုလိုနီသမားများက မြန်မာရာဇဝင်ကို သူတို့အကျိုးအတွက် ပြုစုခဲ့ပြန်ပါတယ်။ ဟာဗေး၊ Cocks စတဲ့ ကိုလိုနီပညာရေးဝန်ထမ်းတွေပြုစုတဲ့ ကျောင်းသုံးမြန်မာရာဇဝင်တွေမှာ မြန်မာဘုရင်တွေရက်စက်ဆိုးဝါးကြောင်း၊ တိုင်းသူပြည်သားတွေပေါ် ဖိနှိပ်ချုပ်ချယ်ကြောင်း၊ ပြည်သူတွေ ချမ်းသာချောင်ချိကြောင်း အင်္ဂလိပ်မင်းက ကယ်တင်သိမ်းပိုက်ရကြောင်း၊ မြန်မာပြည်တိုးတက်ယဉ်ကျေးအောင် စီမံအုပ်ချုပ်ပေးနေကြောင်းစတဲ့ ကိုလိုနီဝါဒဖြန့်တွေ ပေါ်တင်ထဲ့သွင်းလာပါတယ်။

ဒါပေမဲ့ ကိုလိုနီအစိုးရဝန်ထမ်း နန်းတွင်းစာရေးဟောင်း ပုဂံဝန်ထောက်ဦးတင်ကို အစိုးရအမိန့်နဲ့ရေးခိုင်းတဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းဆိုတဲ့ စာအုပ်ကြီးမှာတော့ မြန်မာမင်းအုပ်ချုပ်ရေးသည် အစပိုင်းကျပ်၍ နောက်ပိုင်းချောင်ချိကာ အင်္ဂလိပ်မင်းအုပ်ချုပ်ရေးသည်ကား အစတွင် သက်သာသလိုရှိ၍ နောက်ပိုင်းကျပ်တည်းလာသည်လို့ ဝေဖန်ထားပါတယ်။ မြန်မာဘုရင်လက်ထက်က အကွပ်အညှပ်အာဏာစက်ပြင်းလို့ ပြည်သူတွေ ကြောက်ရွံ့ဖိစီးမှုတွေရှိပေမယ့် သက်ညှာထောက်ထားတာတွေရှိတယ်၊ အင်္ဂလိပ်မင်းကတော့ လက်အောက်ခံတွေ စီးပွားရေးချောင်လည်အောင် အခွင့်အလမ်းတွေယူလာပေမယ့် လက်တွေ့မှာတော့ အင်္ဂလိပ်လုပ်ငန်းကြီးတွေက ရှိသမျှလက်ဝါးကြီးအုပ်အမြတ်ယူနေ တာကို ဦးတင်က သူနားလည်သလို ဖွင့်ဆိုခဲ့တာပါ။ လူထုကြားမှာလဲ ကျပ်ချောင် ချောင်ကျပ်ဆိုတဲ့ ဗမာမင်းနဲ့ ကုလားမင်းကိုယှဉ်တဲ့ အသုံးတွင်လာပါတယ်။

ဦးတင် အဲဒိစာတမ်းကြီးကို ပြုစုရပုံကလဲ မြန်မာရာဇဝင်တို့ရဲ့သမိုင်းအတွက် စိတ်ဝင်စားစရာကြီးပါ။ ၁၈၈၅ မှာ သီပေါမင်းပါတော်မူသွားပီးတဲ့နောက် မန္တလေးနန်းတော် နန်းမြို့ထဲမှာ ပြည်သိမ်းအင်္ဂလိပ်စစ်ဗာရီတပ်တွေ မွှေနှောက်ပီး အဖိုးတန်ရွှေငွေပစ္စည်းတွေလုယက်ကြရာမှာ အစဉ်အဆက် သိမ်းလာတဲ့ ပေပုရပိုက်အဖိုးတန်စာစုမှတ်တမ်းတွေ ဖရိုဖရဲလွင့်စဉ်ကုန်ရုံမက စုပုံမီးရှို့ခံရပါတယ်။ ရက်ဆက်လုယက်ခံနေရတာ ဘယ်သူမှဝင်မပြောရဲပဲ နောက်ဆုံး တောင်ခွင်မင်းကြီးက အင်္ဂလိပ်တပ်ကိုဝင်ပြောမှ ဖျက်ဆီးတာရပ်ပီး ကျန်ကောင်းကျန်ရာ စာစုတွေကို သိမ်းဆည်းရပါတယ်။ စုစည်းရသမျှ လှည်းတွေနဲ့ ရန်ကုန်ပို့ပီး ယိုးဒယားဘုရင်ဆီ တချို့ပိဋကတ်တွေ၊ နောက် လန်ဒန် အိန္ဒိယရုံး၊ ရန်ကုန် ဘားနတ်ပိဋကတ်တိုက်ဆိုပီး သုံးပုံခွဲပို့လိုက်ပါတယ်။ ဘားနတ်မပို့ခင် ပုရပိုက်တွေထဲက နန်းတွင်းမှတ်တမ်းတချို့ကို ဦးတင်ကို ရေးကူးစေပီး မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းကို ပြုစုစေကာ ပုရပိုက်တွေကို စုတ်ဖြဲပစ်ပါတယ်။ နောက်ပိုင်းမှာ ကျောက်စာဝန်မင်း တော်စိန်ခိုက လွှတ်တော်မှတ်တမ်းဆိုပီး တအုပ်ပြုစုထုတ်ဝေတာတွေ့ရတာကလွဲရင် နန်းတွင်းမှတ်တမ်းတွေနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းထွက်လာတာ မတွေ့ရတော့ပါဘူး။ ခုချိန်ထိ မြန်မာရာဇဝင်အတွက် အဓိကအထောက်အထားအဖြစ် တော်စိန်ခိုနဲ့ ဦးတင်စာအုပ်တွေကိုပဲ သုတေသီတွေ ကိုးကားနေကြရတာပါ။

ဒါကြောင့် ကိုလိုနီဝါဒီတွေဟာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ပဲနဲ့ မြန်မာနန်းတွင်းအထောက်အထားတွေကို ကုန်စင်သလောက် နီးနီးဖျက်ဆီးခဲ့ပါတယ်။ လူမျိုးတမျိုး တိုင်းပြည်တပြည်အတွက် ဒီလိုမှတ်တမ်းသမိုင်းတွေပျက်စီးတာဟာ အဲဒီလူမျိုး အဲဒီတိုင်းပြည်ရဲ့ ဝိဉာဉ် အားနည်း ဖျော့တော့သွားတာပါပဲ။ သမိုင်းအဆက်မရှိမှသာ ဒီလူမျိုးကို ကျွန်ပြုအုပ်စိုးသူများက ထင်သလိုခြယ်လှယ် အမြတ်ထုတ်နိုင်မှာပါ။ ကျွန်လူမျိုးတွေအတွက် ကျွန်ပြုသူတွေရေးတဲ့ ရာဇဝင်သမိုင်းဆိုတာတွေနဲ့ လိမ်ညာမှိုင်းတိုက်လို့ရမှာဖြစ်ကြောင်းပြောရင်း ဒီတပတ်အဆုံးသတ်ပရစေ။ ရှေ့အပတ်မှာတော့ ခေတ်အမြင် မျိုးချစ်အမြင်နဲ့ ရေးတဲ့ တိုင်းရင်းရာဇဝင်တွေပေါ်လာပုံ မြန်မာအစကျောက်ဆည်ကစတဲ့ ခေတ်သစ်သုတေသနတွေကြောင့်
ပြည်သူအကြား ဂယက်ရိုက်ပုံတွေကို ပြောပါ့မယ်။ ကျေးဇူးတင်ပါတယ်။



10 Responses to “ရာဇဝင်ကိုဖျက်ပစ်ခြင်း ရွှေတိဂုံကိုမြင်လျှင် (နံပါတ် ၁၂)”

  1. 1 shwebalay

    ရင်ခုံသံဆရာကြီးအတွက် မှာ ဒဂုန်တာရာ ဟာ ဗိုလ်တာရာလို့ ရေးတာလား။။
    ဗိုလ်တာရာ ရဲးဘော်သုံးကျိတ်ပါ။ဒဂုံတာရာ ရဲးဘော်သုံးကျိတ်ထည်းမှ့ မပါတာ။

    • 2 bobolansin

      ဦးနေဝင်းက ဗိုလ်တာရာနဲ့ ရောနေတာပါ။ ဒဂုံတာရာလဲ စစ်တွင်းက ဗိုလ်ရာထူးရဘူးတယ်။ ရုံးမသွားတာပဲ။

  2. ကိုဘိုဘို…ခင်ဗျာ…

    တစ်ပတ် တစ်ပတ်..အာအက်ဖ်အေမှာ ပြောတာတွေက တိုသလိုပဲ…။ (ဖတ်ရတာ အားမရလို့။း)

    ကိုဘိုဘို ပြော/ဟော ခဲ့တဲ့ အပတ်စဉ် ထုတ်လွှင့်ထားတာတွေကို အသံဖိုင်နဲ့ ဘယ်လို ယူလို့ ရနိုင်မလဲ ဗျ.။ အဆင်ပြေရင် အဲဒီ အသံဖိုင်တွေ ရချင်တယ် ဗျ။ လုပ်ပါဦး….။(ကျုပ် ရွာက အပေါင်းအသင်းတွေကို နားထောင်စေချင်လို့ပါ )။

    ရိုသေစွာဖြင့်

  3. 4 bobolansin

    ငါးမိနစ်ထဲမို့း) မလုပ်ပါနဲ့ ဆရာရယ် အသံက မကောင်းလို့ သိချင် အစမ်းတင်ပေးပါ့မယ်

  4. 5 soezeya

    အဲဒါနဲ့များ ၀ီလျှံလေးဆိုပြီး လုပ်နေကြသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ သဘောထားကြီးကြီး ပြန်စဉ်းစားကြည့်ရင်တော့ ဗြိတိသျှ ဘုရင်မျိုးဆက်ဟာ ဓားပြအကြီးစားကြီးတွေပဲ

    • 6 bobolansin

      လူလည်ကြီးများပေါ့ ဆာစိုးရယ်း) ကိတ်လေးတော့ သနားပါ

    • 7 TharPhyu

      ဆြာတို့လဲ အိုဝင်လေး ရွန်းနီလေး ဆိုလုပ်နေကြတာပဲ…

  5. မြန်မာအစကျောက်ဆည်ကတဲ့ ခေတ်သစ်သုတေသနတွေကြောင့်
    ပြည်သူအကြား ဂယက်ရိုက်ပုံတွေကို ပြောပါ့မယ် ။ ဆိုလို့စိတ်ဝင်စားပါတယ် ။
    (၁)မြန်မာအစ တကောင်းက
    (၂) မြန်မာအစ ကျောက်ဆယ်က
    (၃) ပျူစစ်လျင်မြန်မာ
    ချစ်စံဝင်းတို့က (၁)မြန်မာအစ တကောင်းက ကိုတင်နေကြတယ် ။ လုစ် အဆို (၂) ကို ဒေါကိတာ သန်းထွန်း က လိုက်တယ် ။( ဆန့်ကျင်တဲ့ မြန်မာမျိုးချစ် ပညာရှင် ကြိးတွေလဲတော်တော်များသား )။(၃)ပျူစစ်လျင်မြန်မာ လို့ ဘုန်းတင့်ကျော် ကရေးပြန်ရော ။ ဆရာကြိး ဒေါက်တာသန်းထွန်းက ငါဒီမှာဟေ့ လို့ အော်လိုက်ခြင်သည် ဆိုပြန်တော့ ပျောက်နေတဲ့ပျူ နဲ့ တရုတ်ပြည်က မြန်စု တွေ နှောပြိး မြန်မာဖြစ်လာတယ်လို့ လက်ခံရမလိုလို ။ ဒေါက်တာတိုးလှ တို့က လက်ရှောင်နေတယ်လို့ထင်တယ် ။ လုပ်ပါဦးဗျာ ။

  6. 10 bobolansin

    It’s not my area but I’ll try to draw an outline observation. Thanks for interest.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: