သမဂ္ဂံ တပေါသုခေါ

20May11

မဆလလိုပဲ ဒီတခါလဲ ဒီမိုကရေစီစော်နံအောင် ဆိုင်ရာပိုင်ရာများ ကြိုးစားနေပါတယ်။ ထုံးစံအတိုင်း သာကူးနဲ့ လှေကြုံစီးများစာရင်းမှာ အရင် မဆလက ခတ်တိုင်းငန်တွေ ပြန်ပါလာတာ တွေ့ရတယ်။ အရေးအခင်းနဲ့ ပါတီထောင်တဲ့ခေတ်ကလဲ ဒီလူတွေပါပဲ။ မီဒီယာ၊ ပါတီ၊ အန်ဂျီအိုဆို ဝါးလုံးနင်းမိ ဝါးခြမ်းနင်းမိ ရှေ့ဆုံးကမောင်တွေပေါ့။

ပြည်သူ့ဘက်က အသံကောင်းဟစ်နေတဲ့ ဂျာနယ်ကြီးတစောင်ဆို ရွေးကောက်ပွဲကို ပေါ်တင်မဖားရဲတော့ စံချိန်မီ နိုင်ငံရေးသမားဆိုတာနဲ့ စဖွင့်ပါတယ်။ ပီးတော့မှ ရွေးကောက်ပွဲဂုဏ်ရည်တွေဆက်ပါတယ်။ မဆလလက်ကျန် ပါတီခေတ်ပါမီတဲ့ သတင်းအုပ်စုက ဦးစီးတာဆိုတော့ ကျီးအာသီးမှန်း ချက်ချင်းမသိဘူးပေါ့။ ခုတော့ ပြည်ပမျက်နှာဖြူများ တော်ကောက်တဲ့ ဈေးကွက်စဝင်နေပီကြားရတယ်။ ရှေ့လျှောက် ဖတ်စရာကောင်း ပေါင်မုန့်ထောပတ်သုတ်စာလေးတွေ ပိုပါအုံးမှာဘဲ။

အုတ်အရောရော ကျောက်အရောရောခေတ်မှာ ဖေ့စ်ဘွတ်၊ ဟစ်ဟော့ပ်တော်လှန်ရေးလဲဖြစ်ဖွယ်မမြင်ပါ။ ရှေ့မှာ သင်္ခန်းစာကောင်းတွေက အများကြီးရထားတော့ ဘေးဆီးရန်ကာ မင်းဘုရားများသနားတော်မူတဲ့ ညောင်ချင်းအိုနတ်ကွန်းမှာ ငတင့်တယ်တို့ မူးရူး ပျော်ပါးဘို့ပဲ ရှိပါလိမ့်မယ်။

(၁)

ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ၁၀၅ နှစ်ပြည့်သည့်သတင်း ဆောင်းပါးတပုဒ်တွင် ဖတ်လိုက်ရသည်။ အသင်းကြီးသည် ယခုအခါ လူအိုရုံတပိုင်းဘဝနှင့် ဆက်လှုပ်ရှားနေဆဲ။ ရွေးကောက်ပွဲတောခြောက်ချိန်က အသင်းခန်းမတွင် ရဲထွန်းဆိုသည့် နိုင်ငံရေးသမားက ငှားရမ်းမဲဆွယ်သည်ကြားလိုက်၍ ရင်ဘတ်နာလှသည်။ အသင်းထောင်သည့်ထဲက ဆာအမ်အေမောင်ကြီး (ရဲတပ်ဗိုလ်ချုပ်)နှင့် နန်းရင်းဝန်ဟောင်းဦးပုတို့မှာ ရွှေကျင်ဘက်က အဖိုး၏ ဦးကြီးများဖြစ်၍ သံယောဇဉ်ရှိသည်သာမက ကျနော့အဖွားဘက်ကလည်း မန္တလေးတွင် ဝိုင်အမ်ဘီအေထက်စောသော ဘိတ်အသင်းလှုပ်ရှားမှုမျိုးဆက်များဖြစ်၍ သက်တော်ရှည်လူမှုကူညီရေးအသင်းတသင်းအဖြစ် အာရုံပြုမိပါသည်။

ဝိုင်အမ်ဘီအေလက်ရှိဥက္ကဋ္ဌမှာ မိုးဒေဝါမလှရွှေ၊ စာရေးဆရာမ ဏီဏီယဉ်တို့ခင်ပွန်း မင်္ဂလာယဉ်ကျေးမှုအစ မင်္ဂလာဦးဘသန်းသမက်ဟောင်း ဦးဇော်ဝင်းဇော် (နိုင်ငံခြားရေးအရာရှိဟောင်း)ပင်ဖြစ်မည်ထင်ပါသည်။ ဝိုင်အမ်ဘီအေဥက္ကဋ္ဌ ဘယ်သူလဲဆိုတာ ဗုဒ္ဓဘာသာဝင်အများစုလွှမ်းမိုးသော တိုင်းပြည်က မသိတော့ပါ။ ထိုထက် ဝိုင်အမ်စီအေကဲ့သို့ လှုပ်ရှားဆောင်ရွက်မှုတွင် ကမ္ဘာနှင့်တန်းတူလိုက်သောအသင်းများ၏ လူမှု ယဉ်ကျေးမှုစက်ဝန်းထဲ ဗုဒ္ဓဘာသာဆိုသည့် လူငယ်များ ဝင်ရောက်ပါဝင်ဆောင်ရွက်နေကြချိန်တွင် ဝိုင်အမ်ဘီအေက ဆံပင်ရှည်ပြိုင်ပွဲ၊ ဘိုးဘွားပူဇော်ပွဲ၊ ဘာသာရေးစာပြန်ပွဲလောက်နှင့် တန်းကုန်နေအုံးမည်မှတ်ပါသည်။

ထိုထက် မြန်မာပြည်မှာ စစ်အာဏာသိမ်းကထဲက လူမှုအဖွဲ့အစည်းမရှိတော့၍ အရပ်ဘက်အဖွဲ့အစည်းတွေ အားသန်အောင် ပြည်ပက ကူညီရမယ်ဆိုသည့် အန်ဂျီအိုသမားများ၏ မိုးသံလေသံကလည်း ကြီးလှပါသေးသည်။ တကယ်က ဗိုလ်ချုပ်နေဝင်းခေတ် ဘာသာရေးမှလွဲ၍ အသင်းတော်တော်များများပျက်ကုန်သော်လည်း မြန်မာရပ်ရွာယဉ်ကျေးမှုအရ ရပ်ရွာလူကြီးများ၊ ဈေးသူဈေးသားအဒေါ်ကြီးများနှင့် ကာလသားသမီးအုပ်စုများ၏ လူမှုကွန်ယက်မျိုးက မဆလတခေတ်လုံး ချိနဲ့သွားသည်မဟုတ်ပါ။ ထိုအရပ်သားဓနသြဇာ မိတ္တဗလအားကိုသိသော အာဏာရလူတန်းစားကလည်း ပြည်သူပိုင်၊ ရာတန်စသည့် ပိုင်ဆိုင်မှုဓားပြအမျိုးမျိုး၊ မီးဘေးရေဘေး ဈေးဖျက်သိမ်းသည့်ဘေးစသည့် ဘေးပေါင်းစုံနှင့် ဖိနှိပ်ရုံသာမက လမ်းစဉ်လူငယ်၊ လမ်းစဉ်ပါတီအရံအင်အားစသည့် ဖဲ့ထုတ်စည်းရုံးသည့်နည်းများကို ယခုတိုင် ကျင့်သုံးဆဲဖြစ်သည်။

(၂)

အတိုက်အခံစော်နံသော နာရေးကူညီမှုနှင့်ပြိုင်၍ အလောင်းလုသည်ဆိုသော ကြံ့ခိုင်ရေးလက်ကိုင်ပြုအစိုးရက ပြည်ပအထောက်အပံ့ယူအန်ဂျီအိုများကို ပြည်တွင်းဝင်ခွင့်ပေးထားသည်ကလည်း တမျိုးတော့ဆန်းသည်ထင်ရသည်။ အတိုက်အခံနှင့် နိုင်ငံရေးမနွယ်သောအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးလမ်းကြောင်းကို စောင့်ကြည့်အကဲခတ်နေချိန်မှာပင် ဝန်ကြီးများသြဇာခံ ပညာရှင်ဆိုသူ အရာရှိပင်စင်စားများ၊ အရပ်သားဝန်ကြီးတချို့၏အမျိုးအဆွေများ၊ မဆလအမျိုးအနွယ်များ၊ အစိုးရသြဇာမလွန်ဆန်နိုင်သော ခေတ်ဟောင်းအရာရှိမျိုးနွယ်များစသည့်သူတချို့၏လှုပ်ရှားမှုများကိုတော့ အတော်လျှော့ပေါ့ပေးထားရုံမက ထိုသူများက အစိုးရ၏ပတ်ဝန်းကျင်ထိန်းသိမ်းမှုလျော့ရဲခြင်း၊ သယံဇာတပြုန်းတီးမှုများအပေါ် ပြည်တွင်းပြည်ပမီဒီယာများတွင် မှတ်ချက်ပေးဝေဖန်သည်တို့ကိုလည်း အတော်ဘေးမဲ့ပေးထားသည်ကို ဒီမိုကရေစီပြရုပ်တခုအဖြစ်တွေ့ရပြန်သည်။

ဘေးမဲ့ပေးဆို ဗိုလ်ချုပ်နေဝင်းခေတ်ကကဲ့သို့ ဘုန်းကြီးတွေထဲလဲ စီအိုင်အေကမွှေနေတာဘဲ၊ မန္တလေးက ရဟန်းပျို၊ ရန်ကုန်ကျားကျောင်းတွေမှာ သူတို့လက်ရာခြေရာတွေဟု ကြောက်လန့်တကြားနှင့် ရှိရှိသမျှ ဖောင်ဒေးရှင်း အကူအညီပေါင်းစုံကို ကန်တော့ဆွမ်းလုပ်လွှတ်စရာမလိုတော့ပါ။ မြန်မာပြည်အနီးတွင် ဘာစစ်မီးမှ တောက်မနေတော့သလို တဖက်က အိမ်နီးချင်းဆွေမျိုးပေါက်ဖော်ကြီးနှင့် စီးပွားကူးသန်းက သပိတ်ဝင်အိတ်ဝင်ဖြစ်နေပီမဟုတ်ပါလား။ တောင်ပေါ်က သူပုန်အုပ်စုတွေကိုရှင်းလိုက်လျှင် တရုတ်မှ ထိုင်းထိ အာစီယံလမ်းကြီးပေါက်တော့မည်မဟုတ်ပါလား။

ထိုသို့ စစ်အာဏာခိုင်နေချိန်တွင် ဟန်ပြဒီမိုကရေစီကြိုးဝိုင်းအဖြစ် ပြစရာ ပတ်ပတ်နပ်နပ်ရှိသည့် အန်ဂျီအို သာသနာပြု သတင်းဂျာနယ်စသည်တို့ကို သိမ်းသွင်းပျိုးထောင်ထားပီးလည်းဖြစ်သည်။ စာဖတ်သူတွေ စိတ်ထွက်ပေါက် အစိုးရကိုဆဲစရာမှတ်ချက်ပေးလို့ရသည့် သတင်းဂျာနယ်တွင် မည်သူ့ရှယ်ယာပါသည်ဆိုသည်က လွန်ခဲ့သည့် ၅နှစ်-၆နှစ်ခန့်ကထဲက မွှေးလှသည်။ အစိုးရကိုဖဲ့သည့် လက်ခုပ်ခြူသတင်းလေးများထဲ့လိုက် အစိုးရပေါ်လစီဘက် သိမ်းသွင်းသည့်အကျိုးပြုသတင်းမျိုးထဲ့လိုက်နှင့် အကွက်စေ့ပုံက ပေါ်တင်ဖားသည့် ဂျာနယ်တချို့နှင့် ကွာလှသည်။ နာဂစ်ကာလ အစိုးရကယ်ဆယ်ရေးကို အမွှမ်းတင် ကာကွယ်ပေးချိန်၊ ရွေးကောက်ပွဲအကြိုဘေးတီးပေးချိန်နှင့် ရွေးကောက်ပွဲမဲခိုးချိန် တချက်ထ၍ဝေဖန်သံဟစ်လိုက်ချိန်များက အလဲဗင်း၊ ဗွိုက်စ်၊ ပြည်သူ့ခေတ်ဆိုသည့် ဂျာနယ်ကြီး ၃ စောင်ကို ယှဉ်ဖတ်ကြည့်လျှင် လွတ်လပ်သောဝါဒဖြန့်မီဒီယာသဘောကို ပိုသိလာမည်။

ထို့အတူ သံဃာ့အရေးအခင်းတွင်း အစိုးရမကောင်းကြောင်းတရားဟောပြကာ လူထုအကြည်ညိုခံပီး အစိုးရထောင်တွင်းအခြေအနေများစွာကောင်းသည်ဟု မုသာဝါဒရှေ့ဆောင်လုပ်ပေးသည့် ပြည်ပအန်ဂျီအိုကြီးများ ဝင်ထွက်ဆည်းကပ်ရာ အန်ဂျီအိုဆရာတော်ကြီးမျိုးလည်းရှိပါ၏။ နာဂစ်ကယ်ဆယ်ရေးဖြင့် ပြည်ပအဝေးရောက်များ အကြည်ညိုလည်း ယခုတိုင်ခံကာ ပြည်သူ့ဂုဏ်ရည်စာရင်းပင် ပေါက်လိုက်သေးသည်။

(၃)

တိမ်မယောင်နှင့်ခက်သည့် အန်ဂျီအိုလောကတွင် ပြည်သူ့မေတ္တာကို အထူးခံယူရနေသော အဖွဲ့တဖွဲ့တွင်လည်း အသင်းထက် ခေါင်းဆောင်ပြရုပ်က ပိုလွန်းနေသည်က ဝါဒဖြန့်အား မီဒီယာသဘောအရ ဟုတ်သော်လည်း ရေရှည်အသင်းတည်တံ့ရေးတွင် အသင်းပုံရိပ် အသင်းစိတ်ဓာတ် မှိန်ဖျော့ချို့တဲ့စရာဟု မြင်မိသည်။ ဝိုင်အမ်ဘီအေကို ဦးဘဘေအဖွဲ့ဟု မည်သူမှ မသိတော့ပါ။ ဦးဘဘေ၏ သူရိယကျေးဇူးနှင့် ဝိုင်အမ်ဘီအေအရှိန်တက်ခဲ့သော်လည်း ဘကြီးမူပိုင်မလုပ်ခဲ့ပါ။ လူငယ်များကြီးပွားရေးအသင်း၊ ဂျပန်ခေတ်အာရှလူငယ်၊ ၁၉၆၀ ကျော်က အထက်ဗမာပြည်စာရေးဆရာအသင်းစသည်တို့တွင်လည်း အဖေကြီးများမရှိပါ။ မန္တလေးဗြဟ္မစိုရ်ကို လူထုဒေါ်အမာ၏ ကလောင်အား၊ တောင်စလင်းဆရာတော်၏ မတည်မှုတို့နှင့် တည်ခဲ့သော်လည်း မည်သူမျှ အသင်းဓိပတိဖြစ်အောင်မကြံသလို မြို့မမြို့ဖအားလုံး ညီမူရာစိတ်ဖြင့် မြို့ကျိုးပြည်ကျိုးသာ ဦးထိပ်ရွက်ကာ နောက်ကွယ်က လူမသိအောင် လှုပ်ရှားလာကြသည်။

ဝိုင်အမ်ဘီအေနှင့် အလားတူအသင်းများမှာ ပညာရေး၊ ဘာသာရေးတို့တွင် လူမျိုးခြား ဘာသာခြား သြဇာကြီးမှုကို ချေဖျက်ရန် အမျိုးသားခေတ်မီလုပ်ငန်းအဖြစ် အိန္ဒိယက အသင်းများအလား တည်ထောင်လှုပ်ရှားခဲ့သည့် ဘူဇွာကွန်ယက်ဖြစ်ပါသည်။ ဝိုင်အမ်ဘီအေတွင်းက အစိုးရလူကြီးပိုင်းနှင့် လူငယ်ပိုင်းတိုက်ပွဲကလည်းပြင်းခဲ့သည်။ သို့သော် မဆုတ်နစ်သောအားထုတ်မှု အမြင်ကြီးမှုတို့ကြောင့် အသင်းသက် ၁၀ နှစ်ကျော်တွင်ပင် မြန်မာပြည်အုပ်ချုပ်ရေးပြုပြင်မှုအတွက် အသင်းက ကိုယ်စားလှယ်လွှတ်နိုင်သည်ထိ တန်ခိုးပြနိုင်ခဲ့သည်။ ထို့နောက် ဂျီစီဘီအေကဲ့သို့ နိုင်ငံရေးအဖွဲ့ချုပ်ထိ အဆင့်တက်ပီးမှ ကွန်ဂရက်ကြီးမဖြစ်ခဲ့ပဲ ပျက်ခဲ့ရသည်။

ယခုလို အတိုက်အခံပါတီကြီးစစ်စစ်ပင် နေ့လားညလား မရေရာသည့်အချိန်မျိုးတွင် နိုင်ငံရေးသက်ဆက်ဖြစ်ရမည့် လူမှုရေး ဘာသာရေးကွန်ယက်အဖွဲ့အစည်းများအနေဖြင့်လည်း ဒီမိုကရေစီသဘော အသင်းအဖွဲ့သရုပ်ပိုပီအောင် အားထုတ်ပီး နိုင်ငံရေးဒေါင်ဒေါင်မြည်သည့် ကုမ္မာရီအသင်းများ၊ ရဲတပ်၊ အာရှလူငယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်စသည်တို့လို အမြုတေဖြစ်သင့်တော့သည်။ ခြင်းကစား၊ ဘောလုံးကန်၊ စာကျက်ဝိုင်း၊ တောင်တက်၊ ဆွမ်းတော်ကြီးကပ် လူမှုဘဝမှန်သမျှ လူထုစုစည်းမှုကို ဦးတည်စေမှသာ နိုင်ငံရေးက တဦးတဖွဲ့တစုတွင်သာ ပိတ်လှောင်မနေပဲ မြန်မာနှင့်အဝှမ်း သက်ရောက်အားမြင့်လာလိမ့်မည်။



No Responses Yet to “သမဂ္ဂံ တပေါသုခေါ”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: