တတိယ မှန်နန်းကော်မရှင်၂၂

11Aug11

လွတ်လပ်တဲ့အာရှအသံ

သောတရှင်များခင်ဗျား။ ဒီတပတ်ဆက်ပြောမှာက လွတ်လပ်ပီးခေတ် မြန်မာအစိုးရက မြန်မာသမိုင်းပြန်လည်ပြုစုရေးမှာ ပါဝင်ခဲ့တဲ့ သမိုင်းပညာရှင် အရာရှိကြီးများအကြောင်းနဲ့ မြန်မာသမိုင်းကော်မရှင်အကြောင်းဖြစ်ပါတယ်။

ဗိုလ်မှူးဘရှင်ဆိုတဲ့ ဗြိတိန်စစ်သံမှူးဟောင်း သမိုင်းပညာရှင် ဒေါက်တာလုစ်ရဲ့ တပည့်ရင်းပုဂ္ဂိုလ်ကြီးကို သောတရှင်များကြားဘူး ဖတ်ဖူးကြမယ်ထင်ပါတယ်။ ကွယ်လွန်တာကြာခဲ့ပေမယ့် သူ့လက်ရာတွေက ကျန်ရစ်ထင်ရှားဆဲပါ။ သူက စစ်မဖြစ်ခင် ကောလိပ်ကျောင်းမှာတုန်းက ကျေးလက်ပြုပြင်ရေးလုပ်ငန်းတွေမှာ တက်ကြွခဲ့သူပါ။ စစ်တွင်း အာရှလူငယ်အစည်းအရုံး ဥာဏဗလတာဝန်ခံ၊ ဗမာ့ကာကွယ်ရေးတပ်မတော် ပညာရေးဌာန သမိုင်းဆရာလုပ်ခဲ့ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်းဆိုတဲ့စာအုပ်ကို နန်းရင်းဝန်သခင်နု ဗမာ့တပ်မတော်က ဗိုလ်မှူးကြီးကျော်ဇောတို့အမှာတွေနဲ့ လွတ်လပ်ရေးရတဲ့နေ့မှာ ထုတ်ခဲ့ပီး ရာဇဝင်မင်းဆက်တွေအကြောင်းထက် နိုင်ငံနဲ့ လူတွေအကြောင်း ပြောင်းလဲပုံကို ရေးမယ်ဆိုပီး သမိုင်းစကားလုံးကို လူသုံးများအောင် နှိုးဆော်ခဲ့သူပါ။ သူက တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးကထုတ်တဲ့ မြဝတီမဂ္ဂဇင်းနဲ့ တချိန်ထဲလို စာပေဗိမာန်ထုတ် စွယ်စုံကျမ်းအတွဲတွေမှာ တိုင်းရင်းသားလူမျိုးတွေအကြောင်း၊ မြန်မာနဲ့ အရှေ့တောင်အာရှခေတ်ဟောင်းသမိုင်းတွေ အကြောင်း ရေးပါတယ်။ ဖက်ဆစ်တော်လှန်ရေးနဲ့ ဗမာ့တပ်မတော်ကဏ္ဍက ကိုယ်တိုင်ဆင်နွှဲခဲ့တဲ့ သူ့အထူးပြုအကြောင်းရပ်တွေပါ။ တော်လှန်ရေးနေ့က တပ်မတော်နေ့လို့ ဖဆပလခေတ်မှာ ပြောင်းလဲခဲ့တဲ့ကိစ္စမှာ နောက်ကွယ်က သြဇာရှိခဲ့တဲ့ တပ်မတော်ပညာရှင်တွေထဲက တယောက်ပါ။ နောက် သူမကွယ်လွန်ခင်မှာ အနော်ရထာအရင်ကမြန်မာနိုင်ငံဆိုတဲ့ စာအုပ်တအုပ်ထုတ်ဝေခဲ့ပါတယ်။

ဒေါက်တာကျော်သက်ကတော့ ပထမဆုံးသမိုင်းပါရဂူဘွဲ့ရ မြန်မာလူမျိုးပါ။ ရန်ကုန်တက္ကသိုလ်ပါမောက္ခလည်းဖြစ်ပါတယ်။ အင်တာနက်မှာ လွှင့်တင်ထားတဲ့ သူလက်ချာပေးပုံ ရုပ်မြင်သံကြားမှတ်တမ်းကြောင့် ယနေ့လူငယ်တွေ သူ့ကိုသိကြမယ်ထင်ပါတယ်။ မွန်မြန်မာမင်းမှုထမ်းမျိုးကဆင်းသက်ပီး ဝိုင်အမ်ဘီအေပညာတတ်မိသားစုမှာ ကြီးပြင်းခဲ့တဲ့ ဒေါက်တာကျော်သက်ဟာ မျိုးချစ်စိတ်ကြီးတဲ့ သမိုင်းဆရာပါ။ သူပေးတဲ့ သမိုင်းလက်ချာကို သေချာနားထောင်မယ်ဆိုရင် မြန်မာပြည်ကို ချစ်တီးတွေ လာသွေးစုပ်ခဲ့တဲ့အကြောင်း၊ လက်ရှိဖဆပလအစိုးရက ဆိုရှယ်လစ်လမ်းကြောင်းကနေ ဘက်မလိုက်နိုင်ငံတည်ထောင်နေကြောင်းစတဲ့ အစိုးရအာဘော်ဆန်ဆန်တွေ ပြောတာကိုတွေ့ပါလိမ့်မယ်။ သူရေးတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းမှာလည်း ဇော်ဂျီရဲ့ မူလတန်းသမိုင်းဖတ်စာတွေလိုပဲ မြန်မာနိုင်ငံကိုစည်းလုံးပေးတဲ့ စစ်ဘုရင်တွေကဏ္ဍကို အသားပေးရေးပါတယ်။ တပင်ရွှေထီးအကြောင်းမှာဆိုရင် မွန်ပဒေသရာဇ်တွေအပေါ် ရက်စက်ခဲ့ပုံရော မွန်လူထုကို သိမ်းသွင်းခဲ့ပုံကိုရော ဖော်ပြထားပါတယ်။ ရခိုင်ဟာ မြန်မာနယ်တွေနဲ့ ကင်းလွတ်သီးခြားဖြစ်တယ်ဆိုတာ အမြဲပြပေမယ့် မြန်မာပြည်အရေးမှာ ပါနေတဲ့ တိုင်းရင်းသားတမျိုးပဲလို့ ဦးကျော်သက်က ကောက်ချက်ပေးပါတယ်။ သမိုင်းအထောက်အထားစုံကနေ ဆိုင်ရာခေတ်နောက်ခံအချက်အလက်သစ်တွေယူပီး ကဏ္ဍခွဲခြားသုံးသပ်တာကတော့ ရိုးရိုးစာရေးဆရာတွေရေးတဲ့ စုတုကူးသမိုင်းတွေထက် အများကြီးသာပါတယ်။ စစ်အာဏာသိမ်းအစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှုရှိပေမယ့် နောက်ပိုင်းမှာ အဆင်မပြေဖြစ်ပီး နိုင်ငံခြားထွက်သွားခဲ့ပါတယ်။ သူ့နေရာကို လန်ဒန်က မဟာဝိဇ္ဇာရ ဦးတင်အုံးက ဆက်ခံပါတယ်။ ဦးတင်အုံးဟာ နောက်ပိုင်း မဆလအစိုးရ ဒုနိုင်ငံခြားရေးဝန်ကြီးဖြစ်လာပါတယ်။

ဒေါက်တာကျော်သက်ထက်အရင် ပြည်ပထွက်သွားတဲ့ သမိုင်းနဲ့နိုင်ငံရေးသိပ္ပံပါမောက္ခကတော့ မန္တလေးတက္ကသိုလ်က ဒေါက်တာမောင်မောင်ကြီးပါ။ အသစ်ပေါ်ခါစ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လှောင်ပြောင်ဝေဖန်လို့ ရပ်စဲခံရပီးနောက် အမေရိကကို ထွက်သွားပါတယ်။ သူဟိုမှာရေးတဲ့ မြန်မာအာဏာရှင်စနစ်ရဲ့ရင်းမြစ်များစာအုပ်ဟာ ခေတ်အဆက်ဆက် မြန်မာ့လူ့ဘောင်မှာကြီးစိုးခဲ့တဲ့ ဂုဏ်မက် အာဏာရှိသူကို အောက်ကျို့တဲ့အလေ့တွေ လွတ်လပ်ရေးရပီးတဲ့ထိ ဘယ်လိုတွယ်ကပ်ပါနေတယ်ဆိုတာကို ပိုင်းခြားသုံးသပ်ထားတာပါ။ ဒီစာအုပ်ကတော့ ဒေါက်တာအောင်ခင် ဘာသာပြန်ပီးနောက် မြန်မာ့ဒီမိုကရေစီရေးစိတ်ဝင်စားသူ လူငယ်ပိုင်းထဲမှာ ပိုစိတ်ဝင်စားဖတ်ရှုခံရပါတယ်။

၁၉၅၅ မှာ မျိုးချစ်စိတ်သန်တဲ့ ဝန်ကြီးချုပ်ဦးနုက မြန်မာသမိုင်းကို မြန်မာပညာရှင်တွေကိုယ်တိုင် စနစ်တကျရေးဖို့ဆိုပီး မြန်မာသမိုင်းကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်မှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် အင်္ဂလိပ်စာပေနဲ့ မနုဿဗေဒပညာရှင် ဒေါက်တာထင်အောင်၊ အင်္ဂလိပ်စာပါမောက္ခနဲ့ ဝန်ကြီးချုပ်အတွင်းဝန် ဦးမျိုးမင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ စာရေးဆရာဇေယျ၊ မောင်ထင်၊ သီပေါမင်းခေတ် ရွှေတိုက်အတွင်းဝန်သမက် ပညာရေးမဟာဌာနမှူး ပါမောက္ခဦးဘ၊ ပထဝီပါမောက္ခဒေါက်တာသင်းကြည် စတဲ့ သမိုင်းဘက်ကမဟုတ်တဲ့ ပညာရှင်တွေအများစုပါတယ်လို့ ဒေါက်တာသန်းထွန်းရေးဘူးပါတယ်။ ဦးဆောင်သူက အင်္ဂလိပ်အောက်ကျခါစ အောက်မြန်မာပြည်ဘုန်းကြီးကျောင်းပညာရေးကို ကျမ်းပြုခဲ့တဲ့ ပညာမင်းကြီးဦးကောင်းပါ။ ပါမောက္ခဦးဘညွန့်(ချစ်ဒုက္ခ)၊ ဒေါက်တာကျော်သက်၊ ဗိုလ်မှူးကြီးဘရှင်၊ ဒေါက်တာလုစ်စတဲ့ သမိုင်းဌာနပုဂ္ဂိုလ်များလည်း ပါပါတယ်။ မင်းကြီးဦးကောင်းကွယ်လွန်ပီးနောက် တက္ကသိုလ်ကျောင်းအုပ်ဟောင်း ပါဠိနဲ့မြန်မာစာပညာရှင် ဦးဖေမောင်တင်က ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်။ မြန်မာစာနဲ့ ကမ္ပည်းကျောက်စာဘက်ကပညာရှင်တွေလည်း ဝိုင်းဝန်းကြပါတယ်။

ကော်မရှင်အတွက်လိုတဲ့အထောက်အထားတွေကိုလည်း ဒေါက်တာရီရီ၊ ဒေါ်ကြန်စတဲ့ ပညာရှင်ငယ်တွေကို လန်ဒန်လွှတ်ပီး ပြတိုက် စာကြည့်တိုက်နဲ့ရုံးမှတ်တမ်းတွေက လိုရာများ ကူးယူစေပါတယ်။ ပန်းချီဆရာကြီးဦးငွေကိုင်လည်း ပစ္စည်းအထောက်အထား ပုံတူကူးဖို့ သွားခဲ့ပါတယ်။ မှတ်တမ်းမှတ်ရာများ စုဆောင်းပီးနောက် ပညာရှင်အယ်ဒီတာအဖွဲ့ကတည်းဖြတ်ထုတ်ဝေတဲ့ မြန်မာသမိုင်းစာစဉ်တွေ ထွက်ပေါ်လာပါတယ်။ ဗိုလ်မှူးဘရှင်ရဲ့ လောကထိပ်ပန်၊ သမိုင်းသုတေသနကော်မရှင်စာစောင်လိုသုတေသနစာစဉ်၊ ကျမ်းစဉ်၊ ပုဂံမင်စာသုတေသနခရီးလို မှတ်တမ်းစဉ်တွေ ထုတ်ဝေခဲ့ပါတယ်။ နောက် ဒေါက်တာလုစ် မြန်မာပြည်ကထွက်သွားရပီးနောက် ကော်မရှင်မှာ အဓိကလည်ပတ်တဲ့ဝင်ရိုးတချောင်းလျော့သွားတဲ့အပြင် အစိုးရသစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းကလည်း မြန်မာစာကော်မရှင်၊ ယဉ်ကျေးမှုကော်မရှင်စတဲ့ သူ့စိတ်ကြိုက်စီမံကိန်းတွေကို ပိုအားသန်နေတာကြောင့် ကော်မရှင်အလုပ်တွေ အရှိန်ကျသွားပါတယ်။

လမ်းစဉ်ပါတီခေတ် ဆိုရှယ်လစ်လှိုင်းလုံးတွေကြား မြန်မာသမိုင်းရေးပုံတွေ ဘယ်လိုပေါ်ထွက်လာတယ်ဆိုတဲ့အကြောင်း ရှေ့တပတ်ဆက်ပါမယ်။ နားထောင်တဲ့အတွက် ကျေးဇူးပါ။



No Responses Yet to “တတိယ မှန်နန်းကော်မရှင်၂၂”

  1. Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: