ရာဇဝင်ကို ရောင်ခြယ်ခြင်း ၁၉

14Jul11


လွတ်လပ်တဲ့အာရှအသံ

မင်္ဂလာပါခင်ဗျား

အစဉ်အဆက် ရေးလာခဲ့တဲ့ မြန်မာရာဇဝင်တွေမှာ နယ်ပယ်အလိုက် ပဒေသရာဇ် သစ္စာခံမှုကလွဲရင် တိုင်းရင်းသားချစ်ကြည်ရေး နိုင်ငံပေါ် သစ္စာရှိရေးသဘောတရားမျိုး တွေ့ရနဲတဲ့အကြောင်း အရင်အပတ်က ပြောခဲ့ပါတယ်။ဒါပေမဲ့လည်း မြန်မာနိုင်ငံ မြန်မာပြည်ထောင်စုလို့ ဗြိတိသျှလက်အောက်က လွတ်မြောက်လာတဲ့အခါ အုပ်စိုးသူလူတန်းစားအနေနဲ့ ပေါ်လစီသမိုင်းသစ်ရေးဘို့ တာဝန်ရှိလာပါတယ်။ ပဒေသရာဇ်ဝါဒဖြန့် နယ်ချဲ့ဆန့်ကျင်ရေး၊ အင်ပါယာစွဲ နယ်ချဲ့အမွှမ်းတင်သမိုင်းတွေက ခေတ်နဲ့ မဆီလျော်တော့ပါဘူး။ ဒီတော့ ဘယ်လိုနိုင်ငံရေးအမြင်တွေနဲ့ နိုင်ငံသမိုင်းသစ်ကို ရေးကြပါသလဲ။ သမိုင်းရေးမယ့် အာဏာရနယ်ချဲ့ဆန့်ကျင်သူသခင်ဟောင်းတွေရဲ့ နိုင်ငံရေးအမြင်က ဘယ်လိုရှိပါလဲ။

သိကြတဲ့အတိုင်း လွတ်လပ်ရေးရကထဲက ၁၉၈၈ အရေးအခင်းထိ အရပ်သားနဲ့ စစ်အစိုးရတွေ အုပ်ချုပ်ခဲ့ရာမှာ လက်ဝဲ ဆိုရှယ်လစ်လမ်းကြောင်းကို အားသန်ခဲ့ကြပါတယ်။ ပါလီမန်ပုံစံ ဆိုရှယ်ဒီမိုကရက်လမ်းကြောင်းနဲ့ ဆိုဗီယက်ပုံစံ စစ်တပ်အခြေပြုတပါတီလမ်းကြောင်းပဲ ကွဲပါတယ်။ ဆိုရှယ်လစ်အပျော့နဲ့ အပြင်းလမ်းကြောင်းတွေပါ။ ပီးတော့ တောခိုနေတဲ့ ဗကပနဲ့ အိမ်နီးချင်း တရုတ်ကွန်မြူနစ်လွှမ်းမိုးမှု ဆန့်ကျင်ရေး၊ နောက် အာဏာခွဲဝေရေးမှာသဘောကွဲတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဖက်ဒရယ်မူကိုဆန့်ကျင်ရေး၊ အနောက်သြဇာခံ အရင်းရှင်လမ်းကြောင်းအရိပ်မထိုးရေး တနည်း နိုင်ငံခြားရေးဘက်မလိုက်မူ စတဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအနေအထားတွေအရ အစိုးရမူဝါဒတွေလဲ ပြောင်းလဲပုံဖော်လာပါတယ်။ ၁၉၆၂ အာဏာသိမ်းပီး မဆလအစိုးရမတက်ခင်မှာပဲ မြန်မာပြည်နိုင်ငံရေးအနေအထားဟာ တရုတ်ဆန့်ကျင်ရေး ဆိုဗီယက်လမ်းကြောင်းပေါ်က တံခါးပိတ် အာဏာရှင်နိုင်ငံဖြစ်နေပါပီ။ ပြည်ထောင်စုနာမည်ခံနိုင်ငံမှာ ပြည်တွင်းစစ်က ပတ်လည်ဝိုင်းလို့ပါ။ ဒါတွေချုပ်ကြည့်မယ်ဆိုရင် ပြည်ပစိုးမိုးမှုမခံလိုတဲ့ ဆိုရှယ်လစ်ပုံစံ စစ်ဝါဒပါ။ လူမျိုးရေးမှာလည်း ဗမာခေါ် မြန်မာများက တိုင်းရင်းသားများကို ညီနောင်သွေးချင်းစကားတွေတွင်တွင်ပြောပီး ဖွံ့ဖြိုးရေးမှာ ကိုလိုနီခေတ် ပဒေသရာဇ်ခေတ်တွေနဲ့ယှဉ်ရင် အနည်းငယ်ပဲ တိုးတက်အောင် ကြည့်ရှုပါတယ်။

ဒီတော့ လွတ်လပ်ပီးစမြန်မာနိုင်ငံရဲ့ သမိုင်းသစ်တွေမှာ သာတူညီမျှဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေး၊ ပြည်ထောင်စုစည်းလုံးညီညွတ်ရေးဆိုတဲ့အာဘော်တွေနဲ့ပါ။ ဒီနေရာမှာ စည်းလုံးညီညွတ်တာဟာ တန်းတူလွတ်လပ်တာ ပြောရေးဆိုခွင့်ရှိတာလို့ အဓိပ္ပာယ်ရောက်ပုံမပေါ်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာများ တိုင်းရင်းသားစည်းရုံးပုံက ရှင်ဘုရင်တွေ နိုင်ငံချဲ့ထွင်သလိုပါပဲ။ အာခံမယ်ကြံရင် အမျိုးဖြုတ်ပစ်ဆိုသလို အပြတ်ရှင်းတဲ့စနစ်ပါ။ အဲဒိစနစ်ကြောင့်ပဲ အိမ်နီးချင်း မလေး၊ အင်ဒိုနီးရှားတို့နဲ့မတူ ကနေ့ထိ ပြည်တွင်းစစ်သံသရာရှည်နေရတာပါ။

ကွယ်လွန်သူ လက်ဝဲစာရေးဆရာ ဗန်းမော်တင်အောင်ကတော့ သူ့ရဲ့ မြန်မာနိုင်ငံတော်သမိုင်းမှာ ရှိနှင့်ပီး မြန်မာသမိုင်းစာအုပ်တွေကို ၃ မျိုးခွဲပြပါတယ်။ လူမျိုးစုံနေတဲ့နိုင်ငံမှာ လူမျိုးတစုထဲ ၊ နောက် ပိုဆိုးတာက လူတစု လူတန်းစားတခုအတွက်ပဲ ရေးတဲ့သမိုင်းနဲ့ စာပေတွေ၊ နိုင်ငံခြားသားတွေ တဖက်သတ်အမြင်နဲ့ရေးတဲ့ ကိုလိုနီဝါဒီစာတွေဆိုပီး ခွဲပြပါတယ်။ ဒီလိုစာတွေကို ပြည်သူ့အာဏာခေတ် ပြည်ထောင်စု သမ္မတနိုင်ငံခေတ်မှာ မသုံးသင့်တော့ဘူးလို့ သူကဆိုပါတယ်။ သူ့မျက်မှောက် ဖဆပလခေတ်မှာ တွေ့နေရတဲ့သမိုင်းသစ်တွေကလဲ အရင်စာဟောင်းတွေထဲက ထုတ်နုတ်စပ်ပေါင်း ရေးတာတွေမို့ မြန်မာရာဇဝင်သမိုင်းတွေဟာ ဖြစ်စဉ်ပြန်ပြောတဲ့အဆင့်ကမတက်သေးဘူး၊ ရာဇဝင်လမ်းကြောင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ လူ့ကုန်ထုတ်လုပ်ငန်းသမိုင်းကို ရှာဖွေတင်ပြသုံးသပ်တာ မရှိသေးဘူးလို့ ဆိုထားပါတယ်။

ဒီလိုဆို ဗန်းမော်တင်အောင်ရေးတဲ့သမိုင်းကကော ဘယ်လိုလဲမေးလာရင် မြန်မာသမိုင်းဆိုပီး ဗန်းမော်တင်အောင်ရေးတယ်၊ ခင်မျိုးချစ်က အနော်ရထာအကြောင်းရေးတယ်၊ သူတို့ရေးတာတွေ သမိုင်းမဟုတ်ဘူးဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စာတပုဒ်ကို သတိရပါတယ်။ ဆရာဗန်းမော်တင်အောင်ဟာ စာရေးဆရာတယောက်အနေနဲ့ သူယုံကြည်ရာဝါဒကျမ်းဂန်တွေနဲ့ ညှိနှိုင်းသုံးသပ်ပီး မြန်မာနဲ့ တိုင်းရင်းသားရာဇဝင်တွေကို သုံးသပ်တယ်လို့ပဲ မြင်ပါတယ်။ မြန်မာလူမျိုးကို ပင်မထားရေးတဲ့တချို့နိုင်ငံတော်သမိုင်းဆရာတွေနဲ့ မတူပဲ ဗန်းမော်တင်အောင်ဟာ လူမျိုးတွေအကြား ဖြစ်ပွားတဲ့ နယ်မြေလုစစ်တွေအကြောင်း လက်ဝဲသမိုင်းအမြင်နဲ့ သုံးသပ်ထားတာပါ။ နောက် ကိုလိုနီဘဝကျရခြင်းကနေ အမျိုးသားစိတ်တွေနဲ့ အားယူပီး လွတ်လပ်ရေးရတဲ့အထိပါ။ ဗန်းမော်တင်အောင်စာအုပ်မှာ အားနဲချက်တခုကတော့ အတွေးသစ်ပေးပေမယ့် အသိသစ်မပေးနိုင်တာပါ။ မြန်မာစာရေးဆရာတွေရဲ့ အဓိကအခက်အခဲက ပင်မအထောက်အထားတွေရှာဖွေပီး မရေးသားနိုင်တာပါ။ တဆင့်ခံအထောက်အထားဖြစ်တဲ့ ထုတ်ဝေပီးစာအုပ်တွေ ပြန်ကိုးကားနေရတဲ့အတွက် ဒေါက်တာသန်းထွန်းပြောတဲ့ စပ်စောင်သမိုင်းတွေဖြစ်နေပါတယ်။

ဒါပေမဲ့ အနှစ် ၅၀ ကျော်တဲ့အခုချိန်ထိ ဗန်းမော်တင်အောင်စကားဟာ အများဖတ်သမိုင်းစာပေနယ်အတွက် မှန်တုန်းပဲလို့ယူဆပါတယ်။ တက္ကသိုလ်နယ်နဲ့ သုတေသနစာအုပ်အနည်းငယ်ကလွဲလို့ ခေတ်စားနေတဲ့ သမိုင်းစာအုပ်ဆိုတာတွေ ကြည့်လိုက်ရင် ကိုယ်တွေ့မှတ်တမ်းတွေနဲ့ စုပေါင်းစပ်ပေါင်းစာတွေပဲ များပါတယ်။ နောက်ပီး လူမျိုးရေးအသားပေး နိုင်ငံရေးအရောင်ဆိုးသမိုင်းအမြင်တွေပဲ ဝမ်းနည်းစရာကြီးစိုးနေတာ တွေ့ရပါတယ်။ ဒီလိုအခြေဆိုက်ခဲ့တာ အစိုးရဖိနှိပ်မှုအပြင် ကျနော်တို့သမိုင်းရေးတဲ့ယဉ်ကျေးမှုအရလို့လဲ ဆိုချင်ပါတယ်။ သမိုင်းမှာ အချက်အလက်များတာသာလိုချင်တယ်၊ ပြန်စဉ်းစားသုံးသပ်တဲ့အလေ့ကိုမွေးမြူရမှန်းမသိတာပါ။ ပီးတော့ သမိုင်းမှာ အများလေးစားခံပုဂ္ဂိုလ်တွေကို မကောင်းမပြောရဘူးဆိုတဲ့ စာပေဓလေ့ကလည်း ခေတ်မီသမိုင်းပြုစုတဲ့အဆင့်ကို မတက်နိုင်အောင် ပိတ်ပင်နေပါတယ်။ အဆိုးဆုံးကတော့ ခေတ်စားတဲ့ အာဏာပိုင်တွေကြိုက်တဲ့အာဘော်အတိုင်း လိုက်ရေးကြတာပါပဲ။

ရှေ့အပတ်မှာတော့ မြန်မာပညာရှင်အဆက်ဆက်ရေးခဲ့တဲ့ နိုင်ငံသမိုင်းပုံစံစုံရဲ့သြဇာကို သုံးသပ်ပြပါ့မယ်။ နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။



No Responses Yet to “ရာဇဝင်ကို ရောင်ခြယ်ခြင်း ၁၉”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: