နဂါးနီဆိပ်တက်ခြင်းနှင့် စစ်အေးတံခါးခေါက်ချိန်

08May11

ပုံ sonata-cantata.blogspot.com မှ

ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံခြားမုန်းတီးရေးစိတ်အခံဆိုရှယ်လစ်ဝါဒကို ဖန်စီရင်ခြင်း ၁၉၅၀ကျော်က မြန်မာ့တပ်မတော် ဝါဒဖြန့်မဂ္ဂဇင်းတစောင်ကို ပြန်ဖတ်ခြင်း (အဆက်)

ဒုတိယကမ္ဘာစစ်အပီး မြန်မာစာစောင် မဂ္ဂဇင်း ဒါဇင်နှင့်ချီ၍ အသစ်ထွက်လာသည်များအနက် အများစုမှာ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ပါတီစွဲမရှိစသည့် ဝါဒပေါင်းစုံ အဖွဲ့ပေါင်းစုံ၏ ဝါဒဖြန့်များဖြစ်လာကြသည်။ မြန်မာနိုင်ငံရေးကို နဂါးနီစာအုပ်များဖြင့် လူဖြစ်လာသော လက်ဝဲသခင်လူငယ်များက အုပ်စီးထားကြ၏။ မျိုးချစ်လက်ဟောင်းစာရေးဆရာကြီးများ၏စာမှာ အင်္ဂလိပ် ဂျပန်ကို တော်လှန်လာသော လူငယ်များ၏ ဝတ္ထုများလောက် လူငယ်ထုတွင်း ခေတ်မစားတော့။ စစ်ပီးစ မြန်မာစာပေနိုင်ငံရေး၏ သရုပ်သကန်မှာ အစွန်းရောက်အုံကြွနေသည့်အသွင်ရှိသည်။

လွတ်လပ်ရေးစခန်းကို နီးလာသည်နှင့်အမျှ နိုင်ငံရေးအုပ်စုများအကြား လွတ်လပ်ရေးအတွက် စေ့စပ်ဆွေးနွေးရေးနှင့် စစ်ဒဏ်ကြောင့် ထောင်းလမောင်းကျေနေသော တိုင်းပြည်ထူထောင်ရေးတွင် အကောင်းဆုံးနည်းကို ရှာရခက်လာသည်။ နစ်နီ နစ်ဖြူစသော ကွန်မြူနစ်ဂိုဏ်းကွဲချင်း၊ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်များစသည့် လက်ဝဲအုပ်စုများအကြား ပဋိပက္ခက ပိုလို့သာပြင်းထန်လာသည်။ စစ်တွင်း ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစုဖွဲ့ချိန်မှစ၍ ညီညွတ်မှုက စပြိုကွဲခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလမှထုတ်ကာ လွတ်လပ်ရေးရစ လအနည်းငယ်အတွင်း ကွန်မြူနစ်တော်လှန်ရေးစတင်ခဲ့ပီးနောက် လက်ဝဲညီညွတ်ရေးကြိုးပမ်းမှုများမှာ အရာမထင်ခဲ့ပေ။ ကရင်၊ မွန်၊ ရခိုင်နှင့်အခြားတိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းသည့် လက်နက်ကိုင်ထကြွမှုများကြောင့် ပြည်တွင်းစစ်မှာ အခြေအနေပိုဆိုးသွားခဲ့သည်။ တချိန်ထဲမှာပင် ဒေသတွင်း စစ်အေးတိုက်ပွဲကလည်း အရှိန်တက်လာသည်။

မြန်မာပြည် လွတ်လပ်ခါစမှာပင် အာရှတိုက်မှ ကိုလိုနီအင်အားကြီးများပြိုကွဲကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက်အုပ်စုတို့ ပေါ်ထွက်လာခြင်းဖြင့် စစ်အေးက တာထွက်ခဲ့သည်။ ထိုဖြစ်ရပ်များက လူငယ်လက်ဝဲစာရေးဆရာများကို ကိုလိုနီဟောင်းတို့လက်စွဲ အရင်းရှင်ဝါဒထက် ဆိုရှယ်လစ်ဝါဒသို့ တိမ်းညွတ်လာစေသည်။ စာပေစစ်တလင်းတွင်လည်း ဆိုရှယ်လစ်သရုပ်မှန်ဝါဒ၊ စာပေသစ် (၈) စသည့် လက်ဝဲစာပေလှုပ်ရှားမှုများကတဖက်၊ ဝါဒစွဲကင်းသည့်စာပေ၊ အရောင်မရှိသည့်စာပေစသည်တို့ကတဖက် သဘောတရားရေးနှင့် စာပေတိုက်ပွဲများ အဟုန်ပြင်းစွာဖြစ်ပေါ်ခဲ့သည် (၉) ။ အရှေ့အနောက်အုပ်စုကြီး ၂ ခုလုံး၏ သံတမန်လမ်းကြောင်းမှ ထောက်ပံ့မှုများလည်း မကင်းခဲ့ပါ။ (၁၀)

တပြိုင်ထဲမှာပင် နဂါးနီတိုက်ရှင်ဟောင်း ပထမဆုံးဝန်ကြီးချုပ် သခင်နုက ခေတ်စမ်းပညာရှိ ဇော်ဂျီ၊ ဦးသန့်စသူတို့အကူအညီနှင့် ပညာရေး၊ စာပေတို့မှ လူသစ်တည်၍ ပြည်သစ်ဆောက်ရန် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ၁၉၄၇ တွင် တည်ထောင်သည်။ အဖိုးတန်ပြည်ပစာပေများကို မြန်မာဘာသာပြန်ဆိုပီး စာပေဆုများပေး၍ စာကောင်းပေမွန်များကို အားပေးချီးမြှောက်ရန်ဖြစ်သည်။

အာရ်ပီ အာနော့တ်၏ ၁၉၀၅မှ ယနေ့ထိ ရုရှတော်လှန်ရေးသမိုင်းကျဉ်းကို လူမွဲတို့၏ထွက်ရပ်လမ်း (၁၁) ဟု ၁၉၃၈ က နဂါးနီအတွက် ပြန်ခဲ့ဘူးသော သခင်နုသည် ယခုအခါ လူထုအောင်သံကဲ့သို့ ကွန်မြူနစ်ဆန့်ကျင်ရေးပြဇာတ်ကို ရေးလေသည်။ သခင်နုသည် ပြဇာတ်ကို ကျောင်းသုံးစာအုပ်၊ ဟောလီးဝုဒ်ရုပ်ရှင်၊ အမေရိကန်ရုံတင်ပြဇာတ်၊ ဗကလေးကာတွန်းစသဖြင့် ပြည်တွင်းပြည်ပပြန့်နှံ့အောင် ကြိုးစားခဲ့သော်လည်း သူ့ချေပချက်များမှာ အခြေမခိုင်ရုံသာမက ခါးအောက်ထိုးသည့်အကွက်များမှာလည်း လူငယ်ထုအတွင်း မထိရောက်ဟု လက်ဝဲစာပေပညာရှင်မင်းလတ်က ဝေဖန်ဘူးသည်။ (၁၂)

ဘာသာပြန်စာပေအသင်းထုတ် အထင်ရှားဆုံး ကွန်မြူနစ်ဆန့်ကျင်ရေးစာတအုပ်မှာ အင်္ဂလိပ်စာရေးဆရာ ဂျော့အော်ဝဲလ်၏ တိရစ္ဆာန်ယာကို တို့ဗမာအစည်းအရုံးတည်ထောင်သူ စာရေးဆရာကြီးသခင်ဘသောင်း ၁၉၅၀ က ပြန်ဆိုသော ခြေလေးချောင်း တော်လှန်ရေး ဖြစ်သည်။ လက်ဝဲပညာတတ်များကြီးစိုးသော ၁၉၅၀ကျော်က မြန်မာပြည်တွင် သူတို့အားကျသော ဆိုရှယ်လစ်စနစ်ကိုဝေဖန်သည့် ထိုစာအုပ်မှာ လူကြိုက်မများခဲ့ပါ။ အမေရိကန်သံရုံးက ကွန်မြူနစ်ဆန့်ကျင်ရေးဝါဒဖြန့်အဖြစ် ရိုက်နှိပ်ဖြန့်ချိသည့်အခါ အထင်အမြင်က ကုန်းကောက်စရာမရှိတော့။ (၁၃)

ဗြိတိသျှနှင့် ဂျပန်တပ်များကို ဒုတိယကမ္ဘာစစ်တွင်း တောက်လျှောက်တိုက်ရင်း ကျစ်လစ်ခိုင်မာလာသော တပ်မတော်သည် (အာဏာရဆိုရှယ်လစ်အုပ်စုလွှမ်းမိုးမှုအောက်၌) စစ်တွင်း စစ်တန်းလျားတွင် သူတို့ကိုသဘောတရားရေးပို့ချခဲ့သော တောခိုကွန်မြူနစ်များ (၁၄)၊ တခါက တပ်တွင်းရဲဘော်(ဖြူ)များကို ၁၉၅၀ ကျော်နှစ်များ၌ ခုခံဆန့်ကျင်လာရသည်။ “တပ်မတော်ကိုဝေဖန်သည့် ကွန်မြူနစ်စာရေးဆရာများ၏ ဆောင်းပါး ကာတွန်းများလွှမ်းမိုးနေသည့် ရှုမဝကဲ့သို့ မဂ္ဂဇင်းများကို တန်ပြန်ရန်” (၁၅) တပ်မတော်သည် ကိုယ်ပိုင်စာပေမျက်နှာစာသစ်ဖွင့်လာရသည်။သို့သော် ရှုမဝပိုင်ရှင်ဦးကျော်မှာ နိုင်ငံရေးမစွက်သော စာသမားတဦးဖြစ်ပီး သူ့မဂ္ဂဇင်းကို ဝဲယာစာသမားတို့ စာပေနိုင်ငံရေးဆွေးနွေးရာစင်မြင့်အဖြစ်သာ ကြိုးပမ်းတင်ဆက်နေသူဖြစ်သည်။

(ဆက်ရန်)

(၈) ဒဂုန်တာရာ (၁၉၁၉ မွေး)သည် စာပေသစ်လှုပ်ရှားမှု၏ ပဲ့ပြင်သူဖြစ်ပီး ကွန်မြူနစ်ခေါင်းဆောင် သခင်ဗဟိန်း သခင်သန်းထွန်းနှင့် ဖဆပလခေါင်းဆောင်များ၏ မိတ်ဆွေရင်းလည်းဖြစ်သည်။ စစ်ရှေ့ခေတ် ကျောင်းသားလှုပ်ရှားမှုများတွင်လည်း ရှေ့တန်းကပါသည်။

(၉) A. Esche – ၂၀ ရာစုမြန်မာစာပေအစဉ်အလာနှင့် တိုးတက်မှုများ၊ အရှေ့တောင်အာရှစာပေ၊ မြန်မာ၊ ကမ္ဗောဇ၊ အင်ဒိုနီးရှား၊ လာအို၊ မာလာယု၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်စာပေများ၊ ဒေးဗစ်စမစ်သ် တည်းဖြတ် (ကာဇုန်တိုက်၊ ရစ်ခ်ျမွန်၊ ဗြိတိန်၊၂၀၀၀)၊ နှာ ၁၇။

(၁၀) ဦးသောင်း- သတင်းစာဆရာ၊ နှာ ၂၃။

(၁၁) http://www.zoellner-online.org/mlp1.pdf နဂါးနီစာအုပ်စာရင်းကြည့်ရန်

(၁၂) မင်းလတ်- “မြန်မာစာပေ ပင်မရေစီး၊ ပြိုပျက်သွားသော ရောင်နီဦး ”၊ နျူးအိုရီရင့် နှစ်လတကြိမ်ထုတ် တွဲ ၃၊ မှတ် ၆ (၁၉၆၂)၊ နှာ ၁၇၃။ အင်္ဂလိပ်ဘာသာဖြင့် အမေရိကန်ပြည်ထောင်စုတွင် ၁၉၅၇ က ထုတ်ဝေသော ဦးနု၏ လူထုအောင်သံနှင့် စပ်လျဉ်း၍ မိုက်ကယ်ချာနီ၏ “လူထုအောင်သံ၊ စစ်အေးခေတ် ဦးနု မြန်မာပြည်”၊ သမိုင်းကြောင်းများ ဆက်သွယ်ခြင်း၊ ကိုလိုနီဖျက်ချိန်မှ စစ်အေးခေတ် အရှေ့တောင်အာရှ (၁၉၄၅-၁၉၆၂) ၊ ခရစ္စတိုဖာဂိုရှာနှင့် ခရစ်ရှန် သြစတာမန်တည်းဖြတ် (စတန်းဖို့၊ ကယ်လီဖိုးနီးယား၊ စတန်းဖို့တက္ကသိုလ်ပုံနှိပ်တိုက်၊ ၂၀၀၉) နှာ ၃၃၅-၃၅၅ ရှု။

(၁၃) အမ္မာလာကင် – လျှို့ဝှက်သမိုင်း၊ ဂျော့အော်ဝဲလ်ကို မြန်မာလက်ဖက်ရည်ဆိုင်တွင်ရှာခြင်း (လန်ဒန်၊ ဂျွန်မာရေး၊ ၂၀၀၄)၊ နှာ ၈၉။

(၁၄) ရောဘတ်တေလာ- မြန်မာနိုင်ငံတော် (လန်ဒန်၊ စီဟာ့စ်၊၂၀၀၈) ၊ နှာ ၂၃၆။ တပ်တွင်းသဘောတရားသင်တန်းများမှာ စစ်ဝန်ကြီး ဂျင်နရယ်ဗိုလ်ချုပ်ကြီးအောင်စန်း၏ သဘောတူညီမှုဖြင့်ပေးခြင်းဖြစ်သည်။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသည့် ဆိုရှယ်လစ် စစ်ဗိုလ်များက မထောက်ခံကြပါ။ ရဲဘော်ဖိုးသံချောင်း၊ စစ်တပ်နှင့်နိုင်ငံရေး (နျူးဒေလီ၊ စတာဒီဒက်စ်တိုက်၊ ၂၀၀၆)၊ နှာ ၁၀ ရှု။

(၁၅) မေရီကယ်လ်ဟန်- ရန်မွေးခြင်း၊ နှာ ၁၈၃။



No Responses Yet to “နဂါးနီဆိပ်တက်ခြင်းနှင့် စစ်အေးတံခါးခေါက်ချိန်”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: