ဆေးဆိုးပန်းရိုက်နှင့် အားလုံးမနိပ်ပါခင်ဗျား

19May11

ဆရာပါရေးတဲ့အထဲမှာ ဦးသိန်းဖေမြင့်ဟာ အရေးခံပုဂ္ဂိုလ်ကို အားလုံးကောင်းပါသည်ခင်ဗျားလို့ ဘယ်တော့မှ မရေးခဲ့ဘူးတဲ့။ နောက် လူထုဒေါ်အမာနဲ့ပတ်သက်ပီး ဒေါက်တာသန်းထွန်းမှတ်ချက်ချရာမှာ သူမကြိုက်ရင်သူမရေး ရေးသင့်တယ်ထင်မှရေးတယ်ဆိုတာပါတယ်။ ဒေါ်အမာ ဘာကြောင့် ဗိုလ်အောင်ဆန်းအကြောင်း ရေးမသွားလဲတော့ ခုထိမတွေ့မိဘူး။ အသတ်ခံရခါစက ဆရာကြီးရာဇတ်အကြောင်းရေးတာပဲတွေ့မိတယ်။ သူငယ်ချင်းချင်းမို့ အထင်မကြီးတာလား၊ နိုင်ငံရေးမကြိုက်လို့ပဲလားမသိပါ။ ဒေါက်တာသန်းထွန်းကလဲ သခင်ကိုယ်တော်မှိုင်းနဲ့ပတ်သက်ပီး အထူးတလည်ရေးသားတာပဲတွေ့မိတယ်။ သေချာတာက ဗိုလ်အောင်ဆန်း နောက်ဆုံးပေါင်းသင်းသွားတဲ့ နိုင်ငံရေးအုပ်စုလက်ချက်နဲ့ တိုင်းပြည်ပျက်တာ ခုချိန်ထိ လက်တွေ့ခံစားနေရတာပဲ။ ဒီအုပ်စုက သူတို့ကိုယ်ကျိုးအတွက် ပေါ့ပေါ့လျော့လျော့နေလို့ သေတဲ့ ဗိုလ်အောင်ဆန်းတို့တသိုက်ကို အာဇာနည်ဖြစ်အောင် မြှောက်ပီး ညာစားနေကြတာပဲ။ နောက်မှ သမီးက သူတို့ကို ကဏ္ဋကောစလုပ်ခါမှပဲ။ အခုလဲ သမီးထမီစခိုနေတဲ့ အတိုက်အခံနဲ့ မီဒီယာဆိုတာတွေက ဒလိုင်လားမားလက်သစ်မွေးနေတာ အနှစ် ၂၀ ကျော်ပါပီ။ ချော်ပီးရင်းချော်နေကြတုန်း။

ပြောချင်တာက သိပ်အထင်ကြီးစရာမရှိတဲ့လူတွေအကြောင်းရေးရတာ တယ်မလွယ်တာပဲ။ အောက်က ဒဿနဝင်းဆိုလဲ အမေရိကမှာ ယေးလ်လိုနေရာက သင်ကြားလာပီး ယောက်ဖလို မဆလအောက် လျှိုဝင်သွားတာပဲ။ ဦးသက်ထွန်းရေးတာကတော့ မဆလတက်ပီး တက္ကသိုလ်ဌာန ၃ခုမှာ အပြောင်းအလဲဖြစ်မယ်မှန်းတဲ့အတိုင်း ဒဿနဆရာ ထိပ်ရောက်သွားတယ်၊ သူများမဟာဌာနတွေ အင်စတီကျု တက္ကသိုလ်ဖြစ်ချိန်မှာ ဥပဒေကတော့ ဌာနလေးဖြစ်သွားတယ်။ အနောက်တိုင်းသမိုင်းနဲ့တွဲတဲ့ နိုင်ငံရေးသိပ္ပံကတော့ ဆရာတွေပြုတ်ပီး ဖောင်ကြီးဖြစ်ရောတဲ့။ နောက်ဆုံး အဲဒိ သုံးဌာနပျက်တာပဲ အဖတ်တင်တယ်။

သာဓုအုပ်စုကတော့ အဖေလက်ထက်မှာ ပိုလုပ်ရဲတယ်၊ ခေတ်မီတယ်ပဲထင်တယ်။ ဦးသာဓုဟာ စာမှာတော့ ဘာမှမဟုတ်ပေမယ့် ရုပ်ရှင်မှာတော့ တော်တော်ရှေ့ပြေးတယ်။ သားထဲမှာတော့ မင်းလူဟာ နောက်ဆုံးထုတ်စာအုပ်မှာ ပေါတာထပ်နေတာကလွဲရင် တော်တော်ကောင်းပါတယ်။ သုမောင်ကတော့ သူ့အကြောင်းသူစာလုပ်ရေးတဲ့ ဒုတိယသော်တာဆွေ ဒုတိယဦးရန်အောင်ပေါ့။ ကောင်းတဲ့ဟာလဲကောင်းပါတယ်။ မောင်ဝဏ္ဏ ကတ္တီပါဖိနပ်စီးကိုတော့ မောင်သာရလက်ရာမို့ တော်တော်လုပ်ပြထားမယ်ထင်တယ်။ မကြည့်ဘူးပါ။ သူတို့သားအဖက မြတ်မွန်နဲ့ တော်တော်အကျိုးပေးပါတယ်။

သူလိုကိုယ်လို ဒဿန ဆရာတပည့်

(၁)

ဒေါက်တာခင်မောင်ဝင်းနှင့် မောင်ဝဏ္ဏတို့ ကျန်းမာရေးအခြေအနေ မကောင်းလှဟု သတင်းကြားကတည်းက နာရေးသတင်းအတွက် ရသမျှ စုဆောင်း ပြင်ဆင်ထားမိပါသည်။ ဆရာခင်မောင်ဝင်း ဆုံးသည့်ညမှာပင် အတ္ထုပ္ပတ္တိ အကျဉ်းကို လွန်းထားထား အဖိုးယောက္ခမ သခင်ကျော်စိန်-ဒေါ်မိမိကြီးတို့ ပြည်သူ့စာပေတိုက်က ၁၉၆၁ ထုတ် Who’s Who in Burma နှင့် myanmarbookshop စသည့် အင်တာနက် အထောက်အထားများ သုံးကာ မဇ္ဈိမအတွက် ဤသို့ ပြင်ဆင်ခဲ့ပါသည်။

“ဒဿနဝင်း ကွယ်လွန်’’ ဆိုသည့် ခေါင်းစဉ်ဖြင့် ယခုလ ၉ ရက်နေ့ ရက်စွဲ တပ်ခဲ့သည်။ ထို့နောက် …

မဆလခေတ် ပညာရေးဝန်ကြီးနှင့် သံအမတ်ကြီးဟောင်း ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) ရန်ကုန်မြို့တွင် အသက် ၈၁ နှစ် အရွယ် ဇန်နဝါရီ ၉ ရက်၌ ကွယ်လွန်သည်။ မကွယ်လွန်မီ နှစ်ပိုင်းအထိ ဝင်ဆာ (ရှင်စောပု) လမ်း သံတမန်ကျောင်း ကောလိပ်အကြိုသင်တန်း (Pre-Collegiate Program) တွင် ၇ နှစ်ကြာ ဒဿနိကဗေဒကို ပို့ချပေးခဲ့သည်။

မန္တလေး လက်ဆည်ကန်ရပ်တွင် ၁၉၂၉ အောက်တိုဘာ ၇ က မွေးပြီး သမ္မတဟောင်း ဒေါက်တာမောင်မောင်၏ ယောက်ဖဖြစ်သည်။ Some philosophical problems in contemporary Burma : a study in the comparative philosophy of culture စာတမ်းဖြင့် ၁၉၅၈ တွင် ယေးလ်တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိသည်။ ၁၉၅၃ မှစ၍ ရန်ကုန်တက္ကသိုလ် သဘာဝတ္တဗေဒနှင့် တက္ကဗေဒဌာန (နောင် ဒဿနိကဗေဒဌာန) တွင် နည်းပြမှ ပါမောက္ခထိ တာဝန်ထမ်းခဲ့ပြီး မန္တလေးဆောင် အဆောင်မှူးလည်းဖြစ်ခဲ့သည်။ ၁၉၇၂ တွင် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ၁၉၇၄ တွင် ပညာရေးဝန်ကြီး ၊ ၁၉၈ဝ မှ ၁၉၈၉ ထိ ပြင်သစ်နှင့် အိန္ဒိယ၊နီပေါတွင် မြန်မာသံအမတ် (၁၉၈ဝ-၁၉၈၉) တာဝန်များ ထမ်းဆောင်ခဲ့သည်။

အသုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုကို ဦးစီးခဲ့ပြီး ဒေသကောလိပ်နှင့် တက္ကသိုလ် စာပေးစာယူတန်းများ ဖွင့်လှစ်ရေးကို အစပျိုးခဲ့သည်။ သူ ဝန်ကြီးဖြစ်ချိန် ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်စသည့် ကျောင်းသားအုံကြွမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၈၂ တွင် နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်) ချီးမြှင့်ခံရသည်။ ၁၉၉၉ မှ ကွယ်လွန်ချိန်ထိ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ဌာန ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ပါရဂူကျမ်းစာများကို ကြီးကြပ်ပေးခဲ့သည်။

အခြေခံ ယုတ္တိဗေဒစာအုပ် (ဆန်းလွင်နှင့်တွဲ၍) ၊ လူ၊ ကိုယ်ကျင့်တရားနှင့် ဒဿနရှုထောင့် (၁၉၉၈)၊ အတွေးသစ်ကို ဖန်တီးခဲ့သူများ (၂ဝဝ၆)၊ အနောက်တိုင်းဒဿနဗေဒကို မြန်မာ့မျက်စိဖြင့် ကြည့်ခြင်း (၂ဝဝ၈)၊ ကျွန်တော် နားလည်သော အရှေ့တိုင်းအတွေးအခေါ် (၂ဝ၁ဝ ဒီဇင်ဘာ) စသည့် စာအုပ်များ ရေးသားခဲ့ကာ အင်္ဂလိပ်ဘာသာဖြင့် The Psychology of the Burmese Language, Logical Positivism စသည့်စာတမ်းများ ပြုစုခဲ့သည်။ ဇော်ဂျီ၏ ပလေးတိုးနိဒါန်းကို တည်းဖြတ်ပေးခဲ့သည်။

နိုင်ငံခြားသားနှင့် ခရစ်ယာန်ဘာသာဝင်များ ကြီးစိုးရာ ဒဿနိကဗေဒဌာနတွင် ဗုဒ္ဓအတွေးအခေါ်နှင့် ရိုးရာအမြင်များ လေ့လာရေးကို လမ်းထွင်ပေးခဲ့သူတဦး ဖြစ်သည်။ မြန်မာစာပေလောကတွင် ထင်ရှားသော အခြား ဒေါက်တာခင်မောင်ဝင်း (သင်္ချာ၊ အသည်း) တို့နှင့် ကွဲပြားစေရန် သူ့ကို ဒဿနဝင်းဟု ခေါ်ကြသည်။ နန္ဒာသိန်းဇံ (ပါမောက္ခ ဒေါက်တာသိန်းဇံ)၊ မောင်ကြည်သစ် (ပါမောက္ခ ဦးအေးကျော်)၊ ဒါရိုက်တာ မောင်ဝဏ္ဏ၊ မြင့်သန်း စသူတို့၏ ဆရာဖြစ်သည်။

အမေရိကရောက် မြေးတပည့်တယောက် ရေးသည့် အောက်မေ့ဘွယ်စာကိုလည်း ကျနော့ဘလောက်တွင် တင်ဆက်ခဲ့ပါသည်။ မန္တလေး ၁၅ဝ ပြည့် မဂ္ဂဇင်းထဲက ဦးခင်မောင်ဝင်းရေးသည့် “လက်ဆည်ကန်ရပ်တွင် ပြန်ရှာမတွေ့တော့သည့် မန္တလေးကို ကျနော် ရန်ကုန် မန္တလေးအသင်းတွင် ပြန်တွေ့ပါသည်” ဆိုသည့် စာသားကို ခဏခဏ ဆင်ခြင်ရင်း ရွှေပြည်တော်ကို တမိပေတော့မည်။

(၂)

နောက်နေ့တွင် ဆရာနန္ဒာသိန်းဇံကို ဆက်သွယ်မရ၍ ထိုသတင်း မတင်ဖြစ်ပါ။ နောက်ရက်တွင် မောင်ဝဏ္ဏပါ လိုက်သွားတော့သည်။ တမလွန်တွင် သူ့ဆရာကြီးနဲ့ ဖလော်ဆော်ဖီ နှီးနှောနေမလား၊ ညီ သုမောင်၊ ယောက်ဖတော် ဆရာအောင်ပြည့်တို့နဲ့ ရုပ်ရှင်ရိုက်ဖို့ လုပ်နေမလားတော့ မသိ။

မောင်ဝဏ္ဏ ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးခဲ့သော ဦးခင်မောင်ဝင်း ၈ဝ ပြည့် ကန်တော့ပွဲအကြောင်း အထီးကျန်လွတ်မြောက်မှု ဆိုသည့် ဆောင်းပါးလေးပင် ဒဿနဝင်း ဆုံးချိန်က ကျနော့ facebook တွင် ပြန်တင်ထားမိသေးသည်။

“သေမှာ ကြောက်တယ်ဆိုတာတော့ လူတိုင်းရဲ့ ခံစားမှုပါ။ ကျနော် စိုးရိမ်နေတာက နာမှာကိုပါ။ နာမကျန်းဖြစ်ပြီး အတန်အသင့် ခံစားရတာက သဘာဝပါပဲ။ အိပ်ရာထဲ ပက်လက်လဲပြီး ဘာတစ်ခုမှ ကိုယ်တိုင်မလုပ်နိုင်တဲ့ နာနည်းမျိုးကို ကျနော် ကြောက်ပါတယ်” ။

ထိုစာကို ဖတ်မိတော့ မဆုံးခင် ကင်ဆာဝေဒနာ အတော်ခံသွားရရှာသော ဦးဝဏ္ဏနှင့် မိသားစု၏ ပရိဝေဒကို အတော်စာနာမိပါသည်။ ထိုစကားမျိုး ဒေါက်တာသန်းထွန်း ဆုံးစဉ်က အန်တီဒေါ်ခင်ရီကို ကျနော့အဖွား လူထုဒေါ်အမာ ပြောဖူးသည်ကိုလည်း ပြန်ကြားလာသည်။ အဖွားသည် မသေမီ ကျန်းမာရေး ကောင်းနေစဉ်ကတည်းက သေရင် လူမမာကြီး လုပ်မနေရဘဲ၊ မြန်မြန်သေချင်တယ် ဆိုသည့် စာမျိုး စကားမျိုး မကြာမကြာ ပြောဖူးရေးဖူးသည်။ သို့သော် လက်တွေ့တွင်တော့ မသေချင်သေးဟု အားတင်းထားဆဲမှာပင် ခန္ဓာနှင့် ဇရာက သူ့အလို မလိုက်ခဲ့ချေ။ နောက် အဖွားမဆုံးခင် တလလောက်က မောင်ဝဏ္ဏတို့ မိသားစု မန္တလေးလာရင်း ဝင်ကန်တော့စဉ်က အဖွားက သား ကိုဝဏ္ဏတို့ ဖတ်ဖို့ဟု လက်မှတ်ထိုးပြီး စာအုပ်လက်ဆောင် ပေးလိုက်သည့်အကြောင်း လက်မှတ်ပုံလေးနှင့်တကွ အလင်းတန်းဂျာနယ်တွင် မောင်ဝဏ္ဏရေးခဲ့သည်ကိုလည်း ပြန်စဉ်းစားမိပါသည်။

“ဒီနေ့မှာပဲ ကျနော်တို့ရဲ့ ဖလော်ဆော်ဖီ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းကို ရေဝေးမှာ သင်္ဂြိုဟ်ပါတယ်။ ဆရာကြီးက ၈၂ နှစ်ပါ။ မောင်ဝဏ္ဏကတော့ ဆရာ့နောက်ကို တပည့်လိုက်သွားပါတယ်။ ဆရာကြီးကို သင်္ဂြိုဟ်ပြီးလို့ ပြန်အထွက်မှာ မောင်ဝဏ္ဏရဲ့ အလောင်းက ရေဝေး ရောက်လာပါတယ်။ အင်မတန်မှ ရင်နင့်စရာကောင်းတဲ့ အဖြစ်ပါ။ ဒီလိုအဖြစ်မျိုး နောက်မကြုံပါရစေနဲ့လို့ ဆုတောင်းမိပါတယ်” ဆိုသော ဝီးကလီးအလဲဗင်းဂျာနယ်ပါ ချစ်ဦးညို (ဒဿနိက မဟာဝိဇ္ဇာ) ၏ စကားက အတော်ကြေကွဲစရာ ကောင်းပါသည်။ ဆရာတပည့် နာရေးအကြောင်း ဦးမြင့်သန်းဆီ ဆရာကိုတာ အီးမေးလ်ပို့ပြီးလောက်ပြီ ထင်ပါသည်။ ကျနော် အကြောင်းမကြားလိုတော့ပါ။

(၃)

မောင်ဝဏ္ဏ၏ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ၊ နှောင်းတမြေ့မြေ့၊ ခုနစ်စဉ်အလွမ်း စသည့် အချစ်အလွမ်းကားများကို မြန်မာ့ရုပ်သံက မကြာခဏပြဖူးသော်လည်း စိတ်တွင် သိပ်မစွဲလှပါ။ မဆလခေတ်က တက္ကသိုလ်နောက်ခံ အချစ်နဲ့ သစ္စာတရား ဇာတ်ကွက်မျိုးမှာ တက္ကသိုလ်တွေ ခေတ်ပျက်နေသည့် ၂၁ ရာစု အမြန်ခေတ်တွင် သိပ်လမိုင်းမကပ်ဟု ထင်မိသည်။ စိတ္တဇ ဇာတ်ရုပ် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကို ပြလျှင် ပိုစိတ်ဝင်စားမိမည် ထင်ပါသည်။

ဇာခန်းဆီးနောက်ကွယ်မှာကလည်း အေးအေးသင်းကို ပိတ်ထား၍ ပြမဖြစ်သေး။ ဓာတ်ခဲကို ကုလားကားဆန်သည် အောက်မေ့၍ မကြည့်ဖြစ်ပါ။ သူကိုယ်တိုင်လည်း ထိုကားလူကြိုက်များလွန်း၍ စိတ်ဓာတ်ကျသည်ဟု ဂျူနီယာဝင်း စာတွင် ဖတ်လိုက်ရသည်။ လွမ်းအောင် ရယ်တတ်သူကို သွားကြည့်စဉ်က ရေခဲမုန့်ကို ထန်းညက်နှင့် စားရသလို အီလည်လည်နိုင်လွန်းလှ၍ ယခု ပြည်သူ့ခေတ် အယ်ဒီတာချုပ်မှူးကြီး ဦးမော်လင်းတို့ လင်မယားနှင့် သမ္မတရုံထဲ ထိုင်ပြီး ရယ်လိုက်ငိုက်လိုက် လုပ်နေရသည်ကို သတိရမိပါသည်။

ဆရာက သူတို့ခေတ်ပုံစံ ဟဲဗီးဒရာမာ အရမ်းခံစားရသည့် ဇာတ်ရုပ်မျိုးကို ယခုခေတ် လူငယ်တွေနဲ့ သုံးပြလိုက်တာ ချော်သွားသလား ထင်မိပါသည်။ နောက်ဆုံးလက်ရာ ရင်နင့်အောင်မွှေးကတော့ ဝတ္ထုကို မမီနိုင်တော့ဟု ကြားရသည်။ ခေါက်ရိုးကျိုးနေသည့် အရွယ်လွန် စူပါစတားများနှင့် ရိုက်ရသည့် ဒုက္ခဟုသာ တွေးမိသည်။ ဘာပြောပြော ကုလားကားလို ရိုက်နေသော သက်ကြီးပု မြန်မာရုပ်ရှင်ပေါ်တွင် သူတို့မိသားစု ကျေးဇူးက ကြီးပါသည်။

“မောင်ဝဏ္ဏဟာ နံပါတ်တစ်၊ ဖလော်ဆော်ဖီကို တန်ဖိုးထားသူတဦး ဖြစ်တယ်။ ကျောင်းတုန်းကထက် အပြင်ရောက်သွားတဲ့အချိန်မှာ ပိုတန်ဖိုးထားတတ်သူ ဖြစ်တယ်။ နံပါတ်နှစ်က သူ့ကိုယ်သူ သူလိုငါလို သဘောထားတယ်။ သူ့ကိုယ်သူ သူလိုငါလို ခံယူထားတာက ကြည့်တဲ့သူရဲ့ အမြင်မှာ သူလိုငါလို မဟုတ်ဘူးဆိုတဲ့ အလွန်ကြီးကျယ်ခြင်းကို ပြန်မြင်စေတယ်…” ဟု ချစ်ဦးညို၏ သုံးသပ်ချက် ဖြစ်ပါသည်။

မောင်စိန်သောင်းနှင့် မနှင်းရည် ဝတ္ထုများ စာအုပ်ဈေးက စုစည်းထုတ်စဉ်က ဖတ်ကြည့်ကာ မစွဲလှပေ။ အရေးသွက်သည်ဟုသာ ခံစားမိသည်။ အကြိုက်တွေ့သည်က ချင်းတွင်းမဂ္ဂဇင်းထဲက သူလိုကိုယ်လို မောင်ဝဏ္ဏ အခန်းဆက်ဖြစ်သည်။ မြန်မာပြည်က လူ့ထိပ်သီးတို့ထုံးစံ ငါနှင့်ငါသာ နှိုင်းစရာဟု ဘဝင်နထင်ရောက်ပြီး တောရေးတောင်ရေးတွေ လုပ်လွန်းကြသော ခေတ်ပျက်ကြီးတွင် သူ့ဘဝကို ရိုးရိုးလေး လူတွေကြား ချပြရဲသော မောင်ဝဏ္ဏစာက ထူးနေတော့သည်။

ထို့ပြင် သူဖြတ်သန်းခဲ့သည့် ခေတ်ကာလနှင့် ဒေသတွေ၊ တွေ့ကြုံရသည့် လူတွေအကြောင်း သူမြင်သည့်အတိုင်း ဖောက်သည်ချပြသည်ကလည်း မဆလခေတ် လူမှုစီးပွားသမိုင်း လေ့လာသူများအတွက် တန်ဖိုးကြီးသည်။ စာပေလုပ်သားညီလာခံမှာ စာရေးဆရာတွေ “သောက်သောက်လဲ” ဖြစ်ကုန်သည်ဆိုသည့် နောက်ကြောင်းပြန်က ပြုံးချင်စရာ။ သို့သော် ဆရာက အရက်သောက် တေလေခဲ့သည့် အကြောင်းတွေကို အနုပညာသည်၏ ဘဝဟု အထင်ကြီးအောင် အမွှမ်းတင် ရေးသူမဟုတ်ပါ။ သားအရွယ် တူအရွယ် လူငယ်များ ဆင်ခြင်စရာ တွေးစရာတွေကိုလည်း စေတနာအပြည့်နှင့် ပြောထားခဲ့ပါသည်။

“ဆရာကြီး ဒေါက်တာ “ဦး” ခင်မောင်ဝင်း (ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ) က ” ခင်ဗျားက လောဂျစ်တို့၊ ဖလော်ဆော်ဖီတို့ကို လူများများ အသုံးချလို့ရအောင် ကြိုးစားတာ ကျနော် သိပ်ဝမ်းသာတယ်ဗျာ။ တကယ်က လူတွေအားလုံးဟာ နေ့တိုင်း တွေးနေကြတာပဲ။ နေ့တိုင်း လောဂျစ်တို့၊ ဖလော်ဆော်ဖီတို့ကို သုံးနေကြတာပဲ။ ဒါပေမဲ့ သူတို့သုံးနေတာက လောဂျစ်ပါ။ သူတို့တွေးနေတာ ဖလော်ဆော်ဖီပါလို့ သတိမထားမိကြဘူး။ ခင်ဗျားက အဲသလို သတိထားမိအောင် ရေးတဲ့အတွက် ကျနော် သိပ်ဝမ်းသာပါတယ်ဗျာ” လို့ ပြောပါတယ် ။ …” (မောင်ဝဏ္ဏ၏ အပျင်းပြေဖတ်ဖို့ ဖလော်ဆော်ဖီမှ)။

ယုဒသန်ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလှဘူး၊ ပါမောက္ခ ကေအင် ကား စသည့် ရှေ့ဆောင် မြန်မာဒဿန ဆရာများက ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်များနှင့် မှိုင်းဖုံးနေဆဲ မြန်မာစာတတ် ပြည်သူများကို အလင်းဖွင့် မပေးနိုင်ခဲ့သည့် တာဝန်ကို မိုးထဲရေထဲတွင် နိုင်သလောက် ထမ်းခဲ့သည့် ဒေါက်တာခင်မောင်ဝင်း၊ ဒေါ်မေတင်ထွတ်၊ ဒေါ်ခင်ဆက်ရီ၊ ဘရာသာဖေအောင်မှသည် ဆန်းလွင်၊ နန္ဒာသိန်းဇံ၊ မောင်ကြည်သစ်၊ မောင်ကိုသီ စသည့် မြန်မာ အတွေးအခေါ်စာရေးဆရာများကို လေးစားပါသည်။

“ဆရာကြီးပြောလေ့ရှိသည်မှာ ဆွေးနွေးခြင်းဟူသည် အဖြေတစ်ခုတည်းရရန် မဟုတ်ဟူလို။… ဆရာကြီးသည် ပညာကို လက်ဆင့်ကမ်းခဲ့ပြီ။ ကျနော်တို့မျိုးဆက်များအဖို့ကား ရှေးရှေးမျိုးဆက်တို့ထက် ပြန့်ပွား တိုးတက်အောင် လုပ်ဖို့ရန်တည်း။… သမုဒ္ဒရာဝမ်းတထွာအတွက် ပြေးရင်းလိုက်ရင်း မိမိတို့အတွက်ရော အများသူငါအတွက်ပါ တိုးတက်အောင်မြင်စေနိုင်သည့် ပညာလမ်းကို လျစ်လျူရှုထားရသည်မှာ ကြာလှပြီ။ သို့ဖြစ်လျှင်ကား ကြာလေလေ ဆုတ်ယုတ်လေဖြစ်ချိမ့်မည်။ မျိုးဆက်တဆက် လွန်လေတိုင်း နလပိန်းတုံးဘဝမှ လွတ်မြောက်ဖို့ ဝေးလေလေ ဖြစ်လိမ့်မည်။ ကျနော်တို့တတွေ တွေးခေါ်ရမည်။ ဆွေးနွေးရမည်။ ကျနော်တို့အနာဂတ်အတွက် နောက်နောင် မျိုးဆက်များအတွက် လုပ်ကြရမည်ကို အဟုတ်ပင် လုပ်ကြရပေလိမ့်မည် မဟုတ်ပါလော” (မောင်အောင်ကောင်း၏ ကျနော်တို့ တွေးခေါ်ရမည်မှ)



2 Responses to “ဆေးဆိုးပန်းရိုက်နှင့် အားလုံးမနိပ်ပါခင်ဗျား”

  1. 1 m

    I don’t really understand what you want to say

  2. 2 ထွန်း

    သမိုင်းအဆက်ပြတ်ပြီ စာမဖတ်ကြသော ကျနော်တို့မှာ အကောင်လိုက်ပြတောင်အရိပ်လောက်သာမြင်၏။
    သမိုင်းကြောင်းအစစ်ကို ဖတ်ခွင့်လည်းမကြုံ
    ဘာလုပ်ကြမည်နည်း။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: