ရာဇဝင်ကို အပိုင်စီးခြင်း ၁၆

09Jun11

Myanmar Geology Friends မှ

လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျာ။ ဒီတပတ် ကျနော်တင်ဆက်မှာကတော့ ခေတ်သစ်သမိုင်းသုတေသနရလဒ်တွေ အထူးသဖြင့် မြန်မာအစ ကျောက်ဆည်က သမိုင်းအမြင်နဲ့ ပုဂံမင်းဆက်သမိုင်းစဉ်ပြောင်းလဲတွေ့ရှိချက်တွေအကြောင်းပါ။

တကယ်က မြန်မာပြည်သုတေသနအသင်း ဘားမားရဆာ့ခ်ျဆိုဆိုက်ယတီလို့ ၁၉၁၀ က ထူထောင်ခဲ့ချိန်မှာ ပြည်သူအများ အာရုံစိုက်မှုမရခဲ့ပါဘူး။ မြန်မာစာတတ်ပညာရှင်လောကမှာပင် လူစိတ်ဝင်စားမှုနဲတယ်ပြောရမှာပါ။ ကိုလိုနီနယ်တွေကိုရောက်ရင်း ဝါသနာအလျောက် သုတေသနအပျော်ထမ်းလုပ်တဲ့ အရာရှိတွေနဲ့ ဒေသခံပညာရှင်တွေ ရှေးဟောင်းဌာနပညာရှင်တွေပဲ သီးသန့်လိုဖြစ်နေတဲ့ အသင်းပါ။ တနည်းပြောရရင် ဘိုပညာတတ်တွေနဲ့ သူတို့ကို ဗမာစာသင်တဲ့ဆရာတွေရဲ့ကလပ်ပါ။ တူးလို့တွေ့တဲ့ရှေးဟောင်းပစ္စည်းတွေအကြောင်း၊ မြန်မာ့ရိုးရာ မိုးကြိုးပစ်သေသူကို မသာချပုံ၊ နာဂတို့ ခေါင်းဖြတ်ယစ်ပူဇော်ပုံစတာတွေကို အင်္ဂလိပ်ဘာသာနဲ့ အများဆုံးရေးသားတာမို့ လူထုကြား မရောက်ပါဘူး။

သူတို့ထဲက ဦးဖေမောင်တင်နဲ့ ယောက်ဖ ပါမောက္ခ လုစ်တို့ဟာ မှန်နန်းရာဇဝင်ကို ဘာသာပြန်သူတွေပါ။ ဆရာလုစ်က မူလက အင်္ဂလိပ်စာပါမောက္ခပေမယ့် ပုဂံအနုပညာရဲ့ ဖမ်းစားမှုကြောင့် ပုဂံကိုလေ့လာရင်း တရုတ်မှတ်တမ်းတွေကတဆင့် ပုဂံသမိုင်းဟာ ဗမာရာဇဝင်တွေမှာ ပါတာတွေနဲ့မတူဘူးလို့တွေ့လာပါတယ်။ မူရင်းအထောက်အထားမတွေ့ရရင် လက်လွတ်စပယ်မယူတဲ့အတွက် ပုဂံမင်းဆက် ၅၅ ဆက်မှာ အနော်ရထာထက်စောပီး ကျောက်စာမှတ်တမ်းတွေ့ရတာ စောရဟန်နဲ့ ကြောင်ဖြူမင်းပဲလို့သူက ဆိုပါတယ်။ ပုဂံဟာ ပျူအဆက်အနွယ်တွေတည်တာဆိုတဲ့ ရာဇဝင်ကြီးများရဲ့အဆိုဟာလည်း မခိုင်လုံတာကို ထောက်ပြပါတယ်။

၁၉၃၂ က သုတေသနအသင်းဂျာနယ်မှာ သူရေးတဲ့ ပုဂံကျေးဇူးနဲ့ ၁၉၄၀ က ခေတ်ဦးမြန်မာတို့စီးပွားရေးစာတမ်းတွေမှာ မြန်မာတွေဟာ တရုတ်နိုင်ငံအနောက်ပိုင်း ကန်စုပြည်နယ်ကနေ တရုတ်ရန်ကြောင့် တောင်ဘက်ရှောင်လာရင်း ယူနန်နယ်က နန်ကျောင်ရှမ်းတွေလက်အောက်ကတဖန် ထွက်ပြေးလာရင်း ကျောက်ဆည်ကို ဆင်းချလာတယ်။ ပုဂံကို ခရစ်နှစ် ၁၀ ရာစုမှာ တည်တယ်လို့ သူ့ရဲ့ မြန်မာအစ ကျောက်ဆည်က အယူကို ထုတ်ပြန်ပါတယ်။ နောက်ထပ် စစ်ကြီးမဖြစ်ခင်နဲ့ လွတ်လပ်ရေးရပီးနောက် ရေးတဲ့စာတမ်းတွေမှာလည်း နရသူမင်းကို သီဟိုဠ်က လာလုပ်ကြံနန်းချပီးနောက် ပုဂံမှာ ၉ နှစ် မင်းဆက်ပျက်တယ်စတဲ့ ခြားနားတဲ့ အယူအဆတွေကို တင်ပြလာပါတယ်။ ဒီချိန်ထိ မြန်မာစာနယ်ဇင်းတွေမှာ ဘယ်သူမှ ပြန်တုံ့ပြန်ရေးတာ မတွေ့ရသေးပါဘူး။

ပုဂံမင်းဆက်ဇယားအပြောင်းအလဲတွေကို တင်ပြလာပီး နောက်ပိုင်းမင်းတချို့ပျောက်ကုန်တာ၊ မင်းအသစ်တွေပေါ်လာတာတွေ ရေးသားလာပါတယ်။ လူတွေ ဘယ်ချိန်က စသတိထားမိလဲဆိုတော့ ၁၉၅၅ မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ ကျန်စစ်သားမင်းအကြောင်းမှာ အစဉ်အလာသိထားတဲ့ ကျန်စစ်သားသမီးတော် ရွှေအိမ်သည်နဲ့ စောလူးမင်းသား စောယွန်းတို့ လက်ထပ်ပီး မြေးတော် အလောင်းစည်သူကိုမွေးတယ်ဆိုတဲ့အကြောင်းမှာ မနုဟာကျောက်စာကို ကိုးကားပီး ရွှေအိမ်စည်နဲ့ယူတာ နန်းကျသထုံဘုရင် မနုဟာမြေး နာဂသမန်းလို့ ဆိုလာတာပါ။ နောက်ပိုင်း ၁၉၇၀ကျော်မှာ စွယ်စုံကျမ်း ပြန်လည်ရိုက်နှိပ်ရာမှာ ကျန်စစ်သားသမီး ရွှေအိမ်သည်နဲ့ နရပတိစည်သူသမီး ရွှေအိမ်စည် မင်းသမီး ၂ပါးကို ရောထွေးရေးတဲ့ အမှားပြင်ဆင်ချက်ထဲ့ရလို့ ရွှေအိမ်စည် လင်ယူမှားတယ်ဆိုတဲ့ စကားပေါ်လာပါတယ်။

နောက်တော့ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀ မြန်မာလူမျိုး မြန်မာနိုင်ငံသမိုင်းမှာ နန်ချောင်ရန်ကြောင့် ပြေးလာသူများ ကျောက်ဆည်နယ်ဝင်တာကစတဲ့ မြန်မာအစ အယူကို အခိုင်အမာယူထဲ့သွင်းရေးလာပါတယ်။ စွယ်စုံကျမ်းပြုစုတဲ့ စာပေဗိမာန် ဘာသာပြန်စာပေအသင်းမှာ ခေတ်စမ်းပညာရှိတွေဖြစ်တဲ့ ဇော်ဂျီ မင်းသုဝဏ် ဦးသန့်၊ မြန်မာသမိုင်းကော်မရှင်က ဆရာလုစ် တပည့်ရင်း ဗိုလ်မှူးဘရှင်စတဲ့သူတွေ ဦးစီးရေးသားတာမို့ လုစ်-ဖေမောင်တင်သြဇာက အင်မတန်ကြီးပါတယ်။

ဒီလိုအခိုင်အခံ့ရေးလာလို့ အနှစ် ၃၀ ကျော်မှ ယဉ်ကျေးမှုဝန်ကြီးဌာနအတွင်းဝန် ပထမကျောင်းသား သပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ မြန်မာစာပညာရှင် ဦးဖိုးလတ်က “ရှေးဟောင်းမြန်မာရာဇ၀င် နှင့် သုတေသန´´ စာတမ်းတင်သွင်းဖတ်ကြားဘို့ လုပ်ပါတယ်။ မဖတ်ခင် ဦးဖိုးလတ်ဆုံးသွားပေမယ့် စာတမ်းကို ရိုက်နှိပ်ခဲ့ရာမှာ `မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံတော် မြောက်ပိုင်း၌ ထိုအခါက ကြီးစိုးလျက်ရှိသော ကတူးလူမျိုးတို့၏ ရန်ကြောင့် ဧရာဝတီမြစ် ရှမ်းမြေပြန့်လွင်ပြင်သို့ မဆင်းသက်နိုင် သေးဘဲ တောင်ဘက်သို့ ဆက်လက်သွားရောက်ပြီးလျှင် နတ်ထိပ်တောင်ကျမှသာလျှင် ထိုအခါက မွန်တို့ သိမ်းပိုက်လျက်ရှိသော ကျောက်ဆည်နယ်အတွင်းသို့ သက်ဆင်းခဲ့ကြ သည်ဟူသော ခေတ်သုတေသီတို့၏ အယူမှာ က၀ိဆန်သူတို့၏ စိတ်ကူးယဉ်၊ လုံလောက်သော သက်သေ၊ အထောက်အထားကင်းမဲ့သော ကြံဆချက်မျှသာ ဖြစ်ချေသည်´´လို့ ရေးသားဝေဖန်ခဲ့ပါတယ်။

ဦးဖိုးလတ်လိုပဲ မနုဿဗေဒပညာရှင် ဒေါက်တာထင်အောင်ကလဲ မြန်မာရာဇဝင်ကျမ်းများဘက်မှ ချေပချက်ဆိုပီး ပုဂံမှာ မင်းမဲ့ ၉ နှစ်ဆိုတာ မဟုတ်ဘူးစသဖြင့် လုစ်နဲ့ တခြားသမိုင်းပညာရှင်များရဲ့ အမြင်တွေကို ချေပခဲ့ပါတယ်။ ဒီပညာရှင်ကြီးများရဲ့ အားနည်းချက်တခုက သူတို့ဟာ သမိုင်းဘာသာရပ်ကို မျိုးချစ်စိတ်အမြင်နဲ့ ချဉ်းကပ်မှုက သိသာလောက်အောင် ပိုများနေတာနဲ့ ဦးဖိုးလတ်ဆိုရင် သမိုင်းထက် ဘာသာဗေဒအမြင်တွေက ပိုသန်နေတာပါပဲ။

နအဖ အစိုးရလက်ထက် ပုံတောင်ပုံညာပရိုင်းမိတ်တွေ့ရှိမှုကို အကြောင်းပြုပီး မြန်မာအစ မြန်မာက၊ ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုတွေ့ရှိချက်များကို မီးမောင်းထိုးပီး ပျူခေတ်အစလို့ ရေးသားပြောဆိုမှုတွေ နိုင်ငံပိုင်မီဒီယာတွေမှာ တွေ့လာရတာလဲ တယူသန်မျိုးချစ်တွေကို ခုထိ လုစ်တစ္ဆေခြောက်နေတာသာဖြစ်ကြောင်း ပြောကြားပရစေ။ ကျေးဇူးတင်ပါတယ်။



2 Responses to “ရာဇဝင်ကို အပိုင်စီးခြင်း ၁၆”

  1. 1 Socretes

    ခင်ဗျားဆိုလိုတာက ဒေါက်တာထင်အောင်တို့ ၊ ဦးဖိုးလတ်တို့  တင်ပြချက်က မခိုင်လုံဘူး လုစ်တစ်ယောက်သာလျှင် ရာနှုန်းပြည့်အမှန်လို့ ဆိုလိုတာလား။ ဒါမှမဟုတ် သမိုင်းအမှန်ဆိုတာကို သမိုင်းပညာရှင်ကပိုသိပြီး မနုဿဗေဒ တို့  ဘာသာဗေဒ တို့ ကသိပ်အရာမရောက်ဘူးလို့ ဆိုလိုတာလား။ သမိုင်းဆရာတွေနဲ့ ပတ်သက်လို့ တွေ့ မိသလောက်ကတော့ မိရိုးဖလာတယူသန်မျိုးချစ်ဆရာတွေနဲ့ ၊ ကိုယ်နဲ့ အယူအဆမတူသူကို တယူသန်မျိုးချစ်လို့ စွပ်စွဲတတ်ကြပြီးကိုယ်မှသာလျှင် ပညာရှင် စစ်စစ်လို့ ထင်ကြတဲ့တယူသန် ၂မျိုးပါပဲ။ ဆင်စမ်းကြတဲ့မျက်ကန်းပုဏ္ဏားတွေပေါ့…။

  2. 2 kohlahan

    ဘယ်နဲ့ဖြစ်တာလည်းဆရာသမားရယ် တကယ့်ကဏ္ဍရောက်ကာမှ နှစ်ပတ်လောက် ပျောက်ချက်သား ကောင်းလှချည်းလား ကျွန်တော်တို့မှာ ဒေါတ်တာသန်းထွန်း ရဲ့စာအုပ်စာတမ်းတွေနဲ့ ဦးဖိုးလတ်ရဲ့ ပုဂံရက်သတ်တပတ်ဟောပြောချက်များ ကိုဖတ်ပြီး မြန်မာအစ အစရှာမရဖြစ်နေတာ ဆရာသမားဘာများပြောမလဲ၊ ဘာများသုံးသပ်ချက်ပေး မလဲလို့မျှော်နေတာ အချိန်မအားမလပ်ဖြစ်ခြင်း၊ နေထိုင်မကောင်းများလား။ ဒီကဏ္ဍကိုတော့ အချိန်ကလေးနဲနဲပေးပြီး ကြိုးစားပြောပေးစေချင်ပါတယ်။ နောက်ဆုံးအခေါက် အစီအစဉ်မှာလည်း အသံတော်တော်တိုးတယ် အတော်အာရုံစိုတ်ပြီးနားထောင်ရတယ်။ ပညာဗဟုသုတအပြင် အမျိုးသားရေးလည်းပါလို့ပါ။ ကျေးဇူးတင်ပါသည်။
    ဆရာကြီးဦးဖိုးလတ်စာတမ်း ဂျာမဏီက သူ့သားဆိုသူထံတွင်ရှိသည်ဟု ကြားဘူးပါသည်။ ဖြန့်ချိနိုင်ရင်ကောင်းမည်ထင်ပါသည်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: