ဖြူနီဝါပြာ

01Jun11

စကော့ပြည်သွား မှတ်တမ်း

“ ဂရံပိယာသို့ မရောက်မီ၊ စာသင်ကျောင်းအနီး လမ်းက တောင်မျက်နှာ လက်ယာဘက်သို့ မျှော်တင်း ကြည့်ရှုလိုက်လျှင် အက်ဒင်ဗာရမြို့သစ်၊ ၄င်းမြို့ဟောင်း ခံမြို့နေရာ၊ အက္ခဏီက ဓာတ်တိုက်၊ ပရင်စစ် အာသာစိတောင်များကို ခင်းကျင်း၍ပြသကဲ့သို့ မြင်ရသည်။ အလွန်လှပတင့်တယ်ရှိသည်။ သိုးဆောင်းနိုင်ငံတွင် မြို့ကြီးလှမှာ ပါရစ်မြို့၊ မြို့ငယ်လှမှာ အက်ဒင်ဗာရမြို့ လှပတင့်တယ်ရှိကြောင်းများကို မှတ်သားပြောဆိုကြကြောင်း ကြားသိရသည်။…” (ကင်းဝန်မင်းကြီး လန်ဒန်မြို့သွားနေ့စဉ်မှတ်စာတမ်းမှ)

ပြီးခဲ့သောရက်များအတွင်း အခွင့်ခံ၍ အထက်ပြည်မြို့ရွာများကို လှည့်ပတ်ကြည့်ရှုရာ စကော့သူဟောင်းတို့ အမွေတိုက်တာရေမြေကို နှောင်းလူတို့ အသိကြီးကြီးနှင့် မပျက်ယွင်းအောင် ထိန်းပုံကို အားကျခဲ့သည့်အပြင် ဤသို့ ဝေးလံခေါင်သီ ဥတုပြင်းထန်သည့် တောင်ပေါ်ပြည်မှ ကမ္ဘာချဉ်းအောင် ပညာ ဓနနှင့် သတ္တိဗျတ္တိစွမ်းများပြခဲ့ပုံကိုလည်း ဆင်ခြင်မိပါသည်။ တနည်း ဗြိတိန်၏ ပြည်ထောင်စု ယဉ်ကျေးမှုကို တိုင်းမြန်ပြည်နှင့် ယှဉ်တွေးမိလာသည်။ ထိုခရီးတွင် ဆင်ခြင်ဘွယ်အထူးရှိသော စကားတခွန်းကြားခဲ့ရပုံမှာကား “ မြန်မာဟာ လူမျိုးကြီးတမျိုးအနေနဲ့ ရှိရမယ့် မာန်မာနအတော်လျော့သွားပီ၊ မွန်တွေက ထိုင်းမှာ အလုပ်သွားလုပ်တော့ မြန်မာတွေက မွန်ရာဘာခြံတွေမှာ လာလုပ်နေတာ တွေ့ရတယ်၊ ပြည်တွင်းအလယ်ခေါင်မှာ ဘယ်သူနဲ့မှ မထိစပ်ပဲ သီးသန့်နေလို့ မဖြစ်လွန်းမှ ထွက်လာတဲ့မြန်မာတွေဟာ မျက်စိပိတ်နားပိတ်နဲ့ အတော်ဒုက္ခရောက်ကြတယ် ”။

နေခြည်ဖြာမှ နွေးသောကြောင့်

မနက်လင်း၍ စကော့ပြည်ချဉ်းသည်မှ စသတိပြုမိသည်ကား မြက်ခင်းနှင့် လေရိုင်းသည် အင်္ဂလိပ်ပြည်ထက် များစွာလတ်ဆတ်နေသည်ပင်။ အင်္ဂလိပ်မြက်အကြောင်းကို ချုံကင်းဝတ္ထုတွင် စာဖွဲ့ခဲ့သော ဘိလပ်ပြန်ဆရာဝန်စာရေးဆရာမ ဟန်ဆုယဉ် စကော့မြက်ကို ဘာပြောမည်သိလိုသည်။ လေပြင်းကား ဟူးဟူးယားယားတိုက်၏။ နေခြည်ဝင်းပထဲတွင်ပင် လေပြည်က တသုန်သုန်ဆော်သွင်း၏။ လေသန့်
ရေသန့်နှင့် ကောက်ပဲကောင်းကောင်း လက်လှမ်းမီ၍ ကမ္ဘာကျော် ဝစ်စကီထွက်၏။ ခရီးမထွက်မီက ဘယ်အရပ်ဌာနလည်ပတ်ရမလဲဟု အတွေ့အကြုံရှိသည့် စာရေးဆရာမြင့်သန်းကို မေးကြည့်ရာ ဝစ်စကီချက်တဲ့နေရာတွေသွားလည်ဟု ဆိုသည်။ ရာသီပြင်း၍ တောပိုင်းသေချာမရောက်ခဲ့သော်လည်း ဝစ်စကီကောင်းကောင်းပေါပေါထွက်သည်ကိုတော့ သတိပြုမိသည်။

”၄င်းတောင်သို့တက်သည့်အခါ အလွန်လေပြင်းသည်။ လူပါလွင့်အံ့သကဲ့သို့တိုက်သည်။ တောင်ထိပ်သို့ရောက်သည့်ကာလလည်း အာခေါင်ခံတွင်းမွှန်အောင် တိုက်သည်။ သို့သော်လည်း တောင်တက်ရသည့်အရှိန်နှင့် အချမ်းအအေးမရှိ။ အရပ်ထက်ဝန်းကျင်များကို မျှော်တင်းကြည့်ရှုသည့်ကာလ လေတိုက်နည်းရာ ကျောက်ဆောင်ကျောက်စွယ်များကို ခို၍ မြော်တင်းကြည့်ရှုရသည်။ ၄င်းတောင်ထိပ်တွင် ပကတိရပ်၍ မနေနိုင်ရှိသည်။ ..” (လန်ဒန်မှတ်မှ)

ဂျွန်ဘူချန်၏ လှေကား ၃၉ ထစ် သူလျှိုဝတ္ထုကို ရိုက်သောရုပ်ရှင်ထဲမှ ဖို့သ်မီးရထားတံတားကို အမှတ်တရသွားကြည့်ချိန်တွင် စကော့လေပြင်းကို ပိုသိလာရသည်။ ကားတံတားပေါ်မှ ဟိုဘက်တံတားကို လှမ်းကြည့်ဘို့ တက်အသွား တံတားအစပ်မှပင် လှည့်ပြန်ခဲ့ရသည်။ “ အီဂျစ်က ဂီဇာပိရမစ်ကိုတက်တော့ မြန်မာမဂုဏ်ကိုပြတဲ့အနေနဲ့ လေတလွင့်လွင့်ထဲ ထမီနဲ့ရောက်အောင်တက်ခဲ့တယ်” ဟု ကြုံးဝါးပြခဲ့သော ပညာရေးပါမောက္ခဒေါက်တာဒေါ်ခင်မြကိုပင် ရှက်မိပါသည်။ ဘိုးဘွားတွေခေတ်ကလို တိုင်းပြည်တာဝန်မကျေနိုင်တော့တဲ့ မြေးလူပျော့တွေခေတ်ကို တမလွန်ကသာ ခွင့်လွှတ်တော့ ကြီးကြီးမြကေသီ။

ရိုးရာရေမြေ

စကော့ပြည်အနိမ့်ပိုင်းကား ရှမ်းပြည်မြေလတ်နယ်နှင့်တူ၏။ စိမ်းစိုအေးချမ်း၏။ နွေဦးမို့ ခရီးသွားများနှင့်စည်ကားသော စကော့ကျေးလက်ကို မောကျေးတောင်ညိုနှင့် အစားထိုးကြည့်၏။ နိုင်ငံရေး စစ်ရေးမတည်ငြိမ်သော ရွာပုန်းရွာရှောင်ရှမ်းပြည်ဘဝကို ချယ်ရီ ထင်းရှူး အင်းလေးအလှနှင့် ပြစား၍ အောင်မြင်ပါ့မည်လော။ အက်ဒင်ဘာရာခံမြို့မှ အဆောင်ဆောင်အခန်းခန်းကို စကော့စစ်ရှုံးစဉ်က စစ်နိုင် အင်္ဂလိပ်တပ်များ အခွံချည်းကျန်အောင် မွှေနှောက်စခန်းချသွားသော်လည်း ဝိတိုရိယခေတ်မှစ၍ ရှေးလက်ရာကို ပြန်ထိန်းသိမ်းပြသထားသေးသည်။ ညောင်ရွှေ (ယောင်ဟွေ)၊ ကျိုင်းတုံမှ ရှမ်းဟော်တော်များ ဘယ်အခြေဆိုက်ခဲ့သည်ကို အားလုံးသိကြသည်။ ရှမ်းပြည်တကြော ဟော်နန်းအဆောင်ဆောင်မှာ ဘုန်းကြီးကျောင်း၊ မြို့နယ်ရုံးများဘဝပြောင်းကုန်သလို အဆက်အနွယ်လက်ထဲကျန်ရစ်နေသော သီပေါဟော်ကို နိုင်ငံခြားငွေလက်ခံသည်ဟု ဟော်ရှင်ကို အမှုဆင်ဖမ်းကာ အပြင်လူမဝင်ရအောင် ပိတ်ပင်တာမျိုးလည်းရှိသည်။

စကော့ပြည်မှာကား ဝီလျံဝေါလေ့စ် ဟိုအနှစ် ၇ဝဝ က အင်္ဂလိပ်ကို စစ်နိုင်သည့်တံတားကို ထိန်းသိမ်းထားတုန်း၊ ဝေါလေ့စ်ကျောက်တိုင်ပင်ထူထားသေးသည်။ အရင် အနှစ် ၂၅ဝ ထိ စကော့မင်းသွေးထောက်ခံသည့် ဂျက်ကိုဘိုက်ဂိုဏ်းသားများကို တိုက်ဖျက်ခဲ့ရသည့် စကော့မြေတွင် အင်္ဂလိပ်သတ်ခံရသည့် မေရီဘုရင်မ၊ ဝေါလေ့စ်နှင့် ရဲရဲတောက် တောင်ပေါ်သားတို့၏ ဇာတိမာန်ကို စာကဗျာ သီချင်းမှအစ အနေနေအရာရာတွင် ဂုဏ်တင်အလံမလှဲဆဲဖြစ်သည်။ စကော့တပ်သားများ ဗြိတိသျှဘုန်းလက်ရုံး အာဏာဈေးကွက်ဆန့်တန်းရာ ကမ္ဘာအရပ်ရပ်စစ်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့သလို ယခုထိ တက်တူးပွဲတော်ဟု စစ်ရေးပြပွဲကြီး အက်ဒင်ဘာရာတွင် ကမ္ဘာအရပ်ရပ်က တပ်မျိုးစုံ လာနွှဲဆဲဖြစ်သည်။ ၁၉ ရာစုတွင်း အာဖဂန်၊ အာဖရိက၊ ချင်း-လူရှိုင်းစသည့် စစ်ဆင်ရေးများတွင် အသက်ပေးခဲ့သော စကော့တပ်သားများအတွက် ရုပ်တုပင် အက်ဒင်ဘာရာမြို့လယ်တံတားတစင်းပေါ်တွင် တွေ့ခဲ့သေးသည်။

စကော့သွေးကို ပြစရာ ရိုးရာဝတ်စုံ၊ အစားအသောက်ကိုလည်း ရဲတိုက်မြို့ရွာများထိန်းသိမ်းပြသသလို လက္ခဏာပြယုဂ်အဖြစ်ထားထားသည်။ သူ့ဂုဏ်မြှင့်က ကိုယ့်ဂုဏ်မြင့်ရဆိုသည့်အတိုင်း စစ်နိုင် အင်္ဂလိပ်တို့ကလည်း အစပိုင်းက ရိုးရာစကော့ဆင်အကွက်စိတ်ဝတ်စုံများကို ပိတ်ပင်ခဲ့သော်လည်း နောက်ပိုင်း ပြန်လည်ခွင့်ပြုခဲ့သည်။ ရှေးကဲလ်တစ်စကားအုပ်စုမှလာသော စကော့စကားကိုလည်း မနှိမ့်ချသဖြင့် ဒေသခံတို့က ဈေးကွက်မရှိသော်ငြား ကြိုးစားထိန်းနေဆဲဖြစ်သည်။ စကော့ဦးရေက အပြင်မှာ ၄ ဆ(သန်း ၂ဝ )ပိုများကာ ဆင်းရဲနွမ်းပါးမှုကြောင့် အနာဂတ်မျှော်သည့်လူငယ်
ခြေတက်တို့ လန်ဒန်၊ အမေရိကစသည့် အပြင်ဘက်ထွက်ခွာမှုပိုများသော်လည်း စကော့လက္ခဏာကို စာရေးဆရာဝေါ်လတာစကော့မှ ရှောင်ကွန်နရီထိ ကမ္ဘာ့အလယ်တွင် ဂုဏ်တင်ပြနိုင်ကြသည်။

ဆင်းရဲသောစကော့ပြည်သည် ပညာရေးကို ရှေးကထဲက အားပေးသည်။ အဒမ်စမစ်၊ ဂျိမ်းစ်မက္ကဆွဲစသည့် ဝိဇ္ဇာသိပ္ပံပညာရှိများထွက်၏။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အင်္ဂလန်ထက် စကော့တလန်က နွမ်းပါးသောကျောင်းသားများ တက္ကသိုလ်တက်ခွင့်သာသည်၊ ကျေးရွာများတွင်ပင် ဘီအေ အမ်အေအောင်သော ဆရာဆရာမများတွေ့ရသည်ဟု မန္တလေးနော်မန်ဆရာဖြစ်သင်ကျောင်းအုပ်ကြီး ဦးတင့်ဆွေက လန်ဒန်ဆောင်းပါးများတွင်ဖော်ပြသည်။

အက်ဒင်ဘာရာတွင် မြန်မာကျောင်းသားများလက်ခံသော အိမ်တွင် လွတ်လပ်ရေးရသည်မှ ၁၉၆ဝ ကျော်အလယ်ပိုင်းထိ လူမပြတ်ခဲ့သောတခေတ်ရှိဘူးပါသည်။ ဟို အနှစ်တရာ အိန္ဒိယဆေးတပ်က ကာနယ်ဘခက်၊ အဲလ်ဖရက်ဘသော်၊ ကပ္ပတိန်အောင်ထွန်းတို့မှ ယခုထိ အက်ဒင်ဘာရာတော်ဝင်ကောလိပ်အဖွဲ့ဝင် မြန်မာခွဲစိတ်ဆရာဝန်၊ သမားတော်များအဆက်မပြတ်ခဲ့ပေ။ ဝိုင်အမ်ဘီအေတည်ထောင်သူ ဒေါက်တာဘရင်ကဲ့သို့ စကော့သူကိုလက်ထပ်သော ဆရာဝန်များလည်းမရှား။ ယခုလည်း မြန်မာကျောင်းသား တယောက်စ နှစ်ယောက်စ စကော့တက္ကသိုလ်များတွင် ပညာသင်ဆုရကြသည်ဟု ဝမ်းသာစရာသိရသည်။

စီးပွားရေးတွင် မပိတ်ပင်အားပေး၍ ဂလပ်စဂိုမြို့မှ ကုန်သည် သင်္ဘောပိုင်ရှင်ကြီးများ နေမဝင်အင်ပါယာကို ခါးစောင်းတင်ခဲ့ကြဘူးပီ။ ချာရာဏသီက ကျားဖြူပါတီကုမ္ပဏီနှင့် ကြံ့ဖွံ့ နအဖအမွေခံများ ရှမ်းပြည်နဖူးကို မည်သို့သိုက်ပြိုင်တူးမည်ကိုသာ ကြည့်ချင်သည်။ ကချင်မြေကိုကား ရေမြေတောတောင်ကို အမြစ်မှလှန်ကာ သယံဇာတမုဒိမ်းကျင့်နေကြလေသတည်း။

ကင်းဝန်ခြေရာ

အက်ဒင်ဘာရာမြို့အနီး ရဲတိုက်ဟောင်းများကို လျှောက်ကြည့်ရသည်က မန္တလေးဝန်းကျင် အင်းဝ၊ အမရပူရ၊ စစ်ကိုင်းနှင့်တူတော့သည်။ အက်ဒင်ဘာရာတွင် မင်းကြီးဦးကောင်းတို့ မြင်ခဲ့ရသော ၁၃ ဆင့် ၁၄ ဆင့် တိုက်ဟောင်းကြီးများကို ယနေ့တိုင် ပြစားဆဲဖြစ်သည်။ ဒို့ပြည်မှာကား အနှစ်တရာကျော်က အင်္ဂလိပ်အမွေ ဈေးချိုတော်ရုံများကိုဖျက်၏၊ ရန်ကုန်စကော့ဈေးတခုသာ ရှေးဈေးဟု ပြစရာကျန်၏။ အတွင်းဝန်များရုံး၊ ရိုးတိုက်စသည့် တိုက်ဟောင်းဟူသမျှ ဈေးပေါင်ကျိုးနှင့် ဖျောပစ်ပီး ပစ္စလက္ခတ်ထားခဲ့သမျှ ခုမှပြင်နေသည်ဆိုသည်။ ရှေးအစဉ်တို့သည် ပျက်၍ပျက်၍သာလာ၏ဟု အမရပူရမြို့ရိုးကို ဖြိုဖျက်သုံးနေသည့် ၁၉၅ဝ ကျော်ကထဲက ဗိုလ်မှူးဘရှင် ရေးခဲ့သော်လည်း ယခု ပုဂံလက်သစ်ကြီးကို ဗိုလ်မှူးမြင်မသွား၊ ဒေါက်တာသန်းထွန်းက သေသည်အထိ လက်ပိုက်ကြည့်သွားရသည်။ နံရံဆေးရေးပညာရှင်က ဒုဝန်ကြီးတက်ဖြစ်နေသည့် ယဉ်ကျေးမှု အစဉ်အလာတွေ ထိန်းသိမ်း မြှင့်တင်သွားမည်ဆိုသော ယဉ်ကျေးမှုဌာနကြီးကား ပုဂံဘုရားကုန်းများ ပြန်ဖော်ပီး အသစ်တည်ဘို့ သတင်းစာမှ အလှူခံနေဆဲ။ ကောင်းလှောင့်တည်း။

အက်ဒင်ဘာရာမြို့ ကာလ်တန် တောင်ကုန်းတွင် မြန်မာ့အသံကျော်ဦး၊ ဒေါ်ကြန်မှအစ တွေ့ခဲ့ရေးခဲ့ကြသော မန္တလေးမှ သိမ်းလာသည့် ပေါ်တူဂီ အမြောက်တလက် ရှိသည်။ အမြောက်ပေါ်တွင်
မြန်မာဘာသာနှင့် ၁၁၄၆ (ခရစ် ၁၇၈၄-၈၅) ဓညဝတီ သိမ်းရဆိုသည့် စာဖတ်နိုင်သေးသည်။ စစ်ကြီးအတွင်း လက်နက်ကျည်ဆံအတွက် သံလိုသဖြင့် တခြားအမြောက်ဟောင်းများ
အရည်ကျိုခံရသော်လည်း ဤအမြောက်ကျန်နေခဲ့သည်ဟု ဒေသခံတဦးကဆိုသည်။ လန်ဒန် ဝူးလ်ဝစ်လက်နက်ပြတိုက်တွင် မြန်မာပြည်မှယူလာသော တရုတ်နဂါးခေါင်းနှင့် အမြောက်တလက်လည်း ရှိသည်။

ကင်းဝန်မင်းကြီးကို ဂလပ်စဂို ကုန်သည်ကြီးများ ကြိုဆိုပွဲတွင် တင်သွင်းသည့်စာတမ်း၌ တရုတ်ပြည် အနောက်ပိုင်းနှင့် ကုန်ကူးသန်းရောင်းဝယ်လို၍ နယ်စပ်တွင် ထကြွနေသော ပန်းသေး သူပုန်များကို မြန်မာမင်းက နှိမ်နင်း တိုက်ဖျက်စေလိုကြောင်း၊ တားဆီးနှောင့်နှေးရှိသည့် အရာများကို သုတ်သင် ရှင်းလင်းပါလျှင် မြန်မာပြည်တွင် ကုန်အကူးအသန်း ခေတ်ကောင်းလာလျှင် မြန်မာများပါ အကျိုးခံစားရမည် စသည့် ဆွယ်လုံးများကို မင်းကြီးက သူပုန်တိုက်ဖျက်ရေးအတွက် လိုအပ်သည့် လက်နက်ကိရိယာ ကူညီဘို့ ပြန်တောင်းဆိုသွားသည်ကို ဖတ်ရသောအခါ လက်ရှိ တိုင်းရင်းသား နိုင်ငံရေး တရုတ်ကုန်သွယ်ရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး စသည်များနှင့် ယှဉ်တွေး မိပါသေးသည်။

မင်းကြီးဦးကောင်းခေတ်က စာရံမြူစီရန်၊ စက်ပုဆိုးရက်သော တိုက်၊ ဗျစ်ရည်ချက်စက်၊ သင်္ဘောကျင်း၊ သီရေတာ ဇာတ်ရုံစသည့် ကြည့်စရာ ရှုစရာ တုမြင်စရာများကို အနှစ် ၁၅ဝ ကြာပီးနောက်ခေတ် တရုတ်ကုန်စည် နယ်ချဲ့ခံ တိုင်းပြည်က မြန်မာလေးများလည်း ဆက်ကြည့်ကာ ဝမ်းပါးနေရဆဲဖြစ်ကြောင်း။



2 Responses to “ဖြူနီဝါပြာ”

  1. 1 စာချစ်သူ

    ခရီးသွားရသဆောင်းပါးကောင်းကောင်းမဖတ်ဖြစ်ခဲ့တာအတော်ကြာပေါ့၊ဘိုဘို့စာတိုနှံ့နှံ့ဖတ်ရတော့ အာသာတော့ပြေပါရဲ့အစားကောင်းကောင်းစားရပြီး မဝသလိုတော့ဖြစ်ရဲ့။ သိန်းဖေမြင့်၊ကျော်အောင်၊မြသန်းတင့် တို့အလွမ်းပြေလေးပေါ့။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: