သမိုင်းဒဏ္ဍာရီဖတ်စာ ၂၁

28Jul11

သောတရှင်များခင်ဗျာ၊ ဒီတပတ်မှာတော့ လွတ်လပ်ပီးခေတ် မြန်မာသမိုင်းစာအုပ်တွေအကြောင်း ဆက်ပါ့မယ်။ အထူးပြောလိုတာကတော့ နိုင်ငံတော်ရာဇဝင်ဆရာများရဲ့ ရေးသားချက်များပါ။ အာဏာရ ဖဆပလ အစိုးရကျောင်းသုံးသမိုင်းစာအုပ်များနဲ့ အာဏာပိုင်အသိုင်းအဝိုင်းက ပညာရှင်များရဲ့ အရေးအသားတွေပါပဲ။

သိကြတဲ့အတိုင်း စစ်ပီးခေတ် မြန်မာအစိုးရအာဏာပိုင်များဟာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် တက္ကသိုလ်သပိတ်မှောက်ခေါင်းဆောင်တွေကနေ နိုင်ငံရေးနယ်ထဲ ကူးလာကြသူများပါတယ်။ နိုင်ငံရေးသမား၊ စစ်ဗိုလ်၊ အုပ်ချုပ်ရေးအရာရှိ၊ တက္ကသိုလ်ဆရာတွေအထိ ၁၉၅၀ ကျော်က အရေးပါခဲ့သူတွေဟာ ၁၉၃၀ ခေတ်တွေမှာ ကျောင်းနေဘက်၊ သပိတ်မှောက်ဘက်၊ ဆွေးနွေးဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ စစ်အတွင်း ဂျပန်ခေတ်မှာလဲ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြတ်သန်းလာခဲ့ကြသူတွေပါ။ တခါ အုပ်ချုပ်ရေးအမှုထမ်းတွေနဲ့ ပညာရှင်တွေဟာ နိုင်ငံရေး ကိုယ်တိုင်ကိုယ်ကျ မလုပ်ပေမယ့် နိုင်ငံရေးစိတ်ရှိကြသူတွေ အမျိုးသားရေးစိတ်သန်သူတွေ များပါတယ်။ အဲဒိခေတ်တက္ကသိုလ်ကျောင်းဆောင်မှာ ကိုအောင်ဆန်းနဲ့ တစားပွဲထဲစားတဲ့သူတွေက အဲဒီတုန်းက ဆရာဖြစ်ခါစ ဇော်ဂျီ၊ မင်းသုဝဏ်တို့နဲ့အတူ ဒုတိယတက္ကသိုလ်သပိတ်ကြီးဖြစ်အောင် မီးမွှေးပေးတဲ့ ငရဲခွေးဆောင်းပါးရေးသူ ကိုညိုမြလို့ ဖတ်ဖူးပါတယ်။

ဒါကြောင့် လွတ်လပ်ရေးမရခင် နိုင်ငံတော်တံဆိပ် အလံ သီချင်းသတ်မှတ်ရေးနဲ့ အခြေခံဥပဒေစာချောရေးအတွက် ဆရာဇော်ဂျီဟာ တိုင်းပြည်ပြုလွှတ်တော်မှာ အထူးအရာရှိအနေနဲ့ လာရုံးထိုင်ရပါတယ်။ လွတ်လပ်ရေးကြေညာစာတမ်းကို ဇော်ဂျီ၊ မင်းသုဝဏ်၊ ဇေယျ၊ တက်တိုး၊ တင့်တယ်တို့ရေးပီး သူကြီးဂေဇက်ဦးခင်မောင်၊ ဦးခင်ဇော်၊ ဒေါက်တာမောင်မောင်စတဲ့ အစိုးရအရာရှိအမှုထမ်း စာရေးဆရာကြီးတွေ ဘာသာပြန်ပါတယ်။ လွတ်လပ်ရေးမရခင် ၁၉၄၇ မှာပဲ နန်းရင်းဝန်သခင်နုက မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ထူထောင်ခဲ့ပါတယ်။ အမှောင်ခွင်း၍ အလင်းဆောင်အံ့ဆိုတဲ့ အသင်းဆောင်ပုဒ်အတိုင်း ဒီအသင်းကြီးက ကမ္ဘာ့စာပေပညာတွေကို ပြည်သူတွေသိနားလည်အောင် ပြန်ဆိုရုံသာမက သုတစာပေတွေ စွယ်စုံကျမ်းတွေကိုလည်း ပြုစုလာပါတယ်။ သဘောတရားအားဖြင့် စစ်မဖြစ်ခင်က နဂါးနီအသင်းကို ဆက်ခံတာမှန်ပေမယ့် ဘာသာပြန်စာပေအသင်းခေါ် စာပေဗိမာန်က နိုင်ငံရေးမဆန်လှပါဘူး။ သုတရသ ပညာပေးစာအုပ်တွေ ပြန်ဆိုဖို့ ပိုအားထုတ်ပါတယ်။ ပီးတော့ အာဏာရအစိုးရခေါင်းဆောင်များက ကွန်မြူနစ်ထကြွမှုကို ရင်ဆိုင်နေရတာမို့ သဘောတရားတွေ သိပ်အားမပေးချင်တာလည်း ပါပါလိမ့်မယ်။ နောက် ၁၉၅၀ ကျော်မှာ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် လူထုအောင်သံပြဇာတ်ရေးပီး ကွန်မြူနစ်ဝါဒတိုက်ဖျက်ရေးလုပ်လာပါတယ်။ နောက် ဝန်ကြီးချုပ်ကိုယ်တိုင် ဘာသာရေးအားပေးမှုတွေများလာပီး ဆဌသင်္ဂါယနာတင်တာ ငြိမ်းချမ်းရေးအတွက် သီဟိုဠ်က ဗောဓိပင်ပင့်တာစတာတွေ လုပ်လာပါတယ်။

ဒီလိုနောက်ခံတွေရှိတဲ့အချိန်မှာ စာပေဗိမာန်သုခမိန်အဖွဲ့က လူကြီးများက ဘယ်လိုစာပေသမိုင်းတွေ ပြုစုကြပါသလဲ။ ဇော်ဂျီဟာ တက္ကသိုလ်စာကြည့်တိုက်၊ ကျောင်းသုံးစာအုပ်ပြုစုရေးနဲ့ စာပေဗိမာန် ရုံး ၃ ရုံးမှာ တာဝန်ယူရင်း ပြည်ထောင်စုသမိုင်းပုံပြင်များ၊ ပြည်ထောင်စုသမိုင်းမှတ်တိုင်များဆိုတဲ့ မူလတန်းကျောင်းသုံးစာအုပ်တွေပြုစုပါတယ်။ ပြည်ထောင်စုနိုင်ငံချစ်စိတ်ဓာတ်မွေးနိုင်တဲ့ သမိုင်းအချက်တွေကိုပဲ ရွေးချယ်ထားတာလို့ အမှာမှာ ဇော်ဂျီက ဆိုပါတယ်။ ခေါင်းစဉ်တွေကို ကြည့်လိုက်ရင် ဟံသာဝတီပြည်ကိုချစ်သော ကွမ်အပ်သားမင်းသား၊ ဒါက အရပ် ၇ တောင်မြင့် ကုလားသူရဲကောင်းနဲ့ စီးချင်းထိုးတဲ့ မွန်သူရဲကောင်းအကြောင်းပါ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်လိုသော ဘဒ္ဒရဒေဝီ၊ မတရားမှုကိုမကြိုက်၍တိုက်ဖျက်လိုသော ပျူစောထီး၊ ရက်စက်သော စလေငခွေးမင်း၊ ပြည်သူအများက ချစ်ခင်လိုလားသောကြောင်ဖြူမင်း၊ တိုင်းသူပြည်သားတို့၏ဆန္ဒကိုလေးစားသော ဗိုလ်ချုပ်အောင်ဆန်းစတဲ့ ဒီမိုကရစီနံ့ထွက်တဲ့ စကားလုံးတွေပါပါတယ်။

ငြိမ်းချမ်းစွာနေလိုကြသော မင်းခေါင်နှင့်ရာဇာဓိရာဇ်၊ လူမျိုးထက်တိုင်းပြည်ကိုပို၍ချစ်သော သမိန်ဗရမ်း၊ နိုင်ငံတော်ဇာတိမာန်ထက်မြက်လှသော ဝန်းသိုစော်ဘွားနှင့်ခမည်းတော် စတဲ့အကြောင်းရပ်တွေကတော့ အပိုအကဲ ဖြစ်ရပ်မှန်နဲ့ လွဲတဲ့ ပြည်ထောင်စုသွေးထိုးစာမျိုးဖြစ်နေပါတယ်။ အင်းဝ ဟံသာဝတီပဒေသရာဇ်အင်အားပြိုင်ပွဲကို စကော့တလန်နဲ့ အင်္ဂလန်ရန်စစ်မခင်းဘူးသကဲ့သို့ ဖုံးကာတဲ့အသွင်ပေါက်နေပါတယ်၊ နောက်ပီး ဗမာ ဘုရင့် အကျဉ်းသားဖြစ်နေပေမယ့် တိုင်းတပါးသား တရုတ်သူရဲကောင်းနဲ့ စီးချင်းထိုးဖို့ဆုံးဖြတ်ခဲ့တဲ့ မွန်သူရဲကောင်း သမိန်ဗရမ်း ဇာတ်လမ်းကလည်း အဲဒိချိန်က မြန်မာနဲ့စစ်ခင်းခဲ့တယ်လို့ တရုတ်မှတ်တမ်းတွေမှာ မရှိပါဘူး။ ဝန်းသိုစော်ဘွားကြီးကိစ္စကတော့ စော်ဘွားကြီးသစ္စာခံတာ ကုန်းဘောင်ထီးနန်းကိုလား၊ မြန်မာပြည်ကိုလားဆိုတာ သေချာရှင်းဖို့ လိုပါတယ်။ ပီးတော့ သမိုင်းကြောင်းနဲ့ ပုံပြင်တွေကိုရောထွေးပီး မူလတန်းကျောင်းသားတွေကို သင်ပေးသင့်သလားဆိုတာ စဉ်းစားစရာတချက်ပါ။

ပြည်ထောင်စုသမိုင်းမှတ်တိုင်များမှာတော့ ပျူ မွန် သက် မြန်မာတွေ ပုဂံပြည်ကို တည်ထောင်တယ်၊ ပုဂံပျက်ပီး ပေါ်လာတဲ့ အင်းဝ ဟံသာဝတီ မြောက်ဦး ပြည်ငယ်တွေက ပုဂံယဉ်ကျေးမှုအမွေကို တိုးပွားအောင်ဆောင်ရွက်တယ်ဆိုပီး အခုခေတ် တိုင်းရင်းသားတွေကြားရင် လက်မခံမယ့်အရေးအသားတွေပါပါတယ်။ မွန်နဲ့ရခိုင်ယဉ်ကျေးမှုတွေက ပျူ မြန်မာတွေနဲ့အပြိုင် ပေါ်ထွန်းခဲ့တာမို့ ပုဂံသြဇာရိပ်အောက်ပို့တာကို လိုလားမှာ မဟုတ်လို့ပါပဲ။ နောက် နိုင်ငံပြန်လည်စည်းလုံးပေးသောမင်းများဆိုပီး တပင်ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကို ဖော်ပြထားပါတယ်။ ဒီဘုရင်တွေလက်ထက် မွန် ရှမ်းပဒေသရာဇ်နိုင်ငံတွေနဲ့ ဖြစ်ခဲ့တဲ့စစ်ပွဲတွေ နိုင်ငံချဲ့ထွင်မှုတွေကို စစ်ရှုံးသူများဘက်က စည်းရုံးရေးလို့ မြင်စရာမရှိပါဘူး။ ပဲခူးအပျက်မှာ အလောင်းဘုရားရဲ့ရက်စက်မှုလို့ မွန်နဲ့ နိုင်ငံခြားမှတ်တမ်းတွေမှာ ကျန်ခဲ့တာတွေကိုလည်း မဖော်ပြပါ။ ဒီလို မြန်မာအဓိကသမိုင်းအမြင်ကြီးစိုးနေတော့ ဇင်းမယ် အယုဒ္ဓယ မဏိပူရ အာသံစတဲ့ ပြည်နီးချင်းနိုင်ငံသားတွေ မြန်မာစစ်ဘုရင်တွေကို ကြောက်ရွံ့မုန်းတီးတယ်ဆိုတဲ့အကြောင်းကို လွတ်လပ်ပီးမြန်မာအစိုးရဖတ်စာတွေမှာ တွေ့စရာမရှိပါ။

လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ် ဖြစ်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ရေးသားရတာပါလို့ ဆိုနိုင်ပေမယ့် ဒီအတွက် ဘယ်သူ့ကိုမှ သာစေနာစေ မရှိရဘဲ တွေ့တဲ့အတိုင်းသာ တင်ပြရတဲ့ သမိုင်းဘာသာရပ်ရဲ့အနှစ်သာရတန်ဖိုးကို လျှော့ချသင့်သလားဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

နောက်တပတ်မှာတော့ အခြားထင်ရှားတဲ့ ဝန်ထမ်းသမိုင်းဆရာတွေနဲ့ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းအမြင်သစ်တွေ ပေါ်လာပုံကို ဆက်ပါမယ်။ နားဆင်တဲ့အတွက် ကျေးဇူးပါ။



No Responses Yet to “သမိုင်းဒဏ္ဍာရီဖတ်စာ ၂၁”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: