ရာဇဝင်ကို ဆန့်တန်းခြင်း ၁၈

08Jul11

လွတ်လပ်တဲ့အာရှအသံမှ

သောတရှင်များခင်ဗျာ။ ဒီတပတ် ကျနော်တင်ဆက်မှာကတော့ လွတ်လပ်ရေးရပီးခေတ်မှာ မြန်မာသမိုင်းရေးပုံ နိုင်ငံသမိုင်းအသစ်ဖော်ထုတ်လာပုံတွေဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအရ မြန်မာပြည်မနဲ့ တောင်တန်းနယ်များကို ပြည်ထောင်စုဖွဲ့စည်းဘို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွတ်လပ်တဲ့မြန်မာပြည်ဟာ နိုင်ငံရေးအရ ပြည်ထောင်စုအသွင်ပေါ်ထွက်လာပါတယ်။
နိုင်ငံရေးအာဏာပုံစံအသစ်နဲ့ လိုက်အောင် သမိုင်းအသစ် စာပေအသစ်များလဲ ဖန်တီးရေးသားကြရပါတယ်။

မြန်မာသမိုင်းဟာ အင်းဝခေတ် ညောင်ရမ်းခေတ်ကစလို့ ကုန်းဘောင်ခေတ်ပျက်ပီး ကိုလိုနီခေတ်လယ်ထိ ရေးခဲ့ကြတဲ့ပုံစံက တမ္ပဒီပ သုနာပရန္တကနေ ကမ္ဗောဇ ရာမညတိုင်း မွန် ၃ ရပ် ဓညဝတီ ဇင်းမယ် လင်းဇင်းစတဲ့ မြန်မာဘုရင်တွေ ဘုန်းလက်ရုံးဆန့်တန်းရာ နယ်ပယ်ဒေသတွေကို ချဲ့ထွင်သိမ်းပိုက် စိုးစံပုံကို အကြောင်းခံရေးကြတာပါ။ တိုင်းရင်းသားနယ်မြေတွေထက် မြို့ရွာနယ်ပယ်တွေရဲ့ သစ္စာခံမှုကို အခြေခံရေးတာပါ။ ဟို အနှစ် ၄-၅၀၀ က အနောက်နိုင်ငံသားတွေဆွဲတဲ့ မြေပုံတွေမှာလဲ မြန်မာပြည် မွန်ပြည်ဆိုတာထက် အင်းဝ၊ ပဲခူးနဲ့ ရခိုင်လို့ ပိုင်းခြားဖော်ပြတာကို တွေ့ပါမယ်။

ဒါကြောင့် အင်္ဂလိပ်အောက် ကျခါစ မြန်မာနိုင်ငံရဲ့ နယ်မြေအုပ်ချုပ်မှုပုံစံမှာ ရခိုင် ပဲခူး တနင်္သာရီ နဲ့ အထက်မြန်မာပြည်လို့ လေးနိုင်ငံပိုင်းခြားသတ်မှတ်တာကို တွေ့ရပါမယ်။ ဒိနောက်မှာတော့ မီးရထား မီးသင်္ဘောအကူးအသန်းလွယ်တဲ့ မြန်မာပြည်မြေပြန့်ပိုင်းနဲ့ တောင်ပေါ်ဒေသတွေကို ခွဲခြားအုပ်ချုပ်ရာကနေ နိုင်ငံရေးအသွင်တွေလဲ ကွဲပြားလာပါတယ်။ မြန်မာဘုရင်နဲ့ တရုတ်ဘုရင်ကို တလှည့်စီ အခွန်ဆက်နေရတဲ့ ပဒေသရာဇ်ရှမ်းနယ်တွေရဲ့ သီးခြားဖြစ်မှုဟာ ပေါ်လွင်လာသလို မြေပြန့်နေ ကရင်အမျိုးသားတွေရဲ့ လူမျိုးရေးနိုးကြားမှုကလဲ ပညာရေးနဲ့ အစိုးရယန္တရားတွင်း ဝင်ဆန့်လာမှုများလာတာနဲ့အမျှ ထင်ရှားလာပါတယ်။

ဒီလို မြန်မာနိုင်ငံရေးမှာ အင်အားစုသစ်တွေ ပေါ်လာတာကို သတိမမူမိသေးတဲ့ မြန်မာပညာရှင် နိုင်ငံရေးသမားများကတော့ နိုင်ငံရေးခေတ်တလျှောက်လုံး မွန်မြန်မာအမျိုးသားတို့ဆိုတဲ့ ကြွေးကြော်စကားမျိုးတွေသုံးပီး ဗုဒ္ဓဘာသာအခြေခံအမျိုးသားရေးစိတ်ကို နှိုးဆွပေးတာမျိုးပဲ လုပ်ပါသေးတယ်။ တို့ဗမာအစည်းအရုံးရဲ့ တို့ဗမာဝါဒကလဲ ဗမာစာ ဗမာစကားအခြေပြု ဗမာမျိုးချစ်စိတ်ဘောင်ကို မကျော်နိုင်တဲ့အတွက် မြစ်ကြီးနားက ရေးဘိတ်ထားဝယ်ကြားက မြန်မာမဟုတ်သော တိုင်းရင်းသားတွေကို မြန်မာစိတ်ဝင်လာအောင် မစည်းရုံးနိုင်ဘူးပဲ ဆိုရပါမယ်။

ကိုလိုနီခေတ်မြန်မာရာဇဝင်တွေမှာ အနောက်တိုင်းပုံစံ နိုင်ငံတော် အသုံးအနှုန်းကို ပထမဆုံးစသုံးသူကတော့ ဦးဘသန်း (ဘီအေ)လို့ ပါမောက္ခဦးထွန်းအောင်ချိန်က ရေးပါတယ်။ ပဒေသရာဇ်ခေတ်တလျှောက်လုံး မြန်မာတွေသုံးလေ့ရှိတဲ့ နိုင်ငံတော်ဆိုတာက ရတနာပူရ အမရပူရ ရတနာပုံစတဲ့ နေပြည်တော်ကြီးတွေအခြေပြုပီး နယ်ပယ်တွေသိမ်းပိုက်အုပ်စိုးတဲ့ ဘုရင်ဧကရာဇ်တွေရဲ့ ပိုက်နက်နယ်မြေကို ဆိုလိုပါတယ်။ လူမျိုးရေးအခြေပြု မြန်မာအမျိုးသားနိုင်ငံစိတ်ဓာတ်က ဘိုးတော်ဘုရားလက်ထက်ကနေ မင်းတုန်းမင်းခေတ်ထိ အစပျိုးခါစပဲ ရှိပါသေးတယ်။

အနော်ရထာရဲ့ ပုဂံမင်းဆက်နိုင်ငံ၊ ဘုရင့်နောင်ရဲ့ ဟံသာဝတီညောင်ရမ်းခေတ်၊ အလောင်းဘုရားရဲ့ ကုန်းဘောင်မင်းဆက် လက်နက်နိုင်ငံတွေကို ပထမ ဒုတိယ တတိယမြန်မာနိုင်ငံတွေလို့ ဦးဘသန်း တီထွင်ခေါ်သလား၊ သူကိုးကားတဲ့ အနောက်တိုင်းရာဇဝင်ဆရာတွေရေးတဲ့ မြန်မာရာဇဝင်တွေကပဲ စသုံးသလားမသိပါ။ နောက်ပိုင်း သရေခေတ္တရာပျူနိုင်ငံကိုလဲ ပထမမြန်မာနိုင်ငံခေါ်ထိုက်တယ်လို့ ဒေါက်တာသန်းထွန်းက ရေးဘူးပေမယ့် လွတ်လပ်ရေးနောက်ပိုင်း မြန်မာပညာရှင် စာရေးဆရာတွေ ရေးကြတဲ့ မြန်မာရာဇဝင်သမိုင်းတွေမှာတော့ ဒီနိုင်ငံကြီး ၃ ခေတ်အယူအဆကို လက်ခံရုံမက ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ စတုတ္ထမြန်မာနိုင်ငံထူထောင်သူလို့ ရေးလာတာကိုပါ တွေ့ရပါတယ်။ ယနေ့ နေပြည်တော်မှာ စိုက်ထူထားတဲ့ စစ်ဘုရင်ရုပ်ကြီးတွေကို ကြည့်ရင် သူရဲကောင်းစစ်သမိုင်းဝါဒသြဇာကို သိနိုင်ပါတယ်။

ပြည်ထောင်စုသဘောကို သေချာနားမလည်တဲ့အတွက် တိုင်းရင်းသားနယ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဖိနှိပ်သိမ်းပိုက်ခဲ့တဲ့ မြန်မာဘုရင်နိုင်ငံအယူအဆကို သမ္မတနိုင်ငံခေတ်ထိ ဆွဲခေါ်လာတာပါ။ ပိုဆိုးတာက အမျိုးသားခေါင်းဆောင်ကို နတ်ဘုရားတမျှ သိဒ္ဓိတင်လွန်းတဲ့အတွက် ဒီခေါင်းဆောင်ကဲ့သို့ အထွတ်အထိပ် အရိုအသေခံလိုတဲ့ နိုင်ငံရေးခေါင်းဆောင်နဲ့ စစ်ဗိုလ်ချုပ်ကြီးများကြီးစိုးတဲ့သမိုင်း လွတ်လပ်ပီးခေတ် အနှစ် ၆၀ ကျော်အောင် မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခဲ့ကြတာပါ။ လူမျိုးပေါင်းစုံ စုပေါင်းအုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံသဘောကနေ အာဏာရ မြန်မာခေါင်းဆောင်နဲ့ အတွင်းစည်းလူတသိုက်က တိုင်းရင်းသားသြဇာခံတချို့ကို ဟန်ပြ အာဏာခွဲပေးတဲ့ အဆောင်အယောင် ပြည်ထောင်စုသဘောမျိုးအဖတ်တင်ကျန်ခဲ့ပါတယ်။

နောက်အပတ်မှာတော့ ပြည်ထောင်စုသမိုင်းကို ဘယ်လိုပုံဖော်ခဲ့ကြတယ်ဆိုတာကိုပြောပါ့မယ်။ ကျေးဇူးတင်ပါတယ်။



No Responses Yet to “ရာဇဝင်ကို ဆန့်တန်းခြင်း ၁၈”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: