ရာဇဝင်ကို ကာကွယ်ခြင်း ၁၃

12May11

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ။ ပါတော်မူချိန်က မြန်မာနန်းတွင်းမှတ်တမ်းတွေ နယ်ချဲ့တပ်တွေရဲ့ ဖျက်ဆီးခံရတာကို အရင်အပတ်က ပြောခဲ့ပါပြီ။ ဒီလိုဖျက်ဆီးခံခဲ့ရပေမယ့်လဲ မြန်မာမျိုးချစ်တွေက မာန်မလျှော့ခဲ့ကြ ပါဘူး။ ဝန်ထောက်ဦးမောင်မောင်တင်၊ ကန္နီစစ်ကဲတော်မင်း စတဲ့ မြန်မာပဒေသရာဇ် အဆက်အနွယ် တွေက သူတို့လက်လှမ်းမီရာ အထောက်အထားတွေကိုသုံးစွဲပြီး မြန်မာရာဇဝင်တွေ ဆက်လက် ပြုစု ခဲ့ကြပါတယ်။
ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီးဟာ မင်းတုန်းမင်း လက်ထက် က ထပ်မံ ဖြည့်စွက်ခဲ့တဲ့ မှန်နန်းရာဇဝင် ၂ တွဲကို ပါတော်မူချိန်ထိ နန်းတွင်းမှတ်စုတွေနဲ့ ဆက်ရေး ထားတာပါ။ ရာဇဝင်ဟောင်းတွေကို ပြုပြင်ရေးသားတာတွေများပြီး အချက်အလက်အသစ် ၊ ရှုဒေါင့်အသစ် မပါလှ ပါဘူး။ ဒါပေမဲ့လဲ မြန်မာရှေးရိုးရာဇဝင်ဆရာတွေဟာ အုပ်စိုးသူလူမျိုးခြားတွေ အလိုကျ မြန်မာတွေနဲ့ မြန်မာဘုရင်တွေကို နှိမ်ချရေးတဲ့ ရာဇဝင်သစ်တွေကို တန်ပြန်ထိုးစစ်ဆင်ရာမှာ တာဝန်ကျေခဲ့တယ်လို့ ပြောရမှာပါ။ ကန္နီစစ်ကဲကြီးစကားနဲ့ဆိုရရင် – အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံမှ အမိန့်တော်၊ ကျောက်စာ၊ နေ့စဉ်အမှတ်အသားစာတမ်းများကို ရွေ့ပြောင်းယူဆောင်သွားသည်ကို တွေ့မြင်နေရ သဖြင့် နှောင်းလူများ မြန်မာ့သမိုင်းကို ဘာမှမသိလိုက်မှာစိုးသဖြင့် ရေးသားခဲ့ရခြင်းဆိုတဲ့ သက်ဆက် ရာဇဝင်တွေပါ။

ဒီ့နောက် ၂၀ ရာစုဦး ဘာသာရေးလှုပ်ရှားမှုတွေကတဆင့် မြန်မာနိုင်ငံရေး တခေတ်ဆန်းလာတော့ ခေတ်ပညာတတ် မြန်မာလူငယ်တွေရဲ့ ရာဇဝင်သစ်တွေေ ပ်ါထွက်လာပါတယ်။
ဦးဘသန်း၊ ဦးဖိုးကျား စတဲ့ လူငယ်တွေဟာ လောကဓာတ်ပညာလို့ခေါ်တဲ့ ကောလိပ်သိပံ္ပကျောင်းတွေက ဘွဲ့ရပညာတတ် တွေဖြစ်တယ်။ မျိုးချစ်စိတ်နဲ့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်စိတ်ပြင်းပြတဲ့ လူငယ်အသိုင်းအဝိုင်းမှာ ပေါက်ရောက်သြဇာညောင်းတဲ့ ကျောင်းဆရာတွေ၊ အမျိုးသားပညာဝန်တွေ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ကျောင်းသားအခွင့်အရေးတိုက်ပွဲတွေမှာလဲ
ပါဝင်သူတွေပါ။ ဦးဖိုးကျားဆိုရင် အမျိုးသားကျောင်းတွေ ထူထောင်ရာမှာ ဦးဆောင်ခဲ့သူဖြစ်လေတော့ နယ်ချဲ့အမြင်နဲ့ရေးတဲ့ ရာဇဝင် တွေက ကျောင်းသင်ရိုးတွေကတဆင့်
လူငယ်ကျောင်းသားတွေအပေါ် သြဇာလွှမ်းတာကို မြင်တဲ့ အတွက် ခေတ်အမြင်နဲ့ရေးတဲ့ မြန်မာရာဇဝင်တွေ ရေးဖို့အားထုတ်ပါတယ်။

သူရေးတဲ့ အစောပိုင်းစာတအုပ်က ၁၉၂၃ က ပြုစုတဲ့ ဦးထွန်းရှိန်အတ္ထုပ္ပတ္တိပါ။ ဒါဟာ မြန်မာစာပေမှာ ပထမဆုံးပေါ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိလဲဖြစ်ပါတယ်။ ဦးထွန်းရှိန်ဟာ
မြန်မာပြည် မှာ လူထုပေါ် သြဇာညောင်းတဲ့ အစောဆုံး နိုင်ငံရေးသမားတယောက်လဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ၁၈၈၁ က မြန်မာပြည်မှာ အစောဆုံးပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့ ကရင်အမျိုးသားအဖွဲ့ (ကေအန်အေ) က ခေါင်းဆောင်တွေရဲ့ ကရင်နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျနော်သေချာမသိလို့ပါ။ ဆာစံစီပိုး၊ ဦးလူနီ စတဲ့ ကရင်လူကြီးတွေရဲ့ နိုင်ငံရေးသြဇာကလဲ ကရင်မျိုးချစ်စိတ်၊ ကရင်အမျိုးသား ရေး လက္ခဏာ ပေါ်ထွက်လာရေးမှာ အများကြီးအရေးပါပါတယ်။

ဦးဖိုးကျားရဲ့ ခေတ်မီမြန်မာရာဇဝင်အကျဉ်းချုပ်၊ မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ၊ သီပေါမင်း ပါတော်မူ အရေးတော်ပုံစတဲ့ သမိုင်းစာအုပ်တွေက လွတ်လပ်ရေးတိုက်ပွဲဝင်မျိုးဆက်တွေအတွက် အားတိုးဆေး တွေပါ။ ရေးနည်းရေးဟန်မှာ ခေတ်အလိုက် ဝါကျတိုတိုနဲ့ နိုင်ငံလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ အသုံးအနှုန်း စကားလုံးတွေကြောင့် ခေတ်အဆက်ဆက်
နယ်ချဲ့ဆန့်ကျင်ရေး နဲ့ မြန်မာ အမျိုးသားရေးစိတ်ဓါတ် လှုံ့ဆော်လိုတဲ့ နိုင်ငံရေးအာဏာရတွေ က ဒီစာတွေကို ထုတ်သုံးလေ့ ရှိပါ တယ်။ မြန်မာ့ရာဇ၀င်သမိုင်းတွင် လက်ရုံးရည်၊ ပညာရည်၊ နှလုံးရည်တို့နှင့် ပြည့်စုံကြသော ပုဂ္ဂိုလ်တို့ အကြောင်း မြန်မာ၊ မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း တိုင်းရင်းသားစုံတို့၏ သမိုင်းမှတ်တမ်းများမှ ထုတ်နုတ်ထားပြီး အကြောင်းအရာများကို
ရှင်းလင်းလွယ်ကူစွာ ပုံဝတ္ထုဇာတ်လမ်းသဖွယ် ဖတ်ချင်အောင် စိတ်တက်ကြွအောင် ရေးသားထားတယ်။ ပျူစောထီး၊ ကျန်စစ်သား၊ ရှင်ဒိသာပါမောက်၊ ငတက်ပြား၊ စလေဦးပုည၊
မဟာဗန္ဓုလ၊ ရခိုင်မင်းထီး၊ ကရင်ခေါင်းဆောင် ထော့မဲဖ၊ ဒွေးမယ်နော်၊ မွန်အမတ် လဂွန်းအိမ်၊ မွန်ပညာရှိ အမတ်ဒိန်စတဲ့ ပုဂ္ဂိုလ်ကျော်တွေအကြောင်းပါ။ အားနည်းချက်ကတော့
မြန်မာမျိုးချစ်စိတ်ကို အသားပေးလှုံ့ဆော်တဲ့အတွက် နယ်ချဲ့ဆန့်ကျင်ရေးအရှိန်တက်ကာ မြန်မာသွေးကြွလွန်းတာပါပဲ။ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေကို မြန်မာစိတ်ကြွလာအောင်တော့ လှုံ့ဆော်မပေးနိုင်ဘူးလို့ ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးခေတ်ရာဇဝင်အရ မြင်ပါတယ်။ ဦးဖိုးကျားရဲ့ စာတွေနဲ့ ပတ်သက်လို့ ကွယ်လွန်သူ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက ဦးဖိုးကျားစာတွေနဲ့
ကြီးပြင်းခဲ့တယ်။ သူရေးတာတွေ အကုန် မမှန်ဘူးလို့ ခုမှသိတယ်။ အခြေခံမမှန်တော့ အခု အနေအထိုင်ပုံစံတွေ မမှန်ဘူးထင်တယ်လို့ ငါပြောချင်သမျှငါ့အကြောင်း ဆိုတဲ့ စာအုပ်မှာ
ရေးဖူးပါတယ်။ ဦးဖိုးကျားဟာ ပညာတတ်စာရေးဆရာ၊ ပညာရေးဗိသုကာဆိုပေမယ့် သမိုင်းပညာရှင်မဟုတ်ဘူးဆိုတာတော့ သတိပြုမိကြမှာပါ။

သူ့လိုပဲ ထင်ရှားတဲ့ သမိုင်းရေးသူကတော့ မော်လမြိုင် မဟာဗုဒ္ဓဃောသကျောင်းအုပ်ကြီး ဦးဘသန်းရဲ့ ကျောင်းသုံးမြန်မာရာဇဝင်ပါ။ ဦးဘသန်းစာအုပ်ဟာ သမိုင်းအမြင်မှာ ဦးဖိုးကျားထက်
ပိုမျှတပြီး နယ်ချဲ့ ဆန့်ကျင်တဲ့လေသံ မပြင်းထန်ဘူးလို့ ထင်ပါတယ်။ ဦးဘသန်းဟာ သခင်ကိုယ်တော်မှိုင်းနဲ့ မိတ်ဆွေ ရင်း မို့ အဲဒီတုန်းက ရန်ကုန်ပြန်ရောက်လာတဲ့ သီပေါမင်း မိဘုရားခေါင်ကြီး
စုဘုရားလတ်ဆီ ဝင်ထွက် ခစားပြီး ရာဇဝင်ဖတ်ပြလေ့ရှိတယ်လို့ သိရပါတယ်။ ဦးဘသန်းရာဇဝင်ဟာ မြန်မာတိုင်းရင်းရာဇဝင်ကြီးတွေသာမက ဟောလ်၊ ဟာဗေးစတဲ့ ကိုလိုနီပညာရှင်တွေရဲ့
ရာဇဝင်သစ်တွေကိုပါ ကိုးကားတာပါ။ ပီးတော့ ခေတ်အမြင်သုံးသပ်ခြင်းဆိုတာကို ဖော်ပြနိုင်အောင် အားထုတ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာရာဇဝင်ကို မင်းစဉ်မင်းဆက်သာမက
နိုင်ငံတော်ကြီးတွေနဲ့ပါ ချီပီးရေးတယ်လို့ ပါမောက္ခ ထွန်းအောင်ချိန်က သုံးသပ်တာလဲ တွေ့ပါတယ်။ ဒီနိုင်ငံတော်အမြင်ကို မြန်မာရာဇဝင်မှာ ဦးဘသန်းစသွင်းလာခဲ့သလား မသိပါ။

ဦးဖိုးကျားရော ဦးဘသန်းပါ ဆရာလွန်း၊ ဆရာပွားစတဲ့ မြန်မာပညာရှိကြီးတွေဆီမှာ ရာဇဝင်ကျမ်းဂန်စာပေတွေ နည်းယူဆည်းပူးခဲ့ကြသလို ဦးဖိုးကျားဆိုရင်လဲ သူ့ခေတ်မှာ
မြန်မာစာပေကိုဦးဆောင်နိုင်တဲ့ ပညာရှိပုဂ္ဂိုလ်ကျော်ဖြစ်လာပါတယ်။ ဦးဘသန်းရဲ့ ထင်ရှားတဲ့တပည့်တွေကတော့ သိပ္ပံမောင်ဝ၊ အီးကဖေးဦးညွန့်တို့ပါ။

၁၉၃၀ ကျော်က ထွက်ခဲ့တဲ့ တခြားနန်းတွင်းမှတ်တမ်းတွေကလဲ မြန်မာလူထုရဲ့ သမိုင်းအမြင် နိုင်ငံရေး အမြင်ကို အများကြီးလွှမ်းမိုးပါတယ်။ အထင်ရှားဆုံးက နောက်ဆုံးဘုရင် သီပေါမင်းရဲ့ စတုတ္ထ သမီးတော်ပြုစုတဲ့ အရေးတော်ပုံစာတမ်းပါပဲ။ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို မတရား သိမ်းပိုက်ခဲ့ပုံ၊ နန်းတွင်း အဖိုးတန်ပစ္စည်းတွေကို ခိုးဝှက် ဖျောက်ဖျက် ယူဆောင်သွားကြပုံ၊ သီပေါမင်း အပါအ၀င် ပါတော်မူမိသားစုကို မစို့မပို့ ထောက်ပံ့စာပေး အကျဉ်းချထားပုံတွေကို အင်္ဂလိပ်ဘာသာနဲ့ ရဲရဲဝံ့ဝံ့ ရေးပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးနဲ့ ကမ္ဘာ့အစိုးရတွေဆီ ပို့ခဲ့တဲ့ အာဏာဖီဆန်ရေးစာတမ်းပါ။
ဒီစာတမ်းကြောင့် မင်းသမီးကို ထောက်ပံ့ကြေးတွေဖြတ်ပီး မန္တလေးကနေ မော်လမြိုင်ကို နတ်ရွာစံ တဲ့အထိ ပို့ပစ်ခံရတဲ့အတွက် မြန်မာလူထုကြားမှာ ကရုဏာဒေါသ မျိုးချစ်စိတ်တွေ
လှုံ့ဆော် ပေးခဲ့တဲ့စာအုပ်ပါ။ မင်းသမီး မော်လမြိုင်ကို ကြွတဲ့လမ်းမှာ ပဲခူးဘူတာကို ဝင်တဲ့အခိုက် မြန်မာ သတင်းစာကြီးတွေက သတင်းထောက်အမျိုးသမီးတွေစေလွှတ်ပီး အခစားဝင်
သတင်းယူစေတဲ့အထိ အများပြည်သူစိတ်ဝင်စားတဲ့ စာအုပ်လဲဖြစ်ပါတယ်။

ရှေ့အပတ်မှာတော့ စစ်မတိုင်ခေတ် စာနယ်ဇင်းတွေက ရာဇဝင်ဆောင်းပါး၊ ဝတ္ထုတွေကနေ လွှမ်းမိုးပုံကိုပြောပါ့မယ်။



No Responses Yet to “ရာဇဝင်ကို ကာကွယ်ခြင်း ၁၃”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: