ရာဇဝင်ကိုပေါင်းကူးခြင်း ၁၅

02Jun11

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ။ ဒီတပတ်မှာတော့ ရာဇဝင်သုတတွေကလက်ဆင့်ကမ်းတဲ့ အမျိုးသားစိတ်အမွေအကြောင်း ပြောပါ့မယ်။ မြန်မာပြည်မှာ ၁၉ ရာစုနှောင်းကစလို့ ပေပုရပိုက်တွေက
ရှေးဟောင်းကျမ်းဂန်တွေကို စက်တင်ရိုက်နှိပ်တဲ့ဓလေ့ ခေတ်စားလာသလိုပဲ ၂၀ ရာစု စာနယ်ဇင်းတွေမှာ ရှေးခေတ်ဟောင်းသုတတွေ ဝေငှတဲ့ ပညာရှိတွေရဲ့စာတွေလဲ ထဲ့သွင်းလာကြပါတယ်။ ဒါဟာ ပဒေသရာဇ်အမြင်အောက်က မထွက်နိုင်တဲ့ စပ်ကူးမတ်ကူးကာလစာဖတ်ပရိသတ်တောင်းဆိုချက်အရဖြစ်သလို တဟုန်ထိုးပြောင်းနေတဲ့ အရင်းရှင်ကိုလိုနီယဉ်ကျေးမှုအောက်မှာ တရုတ် အိန္ဒိယ ဗြိတိသျှတွေရဲ့သြဇာလွှမ်းလာတာကိုလဲ ခုခံတဲ့သဘောပါပါတယ်။ ကျနော် အဓိကပြောမှာက မြန်မာဘာသာနဲ့ ထုတ်တဲ့ စာစောင်တွေက အရေးအသားတွေပါ။

ဒီဇာတိမာန်ရာဇဝင်စာတွေရဲ့ ဘိုးအေကြီးအဖြစ် မစ္စတာမောင်မှိုင်းခေါ် ဦးလွန်းရဲ့ ဋီကာတွေကို မှတ်မိကြမှာပါ။ ၁၉၁၁ ဗိုလ်ဋီကာကနေ ဖဆပလခေတ် ကမ္ဘာ့ငြိမ်းချမ်းရေးဘွဲ့လေးချိုးတွေထိ ဆရာကြီးဦးလွန်းဟာ မြန်မာလူမျိုးတွေကို အတိတ်နဲ့နွှယ်ပီး မျိုးချစ်စိတ်ကို ဗဟုသုတနဲ့ လှုံ့ဆော်သွားတာပါ။ ဆရာကြီးရေးတဲ့စာတွေက အတိတ်ကို အလွန်အကျူးဂုဏ်တင်ပီး မျက်ကန်းမျိုးချစ်စိတ်ကို ဆွပေးတာတွေမျိုးတော့မဟုတ်ပါဘူး။ ဥပမာ ၁၉၁၆-၂၁ ဝန်းကျင်က ဆရာကြီး ရေးခဲ့တဲ့ မှာတော်ပုံဝတ္ထုမှာ ဗားကရာလူထွက်ကြီး ဦးကျော်ဒွန်းက တပည့် မောင်ဘုန်းခင်ကို ဆုံးမရာမှာ မင်းတို့ကာလသားတွေဟာ အားအားရှိရင် ပွဲလမ်းသဘင်အပျော်အရွှင်လိုက်၊ ထန်းရည်အရက်သောက်နှင့်သာ အချိန်ကာလကိုဖြုန်းတီးပစ်ကြတယ်။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာလူမျိုးမင်းစိုးရာဇာတို့ရဲ့ အစီအစဉ်ရာဇဝင်ကိုမှ နားမလည်ရင် ရယ်ဖွယ်အတိဖြစ်တော့မပ။ .. ဆရာကြီးတို့တော့ဖြင့် ကိုယ့်လူမျိုးအကြောင်းကိုယ်မသိဘူးဟု ကဲ့ရဲ့ပြောဆိုကြမှာကိုရှက်သည့်အတွက် အသက် ၂၀ လောက်ကပဲ သိုက်ဝင် ဧချင်းဟောင်း ၁၂ စောင်ကိုမူထား၍ ဘာတွေဖတ်ခဲ့ကျက်မှတ်ခဲ့တယ်ဆိုတာကို ဥပမာသာဓကများနဲ့ ပြောပြသွားပါတယ်။ ဝတ္ထုကြီးတပုဒ်လုံးမှာ ရတနာပုံခေတ် မန္တလေးလူမှုနောက်ခံနဲ့ ရာဇဝင်ဖြစ်ရပ်တွေကို ဆီလျော်အောင် နောက်ကြောင်းပြန်ရင်း ဝတ္ထုသွားထဲမှာ ထဲ့သွင်းယက်ဖောက်သွားတာကလဲ ဖတ်လို့မငြီးအောင်ပါပဲ။ ဆရာမှိုင်းရဲ့ ဋီကာစာချိုးတွေ အလွတ်ကျက်ရင်း စစ်ကြီးမဖြစ်ခင်က မျိုးဆက်များဟာ ရာဇဝင် နိုင်ငံရေး မျိုးချစ်စိတ်တွေ နိုးကြားပြည့်ဝလာကြတာပါ။

ဒီနှစ်ဟာ ၁၂၂၃ ခရစ်နှစ် ၁၈၆၁-၆၂ က မွေးတဲ့ မြန်မာပညာရှိ ၃ ပါးရဲ့ နှစ် ၁၅၀ ပြည့်ချိန်လဲဖြစ်ပါတယ်။ သူတို့ကတော့ ပုဂံဝန်ထောက်ဦးတင်၊ မော်ပီဆရာသိန်းနဲ့ စတုရင်္ဂဗလဦးဘေခေါ်တဲ့ ကျောက်စာရုံးစာရေးကြီးပါ။ ဒီဆရာကြီးတွေဟာ ခေတ်ဟောင်းမြန်မာပညာရေးရဲ့ နောက်ဆုံးမျိုးဆက်တွေလဲဖြစ်သလို တိုင်းတပါးအောက်ကျနေချိန်မှာ သူတို့ကိုယ်တိုင် အစိုးရဝန်ထမ်း မြန်မာစာပြဆရာစသဖြင့် နယ်ချဲ့နဲ့မကင်းပဲ အသက်မွေးခဲ့ရပေမယ့် ရိုးရာယဉ်ကျေးမှုအဆီအနှစ်တွေကို ပြည်သူတွေကြား ဆက်ရှင်သန်နေအောင် ဖြန့်ဖြူးခဲ့ကြပါတယ်။ ပုဂံဝန်ထောက်မင်းရဲ့ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းအကြောင်းတော့ ပြောခဲ့ပီးပါပီ။ ဦးတင်ဟာ ဦးကျော်ထွန်းစတဲ့ လူကြီးတွေလိုပဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို မြန်မာစာကူညီပြပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတယောက်ပါ။ သူ့တပည့်ထဲက ထင်ရှားသူတယောက်က သိပ္ပံမောင်ဝပါ။ ကျောင်းသားတွေက ဦးတင်ကို ဖိုးဖိုးတင်လို့ပဲခေါ်ပါတယ်။ ဦးတင်ဟာ လယ်တီပဏ္ဍိတဦးမောင်ကြီးနဲ့အတူ တက္ကသိုလ်က ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ရပါတယ်။

သူတို့ထဲက လူသိအများဆုံး မော်ပီဆရာသိန်းရဲ့ ပါးစပ်ရာဇဝင်၊ နှောင်းဖြစ်စာတမ်း၊ အရူးလွယ်အိတ် စတာတွေကလည်း ရာဇဝင် ရှေးဖြစ်တွေပေမယ့် မတိကျဘူး၊ ထိုးဇာတ်စိတ်ကူးတွေပါတဲ့ ရာဇဝင်အူပေါက်တွေလို့ နန်းတွင်း ဆက်တွေနဲ့ နှောင်းခေတ်ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒါပေမဲ့လဲ မြန်မာမင်းများလက်ထက် ပညာရှိကြီးများနှင့် မြန်မာ့လွှတ်တော် ၀န်ကြီးမှူးကြီးများ စတဲ့စာအုပ်တွေက ဆရာမောင်ထင် ရဲ့ စကားနဲ့ ဆိုရရင် “မှော်ဘီဆရာသိန်းကြီးသည် အတိတ်ကို နိဒါန်းသွယ်၍ ပစ္စုပ္ပန် ဖွံ့ဖြိုးတိုးတက်စေရန် စေတနာထားဘိသကဲ့သို့ ရှေးသူဟောင်းတို့ ကြိုးပမ်းမှုများကို ရှာဖွေစုဆောင်း မှတ်တမ်းတင်(သည်)” လို့ ပြောလို့ရပါတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်မီ အနှစ် ၃-၄၀အတွင်း မြန်မာစာနယ်ဇင်းတွေမှာ ဦးဖိုးသိန်းရေးတဲ့ မြန်မာမှု မြန်မာသမိုင်းဆောင်းပါးတွေဟာ အထူးလူကြိုက်များရုံမက ပဒေသရာဇ်ခေတ်ဟောင်းနဲ့ အလှမ်းဝေးတဲ့ အောက်မြန်မာပြည် လူထုအတွက် သိမှတ်စရာဗဟုသုတတွေလဲ ပါပါတယ်။ အမတ်ကြီးဦးပေါ်ဦးနဲ့ ဘိုးတော်ဘုရား အချီအချ ဉာဏ်စမ်းပုစ္ဆာထုတ်တာမျိုးဇာတ်လမ်းတွေကို အများပြည်သူကြား တကယ်အဟုတ်ထင်လာအောင် ရေးခဲ့တဲ့ထဲမှာ ဆရာသိန်းနဲ့ ဦးအောင်ဆိုသူ ရာဇဝင်ပုံပြင်ရေးဆရာတယောက်က အဓိကလို့ပြောရမှာပါ။

အလားတူ ဒဂုန်၊ သူရိယ၊ တိုးတက်ရေးစတဲ့ စစ်မဖြစ်ခင်က မဂ္ဂဇင်းစာစောင်တွေမှာ ဒဂုန်ခင်ခင်လေး၊ သဘင်ဝန်ဦးနု၊ ဝန်ထောက်ဦးမောင်မောင်တင်စတဲ့ လူကြီးတွေရးသားခဲ့တဲ့ မြင်းစီးစက်ထိုးနည်းများ၊ သဘင်ဝန်မှတ်တမ်း၊ ရာဇဝင်ဆောင်းပါးဋီကာ စတာတွေဟာ အဲဒီခေတ်မြန်မာစာဖတ်ပရိသတ်ကို မျိုးချစ်စိတ်၊ ပဒေသရာဇ် ယဉ်ကျေးမှုအမွေကို မြတ်နိုးစောင့်ရှောက်လိုစိတ်တွေကနေ ကိုယ့်မင်း ကိုယ့်ချင်း ပြန်နေချင်စိတ်တွေ ပေါက်လာစေတဲ့ စာတွေဖြစ်ပါတယ်။

ရှေ့တပတ်မှာတော့ မြန်မာနိုင်ငံသုတေသနအသင်းစတဲ့ ခေတ်ပေါ်ပညာရပ်အသင်းအဖွဲ့တွေမှာ ရေးသားကြတဲ့ ရာဇဝင်သမိုင်းသုတေသနတွေရဲ့ လူထုကြား ရိုက်ခတ်ပုံ အထူးသဖြင့် လွတ်လပ်ပီးနိုင်ငံကို ဦးဆောင်တဲ့ ပညာတတ်လူတန်းစားပေါ် သြဇာညောင်းတဲ့ သမိုင်းနဲ့ နိုင်ငံရေးအမြင်တွေကို ဆွေးနွေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။



No Responses Yet to “ရာဇဝင်ကိုပေါင်းကူးခြင်း ၁၅”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: