ဟိုရှေးအနှစ် ၂၀ ကျော်က

10Aug11

အနီးသမိုင်းဟု ထင်ခဲ့စေကာမူ ၂၀ အောက်တန်း လူငယ်များအတွက်ကား ၈၈ အရေးအခင်းမှာ ယုံတမ်းသဖွယ်ဖြစ်နေလေပီ။ ကျနော်တို့ရွယ် ၃၀ တန်းများလောက်သာ အရေးအခင်းတုန်းက ဟူသော အသံကြားတိုင်း လတ်ဆတ်သော မကျေမချမ်းမှုများ ပေါ်လာစမြဲ။ လမ်းမပေါ်မှ ပျောက်ကွယ်သွားသော လူစုလူဝေးကြီး၏အသံများကို ပြန်ကြားဆဲ။ မကြုံဘူးသူများမှာကား ဘုန်းကြီးဆန္ဒပြပွဲ ကျမှ နိုင်ငံရေးမူလတန်းကို အောင်စာရင်းထွက်ခဲ့ကြသည်မဟုတ်ပါလား။ သို့မဟုတ်က နှစ်ပေါင်းကြာညောင်းအောင် လူတွေထောင်ကျ တောခို ထွက်ပြေး ရေဒီယိုမှ စကားပြောနေကြတာ ဘာကြောင့်ဆိုတာ နားမလည်နိုင် သီချင်းတပုဒ် ဂိမ်းတခုလောက်မှ စိတ်မဝင်စားနိုင်သူတွေသာ များလာလိမ့်မည်။ ခေတ်မတူ ဘဝမတူ၍ ခံစားချက်ချင်းကား တူပေမည်မဟုတ်။ သို့သော် ဤတိုင်းပြည်တွင် နေထိုင်သူတိုင်း ဆင်းရဲမွဲတေမှု၊ ဖိနှိပ်အကျင့်ပျက်မှု၊ ခေတ်နောက်ပြန်ဆွဲမှု အဆိုးကျော့သံသရာကြီးကို မသိနိုးနားလုပ်ထား၍ မရစကောင်း။ ထို့ကြောင့် လူတိုင်း နိုင်ငံရေးနားမလည်သော်လည်း နိုင်ငံအခြေအနေကို ကျေနပ်ကြသည်မဟုတ်ဟု
ယေဘုယျပြောသင့်သည်။

၈၈ မှာ ပြည်ပြေးတစု ပြည်တွင်းက လှုပ်ရှားသူတစု လူစိတ်ဝင်စားအောင်လုပ်သည့်ပွဲဟု ထင်ချင်ကြသူများအဖို့ အတိတ်ကို ပြန်သိချင် တူးဆွချင်စိတ်ပေါ်လာမှ မိမိတို့ မိဘဆွေမျိုး သင်္ဂဟများ မည်သို့ခေတ်ကျပ်ကြီးကို ဖြတ်သန်းခဲ့ကြသည်ကို ရိပ်စားစာနာမိကြပေမည်။ ဤသို့သိလာအောင်လည်း နိုင်ငံရေးလှုပ်ရှားသူများ၏ ဇာတ်ကြောင်းပြန်မှတ်တမ်းများထက် အခြေအနေသုံးသပ်ဆင်ခြင်သည့် စာပေသုတေသနများ ပို၍များများထွက်ဖို့လိုသည်။ ဥပမာ အရေးအခင်းကာလ စာစောင်များ လေ့လာချက်၊ လှုပ်ရှားခဲ့သူများကို တွေ့ဆုံမေးမြန်းပီး ဘက်စုံက ပိုကျယ်ပြန့်သည့်အမြင်ကိုရအောင် အားထုတ်ခြင်းမျိုး။

နမူနာအနေနှင့် အရေးအခင်းပီးစ ၁၉၈၉ ဇွန်က ဘာကီလီ ကယ်လီဖိုးနီးယားတက္ကသိုလ်ထုတ် အာရှစစ်တမ်းစာစောင်မှ ရန်ကုန်မြို့နေ မြန်မာနိုင်ငံသား Moksha Yitri ရေး ‘ Crisis in Burma Back from the Heart of Darkness? ‘ ဆောင်းပါးကို အကျဉ်းရုံးပြန်ဆို မိတ်ဆက်ပေးလိုက်သည်။ ယစ်ထရီမှာ ပြည်ပတွင် ပညာသင်ခဲ့ဖူးသော လူလတ်တန်းစား ပညာတတ်အလွှာမှဖြစ်ပီး နိုင်ငံရေးတွင်ပါဝင်နေသော်လည်း ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသော ၁၈၃ ပါတီနှင့် မပတ်သက်သူဖြစ်သည်။

သူက လွတ်လပ်ရေးရထဲက အနှစ် ၄၀ တွေ့ကြုံခဲ့ရသော ခေတ်ပူခေတ်ပျက်ကြီးကို ၁၉၈၈ တွင် တဘရိတ်ထဲ ပြန်ပေါ်လာသကဲ့သို့တွေ့ရသည်ဆိုသည်။ ဆန္ဒပြပွဲ၊ လူဖမ်းပွဲနှင့် ရက်စက်စွာ သတ်ဖြတ်မှုများနှင့်အတူ သမ္မတ ၃ ပါး ဆက်တိုက်ပြုတ်ကျပီး စစ်အာဏာသိမ်းပွဲကိုပါ တွေ့ခဲ့ရသည်။ ပြည်သူ ၄၀ ရာနှုန်းမှာ ၁၉၈၅ ထဲက စုန်းစုန်းမြုပ်အောင် မွဲနေကြသည်ဟု ယူနီဆက်ကိန်းဂဏန်းများကို ကိုးကားရုံသာမက ၁၉၈၈တွင် အခြေအနေမှာ ပိုဆိုးဖို့သာရှိသည်ဟုလည်းဆိုသည်။ ဓာတ်ဆီရှားပါးမှုကြောင့် ဆန်တင်ပို့မှုနှောင့်နှေးပီး ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ ( အရေးအခင်းတွင် ဂိုဒေါင်များဖွင့်ပေးလိုက်၍ လုယက်မှုများ၊ လုယက်သူများကို ပစ်သတ်မှုများ၊ နွမ်းပါးသူများကို သပိတ်ကော်မတီများက ဆန်ပြုတ်တိုက်ပွဲများကို သတိရသည်- ဘာသာပြန်သူ)

၂၆ နှစ် ယိုယွင်းမှု၏ အဆုံးသတ်လက္ခဏာများမှာ လွန်ခဲ့သည့် ၅ နှစ်အတွင်း သိသာလာသည်။ အစိုးရစာရင်းအင်းများတွင်ပင် ဖွံ့ဖြိုးမှုနှုန်းမှာ ၁၉၈၀-၈၅ အတွင်း ပျမ်းမျှ ၃.၃ ရာနှုန်းရှိရာမှ ၀.၄၅ ရာနှုန်းထိ ဆုတ်ယုတ်ခဲ့ငြား အာဏာပိုင်များက နိုင်ငံတကာစီးပွားရေးအခြေအနေကိုသာ လက်ညှိုးထိုးနေခဲ့သည်။ ၁၉၈၇ နှောင်းပိုင်းတွင် မခံသာအောင် ဆိုးရွားလာခဲ့သည်။ သြဂုတ်လတွင် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းက အမှားအယွင်းများရှိခဲ့ကြောင်း ဝန်ခံပီး အပြောင်းအလဲဆိုသည်မှာ ရှောင်ရှားမရရုံမက လိုအပ်ကြောင်း၊ အရာရှိများက အချက်အလက်များကို ထိမ်ချန်ခဲ့ကြောင်း အပြစ်တင်ကာ မူဝါဒအပြောင်းအလဲအတွက် ၁၉၈၉ နှောင်းပိုင်းတွင် ကျင်းပချိန်တန်သည့် နောက်ပါတီညီလာခံအမီ ပြင်ဆင်ထားရန် ညွှန်ကြားသည်။

၁၉၈၇ စက်တင်ဘာတွင် ဆန်ကို ထိန်းချုပ်မှုမှ လွှတ်လိုက်သော်လည်း တပတ်အတွင်း စက်တင်ဘာ ၅ တွင်ပင် အစိတ်တန် ၃၅ ကျပ်နှင့် ၇၅ ကျပ်တန်များ တရားမဝင်ကြေညာသည်။ ၁၉၈၅ ကပင် ရာတန်တခါသိမ်းခဲ့ပီး ယခုတခါတွင် ပြန်လဲပေးမည့်အစီအစဉ်မပါတော့ပေ။ အစိုးရဘဏ်စနစ်မကောင်း၍ အများစုက ပိုက်ဆံအဖြစ်သာ သိမ်းတတ်ရာ အခြေအနေမှာ အတော်ဆိုးပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအချို့ ဆူပူမှုကြောင့် သီတင်းကျွတ်ကျောင်းပတ်ရက်အဖြစ် ကျောင်းများပိတ်လိုက်သည်။ အများစုကြီးက ဤဒုက္ခများကို သည်းခံနေကြသေးသည်။

၁၉၈၇ ဒီဇင်ဘာတွင် ကုလသမဂ္ဂက မြန်မာပြည်ကို အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ထည့်သွင်းသည်။ ကြွေးမြီပေးလျော်ရေးအတွက် လျှောက်ထားစဉ်ကရော ကြေညာခံရစဉ်ပါ အစိုးရက အသိမပေးသော်ငြား ပြည်ပသတင်းဌာနများနှင့် ပါးစပ်စကားက လူထုကြားပျံ့လာသည်။ လွတ်လပ်ရေးအနှစ် ၄၀ ပြည့်သည့် ၁၉၈၈ ဇန်နဝါရီတွင် အနောက်ဂျာမနီက မြန်မာ့ကြွေးမြီများကို လျော်ပေးကြောင်း သဝဏ်လွှာပို့ချိန်တွင် လူထုအကြား (အထူးသဖြင့် ကျောင်းသားများအကြား) တိုင်းပြည်အတွင်း အံချော်နေမှုများကို မကျေမလည်ဖြစ်လာကြသည်။

မတ်လလယ် စက်မှုတက္ကသိုလ်မှမီးပွားများက မကျေနပ်မှုတာဘောင်ကို ပွင့်ကျလာစေသည်။ ကျောင်းပြင်ပ ကိစ္စတခုမှ ဆန္ဒပြပွဲပေါ်လာပီး နှိမ်နင်းမှုကြောင့် အသေအပျောက်များခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့လည်း ပျံ့နှံ့လာကာ အစိုးရဆန့်ကျင်ရေးဟောပြောမှုများနှင့် မတ်လ ၁၇ ရက် လုံထိန်း တပ်သားများ တက္ကသိုလ်စီးချိန်တွင် အပျက်အစီးများလည်းဖြစ်လာခဲ့သည်။ ဆန္ဒပြပွဲက နောက်နေ့မြို့ထဲဆက်သွားပီး အစိုးရဆိုင်များ ရုံးများ ကားများ မီးရှို့ခံရသည့်အပြင် လူအုပ်ထဲပစ်ခတ်မှုကြောင့် အသေအပျောက်လည်းများသည်။ ရာချီပီး အစုအပြုံနှင့်ဖမ်းသဖြင့် အချုပ်ကားထဲ ၄၁ ယောက် လေပိတ်သေရသည်။ လုံထိန်းများ နာမည်ဆိုးထွက်လာသော်လည်း မဆလအတွင်းရေးမှူး ဦးစိန်လွင်ကွပ်ကဲမှုအောက်က ခြေမြန်တပ်ရင်း ၂၂ လှုပ်ရှားမှုများကို လူမသိလှသေး။ အလျင်အမြန်ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အခြေအနေပြန်တည်ငြိမ်သွားပီး စီးပွားရေးဒုက္ခများနှင့် လည်ပတ်နေဆဲဖြစ်သည်။

အဓိကရုဏ်းအတိုင်းပမာဏကို အာဏာပိုင်များ မသိကျိုးကျွံပြုသည့်ပုံရှိပီး စက်မှုတက္ကသိုလ်ဆူပူမှုစုံစမ်းရေးကော်မရှင်ထံမှလည်း အကြောင်းရင်း တိတိပပထွက်မလာသည့်ပြင် ဧပြီလ ဘက်ဂျက်လွှတ်တော်မှာလည်း တိုင်းပြည်ပကတိအခြေအနေကို လျစ်လျူရှုကာ ပီးဆုံးခဲ့သည်။ ဇွန်လ တက္ကသိုလ်ပြန်ဖွင့်ချိန်တွင် ကျောင်းသားများ၏ မကျေနပ်မှု ပမာဏမှာ ပိုကြီးလာပီး ဆန္ဒပြပွဲကြီးများ ပေါ်လာခဲ့သည်။ ဇွန် ၁၇ ဆန္ဒပြပွဲတွင် ကောလိပ်နှင့် အထက်တန်းကျောင်းအများစုပါဝင်လာပီး အဖမ်းခံရသူများ ပြန်လွှတ်ပေးရေး၊ ကျောင်းထုတ်ခံရသူများအရေးနှင့်
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး တောင်းဆိုမှုများမှ ဒီမိုကရေစီနှင့် လွတ်လပ်ရေးတောင်းဆိုမှု၊ မဆလအစိုးရနှုတ်ထွက်ရေးများဘက်သို့ ရွေ့လျားလာသည်။

ထုံးစံအတိုင်း ဇွန် ၂၀ တွင် ရန်ကုန်တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များပိတ်လိုက်ရာမှ ဆန္ဒပြပွဲများ လမ်းမပေါ်သို့ ပျံ့နှံ့သွားကာ လူထုပါဝင်မှုလည်း ကြီးလာခဲ့သည်။ နောက်တနေ့ မြေနီကုန်းအရေးအခင်းတွင် ကျောင်းသားများနှင့် လုံထိန်းများပါ သေကျေကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ ပဲခူးတွင်လည်း ရဲနှင့်ကျောင်းသားများသေကြေကြသည်။ ဇူလိုင် ၂၃ တွင် အရေးပေါ်ပါတီညီလာခံ ကျင်းပမည်ဟု ၇ ရက်နေ့တွင်ကြေညာသည်။ အထိန်းသိမ်းခံကျောင်းသားများ ပြန်လွတ်လာပီး ကျောင်းပြန်တက်ခွင့်လည်းရကြသည်။ ပါတီညီလာခံတွင် စီးပွားရေးနှင့် ပါတီဖွဲ့စည်းပုံ ပြုပြင်ရေးများ ဆွေးနွေးမည်ဟုလည်းဆိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ပြန်ဖွင့်ပေးမည်ဟု
မျှော်လင့်ရုံမှအပ ဦးနေဝင်းနှုတ်ထွက်ပေးမှုအပါအဝင် နိုင်ငံရေးအပြောင်းအလဲများဖြစ်လာမည်ဟု မည်သူမှ မထင်မိကြသေး။

ညီလာခံအဖွင့်မှာပင် ဦးနေဝင်းက ဆိုင်းမဆင့်ပဲ စစ်ပီးခေတ် တိုင်းပြည်သမိုင်းတွင် သွေးထွက်သံယိုအဖြစ်ဆုံး လမ်းကြောင်းကို တင်မိသားဖြစ်ခဲ့သည်။ မိန့်ခွန်းအရ မတ်လနှင့် ဇွန်လအရေးအခင်းများတွင် ပါဝင်ထောက်ခံသူများအနေဖြင့် ပါတီဦးဆောင်မှုကို မယုံကြည်တော့ကြောင်း ပြနေသည်။ တိုင်းပြည်၏ လူဦးရေမည်မျှက ထိုသဘောထားရှိမရှိသိရအောင် တပါတီနှင့် ပါတီစုံစနစ် မည်သည်ကို လိုလားကြောင်း ဆန္ဒသဘောထားခံယူကြည့်မှ သိမည်ဖြစ်သည်ဟု ပါတီညီလာခံကို ဦးနေဝင်း အဆိုပြုသည်။ ပါတီစုံစနစ်ကိုရွေးချယ်လျှင် ရွေးကောက်ပွဲသစ်များ အမြန်ကျင်းပရမည်။ စိတ်မချမ်းမြေ့ဖွယ်အရေးအခင်းများအတွက် သွယ်ဝိုက်တာဝန်ရှိသည်ဟု ယူဆပီး ဦးနေဝင်းနှင့် ဦးစန်းယုစသည့် ထိပ်ဆုံးက လူကြီး ၅ ယောက် အနားယူလိုကြောင်း ဆိုသည်။

ဦးနေဝင်းက အဓိကရုဏ်းများအတွင်း ဥပဒေမဲ့ရမ်းကားမှုများနှင့် ပြည်မြို့တွင် တင်းမာနေမှုများကြောင့် မနေ့ကစ၍ တပ်စွဲထားရကြောင်းဆိုသည်။ နောင် ဆူဆူပူပူလုပ်လာခဲ့လျှင် သည်းညည်းခံမည်မဟုတ်ကြောင်း၊ သေနတ်ဆိုတာ တည့်တည့်ပစ်တတ်ကြောင်း၊ မိုးပေါ်ထောင်ဖောက်မည်မဟုတ်ဟု မိန့်ခွန်းအဆုံးသတ်တွင် သတိပေးသွားသည်။ ဤစကားများက ၁၉၆၂ ဇူလိုင် ရန်ကုန်တက္ကသိုလ်သမဂ္ဂဗုံးခွဲမှုအပေါ် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးဖော်ထုတ်ချက်များကို ရည်ညွှန်းနေသလိုရှိသည်။

ထင်ထားသည့်အတိုင်း အကျိုးစီးပွားမျှော်လင့်ချက်များနှင့် ဘဝများစွာကို ရင်းနှီးထားရ၍ ပါတီညီလာခံက ဦးနေဝင်း၏ တပါတီစနစ်ဖျက်သိမ်းရေးနှင့် ထိပ်တန်းအာဏာပိုင်များဖယ်ရှားရေး အလောသုံးဆယ်စိတ်ကူးများကို လက်မခံခဲ့ပါ။ သူကြာရှည် ဦးဆောင်ခဲ့သည့်ပါတီနှင့် သူ မည်မျှကင်းကွာနေသည် သူ့အာဏာအခြေကို သူသေချာမသိဖြစ်နေသည်က ထင်ရှားလာသည်။ မှန်းရခက်သော်လည်း သူဆင်သည့်ဖဲ သူပြန်ချိုးတတ်သည့် ဦးနေဝင်းသည် အာဏာကိုစွန့်လိမ့်မည်မဟုတ်ဟု ယူဆသူများလည်းရှိသည်။ အထင်အမြင်ထက် ပိုသေချာအောင် သုံးသပ်နိုင်ဖို့က မြန်မာသမိုင်းကို ပြန်ကြည့်ဖို့သာရှိသည်။ (ဦးနေဝင်းနေရာဆက်ခံသည့် ဦးစိန်လွင်ပင်လျှင် သူ့ကို ၁၇ ရက်နန်းအပ်ပီး ပြန်ဖယ်ရှားသွားသည့် သူ့ဥက္ကဋ္ဌကို နားလည်ဟန်မတူ)

မြန်မာများတွက်ဆထားသကဲ့သို့ ဦးနေဝင်းသည် သူ့အုပ်စိုးမှုကို မြန်မာရာဇဝင်ထဲ ထည့်ချင်သူဖြစ်၍ အလိုလိုပင် ပဒေသရာဇ်ဇာတ်သွင်းပီးသား ဖြစ်သွားတော့သည်။ အသက်ကြီးလာသည်နှင့်အမျှ သမိုင်းတွင် ကျန်ရစ်မည့် သူ့ကဏ္ဍကိုလည်း တွက်ဆလာရာ အထူးသဖြင့် သူနှင့်ခေတ်ပြိုင် သူ့အထက်လူကြီးဟောင်း အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သွားသွားယှဉ်နေသည်။ သူပြုခဲ့သမျှ အမှားများကို ပြန်ပြင်လိုပုံပေါ်သော်လည်း နိုင်ငံရေးအရေမထူမှု၊ သမာဓိမခိုင်မှုတို့ကြောင့် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို ခေါင်းဆောင်နိုင်မည့်သူ မဟုတ်ပေ။

မြန်မာဘုရင်များသည် ဘုန်းသမ္ဘာကြီးသည့် သာသနာ့ဒါယကာများဖြစ်လိုသည့်အပြင် အမှားများကိုလည်း ချေဖျောက်လို၍ ဘုရားတည်လေ့ရှိကြသည်။ ဦးနေဝင်းသည် ရွှေတိဂုံတောင်ဘက်တွင် မဟာဝိဇယစေတီကို တည်ခဲ့သော်လည်း မြန်မာပြည်အတွက် ဤမျှနှင့် မကျေပျောက်နိုင်သေးပေ။ ထို့ပြင် ပါတီညီလာခံသည် ဘုရင့်အတိုင်ပင်ခံတာဝန်ကို မကျေပွန်နိုင်ပဲ ဦးနေဝင်းအလိုကို ဆန့်ကျင်ခဲ့သည်။ ဇူလိုင် ၂၄ ဒုတိယနေ့တွင် ကိုယ်စားလှယ်ကြီးများက ဦးနေဝင်းကို စော်ကားသည်လည်းမဖြစ်ရအောင် ပါတီစုံစနစ် ဗမာပြည်နှင့် မသင့်တော်ဟု ငြင်းပယ်ခဲ့ကြသည်။ ဦးနေဝင်းနှင့်ခေါင်းဆောင်များ အနားယူမှုကိုလည်း ပြန်စဉ်းစားရန်တောင်းပန်ကြသည်။ စီးပွားရေးပြုပြင်မှုအကြောင်း အဓိကထားမဆွေးနွေးနိုင်သော်လည်း ကုန်စည်နှင့် စက်မှုလုပ်ငန်းတချို့ကို ပြည်တွင်းနှင့် ပြည်ပပုဂ္ဂလိကကဏ္ဍသို့ ဖွင့်ပေးမည့်အစီအစဉ်ကိုကြေညာခဲ့သည်။

ညီလာခံနောက်ဆုံးရက် နောက်တနေ့တွင်လည်း ဆန္ဒခံယူပွဲအဆိုကို ပယ်ချကြသည်။ ဦးနေဝင်းနှင့် သမ္မတဦးစန်းယုတို့ အနားယူသွားသော်လည်း ပါတီအတွင်းရေးမှူးဦးစိန်လွင်တက်လာ၍ အံ့အားသင့်စရာဖြစ်ရသည်။ ပါတီအဓွန့်ရှည်ကြံ့ခိုင်ရေးအတွက် တင်လိုက်ခြင်းဖြစ်သော်လည်း အများလူထုမျှော်မှန်းချက်နှင့် ဝေးကွာနေသည်။ စိန်လွင်လိုလူကြမ်းကို တင်လိုက်သည်ထက်ဆိုးသောအဖြစ်က မရှိနိုင်တော့။

လူထုမကျေနပ်မှုကိုသိ၍ သြဂုတ် ၃ တွင် ရန်ကုန်၌ မာရှယ်လောထုတ်ကာ ကျောင်းများပိတ်လိုက်သဖြင့် သပိတ်ကို ရွှေတိဂုံသို့ရွှေ့လာသည်။ ဝါဆိုလပြည့် ဇူလိုင် ၂၈ ရွှေတိဂုံဘုရားလူစည်ချိန်တွင် ပြောက်ကျားဆန္ဒပြမှုများက သြဂုတ် ၈ ရက်နေ့တွင် တနိုင်ငံလုံး ဆန္ဒပြဖို့ နှိုးဆော်ပေးသည်။ စစ်အုပ်ချုပ်ရေးအတွင်း တပ်များကို မြို့တွင်းလမ်းဆုံများနှင့် အရေးကြီးသည့်ဌာနများသို့ ရွှေ့လာသည်။ သို့နှင့် အရေးအခင်းတကယ်စချိန်တွင် အရှိန်အဟုန်နှင့် ပမာဏကို အားလုံးအံ့သြစရာဖြစ်တော့သည်။ သတ်မှတ်ထားသည့် သြဂုတ်လ ၈ ရက်နေ့တွင် မြို့ကြီးများနှင့် မြို့ငယ်များတွင် ဆန္ဒပြလူအုပ်ကြီးများ ပေါ်ထွက်လာသည်။ ရန်ကုန် ဆူးလေဘုရားအနီးက လူအုပ်ကို စစ်တပ်က လူစုခွဲခိုင်းချိန်တွင် မခွဲ၍ ပထမဆုံးအပစ်ခံရသည်။ နောက်နေ့များတွင်လည်း ရန်ကုန်နေရာအတော်များများနှင့် အခြားမြို့များတွင်ဆက်လက်ပစ်ခတ်ခံနေရသည်။ မည်းမည်းမြင်ရာပစ်၍ ရာနှင့်ချီသေဆုံးရသည်။ ရန်ကုန်ဆင်ခြေဖုံးတနေရာတွင် ရုံးလာသော အမေရိကန်သံတယောက် စစ်တပ်ဝိုင်းခံနေရသော ဆန္ဒပြလူအုပ်နှင့်သွားတိုးသည်။ လူအုပ်ကြားတိုးနေချိန်မှာပင် စစ်တပ်ကပစ်၍ သူ့ကားနှင့် ဆန္ဒပြသူများပါ ထိကုန်သည်။ ပြန်လှည့်မောင်းကာ ဒဏ်ရာရသူများကို သယ်လာရသည်။

ဆက်လက်ပစ်ခတ်နေ၍ အသေအပျောက်ဒဏ်မခံနိုင်တော့သော ရန်ကုန်ဆေးရုံကြီးသူနာပြုများက သြဂုတ် ၁၀ တွင် အပစ်အခတ်ရပ်ရန် မေတ္တာရပ်ခံသည်။ ဆေးရုံဝသို့ ဆိုင်းဘုတ်ကိုင်ချီတက်လာစဉ်ပင် လမ်းပေါ်က ထရပ်ကားပေါ်မှ စစ်သားများလှမ်းပစ်၍ သူနာပြုအချို့ဒဏ်ရာရကာ ဆန္ဒပြသူများသေဆုံးကုန်သည်။ ရန်ကုန်နှင့် စစ်ကိုင်းတွင် အသေအပျောက်အများဆုံးဖြစ်သည်။ ရန်ကုန်အချို့နေရာများမှာ လွတ်လပ်စွာပစ်နိုင်သော free-fire zone များဖြစ်ကုန်ပီး လက်ဖက်ရည်ဆိုင် ကားမှတ်တိုင်နှင့် အိမ်ထဲကလူများပါ အပစ်ခံနေရသည်။ အရပ်သားများ လမ်းကို သစ်တုံးများနှင့်ပိတ်ပီး ရရာလက်နက်နှင့် ကာကွယ်နေကြရသည်။

သြဂုတ် ၁၁ ရက်နေ့တွင် စစ်စခန်းများကို သူပုန်နယ်တွင်းရောက်နေသည့်အလား ပြင်ဆင်လာသည်။ နောက်တနေ့ ဦးစိန်လွင် မထင်မှတ်ပဲ နှုတ်ထွက်သွားမှ မြို့ပေါ်စစ်ဖြစ်တော့မည်ထင်နေရသည့်ဘဝက သက်သာရာရကြသည်။ ဇူလိုင်လပါတီညီလာခံက ဦးနေဝင်းထွက်ပေးခဲ့သော်လည်း လတ်တလောသွေးချောင်းစီးမှုများက ဦးစိန်လွင်ကို ဖယ်ရှားပီး သူ့မူလလမ်းကြောင်းကိုဆက်သွားဖို့ဖြစ်လာသည်။ ဦးစိန်လွင်ထွက်သွား၍ အနှံ့အပြားအောင်ပွဲခံကြကာ ပြည်သူ့အာဏာ၏အောင်ပွဲဟု ယုံကြည်လာပီး ပြည်တင်းလျှင် မင်းမခံနိုင်ဟု ယူဆလာကြသည်။

ပြည်သူ့လွှတ်တော် ဗဟိုကော်မတီအစည်းအဝေးကို သြဂုတ် ၁၉ တွင် ကျင်းပရန်ကြေညာသည်။ ဤတကြိမ်တွင်တော့ အရပ်သားပါတီလူကြီး ဒေါက်တာမောင်မောင်ကို လစ်လပ်သွားသော ဥက္ကဋ္ဌနေရာရွေးချယ်လိုက်သည်။ သူ့ပထမခြေလှမ်းတခုဖြစ်သော ၁၁ ဦးပါ ပြည်သူ့ဆန္ဒခံယူရေးကော်မရှင်တွင် ဦးနေဝင်းအကြံပါနေမည်က မလွဲ။ မူလအကြံဖြစ်သော ပြည်သူ့ဆန္ဒခံယူပွဲကို ပါတီက ပယ်ချခဲ့သည်မဟုတ်ပါလား။ ဦးနေဝင်း၏ ဇူလိုင် ၂၃ ရက်အဆိုပြုချက်များကို ယခုမှအကောင်အထည်ဖော်နေရသော်လည်း ဒေါက်တာမောင်မောင်အနေဖြင့် လွှတ်တော်နှင့် ပါတီလုပ်ထုံးလုပ်နည်းများကို လိုက်နာနေရသည့်ပုံပေါ်သည်။ ပါတီကို သစ္စာစောင့်သိမှုက သူ့ကိုဖင့်နှေးစေသည့်အပြင် အကူးအပြောင်းတွင် အခြေခံဥပဒေခိုင်ခိုင်မာမာရှိစေချင်သည့်စိတ်ကလည်း သူ့ကိုနှောင့်နေသည်။ ထိုနှောင့်နှေးမှုများက ကြုံနေရသည့်ကာလနှင့် အဟပ်ကွာနေသည်။ အစိုးရအတွက် ဂယ်ပေါက်ရအောင် အချိန်ဆွဲနေသည်ဟု ယူဆနေကြသည်။ အကယ်၍ ဒေါက်တာမောင်မောင်သာ အခြေအနေကို နားလည်ပီး ဆုပ်ဆုပ်ကိုင်ကိုင်လုပ်နိုင်ခဲ့လျှင် လူထုဒေါသနှင့် စိတ်မရှည်မှုကို အနည်းဆုံးတော့ အုပ်စီးမိပေလိမ့်မည်။

အသစ်ပြန်ပေါ်လာသည့် နိုင်ငံရေးအတိုက်အခံများနှင့် ပူးတွဲပီး ပြုပြင်ရေးလုပ်သည်က တထစ်ချင်းလျှော့ပေးရမည်ထက် ပိုအကျိုးကြီးပေလိမ့်မည်။ နိုင်ငံရေးအရိပ်အခြည်ကို ကြည့်ကစားတတ်လျှင် ပိုနေရာကျပေမည်။ သူ့အာဏာကိုအားဖြည့်မည့် မာရှယ်လောကိုရုပ်လိုက်သော်လည်း ဒေါက်တာမောင်မောင်သည် တဖက်ကမြင့်တက်လာသည့် လူထုဆန္ဒရေချိန်နှင့် မညှိနှိုင်းနိုင်ဖြစ်နေသည်။ လစာတိုးခြင်း၊ သီးနှံခွန်များလျှော့ပေးခြင်း၊ နိုင်ငံခြားသွားလာခွင့်စသည့် လိုက်လျောမှုများ အစိုးရဘက်ကလုပ်လာသည်။ နိုင်ငံရေးမှ အာရုံလွှဲရန် ကုန်သွယ်ရေးနှင့် စီးပွားရေးအခွင့်အရေးများကမ်းလှမ်းပေးသော်လည်း မအောင်မြင်ခဲ့။

ဆန္ဒခံယူရေးကော်မရှင်မှာလည်း တပတ်သာကြာသည်။ နမူနာမေးခွန်းများနှင့် ပထမကြညာချက်ကို ထုတ်ပြန်ချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲများ ထပ်ပေါ်လာသည်။ သြဂုတ် ၂၂ တွင် လမ်းမတော်မှ ဆေးရုံကြီး၊ အမေရိကန်သံရုံးတို့သို့ လှည့်လည်ဆန္ဒပြကြသည်။ သြဂုတ် ၂၄ စစ်အုပ်ချုပ်ရေးရပ်စဲချိန်တွင် သံဆူးကြိုးကာထားသည့် မြို့တော်ခန်းမထဲ လူအုပ်များဝင်လာသည်။ ဆန္ဒခံယူရေးကော်မရှင်ကို ဖျက်သိမ်းလိုက်ပီး အရေးပေါ်ပါတီညီလာခံနှင့် ပြည်သူ့လွှတ်တော်ကို စက်တင်ဘာ ၁၂ ၁၃ ရက်များတွင်ခေါ်ယူလိုက်သည်။ ပြည်သူလိုလားသည့် နိုင်ငံရေးပုံစံကိုရရန် ပြည်သူ့ဆန္ဒခံယူပွဲကော်မရှင်ကိုဖွဲ့မည်ဟု ဒေါက်တာမောင်မောင်က မိန့်ခွန်းပေးသော်လည်း နောက်ကျသွားပီဖြစ်သည်။ လူထုက ထိုမျှနှင့်မကျေနပ်တော့ပဲ မဆလအစိုးရနှုတ်ထွက်ပေးပီး ကြားဖြတ်အစိုးရဖွဲ့ကာ ဒီမိုကရေစီအမြန်ဆုံးပေးဖို့ တောင်းဆိုနေသည်။

နိုင်ငံရေးလွတ်လပ်ခွင့်အတော်ရလိုက်သည့်ကာလတိုအတွင်း ဦးအောင်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဦးတင်ဦးနှင့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်တို့ လူထုမိန့်ခွန်းကြီးများပေးကြသည်။ သို့သော် ဥပဒေမဲ့လုပ်ရပ်များက မင်းမဲ့အခြေအနေဆိုက်ရောက်နေပီဖြစ်သည်။ နိုင်ငံပိုင်ပစ္စည်းများ လုယက်ဖျက်ဆီးနေကြသည့်ပြင် ရဲသား၊ အစိုးရသတင်းပေးဟုမသင်္ကာသူများ၊ အဆိပ်ခတ်သည်ဟု စွပ်စွဲခံရသူများကို လူအုပ်နှင့်သတ်ဖြတ်နေကြသည်။ အစိုးရယန္တရားလည်း ရပ်ဆိုင်းသွားကာ နေ့စဉ်ဆန္ဒပြနေကြသည်။ အကျပ်အတည်းမှ သက်သာစေရန် စက်တင်ဘာ ၁ တွင် ဒေါက်တာမောင်မောင်က အခြေခံဥပဒေအတိုင်းလိုက်နာဖို့လိုပုံကို ရှင်းပြသည်။ ကျောင်းသားသမဂ္ဂအဆောက်အအုံသစ် ပြန်ဆောက်ပေးမည်ဟုပင် ကတိပေးသော်လည်း သူ့စကားမှာ အရာမထင်တော့ပေ။

ပါတီညီလာခံကို စက်တင်ဘာ ၁၀ တွင် ၂ ရက်စောကျင်းပသည်။ အခြေအနေကြောင့် ဆန္ဒခံယူပွဲမလုပ်တော့ပဲ ၃ လအတွင်း ပါတီစုံရွေးကောက်ပွဲလုပ်ရန်ဆုံးဖြတ်သည်။ နောက်နေ့တွင် ပြည်သူ့လွှတ်တော်က ၅ ဦးပါ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းသည်။ နောက်တပတ်အတွင်း မဆလနှင့် ပင်မအာဏာဒေါက်တိုင် တပ်မတော်တို့ အိုးစားခွဲကြသည်။ အစိုးရဝန်ထမ်းများ ပါတီမှနှုတ်ထွက်ခွင့်နှင့် မည်သည့်ပါတီမှ မဝင်ရန်လည်း ကြေညာသည်။ မြန်မာပြည်၏ အနာဂတ်လမ်းကြောင်းကောင်းလာတော့မည်ဟု ခန့်မှန်းရသော်လည်း လက်တွေ့ဖြစ်မလာခဲ့။ အတိုက်အခံများက လက်မခံနိုင်ပဲ မဆလဖျက်သိမ်းရေးနှင့် အစိုးရနှုတ်ထွက်ရေးကိုသာ တောင်းဆိုနေရာ မရွယ်ပဲနှင့် တပ်က အာဏာသိမ်းဖို့ လမ်းခင်းပေးနေသလိုရှိသည်။

(ဆက်လက်ဖတ်ရှုရန်)



3 Responses to “ဟိုရှေးအနှစ် ၂၀ ကျော်က”

  1. 1 ဖိုးမာလေး

    ကိုဘိုဘိုရေ
    ဆက်ရေးမှာကိုမျှော်နေတယ်ဗျ။

  2. 2 Aung Kaung

    အကို ကျွန်တော် အဖေ့စာအုပ်မှာ ခွင့်မတောင်းပဲ ရှယ်လိုက်မိတယ်။ ကျွန်တော်ခက်မာရဲ့မောင်ဝမ်းကွဲပါ။

    • 3 bobolansin

      ယူသုံးပါ ကိုအောင်ကောင်း။ ကျေးဇူး အထူးတင်ပါတယ်။ I see😀


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: